2022 May 2
ပုံမှန်ဆိုလျှင် သည်အချိန်က မုတ်သုန်မိုးရေစက်တို့၏အောက်တွင် ဖူးသစ်စ ရွက်နုငယ်တို့နှင့် အဖြူအစိမ်းဝတ် မျိုးဆက်သစ်များ အားပြိုင်ကြသည့်ကာလ။ ယခုမူကား အာဏာသိမ်းလွန်ကာလ၏ အကျိုးဆက်ကြောင့် မျိုးဆက်သစ် အတော်များများ၊ စာသင်ခန်းများကို ကျောခိုင်းခဲ့ကြလေပြီ။ ဘော်ပင်၊ ဖောင်တိန်အစား သေနတ်ခလုတ်ကို ပြောင်းကိုင်နေကြသည်လည်း ရှိ၏။ ကလေးသူငယ်တရားရုံးများမှာ အမှုရင်ဆိုင်နေကြသူများလည်း ရှိ၏။ စာသင်ခန်းနှင့် မိဘအသိုင်းအဝန်းကို ထာဝရ ကျောခိုင်းသွားကြသူများလည်း ရှိ၏။ အညာဒေသတွင်လည်း ရွာလုံးကျွတ် ပြေးလိုက် စစ်ကောင်စီတပ်များ မလာလျှင် စာသင်လိုက်နှင့် စဥ်ဆက်မပြတ် ပညာရေးကို တတ်အားသရွေ့ ဆောင်ရွက်နေကြ၏။ မြို့ပေါ်ရှိ ကျောင်းနေအရွယ်တို့၏ တစ်ချို့တစ်ဝက်က NUG ပညာရေးကွန်ယက်နှင့် ချိတ်ဆက်မိသူလည်း ရှိ၏။ မချိတ်ဆက်မိသူလည်း ရှိ၏။ ငွေကြေးတတ်နိုင်သည့် မိဘများက ငွေဖြင့်မိမိမျိုးဆက်၏ ပညာရေးကို ပေးနေကြသူများလည်း ရှိ၏။ စစ်ကောင်စီကလည်း အပြကောင်းရန် ကျောင်းများ ဖွင့်ပြီး လက်တစ်ဆုပ်စာ ကျန်သော Non CDM တွေနှင့် ကျားကန်နေ၏။ ကိုယ်ပိုင်ကျောင်း အတော်များများလည်း ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားနေ၏။
ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် နှစ်နှစ်ကျော် ပညာသင်ကြားခွင့် ဆုံးရှူံးခဲ့ရခြင်းနှင့် မျိုးဆက်သစ်တို့၏ အနာဂတ်ဝေဝါးနေမှုအား ကုစားချိန်တန်နေပြီလည်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မျိုးဆက်သစ်တို့၏ အနာဂတ်အတွက် စဥ်ဆက်မပျက် သင်ယူရေးကို အရွယ်နှင့် ပညာမလွန် အောင် ထည့်သွင်းစဥ်းစားရန်မှာ သက်ဆိုင်သည့် အဖွဲ့အစည်းတိုင်း၏ တာဝန်ပင် ဖြစ်သည်ဟု ဆိုရပေမည်။
အယ်ဒီတာ
မေလ