စစ်ကောင်စီက ထုတ်ပြောလာခဲ့သည့် PR ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ ရှင်းလင်းချက်ကို ကိုးကား၍ ဝေဖန်မှုများရှိခဲ့သော်လည်း စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ကို မကျော်လွန်စေပဲ ပြုလုပ်မည် ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီသည်ဟု တုန့်ပြန်ခဲ့ သည်။ သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဟောင်းဖြစ်သူ ၎င်း၏အဆိုအရ တပ်မတော်သား ၂၅% မှာမူ မူလရှိရင်းစွဲအတိုင်း နေမြဲသာဖြစ်သည့်အတွက် တိုင်းရင်းသားပါတီအများအပြားက မကျေမနပ်ဖြစ်နေကြသည်။ ယင်းမှာ ဆူဟာတိုလက်ထက် အင်ဒီနီးရှားနိုင်ငံ၏ လွှတ်တော်တွင် စစ်တပ်မှ ကိုယ်စားလှယ် အယောက် (၁၀၀)ပါဝင်သော နိုင်ငံရေးစနစ်ကို အကိုးအကားပြုထား သော်လည်း မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ လွှမ်းမိုးမှုသံပတ် နောက်တကျော့ထပ်တင်းရန် အတွက် အိမ်နီးချင်းထိုင်းနိုင်ငံ၏ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထပ်မံကိုးကားလာခြင်းဖြစ်သည်။ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ပရမ်တင်ဆူလာနွန်ဒါ၏ မွေးစားသားအဖြစ် သတင်းများတွင်ဖေါ်ပြခံရသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ အာဏာသိမ်းပြီး နှစ်လအကြာ ဇူလိုင်လတွင် အာဏာသိမ်း ထိုင်းစစ်ကောင်စီကို သွားရောက် တွေ့ဆုံကာ ထိုင်းစစ်တပ်၏ အာဏာသိမ်းသည့်အခြေအနေကို စာနာနားလည်ကြောင်းနှင့် မှန်ကန်သည့် လုပ်ရပ်ဖြစ်ကြောင်း ထောက်ခံ အားပေးစကား သွားပြောခဲ့ပါသေးသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၌ စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၁၄ ခုနှစ်၊ မေလမှစ၍ ၂၀၂၀ ခုနှစ်အထိ ထိုင်းနိုင်ငံသို့ အနည်းဆုံး (၉) ကြိမ် သွားရောက် လည်ပတ်ခဲ့ခြင်း၊ သို့မဟုတ် နှစ်ဘက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းခဲ့ပြီးနောက် စစ်ခေါင်းဆောင်ကလည်း ၂၀၂၁ ခုနှစ်၊ ဖေဖဝါရီလ (၁၀) ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာထံ အာဏာသိမ်းမြန်မာစစ်တပ်ကို အားပေးထောက်ခံပေးရန် စာပို့အကူအညီတောင်းခံခဲ့ပါသည်။ ထိုသို့ဖြင့် စစ်အာဏာသိမ်းခဲ့ကြသော မြန်မာနှင့် ထိုင်းစစ်တပ် ခေါင်းဆောင်များသည် အပြန်အလှန်ထောက်ခံအားပေးမှုများ ပြုလုပ်ခဲ့ကြပြီး၊ ယခုအခါ မြန်မာ စစ်ကောင်စီက ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ကို ကိုးကားအကောင်အထည်ဖေါ်ရန် ပြင်ဆင်နေပြီ ဖြစ်ပါသည်။ အာဏာသိမ်း ထိုင်းစစ်တပ်သည် ၂၀၀၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ အမျိုးသား ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေး ကောင်စီ (NCPO) ကို ဖွဲ့စည်းကာ ယာယီ ဥပဒေဖြင့် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲပြန်မလုပ်ပေးခင်အထိ အုပ်ချုပ်ခဲ့သည်။ အဆိုပါ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ၂၀၀၆ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် နိုင်ငံရေးတွင် စစ်တပ်က ရေရှည် လွှမ်းမိုးနိုင်ရန် စိတ်ကြိုက်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ ခုနှစ်မှ စတင်ကာ ထိုင်းဘုရင့်တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ကာ ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းအစိုးရ၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သော ပရာယွတ်ချန်အိုချာသည် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကတိပြု ခဲ့သော်လည်း ၂၀၁၅ မှ ၂၀၁၆၊ ၂၀၁၆ မှ ၂၀၁၇၊ ၂၀၁၇ မှ ၂၀၁၈ သို့ ရွှေ့ဆိုင်းမှုခဲ့ပြီး နောက်ဆုံး၌ (၅) ကြိမ်မြောက်အဖြစ် ၂၀၁၉ ခုနှစ်ရောက်မှသာ ရွေးကောက်ပွဲပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံ၏ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်(၅၀၀)ရှိသော အောက်လွှတ်တော် ၏ နေရာ ၃၅၀ ကို မဲဆန္ဒနယ်တစ်ခုစီကို အခြေခံသော FPTP (First Past The Post)စနစ်ဖြင့် ရွေးကောက်ခြင်းဖြစ်ပြီး၊ ကျန်(၁၅၀)ကို ရွေးကောက်ပွဲမတိုင်မီတွင် နိုင်ငံရေးပါတီများက ရွေးကောက်ပွဲကော်မရှင်ထံသို့ ကြိုတင်စာရင်းပေးပို့ထားရသည့် Party List စနစ်ဖြင့် ရွေးကောက် တင်မြှောက်ခြင်း ဖြစ်ပါသည်။ ၎င်းစနစ်မှာ FPTP နှင့် PR Party List စနစ်တို့ကို ရောစပ်ထားသည့် အချိုးကျကိုယ်စားပြုစနစ် Mixed-member proportional representation (MMP or MMPR) ဖြစ်ပါသည်။ ဆီးနိတ်တွင် ကိုယ်စားလှယ်(၂၅၀)ဦးရှိရာ ၎င်းတို့အားလုံးကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ စစ်ကောင်စီက ခန့်အပ်သည်။ ၎င်း ဆီးနိတ်ကိုယ်စားလှယ် (၂၅၀)မှာ တပ်မတော်သား (၉၀) ဦး၊ ရဲတပ်ဖွဲ့မှ (၁၄) ဦးနှင့် အရပ်သား(၁၄၆)ဦးဖြစ်ပါသည်။ ဝန်ကြီးချုပ်ကို လွှတ်တော်ကိုယ်စားလှယ် (၇၅၀) ၏ ထက်ဝက်ကျော်ဖြစ်သော (၃၇၆) ယောက်မှ ရွေးချယ်ရမည်ဖြစ်ရာ ကိုယ်စားလှယ်
(၂၅၀) အသာစီးရထားသော အာဏာသိမ်းစစ်ခေါင်းဆောင် ပရာယွတ်ချန်အိုချာက အပြတ်အသတ် အသာစီးရယူထားသည်။ ပါတီငယ်လေးများက ညွန့်ပေါင်းအစိုးရထဲတွင် ပါဝင်နိုင်ရေးအတွက် ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် မဲဝိုင်းပေးခဲ့ကြပြီး၊ ၁၈ ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့လိုက်ကြသည်။
မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင်က အိမ်နီးချင်းထိုင်းနိုင်ငံမှ အာဏာသိမ်းစစ်ခေါင်းဆောင်၏ နိုင်ငံရေးကို လွှမ်းမိုးချုပ်ကိုင်သည့်ပုံစံအား နမူနာယူသည့်အနေဖြင့် လွှတ်တော်တွင်း စစ်တပ် ၂၅% အသာစီးရယူထားပြီးသည့်အပြင် စစ်တပ်ထောက်ခံသော နိုင်ငံရေးပါတီများအား ညွန့်ပေါင်းအစိုးရ အဖွဲ့အတွင်း အနည်းငယ်မျှသော အာဏာစွန့်ကြဲပေးနိုင်မည့် အချိုးကျစနစ် (PR)ကို ကျင့်သုံးသွားနိုင်ရန် ပြင်ဆင်နေသည်။ အကယ်၍ ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ လုပ်ဖြစ်မည်ဆိုပါက ရောစပ် ထားသည့် အချိုးကျ ကိုယ်စားပြုစနစ် (MMP)ကို ကျင့်သုံးလာဖွယ် ရှိပါသည်။ အင်အားကြီးမားသော NLD ကို ဖဲ့ထုတ်ခြင်းနှင့် အစဉ်အလာနှင့် သဘာရှိသော နိုင်ငံရေးပါတီများ ဖြစ်ကြသည့် ALD နှင့် SNLD ပါတီတို့မှာမူ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းဖွယ်အခြေအနေကို ကြုံတွေ့နေရသည်။ စစ်ကောင်စီအတွက် မူလ NLD ပါတီနှင့် UNA အုပ်စု မပါဝင်သောရွေးကောက်ပွဲမှာ နိုင်ငံရေးတရားဝင်မှုတွင် အားနည်းနိုင်သော်လည်း တပ်မတော်၏ ရပ်တည်ချက်ကို ထောက်ခံ ထုတ်ဖေါ်ခဲ့သည့် ပါတီ (၃၂)၊ (၃၄)ပါတီပါဝင်သည့် ရွေးကောက်ပွဲကော်မရှင်နှင့် သွားရောက်တွေ့ဆုံ ခဲ့သည့် နိုင်ငံရေးပါတီပေါင်း (၅၀)ကျော်က အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်တွင် နအဖအစိုးရက ပြုလုပ်ပေးခဲ့သော ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီပေါင်း (၄၄) ပါတီက မှတ်ပုံတင်ခဲ့ပြီး ၂၁ ပါတီက ဝင်ပြိုင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများ စုဖွဲ့ကာ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)ကို ဖွဲ့စည်းခဲ့ကြသည်။ နိုင်ငံရေးပါတီ (၉၁)ပါတီ ပါဝင် ခဲ့သော ၂၀၁၅ ရွေးကောက်ပွဲကို အကြောင်းပြု၍ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် Federal Democracy Alliance (FDA) မဟာမိတ်အဖွဲ့ပေါ်ပေါက်လာခဲ့ပြီး၊ ၂၀၂၀ ခုနှစ်၌လည်း ပါတီပေါင်း (၉၁) ပါတီ အရွေးချယ်ခံခဲ့ကာ ညီညွတ်သော နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ (UPPA) ထပ်မံ ထွက်ပေါ်လာခဲ့ပြန်ပါသည်။ သို့ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင် ပါတီအသစ်များနှင့် စုဖွဲ့ထားသော မဟာမိတ် အဖွဲ့သစ် တစ်ဖွဲ့ ထပ်မံပေါ်ပေါက်လာပြီး စစ်ကောင်စီပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို အားဖြည့်ပေးလာစရာ အကြောင်းရှိနေပြီး၊ ထိုသို့မဟုတ်ပါက NLD နှင့် UNA ပါတီများ မပါဝင်ပဲ ကျန် ပါတီ (၅၀)ကျော်ဖြင့်လည်း ဖြတ်ကျော်သွားနိုင်ပါသေးသည်။ တရုတ်အပါအဝင်၊ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံအများအပြားကလည်း သွေးထွက်သံယိုမဟုတ်သောနိုင်ငံရေး၊ သို့တည်းမဟုတ် ရွေးကောက်ပွဲမှတဆင့် ထွက်ပေါ်လာသော မည်သည့်အစိုးရကိုမဆို မြင်လိုဟန်ရှိနေကြပြီး၊ စစ်တပ်လွှမ်းမိုးသော မြန်မာ့နိုင်ငံရေးကိုလည်း ဆက်လက် တည်ရှိနေစေချင်ကြသည့်ဆန္ဒကလည်း မဖုံးကွယ်နိုင်ပေ။ အထူးသဖြင့် တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ပထဝီနိုင်ငံရေးဆိုင်ရာနှင့် စီးပွားရေးအကျိုးစီးပွား ဆိုင်ရာ အများအပြား တည်ရှိနေသော မြန်မာနိုင်ငံကို တည်ငြိမ်သည့်နိုင်ငံရေးအခြေအနေတစ်ရပ် အမြန်ဆုံးဖြစ်ပေါ်စေလိုနေသည်။
ဆက်လက်ဖော်ပြပါဉီးမည် –
K.L