လစ်ဘရယ် (Liberalism) နှင့် မက်တားနစ် (Metternich) ဝါဒ

၁၈၀၉ ခုနှစ်လောက်တွင် မက်တားနစ်သည် သြစတီးရီးယားမှ ဘုရင်၏ အားကိုးယုံကြည်ရသော နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ 
 
သူသည် သက်ဦးဆံပိုင်ဘုရင်စနစ်ကို အားပေးထောက်ခံသူ ဖြစ်သောကြောင့် မျိုးရိုးစဉ်ဆက် တန်ခိုးအာဏာ ဆက်ခံရေး (Legitimacy) ဝါဒကို ယုံကြည်သူဖြစ်၏။ 
 
၄င်း၏ စေ့ဆော်မှုဖြင့် ဗီယာနာကွန်ဂရက် ခေါ်ယူသောအခါ ဥရောပတလွှားမှ အရေးပါသော နိုင်ငံ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ယင်းတို့ထဲတွင် ရုရှနှင့် အင်္ဂလန်ကိုယ်စားလှယ်တို့မှာ လစ်ဘရယ်ဝါဒလက်ခံသူများ ဖြစ်ကြသော်လည်း နောက်ပိုင်းတွင် ရုရှားက မက်တားနစ်ဝါဒကို ထောက်ခံသွားခဲ့ပါသည်။
 
ထို ၁၉ ရာစုမှာပင် လစ်ဘရယ်ဝါဒနှင့် စက်မှုတော်လှန်ရေးတို့မှာ ဥရောပတလွှား စိမ့်၀င်ပြန့်နှံ့လာသည်။ 
 
၄င်းကာလများတွင် ဥရောပနိုင်ငံများ နေရာပြန်လည်ချထားရေး အစီအစဉ်တွင် ဂရိတ်ဗြိတိန်၊ ရုရှား၊ ပရပ်ရှားနှင့် သြစတြီးယားတို့ ပါ၀င်သော လေးပွင့်ဆိုင် မဟာမိတ်အဖွဲ့ (The Quadruple Alliance) အဖွဲ့၀င် နိုင်ငံများသည် နိုင်ငံငယ်လေးများ၏ အမျိုးသားရေးစိတ်ဓါတ်နှင့် ဆန္ဒသဘောထားကို လျစ်လျူရှု့ကာ မိမိတို့စိတ်ကြိုက် ပြုမူစီမံကြလေသည်။ 
 
ဥပမာအားဖြင့်- နပိုလီယန်ကို တော်လှန်ရာတွင် ပါ၀င်ခဲ့သော ဂျာမနီပြည်နယ်များအနေဖြင့် မိမိတို့ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် လွတ်လပ်သော ပြည်ထောင်စု တည်ထောင်လိုကြပါသည်။ သို့သော် သက်ဦးဆံပိုင်စနစ်ကို လိုလားသော မက်တားနစ်က နှစ်သက်လိုလားခြင်း မရှိခဲ့ချေ။
 
ထိုသို့ဖြင့် ဥရောပတွင် သက်ဦးဆံပိုင်စနစ်ကို လိုလားသည့် နိုင်ငံကြီးများနှင့် အမျိုးသားရေးစိတ်ဓါတ် တက်ကြွနေသော နိုင်ငံငယ်များအကြား အားပြိုင်မှု ဖြစ်ခဲ့တော့သည်။ 
 
တနည်းအားဖြင့်ဆိုသော် သက်ဦးဆံပိုင်စနစ်က တစ်ဘက်၊ အမျိုးသားရေးဝါဒ၊ လစ်ဘရယ်ဝါဒနှင့် ဒီမိုကရေစီ စနစ်တို့က တစ်ဘက် ထိပ်တိုက်တွေ့ကြခြင်းပင် ဖြစ်လေသည်။
 
နပိုလီယန်ကို တွန်းလှန်ခဲ့သည့်စစ်ပွဲများတွင် ၀င်ရောက် တိုက်ခိုက်ခဲ့သည် ပြည်နယ်လေးများမှာ အမျိုးသားရေး စိတ်ဓါတ်တက်ကြွလာပြီး၊ စည်းလုံးညီညွတ်သော ဂျာမနီနိုင်ငံ ထူထောင်လိုစိတ် ပြင်းပြလာခဲ့ပါသည်။
 
သက်ဦးဆံပိုင်ဝါဒကို ထောက်ခံသော မက်တားနစ်က ဂျာမနီကို ပြည်နယ်(၃၈)ခု ခွဲလိုက်ကာ သူနှင့် သဘောညီမျှသောမင်းညီမင်းသားများကို သီးခြားစီခွဲ၍ အုပ်ချုပ်စေခဲ့သည်။ 
 
သို့ရာတွင် ဂျာမန်လူမျိုးများမှာ လစ်ဘရယ်ဝါဒကို လက်ခံနေပြီဖြစ်ရာ၊ ဒီမိုကရေစီ သဘောတရားကိုလည်း ယုံကြည်ခဲ့ကြလေသည်။ 
 
ဂျာမနီပြည်နယ်များရှိ တက္ကသိုလ် ကျောင်းများတွင်လည်း အမျိုးသားရေးစိတ်ဓါတ် တက်ကြွစေရေးနှင့် ဒီမိုကရေစီသဘော တရားများကို သင်ကြားသွတ်သွင်းပေးကြရာ အမျိုးသားရေး အဖွဲ့အစည်းများ ပေါ်ပေါက်လာပါတော့သည်။ 
 
မက်တားနစ်က ၁၈၉၁ ခုနှစ်တွင် ကားလ်စ်ဘက် ပြန်တမ်း (Karlsbad Decrees) ကို ထုတ်ပြန်ကြော်ငြာပြီး၊ လစ်ဘရယ်အဖွဲ့အစည်းများနှင့် လစ်ဘရယ်ဝါဒကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့လေသည်။ ထိုအချိန်တွင်ပင် အီတလီနိုင်ငံ၌လည်း အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပါသည်။
 
အမျိုးသားရေးဝါဒသည် ဤကာလများအထိပင် ဖိနှိပ်မှုကို တွန်းလှန်ကာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုသည့် အနက် အဓိပ္ပါယ်မျှသာ ရှိသေးပါသည်။ ထို့အပြင် (၁၉) ရာစု၏ အမျိုးသားရေးဝါဒသည် လစ်ဘရယ်လက္ခဏာများဖြင့် နှီးနွယ်ရပ်တည်ခဲ့သည်ကိုလည်း တွေ့နိုင်လေသည်။
 
လစ်ဘရယ်တို့ ယုံကြည်သော အီမန်နယူ၀ယ်ကန့်  (Immanuel Kant, 1724-1804) ၏ မွေးရာပါ သဘာ၀အခွင့်အရေး (Natural Right) သဘောတရားအရ၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ပြဋ္ဌာန်းပိုင်ခွင့်သည် ပုဂ္ဂလိက လူသားဖြစ်တည်မှု (Individualism) ကို ညွှန်းဆိုခဲ့သော်လည်း၊ နောက်ပိုင်းတွင် ခေတ်သစ် အမျိုးသားနိုင်ငံတော်များအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကိုသာ ပိုမိုကိုယ်စားပြုသွားလေတော့သည်။
 
 
လင်းသက်
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)