လစ်ဘရယ်တို့ လက်ခံထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သောအစိုးရ (Constitutional Government)”

လစ်ဘရယ်တို့အနေဖြင့် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှေက်ရန် အလို့ငှာသော်လည်းကောင်း၊ လူ့အဖွဲ့အစည်းအတွင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား ဖြစ်ပေါ်လာသော ပဋိပက္ခများကို ဖြေရှင်းရန် သော်လည်းကောင်း မိမိတို့ကိုယ်စား၊ တရားမျှတစွာ ကြား၀င်ဖြေရှင်းပေးနိုင်မည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ကို အလိုရှိကြပါသည်။
 
ထို့အတွက် မိမိတို့ ပြည်သူလူထုက တစ်ဦးချင်းစီ ပိုင်ဆိုင်ထားသော အချုပ်အခြာ အာဏာများကို မိမိတို့ စိတ်ကြိုက် ရွေးချယ်ထားသော အစိုးရဆိုသည့် ပုဂ္ဂိုလ်များအား စုစည်း အပ်နှံကြသည်။
 
သို့သော် လစ်ဘရယ်တို့က အာဏာ၏ အစွန်းထွက် အန္တရာယ် (၂) ခုကို ကောင်းစွာ သိမြင်ထားကြပါသည်။
 
ပထမအန္တရာယ်မှာ အာဏာဆိုသည်မှာ အကြွင်းမဲ့ သဘောတရားနှင့် ပြီးပြည့်စုံသည်ဖြစ်၍ အစိုးရများက ထိုအကြွင်းမဲ့အာဏာကို ကျင့်သုံးသောအခါ အာဏာ၏ မူလပိုင်ရှင်များဖြစ်သော နိုင်ငံသားများ၏ လွတ်လပ်မှုကို ထိပါးနိုင်၊ ခြိမ်းခြောက်နိုင်သည်။ 
 
ဒုတိယအန္တရာယ်မှာ လူတို့၏ အတ္တနှင့် သက်ဆိုင်နေပါသည်။ လူဆိုသည်မှာ မိမိအကျိုးအမြတ်အတွက် ကိုယ်ကျိုးရှာတတ်သည့် သဘောရှိသောကြောင့် မိမိလက်ထဲတွင် အာဏာရှိလာသည်နှင့် တပြိုင်တည်း၊ ထိုအာဏာကို မိမိကိုယ်ကျိုး အတ္တအတွက် အသုံးချတတ်ကြသည်။ 
အတ္တ + အာဏာ = အာဏာအလွဲသုံးစားပြုခြင်းဟု ခေါ်သည်။ 
 
အာဏာသည် လူကို ဖျက်စီးတတ်သော သဘောရှိသည်။ အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့ အကျင့် ပျက်ချစားတတ်သည် (Power corrupts, and absolute power corrupts absolutely)ဟု လော့အက်တန်က ဆိုသည်။ ထို့ကြောင့် လစ်ဘရယ်တို့က မိမိတို့ (ပြည်သူတို့) ၏ အကျိုးစီးပွားအလို့ငှာ မလွှဲသာ၍ အာဏာ အပ်နှင်းဖွဲ့စည်းထားသော အစိုးရဆိုသည်ကို ထိန်းကွပ် ကန့်သတ်မှုရှိသောပုံစံ ဖြစ်စေလိုကြသည်။ 
 
သို့အတွက် အစိုးရ၏အာဏာကို ထိန်းချုပ်ကန့်သတ်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်ကို ရေးဆွဲပြဋ္ဌာန်း ကြရသည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံသားများနှင့် အုပ်ချုပ်သူ အစိုးရအကြား ထားရှိသော ပဋိညာဉ် (သို့တည်း မဟုတ်) အချုပ်အခြာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုနှင့် ထိုအချုပ်အခြာ အာဏာကို အပ်နှံခြင်းခံထားရသော (ပြည်သူ့ကိုယ်စား စီရင်အုပ်ချုပ်သူ) အစိုးရတို့အကြား အာဏာအလွဲသုံးစားခြင်း မပြုစေရန် သဘောတူ ချုပ်ဆိုထားသော စာချုပ် တစ်ရပ်ပင် ဖြစ်ပါသည်။
 
ထိုဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံ၏ အမြင့်ဆုံးသော ဥပဒေဖြစ်ပြီး၊ တရားဥပဒေများအရ ဖွဲ့စည်းတည်ထောင်ထားသောနိုင်ငံရေး အဖွဲ့အစည်း၏ စည်းကမ်းဘောင်လည်း ဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် Lord Bryce က ဆိုသည်။
 
နိုင်ငံဖွဲ့စည်းပုံ (Constitution) မှာ လက်တင်ဝေါဟာရ ဖြစ်သော (Constituore)မှ ဆင်းသက်လာပြီး၊ မူလအဓိပ္ပါယ်မှာ “ဖွဲ့စည်းရန်”ဟူ၍ ဖြစ်သည်။
 
ဖွဲ့စည်းပုံ အခြေခံဥပဒေသမိုင်းတွင် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၇၈၇) သည် ယနေ့ခေတ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ၏ ပထမဦးဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ကြောင်း လူသိများကြသော်လည်း၊ ဂရိနှင့် ရောမခေတ်များတွင် မြို့ပြနိုင်ငံများ (City-State) ၌ စတင်အသုံးပြုခဲ့သည်ကို တွေ့ရသည်။ 
 
အထူးသဖြင့် အေသင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စိတ်၀င်စားဖွယ် ကောင်းလှပြီး၊ နိုင်ငံသားတိုင်းကို နိုင်ငံ့အရေးအရာ ကိစ္စများတွင် ပါ၀င်ခွင့်ပြုထားသည်ကို တွေ့ရှိရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် အစိုးရတို့၏ အာဏာကို ကန့်သတ်ထားရုံသာမက အစိုးရတို့၏ တာ၀န်များ၊ လိုက်နာရမည့် ကျင့်၀တ်များ၊ ပြည်သူတို့၏ ရပိုင်ခွင့်အမျိုးမျိုးကို အာမခံချက်များကိုလည်း ဖေါ်ပြကြရသည်။ 
 
ထို့အပြင် အချုပ်အခြာအာဏာ၏မူလပိုင်ရှင်မှာ ပြည်သူလူထုသာ ဖြစ်ကြောင်းကိုလည်း (ဒီမိုကရေစီနိုင်ငံတွင်ဖြစ်စေ၊ ဆိုရှယ်လစ် နိုင်ငံများတွင် ဖြစ်စေ) မဖြစ်မနေ ထည့်သွင်းဖေါ်ပြကြရပါသည်။) အထူးသဖြင့် လစ်ဘရယ် ၀ါဒကျင့်သုံးသောနိုင်ငံများတွင် နိုင်ငံသားများ၏ ရပိုင်ခွင့် ကြော်ငြာစာတမ်း (Bill of Rights) မှာ မပါမဖြစ် ထည့်သွင်း ပြဋ္ဌာန်းကြသည်ကို တွေ့ရသည်။ အချုပ်အခြာ အာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပညာရှင် ဒိုင်စီ (Dicey)က ဥပဒေဆိုင်ရာအချုပ်အခြာ အာဏာ (Legal Sovereignty) နှင့် နိုင်ငံရေး အချုပ်အခြာအာဏာ (Political Sovereignty) ဟူ၍ နှစ်မျိုး ခွဲခြားပြခဲ့သည်။ 
 
အစိုးရ၏ လက်၀ယ်တွင် ဥပဒေပြုအာဏာမှ ပြဋ္ဌာန်းရေးဆွဲထားသော ဥပဒေများကို လက်တွေ့ကျင့်သုံးသည့် အာဏာရှိပြီး၊ မဲဆန္ဒရှင် နိုင်ငံသားတို့က လျှို့ဝှက်မဲဆန္ဒ ပေးခြင်းဖြင့် နိုင်ငံရေး အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြသည်။
 
ဆိုလိုသည့်သဘောမှာ အစိုးရများသည် ပြည်သူများ အပ်နှင်းထားသော အချုပ်အခြာအာဏာကို အလွဲသုံးစားခြင်း ပြုပါက၊ တစ်နည်းအားဖြင့် အာဏာအလွဲသုံးစား၍ အုပ်ချုပ်မှု (Tyranny) ပြုပါက ပြည်သူလူထုက မဲဆန္ဒဖြင့် ဖြုတ်ချခြင်း၊ အသစ်တဖန် ရွေးကောက်တင်မြှောက်ခြင်းများ ပြုလုပ်နိုင်ခွင့်ကို ရည်ညွှန်းပါသည်။ ထိုသို့ လုပ်ပိုင်ခွင့် ရှိကြောင်းကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ပြဋ္ဌာန်းထားကြရပါသည်။ 
 
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံသားတို့၏ အခြေခံအခွင့်အရေး တစ်ခုခု ဆုံးရှုံးနစ်နာပါက အစိုးရအား အခြေခံဥပဒေနှင့်အညီ အရေးဆိုပိုင်ခွင့် (Constitutional Remedy) ရှိရပါသည်။
 
တစ်ချို့နိုင်ငံများတွင် အစိုးရများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာရလာသော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း အုပ်ချုပ်ခြင်း မရှိကြပေ။ ထိုအခြေအနေမျိုးကို တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်သောနိုင်ငံများ၊ ကွန်မြူနစ်နိုင်ငံများတွင် အများဆုံး တွေ့ရတတ်သည်။ ၄င်းကို နိုင်ငံရေးသိပ္ပံပညာရှင်များက အခြေခံဥပဒေနှင့် မညီညွတ်သော အုပ်ချုပ်ခြင်း (Unconstitutionalism) ဟု ခေါ်ဝေါ်ကြသည်။
 
လွတ်လပ်မျှတမှုကို တန်ဖိုးထားသော လစ်ဘရယ်တို့အနေဖြင့် မိမိတို့ကို နှောင်ဖွဲ့နိုင်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုသည်ကို လက်ခံထားနိုင်သည့် အကြောင်းတရား (၂) ရပ် ရှိပါသည်။ 
 
ပထမအကြောင်းတရားမှာ နိုင်ငံရေးအရ စုဖွဲ့ထားသော အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများ၏ လုပ်ပိုင်ခွင့် အာဏာကို  ကန့်သတ်ထားနိုင်ခြင်း ဖြစ်သည်။
 
ဒုတိယအကြောင်းတရားမှာ အာဏာအပြန်အလှန် ထိန်းညှိခြင်းကြောင့် ဖြစ်ပါသည်။ ဒုတိယ သဘောတရားမှာ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်များနှင့် များစွာ သက်ဆိုင်ပါသည်။
 
အချုပ်အခြာအာဏာ၏သဘောမှာ အုပ်ချုပ်ခံပြည်သူလူထုတို့ လိုက်နာရန် ဥပဒေပြုဋ္ဌာနမှ ဥပဒေပြုခြင်း၊ ၄င်း ဥပဒေနှင့်အညီ နိုင်ငံသားတို့အား စီမံခန့်ခွဲအုပ်ချုပ်ခြင်းနှင့် ထိုဥပဒေများကို ချိုးဖေါက်သူတို့အား အပြစ်ပေး ဒဏ်ခတ်ခြင်းတို့ပင် ဖြစ်ပါသည်။ 
 
ထို့အတွက် အချုပ်အခြာအာဏာကို ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာဟူ၍ (၃)ပိုင်း ခွဲခြားကာ ဋ္ဌာနကြီး(၃)ခုက စီမံရပါသည်။ 
 
ပြင်သစ်လူ့အခွင့်အရေးကြော်ငြာစာတမ်းThe French declaration of the rights of man and of the citizen,1789) တွင် အာဏာသီးခြားခွဲထားခြင်း မရှိလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ မရှိနိုင်ဟု ဖေါ်ပြထားသည်။ 
 
၄င်းကို အာဏာပိုင်းခြားခွဲဝြေခင်း (Seperation of Power) ဟု ခေါ်သည်။ ထိုအာဏာသုံးရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပိုင်းခြားထားပြီး၊ လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးထားပါသည်။ ထိုသို့သတ်မှတ်ရာတွင် အပြန်အလှန် ထိန်းကြောင်းစေရန် ဖွဲ့စည်းပုံတွင် အပြန်အလှန် စစ်ဆေးသည့် ကွန်ယက် (Net of Check and Balance)ကို ဖန်တီး ရေးဆွဲပေးထားပါသည်။ Check and Balance ၏ သဘောတရားမှာ အာဏာကို အာဏာဖြင့် စစ်ဆေးစေခြင်းပင် ဖြစ်ပါသည်။ 
 
ထို့အပြင် ထိုသို့အာဏာပိုင်းခြားသတ်မှတ်ရာတွင် ဋ္ဌာနတစ်ခုနှင့် တစ်ခုအကြား ဖြစ်ပေါ်လာသော ပဋိပက္ခများ၊ (သို့တည်း မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်သည့် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကို ဖြေရှင်းပေးရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး (Supreme Court) ဆိုသည့် နိုင်ငံ၏ အမြင့်ဆုံး တရားရုံးတစ်ခု ထားရှိရသည်။
 
အထက်ဖေါ်ပြပါ အကြောင်းတရား (၂)ရပ်ကြောင့် လစ်ဘရယ်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံကြခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အချုပ်အခြာ အာဏာကို လူတစ်ဦး၊ (သို့မဟုတ်) လူတစ်စုတည်းမှ လက်ဝါးကြီးအုပ် အပိုင်စီးခြင်းကို ကာကွယ်တားစီးနိုင်သည့် စနစ်တစ်ခုအဖြစ် လစ်ဘရယ်တို့က ယုံကြည်ကြလေသည်။
 
လင်းသက်

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)