NLD ပါတီနှင့် တိုင်းရင်းသားပါတီများ၏ ဆက်ဆံရေး
၂၀၁၂၊ ၂၀၁၃ ခုနှစ်များတွင် ၁၉၉၀ မဟာမိတ်များ ဖြစ်ကြသည့် UNA နှင့် NLD ၊ ဒေါ်အောင်ဆန်းစုကြည်တို့ တစ်ခါတစ်ရံတွေ့ဆုံမှု ရှိခဲ့ကြသော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD မှ အများစု အနိုင် ရရှိခဲ့ပြီး ၂၀၁၆ တွင် အစိုးရဖွဲ့နိုင်ခဲ့သည့်နောက်ပိုင်းတွင် NLD က ယင်း၏ မဟာမိတ် တိုင်းရင်းသား ပါတီများနှင့် ထပ်မံတွေ့ဆုံခြင်း မရှိတော့ပေ။ NLD ၏ အကြောင်းပြချက်မှာ ဒီမိုကရေစီဖက်ဒရယ်နှင့် ဖက်ဒရယ် ဒီမိုကရေစီဝေါဟာရ အငြင်းပွားမှုကြောင့်၊ တစ်နည်းဆိုရလျှင် NLD ပါတီက ဒီမိုကရေစီကို ခိုင်မာအောင် အရင်လုပ်ပြီးမှ ဖက်ဒရယ်ကို တည်ဆောက်လိုပြီး UNA ကမူ ဖက်ဒရယ်အရေးက အဓိက ရှေ့တန်းကျသည် ဟူသော အယူအဆနှစ်ရပ်အကြား ဝိဝါဒကွဲပြားနေခြင်းကြောင့် လတ်တလော တွေ့ဆုံမှုများရပ်ဆိုင်း ထားသည်ဟုဆိုသည်။ သို့ရာတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ၊ သို့တည်းမဟုတ် ရွေးကောက်ပွဲ များကို NLD လွှမ်းမိုးထားနိုင်သည့် ၅ နှစ်တာကာလတွင်းတွင် မည်သည့်တိုင်းရင်းသားပါတီနှင့်မဆို NLD က အဆက်အသွယ် ဖြတ်ထားခဲ့သည်မှာတော့ မငြင်းနိုင်ပေ။ တိုင်းရင်းသား ပါတီများဘက်ကမူ NLD သည် ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲများကို အပြတ်အသတ် အနိုင်ရခဲ့ပြီးသည့်နောက်၊ ၎င်းတို့အတွက် တိုင်းရင်းသားပါတီများ၏ အထောက်အပံ့ မလိုအပ်တော့ဟု ယူဆနေသည့်အတွက် ၎င်းတို့ကို အဆက်အသွယ် ဖြတ်ထားခြင်း ဖြစ်သည်ဟု တွေးမြင်ထားကြပါသည်။
NLD ပါတီက ဒီမိုကရေစီကို ခိုင်မာအောင် အရင်လုပ်ပြီးမှ ဖက်ဒရယ်ကို တည်ဆောက်လိုပြီး UNA ကမူ ဖက်ဒရယ်အရေးက အဓိက ရှေ့တန်းကျသည် ဟူသော အယူအဆနှစ်ရပ်အကြား ဝိဝါဒကွဲပြားနေခြင်းကြောင့် လတ်တလော တွေ့ဆုံမှုများရပ်ဆိုင်း ထားသည်ဟုဆိုသည်။
ခြုံငုံသုံးသပ်ရလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးထားသော ရွေးကောက်ပွဲစနစ်ဖြစ်သည့် အနိုင်ရသူ အကုန်ယူသည့် FPTP စနစ်က ပြည်သူထောက်ခံမှု အင်အားကြီးမားသော NLD ကို နိုင်ငံရေး အထီးကျန်မှု ဖြစ်စေခဲ့သည်ဟု ယူဆမိပါသည်။ လွှတ်တော်တွင်း တပ်မတော်၏ ကိုယ်စားပြုမှု ၂၅% အသာစီး ရယူထားမှုက NLD ကို ကျန် ၇၅% အားလုံးကို ရနိုင်သမျှ သိမ်းကြုံးယူငင်စေရန် ဖိအားပေးထားသလို ဖြစ်နေပြီး၊ ယင်းကပင် NLD ကို တိုင်းရင်းသားပါတီများက မကျေနပ်မှုဖြစ်လာစေခဲ့သည်။ ၂၀၁၆ နောက်ပိုင်းတွင် တိုင်းရင်းသားပါတီများက ဗမာပါတီကြီးနှစ်ခု ဖြစ်သည့် NLD နှင့် USDP တို့ကို ယှဉ်ပြိုင်နိုင်ရန် ကချင်၊ ကရင်၊ ချင်း၊ ကယား၊ “ဝ” တို့က မျိုးနွယ်စု တူညီသည့်ပါတီများ ပေါင်းစည်းလာကြသည်။ ၂၀၁၄ ခုနှစ်တွင်လည်းပဲ UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် NBF အဖွဲ့ဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ ရခိုင်အမျိုးသားပါတီ (ANP)အဖြစ် ပူးပေါင်းခဲ့ကြသော်လည်း သုံးနှစ်ခွဲအကြာတွင် ပြန်ကွဲသွားခဲ့ဖူးပါသည်။ ရခိုင်လူထု၏ တိုက်တွန်းမှုကြောင့် လက်ဝဲယိမ်းနှင့် လက်ယာယိမ်းပါတီနှစ်ခု ပေါင်းစပ်ခဲ့ရသော်လည်း ပါတီတွင်း အကွဲအပြဲများစွာဖြင့် ဇာတ်သိမ်းခဲ့ရပြီး ၂၀၁၇ ခုနှစ်တွင် ALD အဖွဲ့ဝင်များက ALD အမည်ဖြင့်ပင် ပါတီမှတ်ပုံပြန်တင်လိုက်ကြသည်။ ၂၀၁၉ ခုနှစ်တွင် ဒေါက်တာအေးမောင်၏သားနှင့် ပါတီဝင်အချို့က ANP မှ ခွဲထွက်ကာ ရခိုင့်ဦးဆောင်ပါတီ (Arankan Front Party) ကို ထူထောင်ခဲ့ကြကာ ANP မှာမူ ၎င်းအမည်ဖြင့်ပင် NBF အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိ ကျန်ခဲ့ပါသည်။
NLD အစိုးရသက်တမ်း (၅)နှစ်တာကာလတွင် NLD ပါတီနှင့် တိုင်းရင်းသားများကြား မကျေလည်မှု တချို့ရှိခဲ့ပြီး၊ ယင်းကိစ္စရပ်များထဲမှ သိသာထင်ရှားသည့် ဖြစ်ရပ်များမှာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားပါတီများ နေရာအနှံ့အပြား အနိုင်ရခဲ့ကြသော်လည်း ပြည်နယ်အစိုးရ ဖွဲ့ခွင့်မပေးခဲ့ခြင်းနှင့် မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းသားပါတီများမှ ခေါင်းဆောင်တစ်ချို့ကို ပါတီကို ကျော်လွန်ကာ တစ်ဦးချင်း လက်သိပ်ထိုး၍ ရာထူးခန့်အပ်မှုများ၊ ရက္ခိုင့်တပ်တော် AA နှင့် စစ်ရေးပဋိပက္ခတွင် တိုက်ခိုက်ရန် အမိန့်ပေး ညွှန်ကြားခဲ့မှုများ၊ အင်တာနက် ဖြတ်တောက်ခံရခြင်းများ ရှိခဲ့ပါသည်။ ထို့အပြင် ၂၀၁၇ ခုနှစ်တွင် ကချင် ပြည်နယ်၊ မြစ်ကြီးနားနှင့် ၂၀၁၉ ခုနှစ်တွင် ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်တို့၌ ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူရန် ကြိုးပမ်းခြင်း၊ မွန်ပြည်နယ်၊ ချောင်းဆုံတံတားအား ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးသည့်အတွက် မွန်တိုင်းရင်းသားက ကန့်ကွက်ကြခြင်း၊ ၂၀၁၈ ခုနှစ် ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့် (၂၃၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဟောပြောခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ခေါင်းဆောင် ဒေါက်တာအေးမောင်ကို တရားစွဲဆိုခြင်း၊ ၂၀၁၉ ခုနှစ်တွင် (၆၉) နှစ်ပြည့်နှင့် ၂၀၂၀ ခုနှစ်တွင် နှစ်(၇၀)ပြည့် ကရင်အာဇာနည်နေ့ ကျင်းပသည့်အတွက် ဒေါ်နော်အုန်းလှနှင့် စီစဉ်သူများကို တရားစွဲဆိုခြင်း စသည့် ဖြစ်ရပ်များရှိခဲ့ပြီး၊ တချို့ကိစ္စရပ်များတွင် NLD ၏မဟာမိတ် ဖြစ်ခဲ့ဖူးသော UNA အဖွဲ့ကပင် ဝေဖန်ကန့်ကွက်ရသည်အထိ ဖြစ်ခဲ့ပါသည်။ ထို့ကြောင့်ပင် NLD သည် ယခင်က ၎င်းတို့အနိုင်ရရှိ ခဲ့ဖူးသည့် တိုင်းရင်းသား မဲဆန္ဒနယ်များတွင် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ၌ အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြပါသည်။
တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ပြုလုပ်ရေးမှသည် တပ်မတော်နှင့် ရင်ကြားစေ့ရေးကို ပိုမိုဦးစားပေးလာခဲ့ခြင်းက ၎င်းတို့၏ မဟာမိတ်ဟောင်းများကို စိုးရိမ်ပူပန်မှု ဖြစ်လာစေခဲ့ပါသည်။
NLD သည် ၎င်းတို့ အစိုးရဖွဲ့နိုင်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်းတွင် မဟာမိတ်ဗျူဟာ အပြောင်းအလဲ လုပ်ခဲ့ပြီး တိုင်းရင်းသား ပါတီများနှင့် မဟာမိတ် ပြုလုပ်ရေးမှသည် တပ်မတော်နှင့် ရင်ကြားစေ့ရေးကို ပိုမိုဦးစားပေးလာခဲ့ခြင်းက ၎င်းတို့၏ မဟာမိတ်ဟောင်းများကို စိုးရိမ်ပူပန်မှု ဖြစ်လာစေခဲ့ပါသည်။ ဥပမာအားဖြင့် ရက္ခိုင့်တပ်တော် အေအေနှင့် ဖြစ်ပွားသော စစ်ပွဲများတွင် NLD ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီဂျေ)တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် ဖြေရှင်းခဲ့ခြင်းများက သော်လည်းကောင်း NLD ၏ အမျိုးသား ရင်ကြားစေ့ရေး ခေါင်းစဉ်အောက်က မဟာမိတ်ဗျူဟာ အပြောင်းအလဲကို သိသာ ထင်ရှားစေသည်။ ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲ၌လည်း UNA မဟာမိတ်အဖွဲ့ဝင်များ အခြေစိုက်သည့် တိုင်းရင်းသား မဲဆန္ဒနယ်များကို ရှောင်ပေးခြင်းမရှိပဲ ၁၉၉၀ CRPP ခေါင်းဆောင်ဟောင်း (၃)ဦး ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ (ALD) ဥက္ကဌ ဦးအေးသာအောင်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress for Democracy) ဥက္ကဋ္ဌ ပူကျင့်ရှန်းထန်တို့ကိုသာ ရှောင်ပေးခဲ့သည့်အတွက် UNA အဖွဲ့ဝင်များက ဝေဖန်ခဲ့ကြသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ မည်သည့် တိုင်းရင်းသား ပါတီနှင့်မျှ ကိုယ်စားလှယ်နေရာ အပေးအယူလုပ်ရန် မရှိဟူသော ထုတ်ပြန်ချက်က တိုင်းရင်းသားပါတီများကို တပ်လှန့်နှိုးသလို ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် ပြည်မရှိ ပြည်မရှိ နိုင်ငံရေး အင်အားစုကြီးများ ပေါင်းစည်းသွားပါက တိုင်းရင်းသားများအတွက် ခက်ခဲသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာ မည်ကို စိတ်ပူကာ တိုင်းရင်းသားပါတီများ ပေါင်းစည်းလာကြခြင်း၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များ အဖွဲ့ဝင် အင်အားတိုးချဲ့ခြင်းများ အားသွန်ခွန်စိုက် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်ပါသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကို ယှဉ်ပြိုင်ရန်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာ လတွင် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ UNDO၊ ပြည်ထောင်စု တိုင်းရင်းသား တောင်သူ လယ်သမား သမဂ္ဂ၊ လူအခွင့်အရေး ချိုးဖောက်မှု စုံစမ်းဖော်ထုတ်ရေး ကော်မတီ စသည့် အစုအဖွဲ့လေးခုတွင် ပါဝင်သူများဖြင့် ဖွဲ့စည်းသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ကို တည်ထောင်လိုက်ကြသည်။ UNDP ပါတီက NLD ပါတီသွားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည့် လမ်းကြောင်းကို အားမရ၍ ဖွဲ့စည်းပုံအခြေခံအသစ်ရေးဆွဲရန် ပါတီထောင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ၎င်းတို့၏မူမှာ UNA မူနှင့် တူသဖြင့် UNDP ပါတီက UNA အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက် အရ မည်သည့် တိုင်းရင်းသားပါတီနှင့်မျှ ကိုယ်စားလှယ်နေရာ အပေးအယူလုပ်ရန် မရှိဟူသော ထုတ်ပြန် ချက်က တိုင်းရင်းသားပါတီများကို တပ်လှန့်နှိုးသလိုဖြစ်ခဲ့သည်။
လက်ယာပါတီသစ်များ ပေါ်ပေါက်လာခြင်း သို့မဟုတ် NLD အတွက် လက်သီးပုန်းများစုဖွဲ့ခြင်း
ထိုကဲ့သို့ NLD ပါတီနှင့် တိုင်းရင်းသား ပါတီများအကြား ဆက်ဆံရေးမပြေမလည် ဖြစ်နေသည့် ကာလတွင်ပင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အပြိုင်းအရိုင်း ပေါ်ထွက်လာသည့် ဗမာပါတီများက တိုင်းရင်းသား ပါတီများနှင့် ဆက်ဆံရေးထူထောင်ရန်၊ သို့မဟုတ် တိုင်းရင်းသားများနှင့် နီးကပ်နွေးထွေးသော သံခင်းတမန်ခင်းတစ်ရပ် တည်ဆောက်နိုင်ရန် ကြိုးပမ်းလာ ကြပါသည်။ အသစ်ထွက်ပေါ်လာသော ဗမာပါတီများထဲတွင် ဦးရွှေမန်း၏ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီ၊ NLD ပါတီမှနှုတ်ထွက်ခဲ့သည့် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင် ပါတီတို့က တိုင်းရင်းသားပါတီများနှင့် ပတ်သက်သည့် သိသာထင်ရှားသည့် လှုပ်ရှားမှုတချို့ ပြုလုပ်ခဲ့ကြသည်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ရည်ရွယ်တည်ထောင်လာကြသော နိုင်ငံရေးပါတီ အများစုက NLD ပါတီကိုသာ ၎င်းတို့၏ အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ အသစ်ပေါ်ထွက် လာသော ဗမာပါတီ အများစုမှာလည်း NLD ပါတီနှင့် ဆက်ဆံရေး အဆင်မပြေသူများ ဖြစ်ကြသည့်အပြင်၊ ၎င်းတို့ထဲမှာ အများအပြားကပင် အမျိုးသားရေးဝါဒကို ပါတီ၏ အိုင်ဒီယိုလိုဂျီအဖြစ် ပေါ်ပေါ်ထင်ထင် အသုံးပြုထားကြသည်ကို တွေ့ရပါသည်။
ထိုသို့ဆိုရခြင်းမှာ ၂၀၁၀ မှ ၂၀၁၅ အတောအတွင်း တည်ထောင်ခဲ့ကြသော ဗမာပါတီအများစုမှာ အမျိုးသားရေးဝါဒကို ပေါ်တင်သုံးစွဲခဲ့ခြင်းမရှိပဲ ကွန်ဆားဗေးတစ်၊ အမျိုးသားရေး လစ်ဘရယ်၊ လစ်ဘရယ် စသည်ဖြင့် တံဆိပ်တပ်ခဲ့ကြသော်လည်း နိုင်ငံရေး ကိစ္စရပ်များတွင် ၎င်းတို့၏ ရပ်တည်မှု ပုံသဏ္ဍန်အရ လက်ယာယိမ်းများအဖြစ် သိသာနိုင်ပါသည်။ ၂၀၁၅ မှ ၂၀၂၀ အတွင်း ပေါ်ပေါက်လာသော ဗမာပါတီ အများစုမှာမူ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်နှင့် ပြည်ထောင်စု စာရင်းစစ် ချုပ်ဟောင်း ဦးလွန်းမောင်တို့ အပါအဝင် တပ်မတော်အရာရှိဟောင်းများဦးဆောင်ပါဝင်သည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ကဲ့သို့သော အမျိုးသားရေးပါတီများနှင့် တပ်မတော်ကို အထောက်အပံ့ ဖြစ်လာစေရန် ရည်ရွယ်တည်ထောင် ခဲ့သည်ဟု ထင်ရှားသည့် သက်သေရှိသည့် ပါတီများ ဖြစ်ကြပါသည်။ တပ်မတော်ကို ဝန်းရံသည့် အမျိုးသားရေး ပါတီများ၏ မူဝါဒများထဲတွင် တပ်မတော်၏ ကျောရိုးဖြစ်သော “ဒို့တာဝန် အရေး(၃)ပါး” ကို ထည့်သွင်း ပြဌာန်းထားသည့် ပါတီများကိုလည်း တွေ့ရှိနိုင်ပါသည်။
အဆိုပါအမျိုးသားရေး ပါတီများက တပ်မတော်နှင့် သဘောထားချင်း တူညီတတ်ပြီး၊ ကာကွယ်ရေး ဦးစီးချုပ် သွားလိုသည့် နိုင်ငံရေး လမ်းကြောင်းများကို အလိုက်သင့် နှပ်ကြောင်းပေးလေ့ရှိပါသည်။ ဥပမာအားဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NLD အပေါ်မကျေလည်မှုများနှင့် ၎င်းကိုယ်တိုင် နိုင်ငံရေးထဲသို့ ဝင်ရောက်စွက်ဖက်လိုသည့် အာသီသ ပြင်းပြနေသည့် အခိုက်အတန့်များတွင် ကြံ့ခိုင်ရေးပါတီ (USDP)၊ တစညပါတီတို့ကဲ့သို့ ပြည်မအခြေစိုက် အတိုက်အခံပါတီကြီးများက ဦးဆောင်ကာ ၎င်းတို့၏မဟာမိတ်ပါတီ များနှင့်အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ သွားရောက်တွေ့ဆုံပြီး ဝန်းရံထောက်ခံသည့် သဘောမျိုး ပြသလေ့ရှိပါသည်။ ၂၀၁၉ ခုနှစ် မတ်လအတွင်း USDP နှင့် တစညက ဦးဆောင်ကာ NBF ၊ FDA နှင့် UPPA မဟာမိတ်အဖွဲ့ဝင်ပါတီ စုစုပေါင်း ၃၂ ပါတီက ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး တပ်မတော်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းတို့ကို ပြောကြားခဲ့ကြသည်။ ၂၀၂၀ ခုနှစ် မတ်လမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်နှင့် NLD ပါတီတို့အကြား တင်းမာမှုများရှိနေစဉ် ဩဂုတ်လ၌ USDP ပါတီက ကမကထပြုကာ နိုင်ငံရေးပါတီ (၃၄) ပါတီဖြင့် ကာကွယ်ရေး ဦးစီးချုပ်ကို ဒုတိယအကြိမ် သွားရောက် တွေ့ဆုံခဲ့ပြန်ပါသည်။
ယင်း (၃၄)ပါတီတွင် NBF မှ (၇)ပါတီ၊ FDA မှ (၁၀)ပါတီနှင့် UPPA မှ (၈)ပါတီ ပါဝင်ပြီး၊ ကျန်ပါတီများမှာ ၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားရေး ဗမာပါတီတချို့နှင့် ၂၀၁၆ နောက်ပိုင်း NLD နှင့် မသင့်မမြတ်ဖြစ်ကာ ပါတီထောင်လိုက်သည့် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီကဲ့သို့သော ပါတီများဖြစ်ကြပါသည်။ ၎င်းတွေ့ဆုံပွဲတွင် “ကာလုံခေါ်ပေးရန်၊ ရွေးကော်ဥက္ကဌ ပြောင်းပေးရန်နှင့် ရွေးကောက်ပွဲ မသမာမှုရှိပါက တပ်မတော်က တာဝန်ယူပေးရန်” ဆိုသည့် အဓိက အချက် (၃)ချက်ကို နိုင်ငံရေးပါတီများဘက်က တင်ပြကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း“ ၎င်း မလုပ်ရဲသည့်အရာ ဘာတစ်ခုမှမရှိပါ၊ အကုန်လုပ်ရဲသည်”ဟု ပြန်ပြောခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် တပ်မတော်က ဆက်တိုက်ဆိုသလို ရွေးကောက်ပွဲ နှင့်ပတ်သက် သည့်ကိစ္စများတွင် NLD ပါတီကို ဖိအားပေးလာခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီမှ မဲအပြတ်အသတ်ဖြင့် ထပ်မံအနိုင်ရရှိသွားသော အခါတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပိုမိုပြင်းထန်သည့် စွပ်စွဲပြောဆိုမှုများနှင့် ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့ပါသည်။ အဆိုပါ ရွေးကောက်ပွဲတွင် UNA မဟာမိတ် အဖွဲ့က ၄၅ နေရာ အနိုင်ရခဲ့ပြီး၊ NBF က ၃၉ နေရာနှင့် FDA က ၁ နေရာ အနိုင်ရခဲ့သည်။
(၅)နှစ်တာ ကာလအတွင်း ၎င်းတို့၏မဟာမိတ် တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေး အေးခဲနေခဲ့ပြီး ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလအထိ မည်သည့် တိုင်းရင်းသားပါတီနှင့်မျှ အပေးအယူမလုပ်ဟု ကြေငြာထားသည့် NLD သည် ၂၀၂၀ ခုနှစ်အတွင်း တပ်မတော်နှင့် မသင့်မမြတ်ဖြစ်လာခဲ့ရာမှ၊ ရွေးကောက်ပွဲ အပြီးတွင်လည်း တပ်မတော်နှင့် ၎င်း၏မဟာမိတ်တို့က ဖိအားပေးမှုများ ပြုလုပ်လာခဲ့ပြီး နောက်တွင် တိုင်းရင်းသားပါတီ (၄၀)ကျော်ထံသို့ “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အရေးတွင် ပူးပေါင်းပါဝင်ကြရန်” ဟူသော စာတစ်စောင် ပို့ခဲ့ပါသည်။ ထို့အပြင် သမ္မတရုံးမှတဆင့်လည်း လာမည့်အစိုးရသစ်တွင် တိုင်းရင်းသား ပါဝင်သည့် “အမျိုးသား ညီညွတ်ရေးအစိုးရ”တစ်ရပ်ကို ဖွဲ့စည်းရန် ရည်ရွယ်ထားကြောင်း သတင်းစကား ထုတ်ပြန်ခဲ့သည်။
သမ္မတရုံးမှတဆင့်လည်း လာမည့်အစိုးရသစ်တွင် တိုင်းရင်းသား ပါဝင်သည့် “အမျိုးသားညီညွတ်ရေးအစိုးရ”တစ်ရပ်ကို ဖွဲ့စည်းရန် ရည်ရွယ်ထားကြောင်း သတင်းစကား ထုတ်ပြန်ခဲ့သည်။
တပ်မတော်နှင့် လက်ယာယိမ်းအဝန်းအဝိုင်း
နအဖခေတ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု မပြိုကွဲရေးဆိုသည့် ခေါင်းစဉ်အောက်တွင် မြန်မာ့ယဉ်ကျေးမှုဖြင့် ဇလုပ်တိုက်ချကာ ဗမာမှုပြုခဲ့သည်။ ယင်းကပင် အမျိုးသားရေးဝါဒီတို့ လိုလားတောင့်တသည့် အင်အားတောင့်တင်းခိုင်မာပြီး စည်းလုံးညီညွတ်သော တစ်ပြည်ထောင်စနစ်နိုင်ငံတော်ကို တည်ဆောက်နိုင်လိမ့်မည်ဟု ယူဆခဲ့ပုံရသည်။ ပြဿနာမှာ လူမျိုးစု အများအပြားနှင့် မတူညီသော ယဉ်ကျေးမှုများ၊ ကွဲပြားသော ကိုးကွယ်မှုများဖြင့် တည်ရှိနေသော မြန်မာ နိုင်ငံအတွက် တန်းတူညီမျှရေး ပျောက်ကွယ်သွားပြီး ဖိနှိပ်အုပ်ချုပ်မှုနှင့် လျစ်လျူရှုခံရမှုကသာ ဝန်ထုပ် ဝန်ပိုးဖြစ်လာခဲ့ပါသည်။ စစ်အစိုးရက တိုင်းသူပြည်သားများ ကျောချင်းကပ် သွေးစည်းစေရန် အမျိုးသားရေးဝါဒ၏ သဘောတရားအရ ဘုံရန်သူကို တည်ဆောက်ရသည်။ မဆလခေတ်တွင် ဗကပတို့က ဘုံရန်သူဖြစ်ခဲ့သော်လည်း၊ နအဖခေတ် တလျှောက်လုံးတွင်မူ အနောက်နိုင်ငံများသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ပြည်ထောင်စုပြိုကွဲရေး ကြံဆောင်နေသူများဖြစ်ပြီး၊ အစိုးရကို အတိုက်အခံ လုပ်နေသူများက ယင်းနိုင်ငံများ၏အထောက်အပံ့ကိုရယူနေသော အမျိုးသားသစ္စာဖေါက်များအဖြစ် ပုံဖေါ် လာရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်များမှာလည်း ခွဲထွက်ရေးသမားများဟု ခေါင်းစဉ်တပ်ခံထားရသည်။ တပ်မတော်မှာမူ ထိုသို့သော အဖျက်အမှောင့် ဘေးအန္တရာယ်များ ပြည်သူလူထုထံ မကျရောက် စေရန်နှင့် ပြည်ထောင်စု မပြိုကွဲစေရန် ကာကွယ်စောင့်ရှောက်နေသည့် သူရဲကောင်းများဖြစ်ကြပြီး၊ ထိုကဲ့ သို့သော ပြည်ပရန်စွယ်များကို တွန်းလှန်ရန်အတွက် တပ်မတော်က အင်အားကောင်းသထက် ပိုကောင်းလာအောင် တည်ဆောက်ဖို့ လိုအပ်သည်ဟူသော အယူအဆတစ်ရပ်ကို ပြည်သူများအကြား ဝါဒဖြန့်ချီ သွတ်သွင်းထားသည်။
၂၀၁၀ ခုနှစ် နိုင်ငံရေးအသွင် အကူးအပြောင်းဖြစ်လာပြီး အရပ်သားတစ်ပိုင်းအစိုးရခေတ်သို့ ရောက်သောအခါတွင် နိုင်ငံရေးစနစ်ပုံစံပြောင်းသွားသည်။ ဒီမိုကရေစီ၏ သဘောတရားအရ ယဉ်ကျေးမှု ပေါင်းစုံနှင့် မတူကွဲပြားမှုများကို အသိအမှတ်ပြုဖို့ လိုလာသည်။ တိုင်းရင်းသား လူနည်းစုများက ယင်းတို့၏ လူမျိုးစုဆိုင်ရာ သရုပ်လက္ခဏာများ ပြန်လည်ဖေါ်ထုတ်နိုင်မည့်အခွင့်အရေးများ တောင်းဆိုလာသည်။ ပါလီမန် ခေတ်မှစ၍ တိုင်းရင်းသားများ၏ လူမျိုးစုအမျိုးသားရေးဝါဒမှာ မာ့ခ်ဝါဒနှင့် ရောယှက်လာခဲ့ခြင်း ဖြစ်ပါသည်။ အာဏာသိမ်းစစ်အစိုးရများ တည်ဆောက်ထားသော အမျိုးသားနိုင်ငံခေါင်းစဉ်အောက်မှ ဗမာမှုပြုထားသော အတုအယောင် အမျိုးသားညီညွတ်ရေးစည်းကို ဒီမိုကရေစီစံနှုန်းများက ချိုးဖျက် လိုက်ပြီး လျစ်လျူရှုခံခဲ့ရ သူများက ပင်လုံကတိကဝတ်ကို ပြန်လည်တောင့်တလာကြသည်။
တစ်ဘက်တွင်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှု၏ အသွင်အပြင်အရ ကာလရှည်ကြာစွာ ပိတ်ထားခဲ့သောတံခါးများကို ပြန်လည်ဖွင့်လှစ်ရပြီး သံတမန်ဆက်ဆံရေး လမ်းကြောင်းများကိုလည်း လက်ကမ်းကြိုဆိုရသည်ဖြစ်ရာ နအဖခေတ်က တည်ဆောက်ခဲ့သော ဘုံရန်သူပုံရိပ်မှာ ပြိုကွဲသွားတော့သည်။ ထို့ကြောင့် အက်ကွဲလာသော အမျိုးသားရေးစည်းကို ပြန်လည် ဖာထေးရန်နှင့် အင်အားတောင့်တင်းသော တပ်မတော် စဉ်ဆက်မပြတ် တည်ဆောက်နိုင်ရေးတို့အတွက် ဘုံရန်သူများနှင့် သွေးစည်း ခိုင်မာစေမည့် အကြောင်းအရာ အသစ်များရှာဖွေရေးသည် ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်တစ်ရပ် ဖြစ်လာသည်ဟု သုံးသပ်မိပါသည်။ ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ပဋိပက္ခတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ယင်းပဋိပက္ခက တပ်မတော်၏ အမျိုးသားရေးနှင့် လုံခြုံရေးဆိုင်ရာသတိကို အမြင့်ဆုံး တပ်လှန့်နှိုးနိုင်ခဲ့ပြီး၊ ရှေးရိုးစွဲအစဉ်အလာဆက်ခံသော မြန်မာလူမျိုးများကို ဘာသာရေးအခြေခံသည့် အမျိုးသားရေးဝါဒီများအဖြစ် ကူးပြောင်းသွားစေခဲ့သည်။
၁၉၈၈ ခုနှစ်တွင် အစပြုဖန်တီးခဲ့သော ဒို့တာဝန်အရေး (၃)ပါးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁)၊ နိုင်ငံတော်အခြေခံမူ (၆)ချက်တွင် ဦးစားပေး ၃ နေရာအဖြစ် ဖေါ်ပြထားရှိပြီး၊ နံပတ် (၆) ဖြစ်သည့်အချက်မှာ “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို တပ်မတော်က အစဉ်တစိုက် ဦးတည်သည်” ဟူ၍ဖြစ်သည်။ အဆိုပါအချက်အရ မြန်မာနိုင်ငံ၏အမျိုးသားရေး၊ သို့မဟုတ် အမျိုးသားအစဉ်အလာနှင့် ဖီလာဆန့်ကျင်လျှင်သော်လည်း ကောင်း၊ ခြိမ်းခြောက်မှု အန္တရာယ်ဟု ယူဆလျှင်သော်လည်းကောင်း တပ်မတော်က ရန်သူအဖြစ် သတ်မှတ်ခြေမှုန်းရန် တာဝန်ရှိသည်ဟု ၎င်းတို့က ခံယူထားကြသည်။ ထို့အပြင် အမျိုးသားနိုင်ငံရေးဆိုသည့် အသုံးမှာ ရှင်းရှင်းလင်းလင်းမရှိလှပဲ၊ လိုအပ်သလို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်အသုံးချနိုင်ရန် ဖန်တီးတီထွင်ထားသကဲ့သို့ ဖြစ်နေသည်။ နအဖခေတ်မှစတင်ကာ သုံးနှုန်းလာခဲ့သည့် တပ်မတော်၏ အမျိုးသား နိုင်ငံရေးဆိုသည့်ဝေါဟာရမှာ နိုင်ငံရေးသိပ္ပံတွင် အဓိပ္ပါယ် ဖွင့်ဆိုချက် မတွေ့ရသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးတွင် “အမျိုးသားနိုင်ငံရေး”ဆိုသည့် အမျိုးအမည် မရှိကြောင်း မှတ်ချက်ပြုခဲ့ဖူးပါသည်။ ၂၀၂၀ ရွေးကောက်ပွဲပြီးနောက် စစ်တက္ကသိုလ် အပတ်စဉ် (၆၂) သင်တန်းဆင်းပွဲတွင် “နိုင်ငံတော်မှာ မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေနဲ့ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးမူဝါဒဖြစ်တဲ့ တို့တာဝန် အရေးသုံးပါးကို ဆက်လက် ထိန်းသိမ်းသွားကြရမှာ ဖြစ်တယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပြီး၊ ယင်းစကားအရ တပ်မတော်က ရည်ရွယ်သည့် “အမျိုးသားနိုင်ငံရေး” ဆိုသည်မှာ အမျိုးသားရေးဝါဒဖြင့် နိုင်ငံရေးကို ရှုမြင်ခြင်းဟု သဘောပေါက်နိုင်ပါသည်။
၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာလအတွင်း အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးကင်းရှင်းရမည်ဟူသော သတိပေးချက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပါတီနိုင်ငံရေး လုပ်နေခြင်းမဟုတ်ပဲ၊ အမျိုးသားနိုင်ငံရေး လုပ်နေခြင်းသာဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။
နအဖခေတ်တွင် ပုံဖေါ်ခဲ့သော ဗုဒ္ဓဘာသာအခြေပြုထားသော အမျိုးသားရေးဝါဒအယူအဆကို အခြေခံကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် တည်ဆောက်ထားသည့် အချက်များစွာကို တွေ့ရပြီး နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ဆက်လက်ပါဝင်နိုင်ရေးနှင့် ဒေါ်အောင်ဆန်း စုကြည်ကို ပစ်မှတ်ထား ရေးဆွဲထားသည့် ၅၉(စ)ကဲ့သို့သော ပုဒ်မများကို ကာကွယ်ထိန်းသိမ်းရေးသည် တပ်မတော်၏ အဓိကတာဝန်များ ဖြစ်လာသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးသည် NLD ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်ရာ ၂၀၁၂ ခုနှစ် လွှတ်တော်တွင်း ဝင်ရောက်စဉ်မှာပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် စတင်ကြိုးပမ်းသည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲဖြင့် လွှတ်တော်တွင်းသို့ NLD ပါတီဝင်ရောက်လာပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းလာကြပြီး၊ အခြားတစ်ဘက်တွင်လည်း ၂၀၁၂ ခုနှစ် ဇွန်လတွင် စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခ၏ နောက်ဆက်တွဲများအဖြစ် အမျိုး၊ ဘာသာ၊ သာသနာ ကြွေးကြော်သံများ နှင့်အတူ ၅၉(စ)ကို ကာကွယ်ရေး လှုံ့ဆော်မှုများ ပြင်းထန်လာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် လွှတ်တော်အမတ် ၃၁ ဦးပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကောက်မတီက ကန့်ကွက်မဲ ၂၆ မဲဖြင့် ၅၉(စ)မပြင်ဆင်ရန် ဆုံးဖြတ်ပြီးနောက်တွင် NLD သည် အခုအခံပြင်းထန်လွန်းသည့် ၅၉(စ) ပြင်ဆင်ရေး ကို တိုက်ရိုက် မသွားနိုင်တော့ပဲ အခန်း (၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၏ ပုဒ်မ (၄၃၆)ကို ပြင်ဆင်နိုင်ရန် အတွက်သာ လူထုဆန္ဒ တောင်းခံသည့်အနေဖြင့် လက်မှတ်များ လိုက်လံကောက်ခံတော့သည်။ တပ်မတော် ဘက်က ယူဆချက်မှာ ပုဒ်မ (၄၃၆) ပြင်ဆင်ပြီးပါက ၎င်းတို့၏ အထူးအခွင့်အရေးများ လက်လွှတ်ဆုံးရှုံး ရလိမ့်မည်ဟူ၍ဖြစ်ပြီး၊ ယင်းယူဆချက်ကိုမူ ပုဒ်မ ၅၉(စ)ဆိုသည့် ခြောက်လုံးလှန့်လုံးဖြင့် ဖုံးကွယ်ထားခဲ့ သည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ကို သံဃာတော် (၆၁)ပါးနှင့် လူပုဂ္ဂိုလ်တစ်ချို့ပါဝင်ကာ ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့၏ ရည်ရွယ်ချက်များမှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအပါအဝင် အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်သည်ဟု ဆိုသော်လည်း နောက်ပိုင်းတွင် မူဆလင်ဆန့်ကျင်ရေး ဟောပြောလှုံ့ဆော်မှုများကြောင့် ဝေဖန်ခံရမှုများ ရှိလာသည်။ မဘသဦးဆောင် ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူသည် ၂၀၁၃ ခုနှစ် ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးတွင် “The Face of Buddhist Terror” ခေါင်းစဉ်ဖြင့် ဖေါ်ပြ ခြင်းခံရသည်။ ယင်းက ၉၆၉ လှုပ်ရှားမှုများကို ၂၀၁၂၊ ၂၀၁၃ ခုနှစ်များတွင် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်ခဲ့ပြီး၊ အဆိုပါကာလသည် မြန်မာနိုင်ငံ၌ မူဆလင်ဆန့်ကျင်ရေး အရှိန်အဟုန် အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။ ဦးသိန်းစိန်၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မဘသအဖွဲ့ကို ကူညီထောက်ပံ့မှုများ ပြုလုပ် ပေးခဲ့ပြီး၊ USDP ပါတီအနေဖြင့်လည်း အမျိုးသားရေးလှုပ်ရှားမှုများတွင် မဘသအဖွဲ့နှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုများရှိခဲ့သည်။ အမျိုးသားရေး အင်အားစုများက အမျိုးဘာသာ သာသနာလှုံ့ဆော်/လှုပ်ရှားမှုများ ဆောင်ရွက်ရင်းဖြင့် ၎င်းတို့နှင့် အိုင်ဒီယိုလိုဂျီတူညီသည့် တပ်မတော်ကိုပါ တပါတည်းထောက်ခံအားပေးမှုများ ပြုလုပ်သည်။ ထို့အပြင် ပြည်မအခြေစိုက် အမျိုးသားရေးပါတီများ၊ သို့မဟုတ် ဒေါ်ခင်ဝိုင်းကြည်၊ ဦးနေမျိုးဝေတို့ကဲ့သို့သော အမျိုးသားရေးသမားများက ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်ခွင့် အတားအဆီးတစ်ခု ဖြစ်သော ပုဒ်မ ၅၉(စ)ကို မပြင်ဆင်သင့်ကြောင်း ဟောပြောပွဲများကို ဆက်တိုက် ပြုလုပ်လာသည်။ ၂၀၁၃ ခုနှစ်တွင် ဦးဝီရသူနှင့် သံဃာတော်တစ်ချို့က မျိုးစောင့်ဥပဒေကြမ်းကို ရေးဆွဲကာ ၂၀၁၅ ခုနှစ်တွင် လွှတ်တော်၌ အတည်ပြုပြီး သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ပြဌာန်းလိုက်သည်။ ယင်းမျိုးစောင့် ဥပဒေတွင် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဆိုသည့် ဥပဒေ (၄)ရပ်ပါဝင်သည်။ အဆိုပါဥပဒေများက မြန်မာအမျိုးသမီးများအပေါ် ဖိနှိပ်သည့်အချက်များ ပါဝင်နေသည့်အပြင် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိပါးခြိမ်းခြောက်နေသဖြင့် ဆန့်ကျင်ဝေဖန်မှုများ ရှိခဲ့သည်။ ဦးသိန်းစိန် အစိုးရက တင်သွင်းသော ထိုမျိုးစောင့်ဥပဒေများ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာတွင် NLD ပါတီမှ ကိုယ်စားလှယ်အားလုံးက ကန့်ကွက်ခဲ့ကြသည့်အတွက် ယခင်က NLD နှင့် ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံအားပေးခဲ့သည့် သံဃာတစ်ချို့ကပင် အမုန်းပွားသည်အထိ ဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် တပ်မတော်က ဖွံ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် (အထူးသဖြင့် ပုဒ်မ ၄၃၆ နှင့် ၅၉(စ) ပြင်ဆင်ခြင်းကို) မထောက်ခံကြောင်း ထုတ်ဖေါ်ပြောဆိုမှုများရှိလာခဲ့သဖြင့် ဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း NLD ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးမျှော်လင့်ချက် ရပ်တန့်သွားခဲ့ရသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ၎င်း၏ မိတ်ဖက်ဖြစ်သော အမျိုးသားရေးပါတီများက မျိုးစောင့်ဥပဒေထောက်ခံကြောင်းနှင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးဆိုသည့် ကြွေးကြော်သံများဖြင့် မဲဆွယ်ပြီး၊ မဘသ ဆရာတော် များကလည်း NLD ပါတီအာဏာရလာပါက မျိုးစောင့်ဥပဒေကိုဖျက်သိမ်းကြမည်ဖြစ်၍ မြန်မာ နိုင်ငံအား အစ္စလာမ်ဘာသာ လွှမ်းမိုးသွားလိမ့်မည်စိုးသဖြင့် မဲမပေးကြရန် မဲဆွယ်တရား ဟောပြော ကြသည်။ NLD ပါတီကိုယ်၌ကလည်း ၂၀၁၂ ရခိုင်ပဋိပက္ခနောက်ပိုင်း ပေါက်ကွဲထွက်လာသည့် ဗုဒ္ဓ ဘာသာအခြေပြု အမျိုးသားရေးတွန်းကန်အားကို စိုးရိမ်ခဲ့ကြပြီး ၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်မည့် အမတ်လောင်းများတွင် မွတ်စလင်များကို မရွေးချယ်ခဲ့ချေ။ မဘသ ဦးဆောင်ဆရာတော်များက USDP ပါတီဘက်က မဲဆွယ်ပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီက အနိုင်ရရှိသွားခဲ့သည်။
NLD အစိုးရလက်ထက် ၂၀၀၇ ခုနှစ်တွင် နိုင်ငံတော် သံဃမဟာနယကအဖွဲ့က အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ကို တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာပြီးနောက် ဖျက်သိမ်းခံ လိုက်ရသည်။ ဖျက်သိမ်းခံလိုက်ရသော မဘသကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအမည်ဖြင့် ပြောင်းလဲလှုပ်ရှားခဲ့သော်လည်း ယင်းအဖွဲ့ကိုပါ ၂၀၁၉ ခုနှစ်တွင် တရားမဝင် အဖွဲ့အဖြစ် ထပ်မံကြေညာခံရပြန်သည်။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်ခေါင်းဆောင်က မဘသ ဖျက်သိမ်းခံရသည့် ထိုဖြစ်ရပ်ကို ပြန်လည်ထုတ်ဖေါ်ပြောဆိုကာ ထိုလုပ်ရပ်ကြောင့် ဘာသာ သာသနာ ဆုတ်ယုတ်ခဲ့ရသည်ဟု ဆိုသည်။ ၂၀၁၆ မှ ၂၀၂၀ ခုနှစ်များတွင် အမျိုးသားရေး လှုပ်ရှားသူများက အစိုးရကို ရှုတ်ချတိုက်ခိုက်သည့် ဆန္ဒပြပွဲများ ဆက်တိုက်ပြုလုပ်လာပြီး ၎င်းတို့သတင်းကို ရေးသားသော မီဒီယာများ
နှင့် ဆန့်ကျင်ဝေဖန်သော သံဃာများမှာလည်း ခြိမ်းခြောက်ခံရခြင်းများ ရှိလာခဲ့သည်။ မဘသခေတ် အလွန်တွင် နယ်စည်းမခြား အမျိုးသားရေး ညီနောင်များ အင်အားစု၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး အစည်းအရုံး (MNO) စသည့် အမျိုးသားရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ပြီး ၅၉(စ)ကို ထောက်ခံဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ယင်းအမျိုးသားရေး အဖွဲ့များကို USDP ပါတီက ပေါ်ပေါ်ထင်ထင် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး၊ သက်သေအားဖြင့် ရန်ကုန်မြို့၊ ၁၅၄ လမ်းရှိ “မျိုးချစ်တို့၏ဆုံရပ်” အမည်ဖြင့် တိုက်ခန်းတစ်ခန်းနှင့် ထောက်ပံ့ငွေများကို ဒေါ်ခင်ဝိုင်းကြည်နှင့်အဖွဲ့အား ပေးအပ်ခဲ့ကြောင်း Myanmar Open Voice တွင် ဖေါ်ပြထားသည်။ ၂၀၂၀ ခုနှစ်တွင် NLD ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို တွန်းတွန်းတိုက်တိုက် ပြုလုပ်လာခဲ့ရာ၊ ပြင်ဆင်မည့် အချက်များထဲတွင် ၅၉(စ)လည်း အပါအဝင်ဖြစ်သည်။ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ကြရာတွင် တပ်မတော်သား ၂၅% အပါအဝင်၊ USDP နှင့် တစညပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ပြင်ဆင်ရန် သို့တည်းမဟုတ် ပယ်ချက်ရန် ကန့်ကွက်ခဲ့ကြသော်လည်း တိုင်းရင်းသားကိုယ်စားလှယ် (၃၅)ဦးခန့်ကမူ ထောက်ခံခဲ့ကြသည်ဟု ဆိုသည်။ ဆိုလိုသည့်သဘောမှာ ပြည်မရှိ ဗမာနိုင်ငံရေး အင်အားစုများအကြား အငြင်းပွားနေသော ထိုပုဒ်မက တိုင်းရင်းသားပါတီများ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်မသက်ဆိုင်သကဲ့သို့ဖြစ်နေပါသည်။ ၅၉(စ) မပြင် ဆင်ရန် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှု အောင်မြင်ခဲ့သည့်အတွက် MON က နေပြည်တော်သို့ သွားရောက်ကာ တပ်မတော်သား ကိုယ်စားလှယ်များကို ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ တပ်မတော်ဘက်ကလည်း ၂၀၁၉ ခုနှစ်၌ အဆိုပါ ၅၉(စ)ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များအထိ သက်ရောက်စေရန် ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းခဲ့ဖူးပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တပ်မတော်၏သဘောထားမှာ တို့တာဝန်အရေး (၃)ပါးအထိုင်မှ ဖြစ်သည့်အတွက် NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများသည် အမျိုးသား နိုင်ငံရေးနှင့် တို့တာဝန်အရေးသုံးပါးကို ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိသည်ဟု ခံယူထားသော တပ်မတော်၏ ပါဝင်မှု အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့် အာဏာကို လျှော့ချရန် ခြိမ်းခြောက်နေသည်ဟု ၎င်းတို့က ရှုမြင်ကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အသာစီး ရသွားမည်ကို စိုးရိမ်မကင်းဖြစ်လာပုံရပြီး တပ်မတော်အတွင်း၌ဖြစ်စေ၊ တပ်မတော်နှင့် တစ်လှေတည်း စီး၊ တစ်ခရီးတည်း သွားဖြစ်နေသည့် USDP ၊ တဆညနှင့် NBF ၊ FDA ၊ UPPA မဟာမိတ် အဖွဲ့များနှင့် တွေ့ဆုံသည့် အခါများတွင်ဖြစ်စေ အရိပ်အမြွတ် ပြောလေ့ရှိခဲ့သည်။ ၂၀၂၀ ခုနှစ် ဩဂုတ်လ၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင်လည်း “ပြည်သူ့ ကိုယ်စားလှယ်လောင်း ရွေးချယ်တင်မြှောက်ရာမှာ တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာ၊ သာသနာကို နည်းမှန်၊ လမ်းမှန်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်း မခံရသူ စသည့် အချက် ၆ ချက်နှင့် ပြည့်စုံသူတို့ကို မှန်မှန်ကန်ကန် ရွေးချယ်ကြစေလိုကြောင်း”ပြောကြားခဲ့သည်။ ထို့အပြင် တို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်လိုသည့် ပါတီနှင့်သာ လက်တွဲသွားလိုပြီး၊ “တပ်မတော်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ အမြဲပါဝင်နေမည်ဖြစ်ပြီး၊ တို့တာဝန် အရေးသုံးပါးကို ထိခိုက် စေမယ့်ကိစ္စအားလုံး တပ်မတော်က ပြတ်ပြတ်သားသားကာကွယ်သွားမည်” ဟု ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းပြုလုပ်ခဲ့သော စစ်တက္ကသိုလ် ဗိုလ်သင်တန်းဆင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ၁ လပိုင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး တစ်ခု၌လည်း စစ်ကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်စရာအချက်များရှိနိုင်သည်ဆိုသော်ငြားလည်း တို့တာဝန်အရေးသုံးပါးကို ထိပါး စေမည့် အချက်များ လုံးဝထိခိုက်၍မရကြောင်း ပြောဆိုခဲ့သည်။ တို့တာဝန်အရေးသုံးပါးဆိုသည်မှာ ပြည်တွင်း၊ ပြည်ပ ဖြစ်ပေါ်လာနိုင်သော ခြိမ်းခြောက်မှုအန္တရာယ်များကြောင့် ဖြစ်ပေါ်လာပြီး တို့တာဝန် အရေး သုံးပါးကိုအခြေပြု၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့ကြောင်း ဂျပန်နိုင်ငံ၊ The Yomiuri Shimbun သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည်။ ၂၀၁၁ ခုနှစ်၌လည်း အစိုးရအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ရာတွင် “တို့တာဝန်အရေး(၃)ပါးကို ထိန်းသိမ်း” ဆိုသည့်အသုံးအနှုန်းဖြင့် စာထုတ်ပြန်ခဲ့ပါသည်။
ထို့နောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ချုပ်ဆိုရာတွင်လည်း တို့တာဝန်အရေးသုံးပါးကို အခြေခံမူအဖြစ် ထည့်သွင်းအသုံးပြုခဲ့ပြန်သည်။ ၂၀၁၈ ခုနှစ် မေလတွင် ပြုလုပ် ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းထဲ၌ “တို့တာဝန်အရေးသုံးပါးကို ရာသက်ပန်စောင့်ထိန်းရမည်”ဟု ပါရှိခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးရန် ဖိတ်ခေါ် ခဲ့သည်။ ထိုညီလာခံသို့ NCA လက်မှတ်မထိုးထားသော မြောက်ပိုင်းအဖွဲ့ (၇)ဖွဲ့တက်ရောက်ခဲ့သည်။ တို့တာဝန်အရေးသုံးပါးကို ရာသက်ပန်စောင့်ထိန်းရေးဆိုသည်မှာ ၎င်းကို အခြေပြုတည်ဆောက်ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထိပါးရဟူ၍လည်းကောင်း၊ ၁၉၄၇ ပင်လုံကတိကဝတ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေဆဲကြောင့်သော်လည်းကောင်း တိုင်းရင်းသားအဖွဲ့အစည်းများအဖို့ NCA ကို လက်ခံရန် အဆင်မပြေ ဖြစ်ခဲ့ပုံပေါ်ပါသည်။
နိဂုံးချုပ်သုံးသပ်ချက်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီဥက္ကဌသည် ၎င်း၏ မိန့်ခွန်းများ၌ NLD အစိုးရလက်ထက်အတွင်း မဘသအဖွဲ့ဖျက်သိမ်းခံရခြင်း၊ ၂၀၁၆ ခုနှစ်တစ်ကြိမ်မှလွဲ၍ ဆိုကရေးတီး ပြိုင်ပွဲများ မပြုလုပ်ခဲ့ခြင်း၊ တိုးတက်ပြောင်းလဲလာသောခေတ်ရေစီးကြောင်းတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများ ဆုတ်ယုတ်လာခြင်း စသည့်ခေါင်းစဉ်များတပ်ကာ အပြစ်တင်ဝေဖန်ခဲ့ပြီး၊ ယင်းက တပ်မတော်က ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သော တို့တာဝန်အရေးသုံးပါးကို ထိပါးနေသည်ဟု ယူဆထားသည်။ ထို့အပြင် လွှတ်တော်တွင်း NLD ၏ ၅၉(စ) ပြင်ဆင်ရေး အင်အားကောင်းလာမှုနှင့် တိုင်းရင်းသား ပါတီများကပါ ၅၉(စ)ကို ထောက်ခံရန် အမျိုးသားရေး အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်မှု အားနည်းလာခြင်းတို့ကြောင့်လည်း လက်ယာယိမ်းအုပ်စုက စိုးရိမ်မကင်း ဖြစ်ခဲ့ဟန် တူပါသည်။ အဆိုပါ အကြောင်းပြချက်များကြောင့်ပင် ၂၀၂၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ မတိုင်ခင် ကာလများတွင် အမျိုးသားရေး အင်အားစုများ၏ စုစည်းလှုပ်ရှားမှု အားအကောင်းဆုံး အခိုက်အတန့် ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲအပြီးနှင့် အာဏာသိမ်းသည့် ကာလများတွင် YMBA ၊ မဘသ ဆရာတော်များ၊ အမျိုးသားရေးအဖွဲ့အစည်းများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၊ ကြံ့ခိုင်ရေး ပါတီနှင့် ၎င်း၏ မဟာမိတ် အင်အားစုများ ဖြစ်ကြသော NBF၊ FDA၊ UPPA မဟာမိတ် တပ်ပေါင်းစုများက အာဏာသိမ်းစစ်တပ်နှင့် တညီတညွတ်တည်း ပူးပေါင်းလိုက်ကြသည်။
အခြားတစ်ဘက်တွင်မူ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သော NLD ပါတီမှာ စစ်တပ်နှင့် လက်ယာယိမ်း အင်အားစုများ၏ ဖိအားပေး ခြိမ်းခြောက်မှုကို တွန်းလှန်ရန်အတွက် ၎င်း၏ မဟာမိတ် ဟောင်းများဖြစ်သော UNA အဖွဲ့အား ပြန်လည်ကမ်းလှမ်းခဲ့သော်လည်း အချိန်မီမဖြစ်ခဲ့ချေ။ NLD သည် စစ်အာသိမ်းပြီးနောက်ပိုင်းမှသာလျှင် အမျိုးသားညီညွတ်ရေးအစိုးရကို ကြိုးစားအကောင် အထည်ဖေါ်နိုင်ခဲ့ပြီး၊ ယခင်က UNA နှင့် အငြင်းပွားခဲ့ရသည့် “ဒီမိုကရေစီဖက်ဒရယ်”ဆိုသော
ဝေါဟာရမှ UNA မူဖြစ်သော “ဖက်ဒရယ် ဒီမိုကရေစီ”သို့ ပြောင်းလဲ သုံးနှုန်းပေးခဲ့သည်။ ထို့အပြင် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်လွှမ်းမိုးမှုကို ဆန့်ကျင်အာခံလာခဲ့သော လက်ဝဲအင်အားစုများမှာလည်း ပူးပေါင်းပါဝင်လာခဲ့ကြသည်ကို တွေ့ရပါသည်။
အာဏာသိမ်း စစ်ကောင်စီအနေနှင့် ၎င်းတို့၏ အထိုင်ဖြစ်သော တို့တာဝန် အရေးသုံးပါးနှင့် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ခံယူချက်မှာ ၎င်းတို့၏ အင်အားစုကို Political Spectrum တွင် လက်ယာစွန်း အုပ်စုအဖြစ် ပြတ်ပြတ်သားသား ခွဲခြားပေးလိုက်သလို ဖြစ်သွားကာ ဗုဒ္ဓဘာသာ မဟုတ်သော တိုင်းရင်းသားများနှင့်လည်း ကန့်လန့်ကာ ခြားလိုက်ခြင်း ဖြစ်ပါသည်။ ထို့အပြင် တို့တာဝန်အရေးသုံးပါး ကျောရိုးထည့်ထားသော NCA သည်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို သက်တောင့်သက်သာ မဖြစ်စေပဲ အပေးအယူအသစ်၊ သို့တည်းမဟုတ် ကတိကဝတ် အသစ်ကို စိတ်ကြိုက် ပုံဖေါ်ပေးနိုင်မည့် NUG နှင့်သာ ပိုမိုနီးကပ်သွားစေပါသည်။ သို့ရာတွင် အမျိုးသားရေးဝါဒ၏ အစွန်းထွက်မှုသည် မတိမ်ကောနိုင်သည့်အတွက် လက်ယာစွန်း အုပ်စုများ အလုံးစုံ ပြိုကွဲရေးဆိုသည်မှာ အလွန်ခက်ခဲနေဦးမည်ဖြစ်ပြီး၊ အခြားတစ်ဘက်တွင် မြန်မာ့နိုင်ငံရေး၌ စစ်တပ်၏ လွှမ်းမိုးမှုကို ဖြိုချမည့် တော်လှန်သော အင်အားစုများကလည်း ပိုမိုအားကောင်း မောင်းသန်လာဖွယ် ရှိလာမည် ဖြစ်ပါတော့သည်။
K.L
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
Ref;
- မပြိုကွဲနိုင်သော ပြည်ထောင်စုကြီး၊ ဦးရွှေအုန်း
- Andrew Heywood; Political Ideologies: an introduction
- မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက်၊ ကျော်ဝင်း
- Thant Myint-U; The river of lost footsteps by
- ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာသောမြန်မာ့သမိုင်းအကျဉ်းနှင့် တပ်မတော်၊
တပ်မတော်သားသုတေသီတစ်ဦး - မြန်မာ့လွတ်လပ်ရေးနောက်ဆုံးတိုက်ပွဲ၊ ဗိုလ်အောင်စိန် (ဘာသာပြန်)
- ပင်လုံညီလာခံသမိုင်းစဉ်အကျဉ်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်
- ကိုလိုနီခေတ်မြန်မာရက်စွဲသမိုင်း (၁၈၈၆-၁၉၄၂)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
- ငါးနှစ်ရာသီ ဗမာပြည် (၁၉၄၁-၁၉၄၅)၊ ဦးနု
- ဂျပန်ခေတ်ရက်စွဲသမိုင်း (၁၉၄၂-၁၉၄၅)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
- လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း (၁၉၄၅-၁၉၄၈)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
- ကျွန်တော်သိသော တစ်ရံရောအခါများ၊ ကိုကိုမောင်ကြီး
- အမှောင်ကြားက ဗမာပြည် (၁၉၄၈-၂၀၀၀)၊ ဝင်းတင့်ထွန်း
- အကွဲအပြဲဇာတ်လမ်း၊ ဂါးဒီးယန်း ဦးစိန်ဝင်း
- ၁၉၈၈-၂၀၀၂ ခုနှစ် မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှုရက်စွဲမှတ်တမ်းများ၊ ABSDF
- ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ သမိုင်းဝင်မှတ်တမ်းမှတ်ရာများ (၁၉၉၈-၂၀၀၃)၊ ခင်ကျော်ဟန်
- လစ်ဘရယ်ဝါဒနှင့် လစ်ဘရယ်သမိုင်းကြောင်း၊ အပိုင်း (၁၀)၊ လင်းသက်
- ပြည်တွင်းသောင်းကျန်မှုသမိုင်း အတွဲ ၁၊ ၂၊ ၅
- အစိုးရသစ်နှင့် တိုင်းရင်းသားအင်အားစုများအကြား အကြပ်အတည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
- ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်၊ ကျော်ဝင်း
- https://lostfootsteps.org/my/history/the-embers-of-the-cold-war
- ဗိုလ်ချုပ်ကြီးနေဝင်း၏ နိုင်ငံရေးအတ္ထုပ္ပတ္တိ၊ Robert H. Taylor
- မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်း၊ ဒေါက်တာမောင်မောင်
- တပ်မတော်ကို ဆိုရှယ်လစ်နည်းနဲ့ ဘိသိက်သွန်း ပေးခဲ့သူများ ၊ ဘိုဘို (ဘီဘီစီမြန်မာပိုင်း)
- NLD ရဲ့ အမျိုးသားညီညွတ်ရေးခေါ်သံအပေါ် တိုင်းရင်းသားပါတီတွေရဲ့ မျှော်လင့်ချက်၊ နန်းလွင့်နှင်းပွင့်၏ ဆောင်းပါး
- ပါတီများပေါင်းစည်းမှု မှန်းချက်နှင့် နှမ်းထွက်မကိုက်သေး၊ အောင်သူငြိမ်း၏ ဆောင်းပါး
- ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)၏ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတိုက်ပွဲဝင်မှတ်တမ်းများ၊ ဒေါက်တာလျန်မှုန်းဆာခေါင်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၊ TNI
- ပင်လုံအလွန် မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးအကျပ်အတည်း၊ TNI
- ကယား (ကရင်နီပြည်နယ်)တွင်း စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့၊ TNI
- အသွင်ကူးပြောင်းရေးကာလ မြန်မာ့နိုင်ငံရေးပါတီများ၊ Susanne Kempel ၊ ချမ်းမြေ့အောင်ဆန်း၊
အောင်ထွန်း - နိုင်ငံရေးမဟာမိတ်များအပေါ် လေ့လာသုံးသပ်မှုစာတမ်း၊ ပညာအလင်းပွင့်မြန်မာ သုတေသန ဖေါင်ဒေးရှင်း
- မြန်မာ့ပါတီပေါင်းစည်းခြင်းများ၊ စုမွန်သန့်
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသင့်ပြင်ခြင်း၊ နော်ဂလဲဒစ်(စ်)မောင်မောင်