ဖက်ဆစ်ဝါဒ (Fascism) ပေါ်ပေါက်လာခြင်း 

“ဖက်ဆစ်ဝါဒ၏ မူလရင်းမြစ်”
 
ဖက်ဆစ်ဝါဒ(Fascism)ဝါဒ၏ မူလရင်းမြစ်မှာ လက်တင်ဘာသာစကားဖြစ်သော Fasces မှ ဆင်းသက် လာကာ၊ ယင်းဝေါဟာရ၏ အဓိပ်ပ္ပာယ်မှာ ပုဆိန်တစ်လက်ကို တုတ်ချောင်းများဖြင့် စုစည်းချည်နှောင်ထားသည့် သဘောဖြစ်ပြီး၊ ယင်းတံဆိပ်မှာ ရှေးခေတ်ရောမဘုရင်တို့၏ အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်သည်ဟူသော လက္ခဏာရပ် ပင်ဖြစ်ပါသည်။ 
 
၁၈ ရာစုတွင် ဖြစ်ပွားခဲ့သော Commune of Paris အရေးတော်ပုံနှင့် ၁၉၁၇ ခုနှစ်တွင် ဖြစ်ပေါခဲ့သော အလုပ်သမားလူတန်းစားတို့၏ လက်နက်ကိုင်ပုန်ကန်ခဲ့ကြသည့် အောက်တိုဘာတော်လှန်ရေးတို့သည် ဖက်ဆစ်ဝါဒ၏ မူလတည်ခဲ့ရာ သန္ဓေပင် ဖြစ်ပါသည်။
 
“ဖက်ဆစ်ဝါဒအကောက်အယူများ”
 
ဖက်ဆစ်ဝါဒအယူအဆကို ကမ္ဘာကြီးနှင့် စတင်မိတ်ဆက် ပေးခဲ့သူများအနေဖြင့် ဂျာမနီနိုင်ငံသား ရစ်ချပ်၀ဂ်နာ (Richard Wagner) နှင့် အင်္ဂလန်နိုင်ငံသား သောမတ်စ် ကာလိုင်(Thomas Carlyle) တို့မှာ ထင်ရှား၏။ 
 
Richard Wagner(1813-1883)သည် ဂျာမန်လူမျိုးများ၏ အမျိုးသားရေး ဇာတိမာန်များ တက်ကြွစေရန် သီချင်းများသီကုံး စပ်ဆိုခြင်း၊ ဂျာမနီ ရှေးဟောင်းရာဇ၀င်များ ဖေါ်ထုတ်ခြင်းများ ပြုလုပ်ပေးခဲ့သူ ဖြစ်သည်။
 
ယင်း၏ အလိုအရ ဂျာမန်တမျိုးသားလုံး၏ ကြည်ညို လေးစားကိုးကွယ်ဆည်းကပ်ရာဖြစ်သော၊ တစ်နည်းအားဖြင့် တမျိုးသားလုံး၏ စိတ်နှင့်တထပ်တည်းကျသည့် ခေါင်းဆောင် သူရဲကောင်း တစ်ယောက်ကသာလျှင် ဂျာမနီနိုင်ငံကို ဆွဲတင်နိုင် လိမ့်မည်ဟု ဖြစ်သည်။ 
 
သောမတ်စ်ကာလိုင် (1795-1881) ၏ အတွေးအယူမှာလည်း အရည်အချင်းနှင့် ပြည့်စုံသော ခေါင်းဆောင် တစ်ဦးကို ရှေ့တန်းတင်ရေးပင် ဖြစ်၏။
 
ယင်းတို့နှစ်ဦး၏ အတွေးအခေါ်များမှာ သူရဲကောင်း ကိုးကွယ်သည့် (Heroism) သဘောမျိုး ဆန်လွန်းသည့်အပြင်၊ စည်းလုံးညီညွတ်သည့် တိုင်းပြည်ကို ပုံဖေါခြင်းထက် လူမျိုးကြီး စိတ်ဓါတ်သွတ်သွင်းခြင်းက ပိုမိုသည်ဟု သုံးသပ်နိုင်ပါသည်။
 
သို့သော် ဖက်ဆစ်ဝါဒနှင့်ပတ်သက်၍ ရစ်ချပ်၀ဂ်နာနှင့် သော်မတ်စ်ကာလိုင်တို့ထက် ပိုပြင်းထန်သည့် အယူအဆရှိသူ နှစ်ဦးတို့မှာ ပရပ်ရှားလူမျိုးများဖြစ်ကြသော ဟိန်းနရစ်ချ် ဗွန် ထရိုင်ရှကေး (Heinrich Von Treitschke, 1834-1896))နှင့် ဖရက်ဒရစ် ကားလ်ဗွန် ဆာဗီညီ (Friedrich Karl Von Savigny, 1779-1861)တို့ ဖြစ်သည်။ 
 
ယင်းတို့နှစ်ဦးအနက်မှ ဟိန်းနရစ်ခ်ျ ဗွန် ထရိုင်ရှကေး၏ အယူအဆကို အနည်းငယ် ပြောပြလိုပါသည်။ 
 
ဟိန်းနရစ်ခ်ျ၏ အယူအဆအရ ဂျာမနီနိုင်ငံ၏ နယ်နမိတ်ကို တိုးချဲ့ရမည်ဖြစ်ပြီး၊ ယင်းသို့ တိုးချဲ့နိုင်ရန် မိမိတို့ စစ်အင်အားကို ဖြည့်တင်းထားရမည်ဟု ဆိုသည်။
 
ဂျာမနီနိုင်ငံ တန်ခိုးအာဏာကြီးထွားရန်အတွက် မည်သည့်နည်းကိုမဆို အသုံးပြုရမည် ဖြစ်သည်။ မိမိတို့၏ ယဉ်ကျေးမှုကို နိမ့်ကျစေသော လူမျိုးများကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းရမည်လည်း ဖြစ်ပြီး၊ ယင်းသို့ လွှမ်းမိုးနိုင်ရန် စစ်ပြုရလျှင်လည်း နိုင်ငံအတွက် ဖြစ်၍ တရားသည်ဟု ၄င်းက မှတ်ယူခဲ့သည်။ 
 
ဂျာမနီနိုင်ငံ အင်အားကြီးမားနေမှသာလျှင် အမျိုးသား စည်းလုံးညီညွတ်မှုနှင့် ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ရာ ဂျာမနီနိုင်ငံအား အရည်အချင်း ထက်မြက်သော စစ်ခေါင်းဆောင်များက ဦးဆောင်ရမည်ဟူသော အတွေးအယူပင် ဖြစ်လေသည်။
 
ဖရက်ဒရစ် ကားလ် ဗွန် ဆာဗီညီကမူ နိုင်ငံသားများ စည်းလုံးညီညွတ်မှု ရှိမှသာလျှင် နိုင်ငံရေးအာဏာ တည်တန့်ခိုင်မြဲမည်ဟု ယူဆခဲ့ပါသည်။
 
နောက်ထပ် ဖက်ဆစ်ဝါဒကို အထောက်အကူပြုခဲ့သူ နှစ်ဦးမှာ ဖရက်ဒရစ် နစ်ရှေး(Friedrich Nietzshe, 1844-1900)နှင့် ဗီးလ်ဖရေဒို ပါရေတို (Vilfredo Pareto, 1843-1923)တို့ ဖြစ်၏။
 
နစ်ရှေးက မော်ဒန်လစ်ဘရယ်တို့ ယုံကြည်သော ဆင်ခြင်တုံတရား အခြေပြုနည်း (Rationalism)ကို  ငြင်းပယ်သည်။ 
 
ယင်းက ဒါ၀င်၏ လူသားဖြစ်ပေါ်မှု အယူအဆကို ထောက်ခံကာ လူတန်းစားနှစ်ရပ် ခွဲလိုက်သည်။
 
ပထမတစ်မျိုးမှာ မြင့်မြတ်သော အတန်းအစားဖြစ်ပြီး၊ ဒုတိယမှာ ယုတ်ညံ့သော လူအမျိုးအစားဖြစ်သည်ဟု  ဆိုသည်။ 
 
ထို့ကြောင့် ကာယ၊ ဥာဏ ခွန်အားဗလနှင့် ပြည့်စုံသော မြင့်မြတ်သည့်အတန်းအစားက ယုတ်ညံ့သည့် အတန်းအစားကို လွှမ်းမိုး အုပ်ချုပ်သည်မှာ ဖြစ်သင့်သည့် သဘောဟု ကောက်ချက်ချသည်။ 
 
နစ်ရှေးသည် ဒီမိုကရေစီစနစ်နှင့် ခရစ်ယာန်ဘာသာကို ဆန့်ကျင်သူဖြစ်ပြီး၊ သူ၏အတွေးအခေါ်များမှာ အရည်အချင်းနှင့် အာဏာကို တိုက်ပွဲများဖြင့် ပုံဖေါ်ရမည်ဆိုသည့် သဘောတရားများကသာ ဖုံးလွှမ်းနေခဲ့သူ ဖြစ်ပါသည်။
 
နစ်ရှေး၏အယူအဆမှာ လစ်ဘရယ်တို့၏ ဆင်ခြင်တုံတရား အခြေပြုနည်းဖြစ်သည့် ဆင်ခြင်သိ အဓိကဝါဒ (Rationalism) ထက်၊ လွှမ်းမိုးလိုသောဆန္ဒ (Will to power)ကို ပိုမိုကိုးစားလိုက်ခြင်းလည်း ဖြစ်သည်။
 
အကြောင်းပြချက်မှာ လူတို့၏ မသိစိတ် သဏ္ဍာန်များတွင် လွှမ်းမိုးလိုသည့် စိတ်ဆန္ဒကသာ အားကောင်းမောင်းသန် တွယ်ကပ် နေတတ်သောကြောင့် ဆင်ခြင်သိဆိုသည့် အယူမှာ အလုပ်မဖြစ်ဟူ၍ ဖြစ်၏။ 
 
နောက်ပိုင်းတွင် ကွန်မြူနစ်ဝါဒအပါအ၀င် ဆင်ခြင်သိ အဓိကဝါဒကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော ဝါဒများတွင် ဖက်ဆစ်ဝါဒ၏ အိုင်ဒီယာများဖြစ်သည့် ဂျာမန်လူမျိုး၊ အတွေးအခေါ်ပညာရှင် နစ်ရှေး၏ အတွေးအခေါ်များက ဖြစ်တည်မှု ပဓါနဝါဒ (Existentialism)၊ ဖက်ဆစ်ဝါဒ (Fascism)၊ အမျိုးသမီး အခွင့်အရေးဝါဒ (Feminism)တို့ကို သြဇာလွှမ်းမိုးနိုင်ခဲ့သည်။
 
ပါရေတိုသည်လည်း ဒီမိုကရေစီစနစ် (Democracy)နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေစနစ် (Constitutionalism) တို့ကို ပြင်းထန်စွာ ထိုးနှက်ခဲ့ပြီး၊ ယင်းအယူအဆအရ နိုင်ငံတော်အတွက် အောင်မြင်မှုရလဒ် ဆိုသည်မှာ လူထု (ဝါ) နိုင်ငံသားများ၏ စုစည်းညီညွတ်မှုမှသာ ရရှိနိုင်သည်ဆိုခြင်းပင် ဖြစ်သည်။
 
လင်းသက်
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)