လစ်ဘရယ်တို့၏ စီးပွားရေးလွတ်လပ်ခွင့် အယူအဆများ

၁၈၈၀ ပြည့်နှစ်လွန်များတွင် အင်္ဂလိပ်လူမျိုး တွေးခေါ်ပညာရှင် သောမတ်စ် ဟေးလ်ဂရင်း (Thomas Hill Green) က ဂန္ထ၀င်လစ်ဘရယ်ဝါဒီများ ယုံကြည်သော စီးပွားရေးတွင် အစိုးရပါ၀င်ပတ်သက်မှုကို ကန့်သတ်ရေး သဘောတရားကို ပြန်လည်ပြင်ဆင်ခဲ့သည်။
 
မော်ဒန်လစ်ဘရယ်တို့က စီးပွားရေးကဏ္ဍတွင် အစိုးရ ဝင်ရောက်ပေးခြင်းဖြင့် လူမှုရေးမျှတမှုကို တောင်းဆိုသည်။ ဤသို့ အတိုင်းအဆမဲ့ စီးပွားရေးတိုးတက်မှုကို ကန့်သတ်ခြင်းဖြင့် လွတ်လပ်မှုကို ထိန်းသိမ်း စောင့်ရှောက်ရာ ရောက်သည်ဟု ယုံကြည်သည်။
 
ဆိုလိုသည့်သဘောမှာ လူ့အဖွဲ့အစည်း၏ လွတ်လပ်မှုကို ထိခိုက်မည်ဆိုပါက လူနည်းစု၏ စီးပွားရေးလွတ်လပ်မှုကို လျှော့ရမည်ဟု ဖြစ်သည်။
 
ဤနေရာတွင် မော်ဒန်လစ်ဘရယ်တို့အနေဖြင့် စျေးကွက်နှင့် အစိုးရအကြား မျှခြေကို မည်မျှကျယ်ပြန့်အောင် ထားမည်ဆိုသည့်အပေါ်မူတည်၍ စီးပွားရေးလစ်ဘရယ်များ (Economic Liberals)နှင့် လူမူရေးလစ်ဘရယ်များ (Social Liberals)ဟူ၍ ကွဲပြားသွားပြန်ပါသေးသည်။
 
စီးပွားရေးလစ်ဘရယ် (Economic Liberal) အား ဂန္ထ၀င်လစ်ဘရယ် (Classic Liberal) နှင့် ထင်မှတ်မှားစရာ ရှိသော်လည်း၊ အမှန်တစ်ကယ်အားဖြင့် တူညီမှု မရှိပါ။ 
 
ဂန္ထ၀င်လစ်ဘရယ်တို့က လွတ်လပ်စျေးကွက်ကို ရည်ရွယ်သော်လည်း စျေးကွက်မှရရှိသော အကျိုးအမြတ်ကို လူမှုရေးအလို့ငှာ ဝင်ငွေပြန်လည်စီးဆင်းခြင်းဖြင့် အစိုးရ ပါ၀င်ပတ်သက်ခြင်းတို့အား အလျင်းအလိုမရှိကြပေ။
 
စီးပွားရေးလစ်ဘရယ်တို့က ထိုသို့၀င်ငွေပြန်လည် ဖြန့်ဖြူးခြင်းကို လက်ခံပြီး၊ စျေးကွက်ကို အစိုးရ၀င်ရောက် စွတ်ဖက်မှုအား ချိန်ညှိသည့်သဘောသာဖြစ်ပါသည်။
 
လူမှုရေးလစ်ဘရယ်တို့မှာ အစိုးရက စျေးကွက်၏ ရလဒ်အား ထိန်းကျောင်းပြီး၊ လူထုသက်သာချောင်ချိရေးများ ပြုလုပ်ခြင်းကို နှစ်သက်ကြသည်။ 
 
ဥပမာအားဖြင့်-ချမ်းသာကြွယ်၀သည့် လုပ်ငန်းရှင်များအား အခွန်ပိုမိုစည်းကြပ်ကာ၊ ဆင်းရဲသူအလုပ်သမား လူတန်းစားတို့အား အခွန်လျှော့ပေါ့ပေးခြင်းဖြင့် လူမှုရေးမျှတမှု၊ လူတန်းစားကွာဟမှုကို လျှော့ချရာရောက်သည့်အပြင်၊ ထိုအခွန်ငွေများအား လူမှုဖူလုံရေး လုပ်ငန်းများတွင် ၀င်ငွေပြန်လည်ဖြန့်ဖြူးနိုင်မည် ဖြစ်သည်။ ယင်းကို ဝင်ငွေအရ အခွန်ခွဲဝေ စည်းကြပ်ခြင်း (Redistributive Taxation) ဟု ခေါ်သည်။  
 
ဂန္ထ၀င်လစ်ဘရယ်တို့က ဆိုရှယ်လစ်ဘရယ်ကို လစ်ဘရယ်ဝါဒအဖြစ် အသိအမှတ် မပြုကြ။ တစ်ပါးသူ၏ အားထုတ်မှုဖြင့်ရရှိလာသော အကျိုးအမြတ်အပေါ် အစိုးရက အခွန်စည်းကြပ်ကောက်ခံကာ ခွဲဝေပေးခြင်းသည် တရားမျှတမှုမရှိဟု ယူဆကြသည်။
 
ဆိုရှယ်လစ်ဘရယ်ဝါဒ (Social Liberalism) ကို စတင်သယ်ဆောင်လာသူမှာ မော်ဒန်လစ်ဘရယ်များ (Modern Liberal) များ ဖြစ်သည်။
 
ဆိုရှယ်လစ်ဘရယ်၏ အခြားအမည်ကွဲများမှာ လစ်ဘရယ် ဝါဒသစ် (New Liberalism)၊ ထို့နောက်တွင် Radical Liberalism ဟူ၍ လည်းခေါ်ကြပါသေးသည်။ သို့ရာတွင် အများအားဖြင့် လစ်ဘရယ်ဝါဒ (Liberalism) ဟုသာ သုံးနှုန်းလေ့ရှိပါသည်။
 
ယနေ့သုံးနှုန်းနေသော လစ်ဘရယ်ဝါဒ (Liberalism) ဆိုသည်မှာ မော်ဒန်လစ်ဘရယ်ဝါဒ (Modern Liberalism)ကို ရည်ညွှန်းခြင်းသာ ဖြစ်ပါသည်။ ဂန္ထ၀င် လစ်ဘရယ်ဝါဒ (Classic Liberalism) နှင့် မသက်ဆိုင်ပါ။
 
ဂန္ဓဝင်လစ်ဘရယ်တို့ယုံကြည်သော ပုဂ္ဂလိကလူသား ဖြစ်တည်မှု (Individualism)ကို ဖွင့်ဆိုရာတွင် မရှင်းမလင်း ရှိလှသည်။ “ပုဂ္ဂလိကလူသားသည် အခြားတစ်ယောက်အတွက် ရည်မှန်းချက်မဟုတ်၊ မိမိအတွက်သာ ဖြစ်သည်”ဟူသော အီမန်နယူ၀ယ်ကန့် (Immanuel Kant, 1724-1804) ၏ အဆိုမှာ ထင်ရှားသည်။
 
လူသားတစ်ဦးအနေဖြင့် မွေးရာပါ သဘာ၀အခွင့်အရေး (Natural Right)အရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ပြဋ္ဌာန်းပိုင်ခွင့်ကို အလိုလိုရပြီးဖြစ်၍ ထိုအခွင့်အရေး အသုံးပြုမှုကို မည်သူတစ်ဦးတစ်ယောက်ကမျှ တားမြစ်ပိုင်ခွင့်မရှိရဟု ဂန္ထ၀င်လစ်ဘရယ်တို့က မှတ်ယူထားကြသည်။ 
 
လူသည် စဉ်းစားချင့်ချိန်နိုင်သည့် သတ္တဝါဖြစ်သည့်အလျောက် မိမိ၏ လွတ်လပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်တို့က မည်သူကမှ ထိန်းကွပ်လွှမ်းမိုးစရာမလို၊ မိမိကိုယ်ကျင့်တရား နှုန်းစံဖြင့်သာ ထိန်းကျောင်းသွားရန်လိုသည်ဟု ဆိုသည်။ 
 
ဤနေရာတွင် လစ်ဘရယ်တို့အပေါ်၌ အင်္ဂလိပ်လူမျိုး ဒဿနပညာရှင် ဂျွန်လော့ခ် (John Locke, 1632 – 1704)၏ အတွေးအခေါ်မှာ များစွာလွှမ်းမိုးမှုရှိနေသည်။
 
အဓိကအားဖြင့် ဂျွန်လော့ခ်၏ (Treatises of Government – 1690) ကျမ်းသည် လစ်ဘရယ်ဝါဒ (Liberalism) တိုးတက်မှုအတွက် များစွာအရေးပါခဲ့သည်။ 
 
ဂျွန်လော့ခ်သည် ဘုရားသခင်၏ တန်ခိုးအာဏာ အယူအဆ(Divine Right Theory) ကို ဆန့်ကျင်၍ အာဏာသည် ပြည်သူလူထု၏ လက်ထဲတွင်သာ ရှိကြောင်း ထောက်ပြခဲ့သည်။ သူသည် အစိုးရနှင့် ပြည်သူတို့အကြား ထားရှိသော သဘောတူ နားလည်မှု (ဝါ) လူမှုရေးပဋိညာဉ် (Social contract) သဘောတရားကို ထုတ်ဖေါခဲ့၏။
 
အစိုးရများသည် နိုင်ငံသားများ၏ သဘောတူညီမှုဖြင့်သာ တရား၀င်ဖြစ်နိုင်ပြီး၊ နိုင်ငံသားများ၏ သဘာ၀အခွင့်အရေး (Natural Right)ကို ဝင်ရောက်စက်ဖက်ပါက သို့တည်းမဟုတ် အစိုးရနှင့် နိုင်ငံသားများအကြား ထားရှိသော Social Contract ကို ချိုးဖေါက်ပါက အုပ်ချုပ်သူ အစိုးရအား တော်လှန်ခွင့် (Right of Revolution) ရှိကြောင်း ဆိုသည်။ 
 
တစ်ခုပြောစရာရှိသည်မှာ ပုဂ္ဂလိကလူသား (The Individual) ကို ဂန္ထ၀င်လစ်ဘရယ်ရော၊ မော်ဒန် လစ်ဘရယ်ကပါ တန်ဘိုးထားသော်လည်း၊ ဂန္ထ၀င် လစ်ဘရယ်တို့က ပိုမိုအာရုံစိုက်လွန်းသည်ကို တွေ့ရသည်။ 
 
၄င်းတို့က စီးပွားရေးနှင့်ပတ်သက်၍ စျေးကွက်ကို လွတ်လပ်ခွင့် ပေးစေလိုပြီး၊ အခွန်ကောက်ခံမှုကို ဆန့်ကျင်ငြင်းပယ်ကြသည်။ မည်သည့် လူမှုဖူလုံရေး ပြုလုပ်ခြင်းကိုမှလည်း နှစ်သက်ခြင်း မရှိကြပေ။ 
 
အစိုးရ၏ အခန်းကဏ္ဍကို အတတ်နိုင်ဆုံး လျှော့ချခြင်းကို ဂန္ထလစ်ဘရယ်တို့က လိုလားနှစ်ခြိုက် ကြသည်။ ထိုသို့တစ်သီးပုဂ္ဂလချင်းအပေါ် ထိန်းချုပ်မှုမှန်သမျှ ငြင်းပယ်ပြီး၊ မိမိဆန္ဒအတိုင်း လွတ်လပ်ခွင့်ဆိုသည်မှာ အပျက်သဘော ဆောင်သော လွတ်လပ်ခွင့် (Negative Liberty) ပင် ဖြစ်ကြောင်း Irish Berlin က ဝေဖန်ထောက်ပြခဲ့သည်။
၄င်းထုတ်ဝေခဲ့သော (Two Concepts of Liberty, 1975) စာအုပ်မှာ ကျော်ကြား၏။
 
လစ်ဘရယ်များအတွင်း လွတ်လပ်မှုနှင့်ပတ်သက်၍ အယူအဆ ကွဲလွဲလာကြပြီး၊ တစ်ချို့သော ဂန္ထ၀င်လစ်ဘရယ် သမားများမှာ လွတ်လပ်မှုအခွင့်အရေးကိုသာ အာသာငမ်းငမ်း တောင်းဆိုရင်းဖြင့် အစွန်းရောက်မှန်းမသိ ရောက်လာကာ လွတ်လပ်မှုသက်သက်ဝါဒီ (Libertarian) များ ဖြစ်သွားကြတော့သည်။ ထိုဝါဒီမြား ကျင့်သုံးသေ ာဝါဒကို လွတ်လပ်မှုသက်သက်ဝါဒ (Libertarianism) ဟု ခေါ်တွင်သည်။
 
အထိန်းအကွတမဲ့သော လွတ်လပ်မှုဆိုသည်မှာ ရမ်းကားမှု (Licence) သာ ဖြစ်ကြောင်း လစ်ဘရယ်များက လက်ခံ
ထားကြပါသည်။
 
လင်းသက်
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)