လစ်ဘရယ်တို့သည် လွတ်လပ်မှုကို နှစ်သက်မြတ်နိုးသော်လည်း အထိန်းအကွပ်မဲ့သော လွတ်လပ်မှုသည် ရမ်းကားမှု (License) အဖြစ်သို့ အချိန်အခါမရွေး ကူးပြောင်းသွားနိုင်ကြောင်း ကောင်းစွာသဘောပေါက် ထားကြသည်။ ထို့ကြောင့်ပင် လစ်ဘရယ်တို့က လွတ်လပ်မှုကို မပျက်စီးစေပဲ ထိန်းသိမ်းကာကွယ်စောင့်ရှောက်နို င်သော ဥပဒေသတစ်ခုကို တောင်းဆိုလာခဲ့သည်။ ၄င်းဥပဒေသအရ ပုဂ္ဂလိကတစ်ဦးချင်းစီ၏ လွတ်လပ်မှု အခွင့်အရေးကို လေးစားသည့် လူ့အဖွဲ့အစည်း (သမဂ္ဂ) တစ်ရပ် တည်ဆောက်ရန်အတွက် (သို့တည်းမဟုတ်) နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ပေးရန်အတွက် နိုင်ငံရေး အဖွဲ့အစည်းတစ်ရပ်ရှိ ဖို့ လိုလားခဲ့သည်။ ဆိုလိုသည့်သဘောမှာ ဥပဒေအောက်တွင် လွတ်လပ်စေခြင်းပင်ဖြစ်သည်။ လူများသည် မိမိတို့တစ်ဦးချင်း ဖြေရှင်းရန် မစွမ်းသာသည့် အခြေအနေမျိုးကို ရောက်ရှိလာရာမှ ၄င်းတို့ကိုယ်စား ဖြေရှင်းနိုင်မည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ကို အများသဘောတူ ဖွဲ့စည်းရသည်။ ထိုသို့ဖွဲ့စည်းခြင်းအတွက် လူတစ်ဦးချင်းစီ၏ မူလက ပိုင်ဆိုင်ထားကြသည့် မိမိကိုယ်မိမိ စီမံခန့်ခွဲဆုံးဖြတ်နိုင်မှု အခွင့်အရေးကို စွန့်လွှတ်ကြရသည်။
ဂျွန်လော့ခ်၏အဆိုတွင် ပုဂ္ဂလိကတစ်ဦးချင်းသည် မိမိတို့၏ သဘာ၀အခွင့်အရေးများ (Natural Rights)ကို မိမိတို့၏ ဆင်ခြင်တုံတရားဖြင့် ထိန်းကျောင်းကွက်ကဲ ဆုံးဖြတ်နိုင်ခဲ့သော်လည်း၊ လူ့အဖွဲ့အစည်းတစ်ခုလုံး အနေဖြင့်မူ၊ သဘောတူညီမှုများကွဲလွဲကာ ပဋိပက္ခများ ဖြစ်ပေါ်လာပါသည်။ ၄င်းအငြင်းပွားမှုများ၊ ပဋိပက္ခများကို အစိုးရများက တရားသူကြီးများသဖွယ် (အဂတိကင်းစွာ) ကြား၀င်ဖြေရှင်းပေးရမည် ဖြစ်သည်။ ထို့အပြင် လူတစ်ဦးချင်း၏ သဘာ၀ အခွင့်အရေးများ (Natural Rights) ကို ကာကွယ် စောင့်ရှောက်ပေးရန်အတွက် အစိုးရတွင် တာ၀န်ရှိသည်။ (သဘာ၀အခွင့်အရေးများ (Natural Rights) ဆိုသည်မှာ အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နှင့်ပစ္စည်း ဥစ္စာပိုင်ဆိုင်မှု (Life, Liberty and Property) တို့ပင် ဖြစ်ပါသည်။)
သို့သော် အစိုးရသည် နိုင်ငံသားတို့၏ လွတ်လပ်ခွင့် (စိတ်ဆန္ဒ)ကို ထိပါး၊ နှောက်ယှက်၊ ထိန်းချုပ်ခွင့်မရှိချေ။ နိုင်ငံသားတို့၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အခွင့်အာဏာကို ပုဂ္ဂလိကတစ်ဦးချင်းစီ ပါ၀င် ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းက အစိုးရဆိုသူများကို ရွေးချယ်ခန့်အပ်ကာ လွှဲပြောင်းပေးအပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အချုပ်အခြာ အာဏာ၏ မူလပိုင်ရှင်မှာ လူ့အဖွဲ့အစည်း(တစ်နည်းအားဖြင့်) ပြည်သူလူထုပင် ဖြစ်သည်။
အစိုးရဆိုသည်မှာ ပြည်သူလူထုသာ အများသဘောတူ ရွေးချယ်ခန့်အပ်ကာ မိမိတို့ကိုယ်စား မိမိတို့အကျိုးစီးပွားကို စောင့်ရှောက်ရန် အာဏာအပ်နှင်းထားခြင်းသာ ဖြစ်သောကြောင့်၊ မိမိတို့ဆန္ဒနှင့်မကိုက်ညီ၊ သဘောမကျလျှင် ၄င်းအစိုးရကို ဖျက်သိမ်းပိုင်ခွင့် ရှိသည်။ လိုအပ်လျှင် (နိုင်ငံသားတို့၏ လူ့ အခွင့်အရေးကို ချိုးဖေါက်ပါက၊ မတရားဖိနှိပ်ပါက) အကြမ်းဖက်တော် လှန်ဖြုတ်ချနိုင်သည့် အခွင့်အရေး (Right of Revolution) ပြည်သူလူထုထံတွင် ရှိသည်ဟု (Two Treaties of Government,1688) စာအုပ်တွင် ဂျွန်လော့ခ်ကဖေါ်ပြခဲ့သည်။
ရူးဆိုးက အစိုးရဆိုသည်မှာ အများဆန္ဒကို လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ရန် အများ(ပြည်သူလူထု) က ရွေးချယ်ထားသော လူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဟု ဆိုသည်။ ယင်းက သောမတ်စ်ဟော့ဗ်စ် (Thomas Hobbes, 1588-1679) ၏ ပြည်သူလူထုက အစိုးရဆိုသည်ကို သဘောတူစာချုပ် (တစ်နည်းအားဖြင့်) Social Contract ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ဆိုသော အယူကို လက်မခံပေ။ တစ်ကယ်တန်းတွင် အစိုးရကို ပြည်သူတို့၏ အချုပ်အခြာ အာဏာဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု ရူးဆိုးက ယုံကြည်သည်။ ထို့ကြောင့် ပြည်သူလူထု၏ ဆန္ဒအရ အစိုးရကို အချိန်မရွေး အပြောင်းအလဲ လုပ်နိုင်သည်ဟု ထုတ်ဖေါခဲ့သည်။
ထိုသဘောတရားများအရဆိုလျှင် အစိုးရဆိုသည်မှာ ပြည်သူ့ဆန္ဒအရ ဖွဲ့စည်းထားခြင်းသာဖြစ်သဖြင့် ၄င်းတို့ဆန္ဒအရ ပေါ်ပေါက် လာသောအစိုးရ၏ ထုတ်ပြန်ချမှတ်သော အမိန့်အာဏာ၊ ဥပဒေတို့ကို ပြည်သူလူထုအနေဖြင့် အခါခတ်သိမ်းလိုက်နာနေစရာမလိုဟု ကောက်ယူရ မည်ဖြစ်သည်။ သို့သော် လစ်ဘရယ်တို့သည် ပုဂ္ဂလိကလွတ်လပ်မှုနှင့် Social Contract အရ နိုင်ငံတော်အပေါ် ထားရှိရမည့် နိုင်ငံသားတို့၏ တာ၀န်၀တ္တရားကို ကောင်းစွာ ခွဲခြားထားပြီးဖြစ်သည်။ ဥပမာအားဖြင့် မော်ဒန်လစ်ဘရယ်တို့က “ဥပဒေ စိုးမိုးမှုမရှိလျှင် လွတ်လပ်မှုရှိနိုင်မည်မဟုတ်”ဆို သည့် ဂျွန်လော့ခ်၏အဆိုကို လက်ခံထားကြသည်။ ဤနေရာတွင် ဂန္ထ၀င်လစ်ဘရယ်တို့ကမူ အစိုးရ၏ လုံခြုံရေးအကြောင်းပြကာ ထိန်းချုပ်ကန့်သတ်ခြင်းများကို မနှစ်သက်လှချေ။ လွတ်လပ်မှုသက်သက်ဝါဒီ (Libertarian)များကမူ “ဥပဒေမရှိလျှင် ချိုးဖေါက်စရာမလို”ဟူသော အပျက်သဘောဆောင်သည့် လွတ်လပ်မှု (Negative Freedom)ကိုသာ တိမ်းညွတ်ကြပါသည်။
လင်းသက်