မြန်မာ့နိုင်ငံရေးအကြပ်အတည်း ဝဲဩဃ၊ သို့မဟုတ် အိုင်ဒီယိုလိုဂျီလွန်ဆွဲပွဲများ (အပိုင်း ၄)

၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီကြီးတစ်ချို့၏ နိုင်ငံရေးအိုင်ဒီယိုလိုဂျီများ  

ပါလီမန် ဒီမိုကရေစီခေတ် နောက်ပိုင်းပေါ်ထွက်လာသော နိုင်ငံရေးပါတီများတွင် နိုင်ငံတစ်ဝန်း ဖြန့်ကျက်ထားနိုင်သည့်အင်အားရှိသော ပြည်မအခြေစိုက် ပါတီကြီးများက ၎င်းတို့၏ ပါတီနိုင်ငံရေး အိုင်ဒီယိုလိုဂျီကို  ဆိုရှယ်လစ်၊ လစ်ဘရယ်၊ ဆိုရှယ်လစ်ဘရယ်၊ ဆိုရှယ်ဒီမိုကရက်၊ ကွန်ဆာဗေးတစ်၊ အမျိုးသားရေးဝါဒ စသည့်ဖြင့် တံဆိပ် ကပ်ထားကြသော်လည်း၊ တိုင်းရင်းသား ပါတီအများစုမှာမူ နိုင်ငံရေး အိုင်ဒီယိုလိုဂျီကို အခြေပြုခြင်းထက် နိုင်ငံရေးလိုလားချက်များကိုသာ အားပြုတည်ထောင်ထားကြသည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့် ၁၉၈၉ ခုနှစ်တွင် ရန်ကုန်မြို့တွင် ရုံးချုပ်ဖွင့်လှစ်ထားကြသော ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က ဦးဆောင်ကာ တိုင်းရင်းသားပါတီ ၂၁ ပါတီပေါင်းစည်း ပါဝင်သော ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD)ကို ဖွဲ့စည်းခဲ့ကြပါသည်။ ယင်းမဟာမိတ် အင်အားစု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည/NUP)ကို တန်ပြန်ဆန့်ကျင်ရန်၊ ဒီမိုကရေစီနှင့် တိုင်းရင်းသား အခွင့်အရေးများအတွက် စုပေါင်း ဖိအားပေးနိုင်ရန်ဟူ၍ အကြမ်းဖျင်းနားလည်နိုင်ပါသည်။ တစည (NUP) ပါတီဆိုသည်မှာ  ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက် နေ့တွင်  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)မှ အမည်‌ပြောင်းခဲ့ခြင်းဖြစ်ပြီး ပါတီ၏ နိုင်ငံရေး အိုင်ဒီယို လိုဂျီမှာ ဆိုရှယ်လစ်ဝါဒ ဖြစ်ပါသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့တွင် မဟာသရေစည်သူ ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း) ၊ သီရိပျံချီ ဦးကြည်မောင်(အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်(၊ သူရ ဦးတင်ဦး (အငြိမ်းစား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်)နှင့် ဒေါ်အောင်ဆန်းစုကြည် (ဗိုလ်ချုပ်အောင်ဆန်း၏ သမီး) တို့က စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ စစ်အာဏာရှင် (စစ်အစိုးရ)အား ဆန့်ကျင်ရပ်တည်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဌ များမှာ တပ်မတော်နှင့် တစ်နည်းတဖုံ ပတ်သက်ခဲ့ဖူးကြသူများ ဖြစ်ကြသည့် ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း) ၂၇ စက်တင်ဘာ ၁၉၈၈ – ၃ ဒီဇင်ဘာ ၁၉၈၈၊  ဦးတင်ဦး (အငြိမ်းစား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်) ၃ ဒီဇင်ဘာ ၁၉၈၈-၂၂ ဒီဇင်ဘာ ၁၉၈၉၊  ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်) ၂၂ ဒီဇင်ဘာ ၁၉၈၉ – ၁၈ နိုဝင်ဘာ ၂၀၁၁၊ ဒေါ်အောင်ဆန်းစုကြည် (ဗိုလ်ချုပ်အောင်ဆန်း၏ သမီး) ၁၈ နိုဝင်ဘာ ၂၀၁၁- လက်ရှိတို့ ဖြစ်ကြပါသည်။

ထိုစဉ်က NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များ၏ ထက်ဝက်မှာ တပ်မတော်အငြိမ်းစား အရာရှိကြီးများဖြစ်ကြပြီး၊ ကျန်တစ်ဝက်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လူများဖြစ်ကြသည့် ဦးဝင်းတင်၊ မောင်စူးစမ်းကဲ့သို့သော လက်ဝဲအားသန်သူများ ဖြစ်ကြပါသည်။ ထို့နောက်တွင်  ဥက္ကဋ္ဌ ဦးအောင်ကြီးက အဖွဲ့ချုပ်အတွင်းမှာ “ကွန်မြူနစ်တွေ ရောက်နေပြီဖြစ်၍ ဖယ်ရှားပစ်ရမည်ဖြစ်ကြောင်း ပြောကြားရာမှ အစပြု၍ ပြဿနာစတင်သည်။ တျျကယ်တန်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ရောက်ရှိလာသော ဦးအောင်ကြီး၊ ဦးတင်ရွှေအစရှိသော စစ်ဗိုလ်ချုပ်များမှာ သခင်မြမရှိသည့်နောက်ပိုင်း ဗိုလ်ချုပ်နေဝင်းနှင့်အတူ ဆိုရှယ်လစ်ပါတီတွင် ဦးဆောင်ပါဝင်ခဲ့ကြသူများ ဖြစ်ကြပါသည်။ ဦးအောင်ကြီးစွပ်စွဲသူများမှာ မောင်စူးစမ်း၊ ဦးဝင်းတင်၊ မောင်မိုးသူတို့ အပါအဝင် (၈) ယောက်ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ကြရာတွင် ဦးတင်ဦးအစုအဖွဲ့ကပါ အစွပ်စွဲခံလူများဘက်က မဲဝိုင်းထည့်ပေးလိုက်ကြရာ ဦးအောင်ကြီးဘက်မှ အပြတ်အသတ်အရေးနိမ့်သဖြင့် ပါတီမှနှုတ်ထွက် ပေးလိုက်ရပါသည်။ နောက်ပိုင်းတွင် ပြည်ထောင်စု အမျိုးသားဒီမိုကရေစီပါတီဆိုသည့်  ပါတီတစ်ခု ထူထောင်သွားခဲ့သည်။ သို့ရာတွင် ဦးအောင်ကြီးက ကွန်မြူနစ်ဟု သမုတ်ခဲ့သည့် ဟံသာဝတီ ဦးဝင်းတင်ကမူ ၎င်းသည် ကွန်မြူနစ်မဟုတ်ပဲ၊ လက်ဝဲဆန်သည့် အယူအဆရှိသူမျှသာ ဖြစ်ကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။ NLD ပါတီမှ ဦးအောင်ကြီးနှင့် အဖွဲ့နှုတ်ထွက်သွားခဲ့ပြီး ပြည်ထောင်စု အမျိုးသားများ ဒီမိုကရေစီပါတီအဖြစ် ခွဲထောင်လိုက်ကြသည်။ NLD ပါတီကိုမူ ဒေါ်အောင်ဆန်း စုကြည်၏လူများဖြစ်သော ဦးဝင်းတင်၊ ဦးချစ်ခိုင်၊ ဦးလွင်စသည့် လက်ဝဲသမားများနှင့် ဦးတင်ဦး၊  ဦးအောင်ရွှေ၊ ဦးကြည်မောင် စသည့် တပ်မတော်အရာရှိဟောင်းများဖြင့် ပူးပေါင်းဖွဲ့စည်း လိုက်ပါသည်။ ဦးတင်ဦးက ဥက္ကဌအဖြစ် တာဝန်ယူပါသည်။

ဆိုရှယ်လစ်တပ်မတော်ကို အမျိုးသားရေးဝါဒသွတ်သွင်းခြင်း

အမျိုးသားရေးဝါဒသည် အုပ်ချုပ်သူလူတန်းစားမှ အုပ်ချုပ်ခံလူတန်းစားတို့ကို အလွယ်တကူ အုပ်ချုပ်နိုင်မည့်အကောင်းဆုံးအုပ်ချုပ်ရေးကိရိယာတစ်ခုဖြစ်သည်။ နိုင်ငံတော်ဟူသော ခေါင်းစဉ်အောက်တွင် ကွဲပြားသောမျိုးနွယ်စုများ၊ ဘာသာများအတူတကွ တစည်းတလုံးတည်းရှိနေစေရေးသည် အုပ်ချုပ်သူ လူတန်းစားတို့၏ အရေးအကြီးဆုံးသောရည်မှန်းချက်ပင် ဖြစ်ပါသည်။ အုပ်ချုပ်သူလူတန်းစားများအနေဖြင့် နိုင်ငံသားများအား ပညာရေးတွင် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေသည့် သင်ခန်းစာများ ထည့်သွင်း သင်ကြားပေးခြင်းဖြင့် အမျိုးသားရေးစိတ်ဓါတ်ဟူသော မျက်မှန်အမျိုးအစားတစ်ခုတည်းကို ဆင်တူဝတ်ဆင် ပေးတတ်ကြသည်။ အမျိုးသားသီချင်းများ၊ အလံများ၊ အမျိုးသားယဉ်ကျေးမှုနှင့် စာပေများ စသည်တို့ကို အမျိုးသားရေးစိတ်ဓါတ် တဟုန်းဟုန်း တောက်စေမည့် လောင်စာများအဖြစ် ဖန်တီးပေးခဲ့ကြသည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းခဲ့သည့် နအဖက လက်ဝဲအယူအဆကြီးစိုးသည့် မြန်မာပြည်ကို မျိုးသားရေးဝါဒအဖြစ် ပြောင်းလဲပုံဖေါ်ရာတွင် တပ်မတော်သည် အမျိုးသားနိုင်ငံတော် တည်ဆောက်ရေး အခန်းကဏ္ဍတွင် ရှေ့တန်းမှရှိနေကြောင်းနှင့်တပ်မတော်က အမျိုးသားရေးကို ဘယ်သောအခါမှ သစ္စာ မဖေါက်ကြောင်းတို့ကို တတွင်တွင်ပြောဆိုသည်။ တစ်ဘက်တွင် ဗကပ၊ လက်ဝဲအယူအဆ လွှမ်းမိုးထားသော တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နှစ်ပေါင်းများစွာ တိုက်ပွဲဆင်နွှဲလာခဲ့သော တပ်မတော်အနေဖြင့် ကွန်မြူနစ် ထမင်းလုံးတစ္ဆေခြောက်ခံနေရပြီး၊ သမဂ္ဂအဖွဲ့အစည်းများကို ရပ်တည်ခွင့် မပေးခြင်း၊ တပ်မတော်အတွင်း ဗုဒ္ဓဘာသာ မဟုတ်သူများနှင့် တိုင်းရင်းသားများကို မြင့်မားသည့်ရာထူးများ တိုးမြှင့်မပေးခြင်း၊ တရုတ်ကပြားများကိုလည်း တပ်မတော်အတွင်း နေရာမပေးခြင်းများကို တရားဝင် ပြဌာန်းထားသော စည်းမျဉ်းဥပဒေအရ မဟုတ်သော်လည်း တပ်မတော်ကို လက်ဆင့်ကမ်း တာဝန်ဆက်ခံလာသည့် တပ်မတော် အကြီးအကဲများအားလုံးက မပျက်မကွက် လိုက်နာဆောင်ရွက်ကြသည်။ 

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများ ဘက်လိုက်မှု မရှိစေရန်အပါအဝင် မိန့်ခွန်းပြောကြားပြီးနောက် စက်တင်ဘာလ (၁၆) ရက်နေ့တွင် နိုင်ငံတော် ကောင်စီ၏ ကြေငြာချက်အမှတ် (၁၄/၈၈)ဖြင့် အင်အား တစ်သိန်းရှစ်သောင်းရှိသော တပ်မတော်သားများ အပါအဝင်၊ ရဲနှင့် ပြည်သူ့ဝန်ထမ်းများကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်အဖြစ်မှ ရပ်စဲရန်ကြေညာပြီး၊ ပါတီကလည်း နှုတ်ထွက်ခွင့်ပြုခဲ့သည်။

ဦးနေဝင်း၏ မဆလတပ်မတော်ကို အမွေဆက်ခံခဲ့သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)ကို ၁၉၉၇ တွင် နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ရာတွင်၊ နဝတ/နအဖ တပ်မတော်ကို အမျိုးသားရေးတပ်မတော်အဖြစ်ပါ ပြောင်းလဲနိုင်ရန် “ဒို့တာဝန် အရေး (၃)ပါး”ဆိုသည့် ကျောရိုးကို ထည့်သွင်း တည်ဆောက်လိုက်ကြသည်။ 

ဒို့တာဝန် အရေး (၃) ပါးဆိုသည်မှာ “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး” ဆိုသည့် အမျိုးသားရေး ကြွေးကြော်သံ ၃ ခုဖြစ်ပြီး၊ နောက်ပိုင်းတွင် တပ်မတော်နှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများကို ဇလုပ်တိုက်ရာတွင် အစဉ်အမြဲ ကိုင်စွဲလေ့ရှိသည့် တရားသေ သဘောတရားများ ဖြစ်လာခဲ့သည်။ တပ်မတော်၏ ငယ်မွေးခြံပေါက် အဖွဲ့အစည်းများ၊ သို့မဟုတ် တပ်မတော်ကို လိုက်လျောရပ်တည်ပေးရသည့် မည်သည့်အဖွဲ့အစည်းမဆို တပ်မတော်ကို မျက်နှာလုပ်သည့်အနေဖြင့် ယင်း ဒို့တာဝန်အရေး (၃) ပါးကို မဖြစ်မနေထည့်သွင်း စဉ်းစားပေးကြရပါသည်။ တပ်မတော်က ၁၉၈၈ ခုနှစ်တွင် အစပျိုးပုံဖေါ်ပေးခဲ့သော ဒို့တာဝန် (၃)ပါးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင်လည်း ပုံတူကူးယူ ထည့်သွင်းပေးခဲ့ပါသည်။

၁၉၉၃ ခုနှစ်တွင် နအဖက အမျိုးသားညီလာခံကို ၂၀၀၇ ခုနှစ်အထိ ၁၄ နှစ်တိုင်တိုင် ခေါ်ယူ ကျင်းပကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး၊ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရေး အာဏာကို ဆက်လက်ရယူသွားမည့် ရည်ရွယ်ချက်ဖြင့် ၁၉၉၃ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA)ကို ထူထောင်လိုက်သည်။ ယင်းအသင်းအဖွဲ့မှာ ၁၉၅၈-၁၉၅၉ အိမ်စောင့်အစိုးရခေတ်က တပ်မတော်ကို အထောက်အကူပြုနိုင်ရန် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးအား တစ်ကျော့ပြန် အသက်သွင်းထားသည်ဟု ယူဆနိုင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် USDA ဖွဲ့စည်းပြင်ဆင်သည့်ပုံစံမှာ အင်ဒိုနီးရှားနိုင်ငံကို နမူနာယူထားသည်ဟု ဆိုပါသည်။ USDA က အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးစသည့် အမျိုးသားရေးဝါဒကို လူထုအကြား ဖြန့်ဖြူးသွတ်သွင်းရေးအတွက် အဓိကထား ဆောင်ရွက်ခဲ့ပြီး နအဖအစိုးရမှ အကောင်အထည်မဖေါ်နိုင်သော၊ သို့တည်း မဟုတ် တိုက်ရိုက်အကောင်အထည် ဖေါ်ဆောင်ရန်မသင့်သော ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ပါသည်။ နအဖ အစိုးရက တခြားဘာသာများကို ဖိနှိပ်ထားခဲ့‌သော်လည်း USDA အသင်းအနေဖြင့်မူ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများကို ကြီးမှူး၍ သင်တန်းသား သန်းချီ တက်ရောက်စေခဲ့သည်ဟု ဆိုသည်။ နအဖအစိုးရက ဘာသာရေးလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသည့်အပြင် တိုင်းရင်းသားများ၏ ဘာသာစကားနှင့် စာပေ ဖြန့်ချီခွင့်များကို ပိတ်ပင်ထားခြင်း၊ တိုင်းရင်းသား ဘာသာစကားဖြင့် သီချင်းခွေများကို နယ်ကျော် ဖြန့်ချီခွင့်ကို ကန့်သတ်တားမြစ်ထားခြင်းတို့ဖြင့်  စာပေနှင့် ယဉ်ကျေးမှုများကို ဖိနှိပ်ထားသည်။ ထို့အပြင် ကြံ့ခိုင်ရေးအသင်းနှင့် တပ်မတော်က တိုင်းရင်းသားဒေသများတွင် မြေယာသိမ်းဆည်းမှုများကို အများအပြား ပြုလုပ်ထားသည်။ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် လူနည်းစုများ၏ ဇစ်မြစ်ကို ဖေါ်ပြခွင့် မပေးခြင်း၊ ကျောင်းသင်ခန်းစာများတွင် တိုင်းရင်းသားများ၏ ခေါင်းဆောင်များနှင့် ၎င်းတို့၏ သမိုင်းကြောင်းများကို ဖုံးကွယ်ပုံဖျက် ထားခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများတွင် တိုင်းရင်းသားရိုးရာ ဂီတ၊ အက စသည့် ရိုးရာယဉ်ကျေးမှုများ ထည့်သွင်းမပေးခဲ့ခြင်းများ (၁၉၉၃ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲကို ၂၀၁၂ ခုနှစ်တွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို အက အရေးအတီးပြိုင်ပွဲအဖြစ်သို့ အမည်ပြောင်းလဲပေးခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ကရင်ဒုံးယိမ်း အကနှင့် ရခိုင်ယိမ်း အကတို့ကို စတင်ထည့်သွင်းပေးသည်။) ကလည်း လူမျိုးကြီးဝါဒကို တဖြည်းဖြည်း ပုံဖေါ်လာခြင်း ဖြစ်ပါသည်။ သို့ရာတွင် လူများစု ဖြစ်သည့် ဗမာလူမျိုးများမှာလည်း ထူးခြား သာလွန်သည့် အခွင့်အရေးများ ရရှိခြင်းမရှိပဲ လူနည်းစု တိုင်းရင်းသားများနှင့် ကန့်လန့်ကာ ခြားခံလိုက်ရ ခြင်းမျှသာဖြစ်ကာ နောက်ဆုံးတွင် တပ်မတော်ကို ဗဟိုပြုသည့် ဖက်ဆစ်အယူအဆများ တည်ဆောက်သွားခြင်းဖြစ်ပါသည်။

ပါလီမန်ခေတ်တွင် ဖဆပလ၊ ကွန်မြူနစ်များ၊ တိုင်းရင်းသားအစုအဖွဲ့များဟူ၍တစ်နည်း၊ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် မဆလ၊ ဗကပ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ ဟူ၍တဖုံဖြင့် အင်အားစု (၃)စု နိုင်ငံရေးလွန်ဆွဲပွဲများသည် နအဖခေတ်တွင် တပ်မတော်၊ ဒီမိုကရေစီ မဟာမိတ်များ၊ တိုင်းရင်းသား လက်နက်ကိုင်များအဖြစ် ၃ ပွင့်ဆိုင် ထပ်မံအသွင် ပြောင်းလဲသွားပါတော့သည်။

အကူးအပြောင်းကာလ NLD ပါတီတွင်း အခြေအနေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နိုင်ငံရေးအိုင်ဒီယိုလိုဂျီမှာ လစ်ဘရယ်ဝါဒဖြစ်သော်လည်း ပါတီတွင်း အကြီးအကဲများမှာမူ တပ်မတော်မှ ကူးပြောင်းလာသူများနှင့် လက်ဝဲဝါဒီသမားဖြင့် စုဖွဲ့ထား သည်ကိုတွေ့ရသည်။ နောက်ပိုင်းတွင် နိုင်ငံတကာအဆင့်မြင့်ပညာရေးကို ရရှိထားခဲ့သည့် လစ်ဘရယ် အတွေးအခေါ်ရှိသော ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌဖြစ်လာခဲ့ပြီးနောက်၊ ပါတီတွင်းရှိ လက်ဝဲဝါဒီများနှင့် သဘောထားချင်း မတိုက်ဆိုင်မှုတချို့ ရှိလာသည်ကိုတွေ့ရသည်။ ဥပမာအားဖြင့်၊ ဗိုလ်စိန်မှန်ကွင်း အစည်း အဝေးတစ်ခုတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်လား၊ အသစ်ပြန်လည် ရေးဆွဲမည်လော ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ဆုံးဖြတ်ကြရာတွင် ဦးဝင်းတင်နှင့် ဦးကိုနီတို့နှစ်ဦးက အသစ်ပြန်လည် ရေးဆွဲသင့်သည်ဆိုသည့်ဘက်တွင် ရပ်တည်ခဲ့ကာ၊ ကျန်ခေါင်းဆောင်များကမူ ပြင်ဆင်ရေးမူကို လက်ခံခဲ့ ကြပါသည်။ ပါတီတွင်း၌ ဦးဝင်းတင်နှင့် ၎င်းကိုအင်အားစုများက ပါတီကို မှတ်ပုံပြန်တင်သင့်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှ ရွေးကောက်ပွဲမဝင်သင့်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲရမည်ဟုယူဆကြသည်။ ထိုစဉ်က နိုင်ငံရေးစောင့်ကြည့်ဝေဖန်သူများက အသစ်ရေးဆွဲရေးမူ စွဲကိုင်သည့် ဦးဝင်းတင်တို့အုပ်စုက Radical များဖြစ်ပြီး၊ ပြင်ဆင်ရေးမူကို ထောက်ခံသည့်အုပ်စုကိုမူ သဘောထား ပျော့ပျောင်းသူ (Moderate)များဟု သမုတ်ခဲ့ကြပါသည်။

၂၀၀၉၊ ၂၀၁၀ ခုနှစ်များတွင် NLD ဗဟိုပါတီဝင်များ၏ ထိပ်သီးအစည်းအဝေးများတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ပေးမှသာလျှင် ရွေးကောက်ပွဲဝင်မည် (ပြင်+ဝင်)ဟုသာ ဆုံးဖြတ်ချက် ချခဲ့ကြသော်လည်း၊ ၂၀၁၁ ခုနှစ် ဗဟိုကော်မတီအစည်းအဝေးတစ်ခုတွင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝ င်ပြိုင်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ရွေးကောက်ပွဲဝင်ပြီးမှ လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်မည် (ဝင်+ပြင်) ဆိုသည့်သဘောဖြစ်ပါသည်။ ဝင်+ပြင်နှင့် ပတ်သက်၍ စစ်အာဏာရှင် အပြုတ် တိုက်ရေးမူ ကိုင်စွဲထားသည့် ဦးဝင်းတင်က သဘောမကျကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပြီး ဦးကြီးမြင့် ကလည်း ဦးဝင်းတင်ကို ထောက်ခံခဲ့သည်။

၂၀၁၀ ခုနှစ်တွင် ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အချုပ်အနှောင်မှမလွတ်မြောက် သေးခင်တွင် NLD ပါတီတွင်း ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေတို့ ဦးဆောင်သည့် ပါတီဝင်တစ်ချို့က ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပြင်ဆင်ကြပြီး အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF)ကို တည်ထောင် လိုက်သည်။  NLD ပါတီမှ ခွဲထွက်၍ ပါတီသစ်တည်ထောင်ခြင်းကြောင့်လည်းကောင်း၊ NLD ပါတီ၏ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အမှတ်တံဆိပ်ဖြစ်သည့် ခမောက်ကို NDF ပါတီ၏ ရွေးကောက်ပွဲ အမှတ်တံဆိပ်အဖြစ် အသုံးပြုခြင်းကြောင့်လည်းကောင်း (နောက်ပိုင်းတွင် ရွေးကောက်ပွဲများ၌ NLD ပါတီ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများတွင် NLD ၏ အမှတ်တံဆိပ်မှာ ခမောက်မဟုတ်ကြောင်းနှင့် ခွပ်ဒေါင်းသာဖြစ်ကြောင်း ရှင်းပြလေ့ရှိကြပြီး၊ NDF ပါတီ၏ ထုတ်ပြန်ကြေငြာချက်များတွင်လည်း NDF ခမောက်ပါတီဟု ပြောင်ပြောင် တင်းတင်းပင် ဖေါ်ပြထားတတ်သည်ကို သတိထားမိနိုင်ပါသည်)၊ လွှတ်တော်တွင် NDF ပါတီဝင်တစ်ဦး ဖြစ်သောအမျိုးသားလွှတ်တော် ကိုယ်စားလှယ်‌ ဒေါ်ခင်ဝိုင်းကြည်၏ PR ရွေးကောက်ပွဲစနစ် အဆိုတင်သွင်းခြင်းကြောင့်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီနှင့် NDF ပါတီခေါင်းဆောင်များအကြား အဖုအထစ်ပိုမိုကြီးထွားလာခဲ့ကာ နောက်ပိုင်းတွင် ပုဂ္ဂိုလ်ရေး အပြန်အလှန်တိုက်ခိုက်သည်အထိ ဖြစ်လာပြီး၊ NLD ပါတီကို အတိုက်အခံအဖြစ် ဆန့်ကျင်မည့် ပြည်မအခြေစိုက် (တိုင်းရင်းသား လူနည်းစု အခြေပြုပါတီမဟုတ်သော) ပါတီအသစ်တစ်ခု ထပ်မံထွက်ပေါ်လာခဲ့ရသည်။ မူလအစ NDF ပါတီတည်ထောင် စဉ်က ၎င်းတို့ပါတီ၏ နိုင်ငံရေးအိုင်ဒီယိုလိုဂျီကို ဆိုရှယ်လစ်ဘရယ်ဟု တံဆိပ်တပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် NLD ပါတီနှင့် အမုန်းတရား ပိုမိုကြီးထွားလာမှုက NDF ပါတီကို စစ်တပ်နောက်ခံရှိပြီး လက်ယာယိမ်း အယူဝါဒရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပိုမိုနီးကပ်သွားခဲ့ပါသည်။   

မဟာမိတ်တပ်ပေါင်းစုများ ပေါ်ပေါက်လာခြင်း

မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးပါတီများကို မဟာမိတ်အုပ်စုအားဖြင့် (၄)စု ခွဲခြားသတ်မှတ်နိုင်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးနောက် စစ်အစိုးရ၏ ပါတီဖျက်သိမ်းခြင်းခံရကာ ၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့သည့် စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်ပါတီများနှင့် အသစ်ထပ်မံ ဖွဲ့စည်းလာသော ပါတီများအား စုဖွဲ့ထားသည့် ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ဟူ၍ ဖြစ်ပါသည်။ UNA ၏ ယေဘုယျ သဘောတရားမှာ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးဖြစ်ပြီး၊ NBF အဖွဲ့ဝင် များကမူ များသောအားဖြင့် လူမျိုးစု အခွင့်အရေးကို ကိုင်စွဲထားကြပါသည်။ UNA အဖွဲ့ဝင်များက ဗမာပါတီကြီး နှစ်ပါတီဖြစ်သော NLD နှင့် USDP တွင်  NLD ပါတီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိခဲ့ပြီး၊ NBF က တပ်မတော်ကို ကျောထောက်နောက်ခံ ပြုထားသော USDP ပါတီနှင့် ပူးပေါင်းဆောင်ရွက်မူများ ရှိပါသည်။ ထို့အပြင် UNA က တိုင်းရင်းသား လက်နက်ကိုင်များနှင့် နီးစပ်မှုရှိပြီး၊ NBF က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် သဘော ထားတွင် တပ်မတော်၏ ယူဆချက်နှင့် မနီးယိုးစွဲဖြစ်သည်ကိုလည်း သတိထားမိနိုင်ပါသည်။ ထို့အပြင် ၂၀၁၄ ခုနှစ် ဇန္နဝါရီလတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)က ဦးဆောင်ကာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ စသည်ဖြင့် ပါတီ(၁၁)တို့ ပူးပေါင်းကာ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် Federal Democracy Alliance (FDA) အဖွဲ့ကို ဖွဲ့စည်းလိုက်ကြသည်။ ယင်းမဟာ မိတ်အဖွဲ့သည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလိုပြင်ဆင်ရန်နှင့် အမျိုးသားညီညွတ်ရေး တည်ဆောက်ရန်ဆိုသည့် အချက်များကို ထုတ်ဖေါ်ပြောဆိုခဲ့သည်။ စတုတ္ထမြောက် မဟာမိတ်အဖွဲ့အဖြစ် UPPA မဟာမိတ်အဖွဲ့ကို 2020 ခုနှစ် ဖေဖဝါရီလတွင် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်မရခဲ့သည့် ဗမာပါတီငယ်များနှင့် ၂၀၁၅ နောက်ပိုင်းတည်ထောင်ခဲ့သော ပါတီများပါဝင်သည့် ပါတီ (၉)ခုဖြင့် ဖွဲ့စည်းခဲ့ကြသည်။ UPPA အဖွဲ့က NLD ကိုရည်ညွှန်းကာ နိုင်ငံခြားအထောက်အပံ့ရယူပြီး၊ နိုင်ငံခြားဩဇာခံဖြစ်နေသည့် နိုင်ငံရေးပါတီမျိုးကို ရွေးကောက်ပွဲအနိုင်မရစေရန်နှင့် အမျိုးသားရေးအင်အားစုများ ညီညွတ်စေနိုင်မည့် နိုင်ငံရေး အင်အားစုမျိုးကိုသာ အာဏာရရှိလာစေရန် ရည်ရွယ်သည်ဟု ဆိုသည်။

မဟာမိတ်အင်အားစုများ၏ ရပ်တည်ချက်များ

ပါတီများ၏ နိုင်ငံရေး အိုင်ဒီယိုလိုဂျီများကို ဆန်းစစ်ကြည့်မည်ဆိုလျှင် ပြည်မရှိ ဗမာပါတီများမှာ NLD ပါတီ၏ အတိုက်အခံများ ဖြစ်သွားကြပြီး အများအားဖြင့် လက်ယာယိမ်းများ ဖြစ်ကြပါသည်။ တိုင်းရင်း သား ပါတီများအများစုမှာမူ လူမျိုးစုအမျိုးသားရေးဝါဒ၊ ဖက်ဒရယ်နှင့် တန်းတူ အခွင့်အရေးတို့ကို စွဲကိုင်ထား ကြပါသည်။ တိုင်းရင်းသားပါတီအနေဖြင့် ၎င်းတို့၏နောက်ခံအခြေအနေ၊ နိုင်ငံရေး လိုလားချက်များအပေါ် မူတည်၍ အလယ်-လက်ဝဲနိုင်ငံရေးအမြင်ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ထီးရိပ် အောက်ကို ခိုလှုံမည်လော၊ သို့တည်းမဟုတ် စစ်တပ်နောက်ခံရှိသည့် လက်ယာနိုင်ငံရေး အမြင်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အလံတော်နောက်တွင် ရပ်တည်မည်လောဆိုသည့် ရွေးချယ်မှုနှစ်ခုဖြင့် စုဖွဲ့ကြပါသည်။ 

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများဖြစ်သော မွန်အမျိုးသားပါတီ (ယခင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့က ၂၀၁၂ ခုနှစ်တွင် ဦးဆောင်ကာ တိုင်းရင်းသားပါတီ (၈)ပါတီဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ သဘောထားမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်တွင်း၌ ပြင်၍ရမည်မဟုတ်ဟု ယူဆကြသည့် အတွက် ၂၀၁၀ ရွေးကောက်ပွဲကို အယုံအကြည် မရှိခဲ့ချေ။ NBF ကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ  အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားပါတီများဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP)၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (SNDP)၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP) ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ (PSDP)၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) စသည့်ပါတီများက ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၎င်းတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြည်းဖြည်းချင်း ပြင်ဆင်ကာ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်ကို တိုးချဲ့ခြင်းဖြင့် တိုင်းရင်းသားတန်းတူရေးကို ရယူသွားမည်ဟူသည့် အယူအဆကို လက်ကိုင်ပြုကြသည်။ 

NBF က ၎င်းတို့ကဲ့သို့ပင် တပ်မတော်၊ သို့မဟုတ် USDP နှင့် နီးစပ်သော FDA တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသော်လည်း UNA ကိုလည်း တိုင်းရင်းသားပါတီများ ပေါင်းစည်းရေး ခေါင်းစဉ်အောက်သို့ ဆွဲခေါ်ရာတွင်မူ UNA ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာသော UNA-NBF ပေါင်းစည်းပါတီ (၅)ခုကလည်း UNA နှင့် NBF ကို တစ်ခုတည်းဖြစ်ရန် ပေါင်းစည်းစေလိုသော်လည်း UNA က မူမတူ၊ လမ်းမတူသဖြင့် မပေါင်းစည်းလိုသည့်သဘော ထုတ်ပြောဖူးသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ်၌ UNA က ၎င်းတို့အဖွဲ့ဝင်ဟောင်းများ ပါဝင်သော ပြည်နယ် (၅)ခုမှ ပေါင်းစည်း ပါတီ (၅)ခုကို UNA ၏ မဟာမိတ်ဖြစ်လာရန် ကြိုးပမ်းခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နိုင်ငံရေးမူဘောင်များ ရေးဆွဲကြရာ NBF ၊ FDA နှင့် တစညကဲ့သို့သော ပြည်မရှိ ပါတီတစ်ချို့ ပါဝင်သည့် ၅၆ ပါတီက မူဘောင်တစ်ခုရေးဆွဲခဲ့ပြီး၊ UNA ၊ NLD တို့ကလည်း မူဘောင်တစ်ခု သီးခြားရေးဆွဲခဲ့ကြပါသည်။ ၂၀၁၂ တွင် NLD နှင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့သည့် ပါတီများစုပေါင်းဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကို CRPP အမည်ဖြင့် ဒုတိယအကြိမ် ပြန်လည်အသက်သွင်းခဲ့ကြသော်လည်း မည်သည့်နိုင်ငံရေးလှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ချေ။ ၂၀၁၅ ခုနှစ်နောက်ပိုင်း NLD က ၎င်း၏ မဟာမိတ်ဖြစ်သော UNA နှင့် အဆက်အသွယ်ဖြတ်တောက်ထားသည့် ကာလမှာပင်လျှင် UNA က NBF သို့မဟုတ် FDA အစ ရှိသည့် မည်သည့် တပ်ပေါင်းစုနှင့်မှ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိပဲ ၎င်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့်သဘောထားအရသော်လည်းကောင်း၊ ဖက်ဒရယ်အရေးနှင့် စပ်လျဉ်းသည့် မူအရသော်လည်း ကောင်း မပြောင်းလဲပဲ သီးခြားဆက်လက် ရပ်တည်ခဲ့ပါသည်။

K.L

 

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)