စစ်ကောင်စီသည် အာဏာသုံးရပ်ကို သိမ်းပိုက် ထိန်းချုပ်ထားခဲ့သော်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲ ကော်မရှင်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို ဖျက်သိမ်းခြင်း မရှိသေးသည့်အပြင်၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ၃၁/၂၀၁၄ ကိုလည်း ပယ်ဖျက်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်တပ်က နိုင်ငံတော် အာဏာသိမ်းခဲ့ပြီးနောက်တွင် [၁၉၆၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေ အမှတ် ၄။] ဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေကို ပြဌာန်းခဲ့သည်။ ထိုဥပဒေအရ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ ကလပ်များ၊ ကော်မတီများ အားလုံးကို တည်ရှိမှုမှ ပယ်ဖျက်ခံလိုက်ရသည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်း နဝတ စစ်အစိုးရ လက်ထက်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၈၈ ကို ထပ်မံပြဌာန်းကာ အရပ်ဘက် အဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှုကို ပိတ်ဆို့သည်။ ဒီမိုကရေစီ တတိယလှိုင်းတွင် တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်စသည့် နိုင်ငံများတွင် အရပ်ဘက်အဖွဲ့ အစည်းများ၏ အားကောင်းမောင်းသန် လှုပ်ရှားမှုများက ယင်းနိုင်ငံများ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်များတွင် အဓိကကျခဲ့ပြီး အင်ဒိုနီးရှား၊ ချီလီ စသည့်နိုင်ငံများ၌ နိုင်ငံရေးတွင် စစ်တပ်၏ လွှမ်းမိုးမှုကို နောက်ဆုတ်သွားစေနိုင်ခဲ့သည်။ အဆိုပါသာဓကများက အလုံးစုံအာဏာ ထိမ်းချုပ်ရန် ရည်ရွယ်ချက်ရှိသော မည်သည့် မြန်မာစစ်အစိုးရကိုမဆို အရပ်ဘက် အဖွဲ့အစည်းများကို ဘောင်ခတ်နိုင်သည့် စည်းများကို ချမှတ်လေ့ ရှိကြသည်။ သို့ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်ကောင်စီသည် အရပ်ဘက် အဖွဲ့အစည်းများကို ၃၁/၂၀၁၄ ဥပဒေအရ သက်တမ်းမတိုးပေးတော့သော်လည်း တရားဝင်အားဖြင့် ပယ်ဖျက်စေခြင်းလည်း မပြုလုပ်သေးချေ။ ယင်းက တခြားဖြစ်နိုင်ချေ အချက်များ ရှိနေလိမ့်ဦးမည် ဖြစ်သော်လည်း ဤဆောင်းပါးတွင် အဓိက ထောက်ပြလိုသည့် အချက်မှာ စစ်ကောင်စီ၏ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို ပိုမိုတရားဝင်မှု ဖြစ်စေရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများအား အကန့်အသတ်ရှိသော စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်များ တွင် ပါဝင်ခွင့် ပေးခြင်းဖြင့် အသုံးချနိုင်ရန်ဆိုသည်ပင် ဖြစ်ပါသည်။
ကာကွယ်ရေးဌာန ကောင်စီညွှန်ကြားလွှာ (၄/၂၀၁၄) အရ ၂၀၂၁ ခုနှစ်တွင် အသက် (၆၅) နှစ်ပြည့် အငြိမ်းစားယူရမည် ဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်တွင် ဗိုလ်ချုပ်နေဝင်း ဖန်တီးခဲ့သော ကာကွယ်ရေးဌာန ကောင်စီညွှန်ကြားလွှာအမှတ် (၁၈/၇၃)ကို တဖန် အသက်ပြန်သွင်းသည့် ညွှန်ကြားလွှာအမှတ် (၁/၂၀၂၁)အား ထုတ်ပြန်ကာ အကန့်အသတ်မဲ့ သက်တမ်းအဖြစ် ပြောင်းလဲလိုက်ပါသည်။ ၎င်း၏ ရာထူးသက်တမ်း ကုန်ဆုံးမည့် နေ့ရက်များကို စိုးရိမ်ကြောက်ရွံ့နေရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စိတ္တဇညများမှာ စစ်အာဏာ သိမ်းပိုက်ခြင်းဖြင့် ရပ်တန့်သွားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံရေးတွင် အရှိန်အဝါ ရုတ်လျော့လာသောစစ်တပ်၏ အခန်းကဏ္ဍကို ပြန်လည်မြှင့်တင်ရန်၊ တပ်မတော် ထိပ်သီးအကြီးအကဲများ၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ၎င်းကိုယ်တိုင်၏ နိုင်ငံ့ဦးသျှောင် ဖြစ်လိုသော အိပ်မက်တို့ကို ဖြည့်ဆည်းရန်တို့အတွက် သူ၏ ရှေ့စီနီယာ အာဏာရှင်နှစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ လုပ်နည်းလုပ်ဟန်နှင့် အစဉ်အလာမှန်သမျှကို အမွေဆက်ခံသည်။ ဗိုလ်ချုပ်ကြီး နေဝင်းသည် အသက် (၇၇)တွင် ရာထူးမှ စွန့်ခွာခဲ့ပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ အသက် (၇၈) နှစ်တွင်မှ အာဏာလွှဲပြောင်း ဆက်ခံစေခဲ့သည်။ ၎င်းတို့နှစ်ဦးလုံးမှာ ရာထူး စွန့်လွှတ်ခဲ့သော်လည်း နောက်ကွယ်မှ ကြိုးကိုင်စီစဉ်သူများအဖြစ် ဆက်လက်တည်ရှိခဲ့ ကြကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ်တွင် အသက် (၆၇)နှစ်သာ ရှိဦးမည် ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ သူ၏ စီနီယာနှစ်ဦး၏ အကန့်အသတ်သို့ ရောက်ရှိရန်ဆယ်စုနှစ် တစ်ခုမျှ လိုသေးသည်ဖြစ်ရာ ရွေးကောက်ပွဲ မဖြစ်မြောက်လျှင်ပင် ညွှန်ကြားလွှာ ၁/၂၀၂၁ က ၎င်း၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်ပေသည်။
လေ့လာဆန်းစစ်မှု၏ နိဂုံးချုပ်ကောက်ချက်အရ စစ်ကောင်စီဥက္ကဌက ၂၀၂၃ ခုနှစ်တွင် ရွေးချယ်လာနိုင်သည့် လမ်း (၃) သွယ်ရှိနေပါသည်။ တစ်ချက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်အသာစီးရရှိမှု သေချာစေရန်နှင့် မည်သည့် ဒီမိုကရက်တစ် ပါတီကမှ တစ်ပါတီတည်း အနိုင်မရနိုင်စေရန် ပြင်ဆင်ပြီး၊ ၂၀၂၃ ရွေးကောက်ပွဲကို FPTP နှင့် PR Party List စနစ်တို့ကို ရောစပ်ထားသည့် အချိုးကျ ကိုယ်စားပြုစနစ် (MMP)ဖြင့် ဖြတ်သန်းကာ သမ္မတနေရာကို ယူမည်။ ၎င်းကို ဝိုင်းဝန်းထောက်ခံပေးသော USDP နှင့် မဟာမိတ်ပါတီငယ်လေးများဖြင့် ညွန့်ပေါင်း အစိုးရဖွဲ့မည်ဖြစ်သည့် ထိုင်းနိုင်ငံပုံစံ ဖြစ်ပါသည်။ ထိုနည်းဖြင့် သမ္မတသက်တမ်း နှစ်ကြိမ်သည် (၁၀)နှစ် ကြာမည် ဖြစ်ပါသည်။ ဒုတိယနည်းလမ်းမှာ ၂၀၂၃ တွင် ရွေးကောက်ပွဲ လုပ်ပေးပြီးနောက် ဦးနေဝင်း၊ ဦးသန်းရွှေတို့ လမ်းစဉ်အတိုင်း တပ်မတော်က အလုံးစုံ အာဏာပြန်သိမ်းကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအရ ဖြစ်ပေါ် လာသော ကဏ္ဍများ၊ အသင်းအပင်းများ၊ အင်အားစုများ၊ အင်စတီကျုရှင်းများ အားလုံးကို ပယ်ဖျက် လိုက်မည်ဖြစ်ပြီး၊ စစ်အစိုးရစနစ်ဖြင့် ဆက်လျှောက်မည့်နည်း ဖြစ်ပါသည်။ တတိယမှာ ရွေးကောက် ပွဲပြုလုပ်ပေးမည့်ရက်ကို နေ့ရွှေ့ညရွှေ့အချိန်ဆွဲပြီး၊ ယခုစုဖွဲ့ထားသော စစ်ကောင်စီဖြင့်ပင် ရောက်နိုင်သလောက် ရအောင် ဆက်သွားမည့် နည်းလမ်း ဖြစ်ပါသည်။ အထက်ဖေါ်ပြပါ မည်သည့်နည်းလမ်းမဆို အာဏာသိမ်း စစ်အုပ်စုအတွက် သက်ဆိုးရှည်စေမည့် နည်းလမ်းများသာ ဖြစ်ပြီး၊ အကယ်၍ ပြည်တွင်း ပြည်ပမှ ထူးခြားအခြေအနေ တစ်ရပ်ရပ် မပေါ်ပေါက်ခဲ့ပါက မြန်မာနိုင်ငံတွင် တတိယမြောက် စစ်အာဏာရှင် တစ်ယောက် အမွေဆက်ခံ ထွက်ပေါ်လာတော့မည် ဖြစ်ပေတော့သည်။
K.L
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
ရည်ညွှန်းကိုးကား-
– https://en.wikipedia.org/wiki/The_Third_Wave:_Democratization_in_the_Late_Twentieth_Century
– ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းများ၊ ကမ္ဘာ့ခေါင်းဆောင်များထံမှသင်ယူခြင်း၊ IDEA
– Rethinking Civil Society: Toward Democratic Consolidation, Larry Diamond
– The role of civil society in democratic consolidation in Asia, SUCHIT Suchit Bunbongkarn
– https://ispmyanmarchinadesk.com/special_issue/china-myanmar-economic/
– https://en.wikipedia.org/wiki/2019_Thai_general_election
– Next Thai Election, Next Thai Electoral System?, Punchada Sirivunnabood
– https://www.myanmar-now.org/mm/news/7656
– http://country.eiu.com/article.aspx?articleid=117780195&Country=Thailand &topic=Politics_1
– https://en.wikipedia.org/wiki/Min_Aung_Hlaing
– အမှောင်ကြားက ဗမာပြည်၊ ဝင်းတင့်ထွန်း
– ၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးထူးဖြစ်စဉ် ထူးခြားမှုရက်စွဲမှတ်တမ်းများ၊ ABSDF
– ၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု၊ ဦးမျိုးသစ် (ဆောင်းပါး)
– ရွေးကောက်ပွဲစနစ်ဒီဇိုင်း၊ နိုင်ငံတကာ IDEA လက်စွဲစာအုပ်သစ်
– တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတကာခရီးစဉ်များကို လေ့လာချက်၊ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့
– https://www.nytimes.com/2021/04/23/opinion/myanmar-thailand-asean.html
– https://www.usip.org/publications/2021/06/myanmar-china-coup-and-future
– https://en.wikipedia.org/wiki/Than_Shwe
– ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံရေးအတ္ထုပတ္တိ၊ Robert H. Taylor အားဇနက မြန်မာဘာသာပြန်ဆိုသည်