ဆိုရှယ်လစ်ဆိုသည့်ဝေါဟာရ၏ မူလရင်းမြစ်မှာ Sociare ဟူသည့် လက်တင်ဘာသာမှ Socialist ဟု ပြောင်းလဲလာခဲ့ခြင်းဖြစ်ပါသည်။ အဓိပ်ပါယျမှာ ပေါင်းစပ် မျှဝေခံစားခြင်း ဖြစ်သည်။
ပလေတို၏ Republic နှင့် သောမတ်မိုး၏ Utopia နိုင်ငံရေးအတွေးအခေါ်ကျမ်းများ တွင် ဆိုရှယ်လစ် အယူအဆများတွေ့ရှိရသည်။
သို့ရာတွင် ဗြိတိသျှလူမျိုး ရောဘတ်အိုဝင်နှင့် ပြင်သစ်လူမျိုး စိန့်ဆိုင်းမွန်တို့၏ အိုင်ဒီယာ များကိုသာ ဆိုရှယ်လစ် ဝါဒအဖြစ်ရည်ညွှန်းခဲ့ကြပြီး၊ ၁၈၄၀ ခုနှစ်ကာလများတွင် ဥရောပရှိစက်မှု နိုင်ငံများ၌ ခေတ်စားလာခဲ့သည်။
အမှန်တစ်ကယ်မှာ ဆိုရှယ်ရှစ်ဝါဒသည် အရင်းရှင် စီးပွားရေးစနစ်မှမွေးဖွားပေးလို က်သော Alternative Ideology တစ်ခုဖြစ်ပါသည်။
ချားလ်ဖော့ရီးနှင့် ရောဘတ်အိုဝင်က သမဝါယမစနစ်၊ ဂျာမန်မှ ကားလ်မတ်ခ်နှင့် ဖရက်ဒရစ်အိန်ဂျယ်တို့က သမိုင်းရေးဝါဒ နှင့် လူမှုရေးသီအိုရီများကို ထုတ်ဖေါ်ကာ အရင်းရှင်စနစ်ကို တော်လှန်ရန် ပြောကြားလာကြသည်။
ပထမကမ္ဘာစစ်အပြီးတွင် ဆိုရှယ်လစ်အုပ်စု နှစ်စုကွဲပြားသွားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွ င်းမှ မဲဆန္ဒနည်း (ရွေးကောက်ပွဲနည်း)ဖြင့် နိုင်ငံရေးအာဏာရယူကာ ပြုပြင်ပြောင်းလဲရေးလုပ်လိုသည့် အုပ်စုနှင့် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ဖြင့် နိုင်ငံရေးအာဏာ ရယူလိုသော အုပ်စုဟူ၍ ဖြစ်သည်။
မဲဆန္ဒနည်းဖြင့် အာဏာရယူလိုသည့် Reformists အုပ်စုက ဆိုရှယ်ဒီမိုကရက် (ဒီမိုကရက်တစ် ဆိုရှယ်လစ်)များ ဖြစ်ကြပြီး၊ လက်နက်ကိုင် တော်လှန်ရေးနည်း ဖြင့် အာဏာရယူရန်ကြိုးပမ်းသည့် Revolutionists အုပ်စုက ကွန်မြူနစ်များဖြစ်လာကြသည်။
ဆိုရှယ်လစ်စီးပွားရေးစနစ်၏ အဓိကအားနည်းချက်မှာ စျေးကွက်ယှဉ်ပြိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် အရှုံး၊ အမြတ်၊ စျေးကွက်ဝေစုစသည့် မက်လုံးများ မရှိခြင်းပင် ဖြစ်ပါသည်။
ဤစနစ်အရ စီးပွားရေး လုပ်ငန်းများကို အစိုးရက သိမ်းယူပြီး၊ စျေးကွက်ကို ထုတ်လုပ်လိုက်သောအခါ စျေးကွက်တွင် ပုဂ္ဂလိကပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ မရှိတော့ပေ။
ထိုဖြစ်စဉ်၏ နောက်ဆက်တွဲ ပြဿနာများ အတောမသတ်နိုင်အောင် ပေါများပေါ်ပေါက်လာပါတော့သည်။
စျေးကွက်၏ သဘောတရားအရ ယှဉ်ပြိုင်မှု၏ အသီးအပွင့်များဖြစ်သော ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်ခြင်း၊ ၀န်ဆောင်မှုကောင်းးမွန်ခြင်း၊အစားထိုးကုန်စည် ပေါများခြင်း၊ လုပ်သားများ အရည်အချင်း မြင့်မားလာခြင်းနှင့် စားသုံးသူများအတွက် စိတ်ကြိုက်ရွေးချယ်ခွင့် ရှိခြင်းတို့ကို ပိုင်ဆိုင်ရမည်ဖြစ်ရာ ဆိုရှယ်လစ်စီးပွားရေး စနစ်တွင်မူ ယင်းလက္ခဏာရပ်များကို တွေ့မြင်ရတော့မည် မဟုတ်ချေ။
ထိုသို့ နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း၊ လုပ်သားများ အရည်အချင်း ကျဆင်းလာခြင်း၊ ကုန်ပစ္စည်း အရည်အသွေး ယုတ်လျော့လာခြင်းတို့အပြင် နောက်ထပ်ဆိုးရွားသည့် ပြဿနာတစ်ခု မှာ သဘောသဘာ၀အရ ဆီလိုအပေါက်ရှာ ထွက်လာသော မှောင်ခိုစျေးကွက်များပင် ဖြစ်လေသည်။
မှောင်ခိုစျေးကွက်များ၏ နောက်ဆက်တွဲရလဒ်များမှာလည်း ဆိုရှယ်လစ် စီးပွားရေးစနစ်အတွက် ပြင်းထန်သော ထိုးနှက်ချက်များ ဖြစ်ကြပါသည်။
အစိုးရသည် တရား၀င်မဟုတ်သော စျေးကွက် (ဝါ) မှောင်ခိုစျေးကွက်များမှ မည်သည့်အခွန်ကိုမှ ရရှိနိုင်မည် မဟုတ်ပေ။
ထို့အပြင် ငွေကြေးဖောင်းပွမှုပြဿနာများ၊ နယ်ခြားမှ စီးဆင်းလာသော တရားမ၀င်ကုန်စည်များကို ထိန်းချုပ်နိုင်ခြင်း မရှိသည့် ပြဿနာများကို လည်း အစိုးရက အဆစ်ပိုင်ဆိုင်ရတော့လေသည်။
သို့ရာတွင် ဆိုရှယ်လစ်စီးပွားရေးအိုင်ဒီယာ ရှိသော ကွန်မြူနစ်တို့က ၁၉ ရာစု၀န်းကျင်လောက်မှာပင် ဆိုရှယ်ဒီမိုကရက်တစ်ဟူသောအမည်ကို ခံယူကာ (၂၀)ရာစု၀န်းကျင်တွင်မူ ယင်းတို့၏ အမြင့်ဆုံး ပြောင်းလဲမှုဖြစ်သော အရင်းရှင်စီးပွားရေးစနစ်ကို ဆိုရှယ်လစ် အိုင်ဒီယာဖြင့် ပေါင်းစည်းမှုများ ပြုလုပ်လိုက်လေသည်။
ပထမ လသားအရွယ်ဖြစ်သော အရင်းရှင်စီးပွားရေးစနစ်၏ ကြမ်းတမ်းမှုကို ဆိုရှယ်လစ်အိုင်ဒီယာဖြင့် ပြင်ဆင်ခြင်းဟုလည်း ဆိုနိုင်ကောင်းပါသည်။
ဆိုလိုသည့်သဘောမှာ လွတ်လပ်သော၊ အထိန်းအကွတ်မဲ့သော အရင်းရှင်စီးပွားရေးစနစ် (အဒမ်စမစ်၏ လွတ်လပ်စျေးကွက်အယူအဆ)ကို နိုင်ငံတော်မှ ဝင်ရောက်စွက်ဖက်မှုဖြင့် ထိန်းညှိခြင်း သဘောတရားပင် ဖြစ်လေသည်။
ဤနေရာတွင် သတိထားရမည့် အချက်တစ်ချက်မှာ ဆိုရှယ်ဒီမိုကရက်တစ်နှင့် ဆိုရှယ်လစ်ဘရယ်ဝါဒတို့အား ရောထွေးမသွားရေးပင် ဖြစ်သည်။
ဆိုရှယ်ဒီမိုကရက်များမှာ ဆိုရှယ်လစ်ဝါဒမှ အရင်းရှင် စီးပွားရေးစနစ်ကို ပြုပြင်ပြီး စီးပွားရေးတစ်၀က်တပျက် ကူးပြောင်းမှုဝါဒဖြစ်ပြီး၊ ဆိုရှယ်လစ်ဘရယ်တို့ကမူ မူလလစ်ဘရယ် (Classic Liberalism) သို့တည်းမဟုတ်၊ ရှေးရိုးစွဲဝါဒ (Conservatism) တို့ လက်ခံသည့် အဒမ်စမစ်၏အစိုးရထိန်းချုပ်မှု မရှိသော လွတ်လပ်စျေးကွက် (Laissez-Faire) နှင့် သူ့ဘာသာ လည်ပတ်နေသော စျေးကွက် (Self-Regulating)အိုင်ဒီယာကို အင်္ဂလိပ်လူမျိုး၊ ဘောဂဗေဒပညာရှင် ဂျွန်မေနက်ကိန်း (John Maynard Keynes, 1883-1946)၏ Keynesianism (ကိန်းဝါဒ)ဖြင့် အရင်းရှင်စနစ်ကို ပြင်ဆင်အသုံးပြုခြင်း ဖြစ်ပါသည်။
ကိန်း၏အလိုအရ စျေးကွက်၀ယ်လိုအား(Aggregate Demand)အကန့်အသတ်ရှိခြင်းပြဿနာ ကို အစိုးရက ဝင်ရောက်ဖြေရှင်းရမည်၊ တစ်နည်းအားဖြင့်ဆိုလျှင် စျေးကွက်တွင် အစိုးရမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အရင်းရှင် စီးပွားရေးစနစ်ကြောင့် ဖြစ်ပေါ်လာသော လူမှုရေးမညီမျှမှုများကို ဖြေရှင်းရမည် ဆိုခြင်းပင် ဖြစ်၏။
သို့သော် တစ်ကယ်တန်းတွင်မူ ဆိုရှယ်ဒီမိုကရက်နှင့် ဆိုရှယ်လစ်ဘရယ်ဝါဒတို့အကြား သိသိသာသာ ခြားနားသည့် အနေအထား တွင်တော့ မရှိခဲ့ပေ။
၁၉၄၅ ခုနှစ် အစောပိုင်းကာလများတွင် ဂျွန်မေနက်ကိန်း၏ ကိန်းဝါဒ (Keynesianism) သည် လျှမ်းလျှမ်းတောက် အောင်မြင် ခဲ့ပါသည်။
ကားလ်မတ်(ခ်)၏ အန္ဓိမရည်မှန်းချက်ဖြစ်သော အရင်းရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားရေးသည်လည်း ဆိုရှယ်လစ်တို့၏ အရင်းရှင်စီးပွားရေးစနစ်ကို တ၀က်တပျက် ပြုပြင်ထိန်းကျောင်းရေး အိုင်ဒီ ယာအောက်တွင် ပျောက်ဆုံးသွားလေသည်။
သို့ရာတွင် ၁၉၇၀ နှင့် ၁၉၈၀ နှစ်များတွင်ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးကြောင့် ဆိုရှယ် ဒီမိုကရက်တစ်တို့၏ အရင်းရှင် တစ်ဝက်တစ်ပျက် အိုင်ဒီယာသည် ယင်းတို့၏ အောင်မြင်မှုများနှင့် အတူ ဖရိုဖရဲဖြစ်လာခဲ့ပြီး၊ နီယိုကွန်ဆာဗေးတစ်တို့က နေရာဝင်ယူ ရှေ့တန်း ရောက်လာသည်။
ထို့ကြောင့် ၁၉၈၀ ခုနှစ်များတွင် ဆိုရှယ်လစ်တို့က ယင်းတို့၏အယူအဆကို ဒုတိယအကြိမ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ဆိုရှယ်ဒီမိုကရက်တို့က မိမိတို့၏ ဆိုရှယ်လစ်တန်ဘိုးများကို အခြားအိုင်ဒီယိုလိုဂျီများဖြင့် ပေါင်းစပ်ကာ Neo Revisionism ဟူ၍ ပေါ်ထွက်လာခဲ့ ပြန်သည်။
ဆိုရှယ်ဒီမိုကရက်တစ်တို့၏ ပြန်လည်ပြင်ဆင်ရေးဝါဒသစ် (Neo Revisionism) နည်းလမ်းမှာ ပို့စ်မော်ဒန် ဝါဒ (Post Modernism)နှင့် ထပ်တူနည်းပါး တူညီလာသည်ဟု ဆိုနိုင်ပါသည်။
တစ်နည်းအားဖြင့် ပို့စ်မော်ဒန်ဝါဒ၏ အိုင်ဒီယိုလိုဂျီတို့၏ လှေနံဓားထစ် တရားသေစနစ် ခေတ်ကုန်သွားပြီ ဟူသောအယူအဆကို လက်ခံလိုက်ခြင်းလည်း ဖြစ်ပါသည်။
ထိုသို့ဖြင့် ဆိုရှယ်လစ်ဝါဒသည် သီးခြားရပ်တည်ချက် မရှိတော့ပဲ၊ ဆိုရှယ်လစ်တန်ဘိုးများကို အခြားအိုက်ဒီယို လိုဂျီများနှင့်ပူးကပ်ပေါင်းစပ် လိုက်ခြင်းဖြင့် အသက်ဆက်ခဲ့ရလေသည်။
ဥပမာအားဖြင့်-ဆိုရှယ်ဒီမိုကရေစီ ၊ ဆိုရှယ်လစ်ဘရယ်ဝါဒ၊ ဆိုရှယ်ကွန်ဆာဗေးတစ်ဝါဒ၊ ဆိုရှယ်လစ်အမျိုးသားရေးဝါဒ၊ သမဂ္ဂဝါဒတို့သည် ဆိုရှယ်လစ်တန်ဘိုးနှင့် ပေါင်းစပ်ခံထားရသည့် အိုင်ဒီယိုလိုဂျီများပင် ဖြစ်လေသည်။
လင်းသက်