မြန်မာပြည်၏ တတိယမြောက် စစ်အာဏာရှင် အမွေဆက်ခံခြင်း (အပိုင်း – ၁)

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာ သိမ်းပိုက် လိုက်ခြင်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကျရှုံးသွားခဲ့ရသည်။ ဖေဖော်ဝါရီ ၁ ရက်တွင် သမ္မတ ရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် အရေးပေါ်အခြေအနေကို တစ်နှစ် သတ်မှတ်ချက်ဖြင့် ကြေညာချက်ထုတ်ပြန်ကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၄၁၈၊ ပုဒ်မခွဲ (က)အရ နိုင်ငံတော်၏ အာဏာသုံးရပ်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက် သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အရေးပေါ်ကာလ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေး မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ သို့ရာတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့၊ အာဏာသိမ်းပြီး (၆)လပြည့်မိန့်ခွန်းတွင် စစ်ကောင်စီဥက္ကဌက ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှသာ ပြုလုပ် ပေးတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြန်သည်။ အဆိုပါကာလမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ်ကာလပြဌာန်းချက်အရ တစ်နှစ်နှင့် နောက်ထပ် (၆)လနှစ်ကြိမ်ဖြစ်သော စုစုပေါင်း (၂)နှစ် ဖြစ်ပြီး၊ နောက် (၆)လမှာမူ ရွေးကောက်ပွဲ ပြင်ဆင်ချိန်ဟုဆိုပါသည်။ တဖန် ၂၀၂၁ ဒီဇင်ဘာ လတွင် စစ်ကောင်စီက ချမှတ်ထားသော လုပ်ငန်းစဉ် (၅)ရပ်အောင်မြင်မှသာ ရွေးကောက်ပွဲအသစ်ပြုလုပ်၍ အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးနိုင်မည်ဟု စစ်ကောင်စီဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၂၃ ပါတီက တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က NLD နှင့် UNA အင်အားစုတို့ကို ပစ်မှတ်ထားခြင်းဖြင့် ၎င်းပါတီများကို ရွေးကောက်ပွဲနိုင်ငံရေးလမ်းကြောင်းပေါ်မှ သွေဖည်စေသည်။ တပ်မတော်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော နိုင်ငံရေးပါတီများက ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကဲ့သို့ NLD နှင့် UNA မဟာမိတ်များမပါဝင်သော နိုင်ငံရေးအခင်းအကျင်းကို စစ်ကောင်စီက ထပ်မံဖန်တီးပေးလိမ့် မည်ဟု ယုံကြည်မျှော်လင့်နေကြသည်။ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးက NLD ပါတီကို ဖျက်သိမ်းပစ်မည်ဟု ကြွေးကြော်ခဲ့ သော်လည်း ဩဂုတ်လတွင် NLD ပါတီကို မဖျက်သိမ်းဖို့ တရုတ်က တိုက်တွန်းကြောင်း ပြောဆို ပြီးနောက် ၂၀၂၂ ခုနှစ် ဇန္နဝါရီလ၌ ဂျပန်သတင်းဌာန Nikkei Media နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ဖေါ်ပြောကြားခဲ့သည်။ တရုတ်တို့က မြန်မာနိုင်ငံ၌ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးမြှပ်နှံရာတွင် ၎င်းတို့အလိုကို လိုက်လိုက်လျောလျောတတ်သော မြန်မာစစ်တပ်၏ အာဏာလွှမ်းမိုးမှုကို နှစ်ခြိုက်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တည်ရှိမှုကို ဆက် လက်လိုလားနေပါသေးသည်။ တစ်ဘက်တွင်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ချို့အပေါ်တွင်လည်း တရုတ်တို့က “ဝ”မှတစ်ဆင့် လွှမ်းမိုးမှု များ ပြုလုပ်ခဲ့ပုံရပြီး မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တပ်မတော်နှင့် ၎င်း၏လက်ယာယိမ်း မဟာ မိတ်များ၊ NLD ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများဟူ၍ အုပ်စု (၃)စုကို အင်အား ချိန်ခွင်လျှာ မျှ‌ခြေထိမ်းညှိထားသည်။ တရုတ်တို့အနေဖြင့် မြန်မာပြည်တွင်ရှိသော ၎င်းတို့၏ အကျိုးစီးပွားများ မထိမရှဖြစ်စေရေးကသာ အဓိကဖြစ်ပြီး၊ ထိုအကျိုးစီးပွားများကို ချောချောမွေ့မွေ့ ဖန်တီးပေးနိုင်မည့် နိုင်ငံရေးအခင်းအကျင်းကို ဖြစ်စေလိုသည်။ မြန်မာစစ်တပ်၏ အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် တရုတ် – မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းဧရိယာများတွင် လက်နက်ကိုင် ပဋိပက္ခများပေါ်ပေါက်လာခြင်းက တရုတ်တို့ကို စိုးရိမ်စိတ် ဖြစ်လာစေသည်။

စစ်ကောင်စီသည် NLD ပါတီ၏ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်တန်းခေါင်းဆောင် အများအပြားကို ဖမ်းဆီးထိမ်းသိမ်းထားခဲ့ပြီး ကျန် NLD ပါတီအဖွဲ့ဝင်များမှာမူ သဘောထား ပျော့ပြောင်းသူများသာ ဖြစ်ကြသည့်အတွက် စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးခွင့် ပေးသွားမည် ဖြစ် ကြောင်း ပြောဆိုခဲ့ဖူးသည်။ ယင်းက စစ်ကောင်စီ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို ပိုမို တရားဝင်မှု ဖြစ်စေရန်အတွက် ပြည်တွင်း၌ ကျန်ရှိနေခဲ့သော NLD အင်အားကို ဖဲ့ခြွေကာ ၂၀၁၀ ခုနှစ်က NDF ပါတီကဲ့သို့ပင် ရွေးကောက်ပွဲ၌ ပါဝင်စေလိုသည်ဟု ယူဆနိုင်ပါသည်။ စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်သီးခေါင်းဆောင်များအား ထိမ်းချုပ်ထားခြင်းအားဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ပင် အသာစီးရယူနိုင်လိမ့်မည်ဟု မျှော်လင့် နေကြသည်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အင်အားစုများကမူ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်ပေးလိမ့်မည်ဟု မယုံကြည်ကြချေ၊ သို့မဟုတ် အဆိုပါရွေးကောက်ပွဲမှာ တရား မျှတမှုနှင့် ယုံကြည်စိတ်ချရလောက်သည့် အခြေအနေဖြစ်လာလိမ့်မည်မဟုတ်ဟူ၍ ဝေဖန်သုံးသပ် ကြသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံတော် အာဏာသိမ်းယူခြင်းမှာ (၄)ကြိမ်ရှိခဲ့ပြီဖြစ်ပြီး အကြိမ်တိုင်းတွင် နိုင်ငံရေးစနစ်အပြောင်းအလဲများပြုလုပ်လေ့ရှိတတ်သည်။ ထို့အပြင် အာဏာသိမ်း စစ်တပ်က ပြုလုပ်ပေးသော ရွေးကောက်ပွဲများသည် တရားမျှတမှုမရှိခြင်းနှင့် အာဏာလွှဲပြောင်း ပေးရန် ကတိပျက်ကွက်တတ်ခြင်းတို့ကြောင့် ပြည်သူများက အယုံအကြည်ကင်းမဲ့နေကြသည်မှာ မထူးဆန်းပေ။

၁၉၅၈ ခုနှစ် စက်တင်ဘာလတွင် ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်နေဝင်းကို အာဏာလွှဲအပ်ရန် ကမ်းလှမ်းကြောင်းစာနှင့် ဗိုလ်ချုပ်နေဝင်းက ထိုကမ်းလှမ်းချက်ကို လက်ခံကြောင်း စာနှစ်စောင် ထုတ်ပြန် ကြေငြာခဲ့ပြီး၊ ယင်းကြေငြာချက်နောက်ပိုင်းတွင် နိုင်ငံရေးအသိုင်းအဝိုင်း၌ စစ်တပ်က အာဏာသိမ်း လိုက်သည်ဆိုသော ဝေဖန်ဆန့်ကျင်မှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။ အောက်တိုဘာလတွင် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းက အိမ်စောင့်အစိုးရဖွဲ့စည်းကာ ၁၉၆၀ ခုနှစ်အထိ စီမံအုပ်ချုပ်သည်။

၁၉၆၀ ခုနှစ်တွင် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော်လည်း  ၁၉၆၂ ခုနှစ်တွင် အာဏာ သိမ်းယူခဲ့ရာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါလီမန်ဒီမိုကရေစီစနစ် ပျက်ပြယ်သွားတော့သည်။ ၁၉၆၂ မှ ၁၉၇၄ ခုနှစ် အထိ ဗိုလ်ချုပ်နေဝင်းက ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့ (Union Revolutionary Council) ဥက္ကဌ၊ အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ်ဦးဆောင်ကာ (၁၂) နှစ်ကြာ အုပ်ချုပ်သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ မည်သည့်ဥပဒေပြုလွှတ်တော်မျှမရှိပဲ တော်လှန်ရေး ကောင်စီကသာ တိုက်ရိုက်အုပ်ချုပ်သည်။ ထို့နောက် ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲကာ ပြည်သူ့လွှတ်တော်မှတဆင့် ရွေးကောက်တင်မြှောက်သော ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတစနစ်ကို အသက်သွင်းပြီး ဗိုလ်ချုပ်နေဝင်းက သမ္မတအဖြစ် အသွင်ပြောင်းလဲ အုပ်ချုပ်သည်။ ကာကွယ်ရေးဦးစီးချုပ်များမှာ ၁၉၇၂ မှ ၁၉၇၄ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးစန်းယု၊ ၁၉၇၄ မှ ၁၉၇၆ အထိ ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ ၁၉၇၆ မှ ၁၉၈၅ အထိ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ၁၉၈၅ မှ ၁၉၉၂ အထိ ဗိုလ်ချုပ်ကြီးစောမောင်တို့ ဖြစ်ကြပါသည်။ မဆလခေတ် တလျှောက်လုံးတွင် ဗိုလ်ချုပ် နေဝင်းက နိုင်ငံတော်ကောင်စီဥက္ကဌအဖြစ် တာဝန်ဆက်လက် ရယူထားခဲ့ပြီး သမ္မတအဖြစ် ၁၉၇၄ မှ ၁၉၈၁ ခုနှစ်အထိ အာဏာရယူထားခဲ့သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များကို ဗိုလ်ချုပ် နေဝင်းက သူ ယုံကြည်ရသူများကိုသာ ခန့်အပ်ခဲ့ပြီး အစစ်အမှန်အာဏာကိုမူ ၎င်းကပင် ချုပ်ကိုင် ထားခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးစောမောင်ခေါင်းဆောင်သော စစ်တပ်က အာဏာသိမ်းကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)ကို ဖွဲ့စည်းပြီး မဆလအစိုးရထံမှ အာဏာ လွှဲပြောင်း ရယူပြန်သည်။ ထိုသို့ဖြင့် ပြည်သူ့လွှတ်တော် (People’s Assembly) ကို ဖျက်သိမ်း လိုက်ပြီး ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တစ်ပါတီအာဏာရှင်စနစ်သည်လည်း နိဂုံးချုပ် အဆုံးသတ်သွားခဲ့သည်။ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နဝတက ကြေငြာချက်အမှတ် ၁/၈၈ ဖြင့် တာဝန်ကြီး(၄)ရပ်ကို ထုတ်ပြန်သည်။ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီး စောမောင်က ရွေးကောက်ပွဲပြုလုပ်ပေးမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲမှ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးကာ စစ်တပ်က စစ်တန်းလျားသို့ ပြန်မည်ဖြစ်ကြောင်းကတိပြုခဲ့သည်။ အမိန့်အမှတ် ၂/၁၉၈၈ ဖြင့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်ပေါ်လာသော အာဏာပိုင်အဖွဲ့အစည်းများ အားလုံးကို ဖျက်သိမ်း လိုက်သည်။ ဗိုလ်ချုပ်ကြီးစောမောင်က ဗိုလ်ချုပ်မှူးကြီး ရာထူးသို့ တိုးမြှင့်ကာ နဝတ ဥက္ကဌတာဝန် အပြင် ၎င်းအား ဖြုတ်ချခဲ့သည့် ၁၉၉၂ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်ပါ ရာထူးရယူထားခဲ့သည်။ ၁၉၉၀ တွင် အာဏာသိမ်းခေါင်းဆောင်က ဦးစီးကာ ပါတီစုံ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပ ပေးခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့သည်။ သို့ရာတွင် နောက်ကွယ်မှ ဦးနေဝင်း ကြိုးကိုင်စီစဉ်ထားခဲ့သော အဆိုပါ အာဏာသိမ်းပွဲကို တပ်မတော်ကျောထောက် နောက်ခံ ပါတီမဟုတ်သည့် တခြားနိုင်ငံရေးပါတီသို့ အာဏာလွှဲပြောင်းပေးခြင်းဖြင့် အဆုံးသတ်ရန် နဝတ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများက သဘောမတူခဲ့ချေ။ အကြောင်းပြချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ် ရေးဆွဲ ရေးဖြစ်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲ အာဏာမလွှဲအပ်နိုင်ကြောင်းကို ၁၉၉၀ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့တွင် နဝတအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်ခင်ညွန့်၏အမည်ဖြင့် နဝတ၏ (ကြေငြာချက်အမှတ် ၁/၉၀)ဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့်ပင် ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် (၂)နှစ်အကြာ ၁၉၉၂ ခုနှစ် ဧပြီလတွင် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ရာထူးမှဖယ်ရှားကာ ဗိုလ်ချုပ်ကြီးသန်းရွှေက နဝတဥက္ကဌနှင့် ဝန်ကြီးချုပ် ရာထူးများကို လွှဲပြောင်း ရယူလိုက်သည်။ ဗိုလ်ချုပ်ကြီးသန်းရွှေသည် ၁၉၉၂ ခုနှစ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ရယူကာ ၁၉၉၃ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်မှ ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခဲ့သည်။ ၁၉၉၃ တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန်ဆိုကာ အမျိုးသားညီလာခံတစ်ရပ်ကို ၂၀၀၇ ခုနှစ်အထိ ခေါ်ယူ သည်။ ၁၉၉၇ ခုနှစ်တွင် နဝတမှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ဆက်လက်ဖော်ပြပါဉီးမည် – 

K.L

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)