မြန်မာပြည်၏ တတိယမြောက် စစ်အာဏာရှင် အမွေဆက်ခံခြင်း (အပိုင်း – ၂)

၂၀၁၀ ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲ ပြုလုပ် ပေးခဲ့ ပြီး၊ ၂၀၂၀ ခုနှစ်အထိ (၁၀)နှစ်တာကာလကို ရွေးကောက်ခံများက အုပ်ချုပ်သည်။ ၂၀၂၁ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနိုင်ရပါတီ NLD ၏ မဲရလဒ်ကို ငြင်းပယ်ကာ ဖေဖဝါရီလတွင် အာဏာသိမ်းယူခဲ့ခြင်း ဖြစ်သည်။ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ စစ်ခေါင်းဆောင်က ဝန်ကြီးချုပ်အဖြစ် ရာထူးရယူခဲ့သည်။ မြန်မာစစ်တပ် အာဏာသိမ်းခဲ့သည့်သမိုင်းကြောင်းကို ခြေရာ ကောက်ကြည့်လျှင် အာဏာသိမ်း၊ ကောင်စီဖွဲ့၊ အိမ်စောင့်အစိုးရလုပ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသစ်ရေး၊ စစ်တပ်ကျောထောက်နောက်ခံ နိုင်ငံရေးပါတီတစ်ခု တည်ထောင်၊ (၂)နှစ်ကြာလျှင် ရွေးကောက်ပွဲလုပ်ပေး၊ တခြားပါတီတစ်ခုက အနိုင်ရလျှင် ရလဒ်ကိုငြင်းဆန်ပြီး အလုံးစုံ အာဏာ ပြန်သိမ်း၊ နောက်ဆုံးတွင် စစ်တပ်ကသာ နိုင်ငံတော်အာဏာကို ဆက်လက်ထိမ်းချုပ်သွား သည့် ပုံသေနည်းကိုသာ တွေ့ရမည်ဖြစ်ပါသည်။ ဆိုလိုသည့်သဘောမှာ စစ်တပ်က နိုင်ငံတော်အာဏာကို ဆက်လက်ချုပ်ကိုင်ခြင်းသည် အစဉ်အလာဖြစ်ပြီး ရာထူးဆက်ခံသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအတွက် အဓိက တာဝန်လည်းဖြစ်ပါသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မတိုင်ခင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ဦးသိန်းစိန်၊ ဦးစိုးသိန်း၊ ဦးအောင်မင်းတို့အဖွဲ့နှင့် သူရဦးရွှေမန်းတို့အကြား အကွဲအပြဲဖြစ်ခဲ့ပြီး ဦးသိန်းစိန်တို့က ရွေးကောက်ပွဲ ဆက်လက်အနိုင်ရရှိရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ကို ဆွယ် တရားဟောခဲ့ရာမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမ္မတအိပ်မက် အစပြုခဲ့သည်ဟု ကျွမ်းကျင် သူများက ထောက်ပြကြသည်။ ကာကွယ်ရေးဦးစီးချုပ်တာဝန် ယူခါစတွင် ဗိုလ်ချုပ်ကြီး အဆင့်သာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး၊ ၂၀၁၃ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး အဆင့်သို့ ရောက်ရှိလာသော တပ်ချုပ်သည် ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်များ အပါအဝင် တပ်မတော် ထိပ်တန်းအရာရှိကြီး (၅၀) ဝန်းကျင်အား အငြိမ်းစားပေးကာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲ ဝင်ရောက်အရွေးချယ် ခံစေခဲ့သည်။ သို့ရာတွင် ထိုစဉ်က ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးကို စည်းရုံးညှိနှိုင်း၍ မရခဲ့သဖြင့် မျှတသော ယှဉ်ပြိုင်မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို အရေးနိမ့်ခဲ့ရသည်။ ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ရယူချိန်တွင် အသက် (၄၀) ဝန်းကျင်မျှသာ ရှိသေးပြီး၊ အာဏာသိမ်းခဲ့စဉ်တွင်မူ အသက် (၅၂)နှစ် ရှိပြီ ဖြစ်သည်။ ၎င်းအနေဖြင့် ၁၉၇၂ ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီးစန်းယုထံ လွှဲပြောင်းပေးလိုက်ချိန်တွင် အသက်(၆၂)နှစ် ရှိခဲ့ပြီဖြစ်ပါသည်။ ၁၉၇၃ ခုနှစ်တွင် ကကနကောင်စီက ညွှန်ကြားလွှာအမှတ် (၁၈/၇၃) ကို ထုတ်ပြန်ကာ ပြန်တမ်းဝင်အရာရှိများ၏ သက်တမ်းကို တပ်မတော်က အလိုရှိသလောက် ဆွဲဆန့်ယူနိုင်ခဲ့သည်။  ဗိုလ်ချုပ်ကြီးသန်းရွှေက ဗိုလ်ချုပ်မှူးကြီး စောမောင်ထံမှ အာဏာလွှဲပြောင်း ရယူခဲ့စဉ်က ၎င်း၏အသက်မှာ (၅၉) နှစ် ရှိပြီဖြစ်ပြီး ၁၉၉၃ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးရာထူးသို့ တိုးမြှင့်ခဲ့သည်။ ထို့နောက် ကကန ကောင်စီ ညွှန်ကြားလွှာ ၁၈/၇၃ ဖြင့် နိုင်ငံ့အကြီးအကဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်သည်။ ၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေဖြင့် ကာကွယ်ရေး ဦးစီးချုပ်နေရာကို ဆက်ခံစဉ်က အသက် (၅၅)နှစ် ရှိပြီဖြစ်ပြီး၊ ဗိုလ်ချုပ်မှုးကြီးအဖြစ် ရာထူးတိုးမြှင့်သောအခါတွင် အသက် (၅၇) နှစ် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်တွင် ကာကွယ်ရေးဌာန ကောင်စီညွှန်ကြားလွှာ ၄/၂၀၁၄ ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်တို့၏ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းကို အသက် (၆၅) နှစ်သို့ ကန့်သတ်လိုက်သည်။ ဒီမိုကရေစီအစိုးရခေတ် ဖြစ်သောကြောင့် ညွှန်ကြားလွှာ အမှတ် ၁၈/၇၃ ကို ၄/၂၀၁၄ ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ထိုစဉ်က ပြောကြားခဲ့ဖူးသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ နိုင်ငံ့ ဝန်ထမ်းဥပဒေအရ ၂၀၁၆ ခုနှစ်တွင် အသက်(၆၀)ပြည့် ပင်စင်ယူရမည် ဖြစ်သော်လည်း၊ ထိုညွှန်ကြား လွှာအရ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို အသက် (၆၅) နှစ်အထိ သက်တမ်းတိုးလိုက်နိုင်သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ကကန ကောင်စီ ညွှန်ကြားလွှာ ၁/၂၀၁၆ ကို ထပ်ထုတ်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီးမှစ၍ တခြားပြန်တမ်းဝင် အရာရှိအဆင့်များအတွက်သာ ဖြစ်ပါသည်။ တပ်မတော် ဖန်တီးခဲ့သော နိုင်ငံရေး အခင်းအကျင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက တစတစ ပိုမို ကျယ်ပြန့်သော လွှမ်းမိုးလာမှုများ ရှိလာခဲ့ပြီး၊ အခြားတစ်ဘက်တွင် ၂၀၂၁ ခုနှစ်၌ သက်တမ်းကုန်မည် ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်အနေဖြင့် နိုင်ငံရေး အဏာကို တပ်မတော်က  ဆက်လက်ချုပ်ကိုင်ထားနိုင်ရေး တာဝန်နှင့်အတူ ၎င်းက မြန်မာ့ နိုင်ငံရေး အခန်းကဏ္ဍတွင် ကြီးကျယ်သော နေရာတစ်ခု အရှည်သဖြင့် ဆက်လက်ရယူရေးသည်လည်းပဲ ကျွဲကူး ရေပါ ရည်မှန်းချက်တစ်ရပ် ဖြစ်လာပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စီနီယာ အာဏာသိမ်းစစ်ခေါင်းဆောင် နှစ်ယောက်ဖြစ်ကြသော ဦးနေဝင်းသည် ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ၊ (၂၆)နှစ်ကြာ စိုးစံခဲ့ပြီး၊ ဦးသန်းရွှေက ၁၉၉၂ မှ ၂၀၁၁ ခုနှစ်အထိ (၁၉)နှစ်ကြာ မင်းမူနိုင်ခဲ့သည်။ ၎င်းတို့နှစ်ယောက်လုံးပင် အာဏာ လက်လွှတ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေးအခင်းအကျင်းကို အချိန်အတိုင်းအတာ တစ်ခုအထိ နောက်ကွယ်က ဆက်လက် ကြိုးကိုင်နိုင်ခဲ့သူများ ဖြစ်ကြပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုပုံသေနည်းအား အမွေဆက်ခံ အကောင်အထည် ဖေါ်လိုခဲ့သည်ဖြစ်ပြီး အဆိုပါ ရည်ရွယ်ချက်နှင့် ပတ်သက်၍ နိုင်ငံရေးတွင် NLD ပါတီ၏ လွှမ်းမိုးလာမှုကို ရပ်တန့်သွားစေချင်သည့် တပ်မတော်စီနီယာ အသိုင်းအဝိုင်းကလည်း ထောက်ခံခဲ့ကြသည်။ အာဏာမသိမ်းမီ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာဘူးဆိုလျှင် ဖျက်ပစ်ရမည် ဖြစ်ကြောင်းနှင့်   ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကိုလည်း အသစ်တက်လာသည့် အစိုးရများက နိုင်ငံရေးစနစ်တစ်ခု ပြောင်းလဲကျင့်သုံးရန်အတွက် ဖျက်ပစ်ခဲ့ဖူးကြောင်း” တို့ကို ထုတ်ပြောခဲ့သည်။ နောက်ပိုင်းတွင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖျက်မည်ဆိုသည်မှာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပြီး၊ အာဏာသိမ်းသည့် အခါတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုသည့် ခေါင်းစဉ်အောက်က အာဏာသိမ်းခဲ့ခြင်း ဖြစ်ပါသည်။ အာဏာသိမ်းပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့တွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ နံပါတ် (၄)အချက်အရ ငြိမ်းချမ်းရေး‌ လုပ်ငန်းစဉ်ဟုဆိုကာ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့ရာတွင် တပ်မတော်က သုတေသန ပြုထားသည်ဆိုသော အချိုးကျ ရွေးကောက်ပွဲစနစ် (PR)ကို ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က မိတ်ဆက်ရှင်းလင်းသည်။ အဆိုပါ PR စနစ်ကို ၂၀၁၄ ခုနှစ် စက်တင် ဘာလ ၁၈ ၌လည်း အဖွဲ့ဝင်(၂၄) ဦး ပါဝင်သည့် မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေရှိမည့် ရွေးကောက် ပွဲစနစ်ပေါ်ပေါက်ရေး လေ့လာသုံးသပ်ရေး ကော်မရှင်က လွှတ်တော်သို့ အစီအရင်ခံစာ တင်သွင်းခဲ့ဖူးပြီး ထိုစဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက PR စနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟု တုန့်ပြန်ခဲ့ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲဖြင့် ပေါ်ပေါက်လာသော လွှတ်တော်ကို ပိုမို တရား ဝင်မှုရှိစေရေးနှင့် အနောက်နိုင်ငံများနှင့် ရင်းနှီးမှုရရှိရေးအတွက် လမ်းဖွင့်ပေးခဲ့သော်လည်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ အပြတ်အသတ် အနိုင်ရရှိမှုက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို စိုးရိမ်စေခဲ့သည့် အတွက် ၎င်း PR စနစ်ကို လွှတ်တော်သို့ တင်သွင်းလာခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖော်ပြပါဉီးမည် – 

K.L

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)