ဘာသာရေးကို နိုင်ငံရေးအသွင် အသုံးချမှုကို ဦးနုက စတင်သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစဉ်က ဦးဘချိုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ထည့်သွင်းပြဌာန်းရန် အဆိုတင်သွင်းခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းက ဘာသာရေးနှင့် နိုင်ငံရေးကို မရောယှက်သင့်ဟုဆိုကာ အပြင်းအထန် ကန့်ကွက်ခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ဖဆပလ အစိုးရလက်ထက် ဆဌသင်္ဂါယနာတင်ပွဲ ပြီးနောက်တွင် ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြည်သူ့လွှတ်တော် အစည်းအဝေး တစ်ခု၌ တင်သွင်းခဲ့ရာ တပ်မတော်က ဘာသာရေး အကြောင်းပြပြီး တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲနိုင်သည် ဟူသော ယူဆချက်ဖြင့်မလိုလားခဲ့ချေ။ ၁၉၆၀ ပြည့်နှစ်တွင် ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်း သတ်မှတ်နိုင်ရေးအတွက် အကြံပေး အဖွဲ့ကို ဖွဲ့စည်းသည်။ ထို့အပြင် ၁၉၆၀ ရွေးကောက်ပွဲများတွင် ဦးနု၏ သန့်ရှင်းဖဆပလက မဲပုံးကို သာသနာအရောင် ဖြစ်သည့် အဝါရောင်သုံးစွဲခြင်းနှင့် သန့်ရှင်းက မဲနိုင်လျှင် နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာအဖြစ် သတ်မှတ်ပြဌာန်းပေးမည်ဟု ရွေးကောက်ပွဲကတိ ပေးခဲ့သည်ဟု ဆိုသည်။
တော်လှန်ရေးကောင်စီ၏ မြန်မာ့ဆိုရှယ်စနစ်တည်ဆောက်ရေး၊ တိုင်းရင်းသား လူမျိုးများ သွေးစည်း ညီညွတ်ရေး၊ တစ်နည်းအားဖြင့် ပြည်နယ်များခွဲမထွက်ရေးတို့မှာ ဗိုလ်ချုပ်အောင်ဆန်း၏ လိုလားခဲ့သော စိတ်ဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်ဟု ဆင်ခြေပေးကြသည်။
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ခြင်းကို ကန့်ကွက်ရာတွင် ရှမ်း၊ ကယား၊ မွန်၊ ရခိုင်တို့ကလည်း ၎င်းတို့နှင့်အတူတကွ ပူးပေါင်းကြလိမ့်မည်ဟု ခရစ်ယာန်ဘာသာဝင်အများစုဖြစ်သော ကချင်၊ ကရင်နှင့် ချင်းတို့က မျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် ထိုစဉ်က ရခိုင်နှင့် မွန်တို့မှာ ပြည်နယ် ရရှိရေးအတွက် ကြိုးပမ်းနေချိန်ဖြစ်ရာ ဘာသာရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ပါက ပြည်နယ်ပေးမည့် ကတိကို ဖျက်ရလိမ့်မည်ဟု ဦးနု၏ အကြပ်ကိုင် ခြိမ်းခြောက်မှုကို ခံနေရသည်။ ထိုသို့ နိုင်ငံတော်ဘာသာ အတင်းအကြပ်ပြဌာန်းခြင်းက ခရစ်ယာန်ဘာသာဝင် လူနည်းစုတိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာမဟုတ်သော တခြားဘာသာဝင်များကို မကျေမနပ်ဖြစ်စေခဲ့ပါသည်။
(၁၉၄၂ ခုနှစ်တွင် ဗိုလ်ချုပ် အောင်ဆန်း ကလည်း တပ်မတော်သားများ ပါတီနိုင်ငံရေးနှင့် အုပ်ချုပ်ရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်း အလျင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ဖူးပါသည်။)
၁၉၅၈ ခုနှစ်တွင် ဖဆပလအကွဲအပြဲမှအစပြု၍ မြန်မာ့နိုင်ငံရေး အကွဲအပြဲဇာတ်လမ်းက ကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာခဲ့သည်။ (နောင်တွင် သန့်ရှင်းဖဆပလ၌ ဦး၊ ဗိုလ်၊ သခင် ဟူ၍ ၃ စုထပ်မံကွဲကာ တည်မြဲ ဖဆပလတွင်လည်း ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးဗဆွေက မာ့က်ဝါဒီ၊ ဦးကျော်ငြိမ်းက ဆိုရှယ် ဒီမိုကရက်တစ်ဟူ၍ အိုင်ဒီယိုလိုဂျီကြောင့် အဖွဲ့တွင်း အုပ်စုဖွဲ့မှုများ ဖြစ်ပေါ်လာခဲ့သည်။ ) ဖြစ်စဉ်မှာ နုတင်၏ သန့်ရှင်းဖဆပလနှင့် ဆွေငြိမ်း၏ တည်မြဲဖဆပလတို့ အင်အားချိန်ခွင်လျှာ မျှနေကြရာ တခြားနိုင်ငံရေးနှင့် တိုင်းရင်းသား အင်အားစုများအား သူ့ဘက်ပါရေး၊ ကိုယ့်ဘက်ပါရေး အပြိုင်အဆိုင် စည်းရုံးကြသည်။ တပ်မတော်တွင်း၌လည်း ထိုဂယက်က သက်ရောက်လာရာ ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်ထဲမှ နိုင်ငံရေး သမားများနှင့် ရင်းနှီးသည့် တပ်မတော်သားများအနေဖြင့် ပုဂ္ဂိုလ်ရေးခံစားချက်နှင့် တာဝန်ကို ရောထွေးမည်ဆိုလျှင် တပ်မှနှုတ်ထွက်ကြရန်နှင့် တပ်မတော်၏ တာဝန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်သူကို ကာကွယ်စောင့်ရှောက်ရန်သာဖြစ်သည်ဟု သတိပေးရသည်။ (၁၉၄၂ ခုနှစ်တွင် ဗိုလ်ချုပ် အောင်ဆန်းကလည်း တပ်မတော်သားများ ပါတီနိုင်ငံရေးနှင့် အုပ်ချုပ်ရေး ကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်း အလျင်းမပြုရန် အမိန့်ထုတ်ပြန် ခဲ့ဖူးပါသည်။) ထိုသို့ ပြည်မ၏ ရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ ပြည်နယ်များကလည်း ၎င်းတို့ လိုလားချက်များကို တောင်းဆိုကြသည်။ ကရင်တို့ကမူ ၁၉၅၁ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ချက် အက်ဥပဒေ ပုဒ်မ ၁၈၀ အရ ကော်သူးလေမှ ကရင်ပြည်နယ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်ခဲ့ပြီး ကရင်နီဒေသမှာလည်း အခြေခံဥပဒေပုဒ်မ ၁၈၂ ဖြင့် ကရင်နီပြည်နယ် ဖြစ်လာခဲ့သည်။ ၁၉၅၂ ခုနှစ်ဝန်းကျင်တွင် ဖဆပလအစိုးရက ကရင်နီပြည်နယ်ကို ကယားပြည်နယ်အဖြစ် အမည်ပြောင်း လိုက်ခြင်းကြောင့် မကျေနပ်မှုများ ဖြစ်လာကြပြီး၊ ၁၉၅၇ ခုနှစ်တွင် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)ကို တည်ထောင်လိုက်ကြသည်။ နောက်ပိုင်းတွင် ရခိုင်၊ မွန်၊ ချင်းတို့ကလည်း ပြည်နယ်ရရှိရေး တောင်းဆိုမှုများ ရှိလာသဖြင့် ဦးနုက ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလ အနိုင်ရလျှင် အကောင်အထည် ဖေါ်ပေးပါမည် ဟုလည်း ကတိပြုခဲ့သည်။ ဤသို့ ပြည်နယ်တောင်းဆိုမှုများနှင့် ရှမ်းမူကပင် တပ်မတော် အာဏာသိမ်းရန် အတွက် ဆင်ခြေများထဲမှ တစ်ခုဖြစ်လာပါတော့သည်။
ထိုစဉ်က တပ်မတော်၏ တပ်မှူးအများစုမှာ တည်မြဲ ဖဆပလခေါင်းဆောင်များ ဖြစ်ကြသော ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့် ရင်းနှီးမှုရှိသည်။ သန့်ရှင်းဖဆပလက အာဏာဆက်လက် တည်တံ့ရေးအတွက် ၁၉၅၆ ခုနှစ်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၇ နေရာရခဲ့သော အတိုက်အခံပါတီ ပမညတ (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု)နှင့် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ရာ သန့်ရှင်းဖဆပလအပေါ် တပ်မတော်က အမြင်မကြည်ဖြစ်လာတော့သည်။ ပမညတအဖွဲ့မှာ လက်ဝဲ ယိမ်းသည့် အဖွဲ့အစည်းများဖြင့် ပေါင်းစုထားသော တပ်ပေါင်းစုဖြစ်ပြီး ပမညတ၏ တိုက်တွန်းမှုများကြောင့် ပြည်တွင်းစစ်အရေးကို ဒီမိုကရေစီဘောင်အတွင်းမှ ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့် သင်ပုန်းချေရေးမူ ကျင့်သုံးလိုသူ ဦးနုက တောခိုအဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများ ပြုလုပ်လာရာ သန့်ရှင်းဖဆပလက ကွန်မြူနစ်များနှင့် ပေါင်းသွားပြီဟု တပ်မတော်က သံသယဝင်ခဲ့ခြင်း ဖြစ်ပါသည်။
ဖဆပလ နှစ်ခြမ်းကွဲခြင်း၏ ရလဒ်အဖြစ် ၁၉၅၈ အောက်တိုဘာ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဝန်ကြီးချုပ် ဦးနုအပါအဝင် အစိုးရတဖွဲ့လုံး ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းက အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်အဖြစ် တိုင်းပြည်ကို ၆ လကြာ ထိန်းသိမ်းခွင့် ပြုလိုက်ရသည်။ ထိုအာဏာ လွှဲပြောင်းမှုမှာ တပ်မတော်မှ တည်မြဲဖဆပလနှင့် နီးစပ်သော ဆိုရှယ်လစ် တပ်မှူးများ၏ အာဏာသိမ်းရန် အကြံအစည် ဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။ အိမ်စောင့်အစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေး အစီအစဉ်အရ ဟုဆိုကာ လက်ဝဲနှိမ်နင်းရေးကို ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့သည်။
၁၉၅၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းက တပ်မတော်၏ စိတ်ဓါတ်စစ်ဆင်ရေးဌာနတစ်ခုကို ဖွဲ့စည်းစေပြီး ယင်းဌာနကို ဒုတိယဗိုလ်မှူးကြီး ဘသန်းက ဦးစီးခဲ့ပြီး ဦးချစ်လှိုင်က ၁၉၅၇ ခုနှစ်နှောင်းပိုင်းတွင် တပ်မတော် ပညာရေးနှင့် စိတ်ဓါတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတွင် နိုင်ငံရေးအတွေးအမြင် ဘာသာရပ်သင်ကြား ပို့ချသူတစ်ဦးဖြစ်လာသည်။ ဦးချစ်လှိုင်က ၎င်း၏ နိုင်ငံရေးအယူအဆဖြစ်သည့် နာမရူပဝါဒကို ဆောင်းပါး များတွင် ထည့်သွင်းရေးသားခဲ့သည်။ နာမရူပက ဗုဒ္ဓဝါဒနှင့် ရုပ်ဝါဒကို ရောစပ်ထားသည့် အယူအဆတစ်ရပ် ဖြစ်ပါသည်။ ၎င်းနာမရူပဝါဒကို တပ်မတော်၏ လက်ကိုင်ဝါဒအဖြစ် ၁၉၅၈ ခုနှစ်တွင် တပ်မှူးများ ညီလာခံ၌ အတည်ပြုကြသည်။ ဗိုလ်မှူးချုပ်မောင်မောင် ဦးစီးဆောင်ရွက်သော တပ်မတော် စိတ်ဓါတ်စစ်ဆင်ရေးဌာနက လူထု၏ လက်ဝဲဆန့်ကျင်ရေး လှုပ်ရှားမှုအားကို ရယူရန်အတွက် ကွန်မြူနစ်များသည် ဓမ္မန္တရာယ်ဟု အမည်ရသည့် စာအုပ်ကို တပ်မတော်က ထုတ်ဝေကာ ကွန်မြူနစ် များကို စိတ်ဓါတ်စစ်ဆင်ရေးဆင်နွှဲခဲ့သည့်အပြင် ဆန္ဒပြကျောင်းသားများ နှင့် ကွန်မြူနစ်၊ သို့မဟုတ် ယင်းတို့အား ထောက်ခံအားပေးသူ အယောက် (၄၀၀)ခန့် ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။
ဗမာ့တပ်မတော်မှ မဆလတပ်မတော်အဖြစ်သို့ ခုန်ကူးခြင်း
၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်ကို စတင်လိုက် ပြီးနောက် ဒီမိုကရေစီစနစ် တစ်ခန်းရပ်သည်။ ဒီမိုကရေစီ စနစ်နှင့်အတူ အမျိုးသားညီညွတ်ရေး ဥပဒေဖြင့် နိုင်ငံရေးပါတီများပါ ဖျက်သိမ်းခံလိုက်ရရာ မြေပေါ်နိုင်ငံရေးလောကတွင် အိုင်ဒီယိုလော်ဂျီ လွန်ဆွဲမှုများလည်း တစ်ခန်းရပ်သွားသည်။ ပါလီမန် ဒီမိုကရေစီစနစ်ဖြင့် ဆိုရှယ်လစ်ပန်းတိုင်သို့ မရောက်နိုင်ဟုဆိုကာ တော်လှန်ရေးကောင်စီက မြန်မာဆိုရှယ်လစ်လမ်းစဉ်ကို တည်ဆောက်ကာ တစ်ပါတီ အာဏာရှင်စနစ်ဖြင့် တိုင်းပြည်ကို အုပ်စိုးသည်။ တော်လှန်ရေးကောင်စီ၏ မြန်မာ့ဆိုရှယ်စနစ် တည်ဆောက်ရေး၊ တိုင်းရင်းသား လူမျိုးများ သွေးစည်းညီညွတ်ရေး၊ တစ်နည်းအားဖြင့် ပြည်နယ်များခွဲမထွက်ရေးတို့မှာ ဗိုလ်ချုပ်အောင်ဆန်း၏ လိုလားခဲ့သော စိတ်ဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်ဟု ဆင်ခြေပေးကြသည်။
၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းက ဆွေ၊ငြိမ်း ဖဆပလ၊ ပထစနှင့် လက်ဝဲ တပ်ပေါင်းစုဖြစ်သည့် ပမညတတို့ကို ခေါ်တွေ့ကာ ဆိုရှယ်လစ် အစိုးရအသစ်တစ်ရပ် ဖွဲ့စည်းထူထောင် မည်ဖြစ်ကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်၍ မကူညီလိုလျှင်လည်း မနှောက်ယှက်ကြပါနှင့်ဟု ပြောဆိုသည်။ ဖဆပလက ဗိုလ်ချုပ်နေဝင်းသည် အခြေအနေ တည်ငြိမ်သွားလျှင် ရွေးကောက်ပွဲလုပ်ပေးပြီး ပါလီမန် ဒီမိုကရေစီစနစ်ကို ပြန်သွားလိမ့်မည်ဟု မျှော်လင့်ခဲ့သည်ဟု ဆိုပါသည်။ ထို့နောက် ဗိုလ်ချုပ်နေဝင်းက စိတ်ဓါတ်စစ်ဆင်ရေးဌာနမှ ဗိုလ်မှူးကြီးစောမြင့်နှင့် ကွန်မြူနစ် ဟောင်းများဖြစ်ကြသည့် ဦးစောဦး၊ ဦးချစ်လှိုင်တို့ကို ခေါ်တွေ့ကာ နိုင်ငံတော်မူဝါဒတစ်ရပ် ရေးဆွဲရန်နှင့် စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင် သိမ်းယူပြီး ဆိုရှယ်လစ်စနစ်ကို တစ်ဆင့်ချင်း တည်ဆောက်သွားရန် အစရှိသည့် မူဝါဒထဲတွင် ၎င်းထည့်သွင်း စေလိုသည့် အချက်များကို ပြောပြသည်။ နောက်ပိုင်းတွင် ဗိုလ်မှူးကြီး စောမြင့်နှင့် ဦးစောဦးတို့ မအားလပ် ကြသဖြင့် ဦးချစ်လှိုင် တစ်ဦးတည်းကသာ တော်လှန်ရေးကောင်စီ၏ မူဝါဒစာတမ်းကိုရေးဆွဲရာ “လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား”ဟူသည့် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP)၏ လက်စွဲ အတွေးအခေါ် ဖြစ်လာမည့် မူဝါဒစာတမ်းထွက်ပေါ်လာခဲ့သည်။ ၁၉၆၂ ဧပြီလတွင် တပ်မှူးများ ညီလာခံ၌ တော်လှန်ရေးကောင်စီ၏မူဝါဒဖြစ်သော မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒစာတမ်းကို တင်သွင်း ဖတ်ကြား သည်။ ထိုညီလာခံမှပင် “အရင်းရှင်၊ အရင်ရှင်း”ဆိုသည့်ဝေါဟာရ ပေါ်ပေါက်လာခဲ့ပါသည်။
၁၉၆၄ ခုနှစ်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေကို ပြဌာန်းကာ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အားလုံးကို ဖျက်သိမ်းကာ မဆလတစ်ပါတီတည်း ပြိုင်ဘက်မရှိဖြစ်စေခဲ့ပါသည်။ ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် စန်းယုက ဥက္ကဌအဖြစ် တာဝန်ယူကာ တပ်မတော်အရာရှိ ၃၄ ဦးပါဝင်သည့် “မြန်မာနိုင်ငံ အခြေခံဥပဒေသစ်ရေးဆွဲရေး ကော်မရှင်”ကို ဖွဲ့စည်းလိုက်သည်။ ၁၉၇၄ ဇန်နဝါရီ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီအစိုးရသည် ဗမာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုလိုက်ပြီး တော်လှန်ရေး ကောင်စီ၏ အခန်းကဏ္ဍ တစ်ခန်းရပ်ကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကို စတင်လိုက်ပါသည်။ မဆလပါတီကို ဝိဓူရ သခင်ချစ်မောင်က ထောက်ခံစကားပြောခဲ့ပြီး ပါတီထဲသို့ ဆိုရှယ်လစ်ဟောင်းများ ဖြစ်ကြသည့် ဦးဘငြိမ်းတို့နှင့် လက်နက်ချ အလံနီများလည်း ဝင်ရောက်သွားခဲ့ကြပါသည်။ တပ်မတော်ရှိ ဗိုလ်ချုပ် နေဝင်း၏ လက်ရင်းတပည့်များဖြစ်ကြသော တပ်မှူးကြီးများကို ဦးချစ်လှိုင်က ဆိုရှယ်လစ် သင်တန်း များပေးခဲ့ရပြီး ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်မှူးချပ် စန်းယု၊ ဗိုလ်မှူးချုပ်တင်ဖေ၊ လှဟန်နှင့် ဗိုလ်မှူးကြီး ကျော်စိုး တို့ကဲ့သို့ တပ်မတော်အရာရှိကြီးမှာလည်း မဆလပါတီဝင်များဖြစ်လာကြပါသည်။ တော်လှန်ရေးကောင်စီက ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းကိုဖွင့်လှစ်ပြီး ပါတီကေဒါများကို သင်တန်းပို့ချသည်။ ဦးချစ်လှိုင်က ကျောင်းအုပ်အဖြစ် ဆောင်ရွက်သည်။ တက္ကသိုလ်များရှိ သင်ရိုးများကိုလည်း ဆိုရှယ်လစ် အယူအဆနှင့် ကိုက်ညီအောင် ပြောင်းလဲပစ်လိုက်သည်။ နောင်တွင် အာဏာသိမ်း နအဖ စစ်ခေါင်းဆောင် ဖြစ်လာသူ ဗိုလ်ကြီးသန်းရွှေသည်လည်း နိုင်ငံရေးသမိုင်းဌာန၏ ဌာနမှူးအဖြစ် ပါတီဝင်များကို မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို သင်ကြားပို့ချခဲ့သည်။
မဆလက ၎င်းတို့၏မူဝါဒကို ခပ်ကြမ်းကြမ်း အကောင်အထည် ဖေါ်ဆောင်ခဲ့ရာ လက်ဝဲစွန်း ဆန်လွန်းသည်၊ ကွန်မြူနစ်ဝါဒနှင့် အတူတူသာ ဖြစ်သည်ဟု ဝေဖန်ကြရာ “တော်လှန်ရေးကောင်စီ၏ ဆိုရှယ်လစ် မူဝါဒကို ကွန်မြူနစ်ဆန်လွန်းသည်ဟု ဆိုလျှင် ဆိုနိုင်ပါသည်။ သို့သော် မြန်မာ့အခြေအနေနှင့် ဆီလျော်အောင် ရေးဆွဲထားပြီး ပြန်လည်ပြင်ဆင်ရေး ဆိုရှယ်လစ်ဝါဒ (ခေါ်) လက်ယာ ဆိုရှယ်လစ်ဝါဒမျိုး မဟုတ်ပဲ မြန်မာ့တော်လှန်ရေး ဆိုရှယ်လစ်ဝါဒ (Burmese Revolutionary Socialism)သာ ဖြစ်သည်ဟု တုန့်ပြန်ထားသည်ကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ဗဟိုကော်မတီ ဌာနချုပ်မှ ထုတ်ဝေသော“ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း၊ ဒုတိယတွဲ”တွင် ထည့်သွင်းဖေါ်ပြကြောင်း တွေ့ရပါသည်။ ပထမကမ္ဘာစစ်အပြီးတွင် ရွေးကောက်ပွဲဖြင့် နိုင်ငံရေးအာဏာကို ရယူကာ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖေါ်လိုသူများကို ဆိုရှယ်လစ်ဟု ခေါ်ကာ၊ လက်နက်ကိုင် တော်လှန်ရေးနည်းလမ်းဖြင့် နိုင်ငံရေးအာဏာ ရယူလိုသော အုပ်စုကိုမူ ကွန်မြူနစ်ဟူ၍ သတ်မှတ်ကြောင်း အင်ဒရူးဟေးဝုဒ်က ဆိုသည်။ သို့ဆိုလျှင် မြန်မာ့ဆိုရှယ်လစ်ဝါဒမှာ လက်ဝဲ ဆန်လွန်းသောဆိုရှယ်လစ်အတုဟု ဝေဖန်ကြသည်မှာ ကြောင်းကျိုး ဆီလျော်သည်ဟု ဆိုနိုင်ပါသည်။
ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်တိုက်ဖျက်ရေး၊ ပါလီမန်ဒီမိုကရေစီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် အထိ အားပြိုင်လာခဲ့သည့် လက်ဝဲနိုင်ငံရေး အင်အားစုများမှာ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်များတွင် ပြိုလဲအဆုံးသတ် သွားပါတော့သည်။
ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းလိုက်ပြီးနောက်တွင် တော်လှန်ရေး ကောင်စီ အတွင်း၌ ဆိုရှယ်လစ် ဝါဒီဖြစ်သူ ဗိုလ်ချုပ်အောင်ကြီးက လက်မခံနိုင် ဖြစ်လာခဲ့ပြီး ဗိုလ်ချုပ်နေဝင်း၏ လွှမ်းမိုးမှုကို ခံနေရသူများဖြစ်သည့် လက်ဝဲစွန်း ဆိုရှယ်လစ်သမားများဖြစ်သည့် ဗိုလ်မှူးချုပ်တင်ဖေတို့နှင့် အားပြိုင်မှုများ ဖြစ်လာခဲ့ပါသည်။ ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ တွင် ဗိုလ်ချုပ်အောင်ကြီးကို တော်လှန်ရေးကောင်စီအဖွဲ့ဝင်၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အဖြစ်တို့မှ ထုတ်ပယ်ပစ်လိုက်သည်။ နောက်ပိုင်းတွင်း ကောင်စီအတွင်း၌ ဗိုလ်ချုပ်နေဝင်းကို ဆန့်ကျင်ဝံ့သူ မရှိတော့ပေ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ကြေညာချက်တွင် နိုင်ငံတော်၏ တပ်မတော်ကိုလည်း ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကာကွယ်မည့် အမျိုးသားတပ်မတော် ဖြစ်စေရမည်ဟု ဖေါ်ပြသည်။ ဗိုလ်ချုပ်နေဝင်းက ၎င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်က ကွန်မြူနစ် လက္ခဏာများကို ထုတ်ဖေါ်ပြသနေပြီး တစ်ဖက်တွင်လည်း ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟု ဆိုကာ ဗမာမှုပြုလျှက် ရှိသည်။ မဆလ ပါတီ၏ ၂၆ နှစ်ကြာ အကျင့်ပျက်ခြစားမှုနှင့် ဖိနှိပ်မှုအောက်တွင် မြန်မာပြည်သည် အခြေအနေ ယိုယွင်းပျက်စီး လာခဲ့ရသည့်အတွက် ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုကြီးတစ်ရပ် ပေါက်ကွဲထွက်ပေါ်လာပြီး မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီသည်လည်း ပြိုကွဲခြင်းဖြင့် နိဂုံးချုပ် အဆုံးသတ်ခဲ့ရလေသည်။
တစ်ဘက်တွင်လည်း မဆလတပ်မတော်နှင့် စစ်ပြိုင်လာခဲ့သည့် မြန်မာပြည်၏ သက်တမ်းအရင့်ဆုံး ပါတီဖြစ်သော ကွန်မြူနစ်ပါတီသည် တိုင်းရင်းသား အင်အားစုများနှင့် မကျေမလည် ဖြစ်လာခဲ့ပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ အဓိက တပ်သားများမှာ အိုင်ဒီယိုလိုဂျီ ယုံကြည်မှုထက် လူမျိုးစုဆိုင်ရာ မကျေနပ်မှုများကြောင့် ပူးပေါင်းလာသော တိုင်းရင်းသားများ ဖြစ်ပြီး၊ ဗမာများကမူ ပါတီခေါင်းဆောင်များနှင့် နိုင်ငံရေးမှူးများသာ ဖြစ်သည်ဟု ဆိုသည်။ ဗမာပြည်ကွန်မြူနစ်ပါတီအနေဖြင့် ၁၉၆၀၊ ၁၉၇၀ ပြည့်လွန်နှစ်များတွင် တရုတ်တို့ထံမှ အထောက်အပံ့ကောင်းများ ရရှိခဲ့သော်လည်း တရုတ်တို့က ဒေသတွင်း ကွန်မြူနစ် အားကောင်းမောင်းသန်ရေးမှ ခေတ်မီစီးပွားရေးတံခါးသစ်ဖွင့်လှစ်ရေးသို့ ကူးပြောင်းသွားသောအခါ ၎င်းတို့ ထောက်ပံ့မှုများကို ဖြတ်တောက်လိုက်ပါသည်။
ယင်းနောက် ၁၉၈၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့က ပုန်ကန်မှုစတင်ကာ မုံးကိုးကို သိမ်းပိုက် လိုက်ကြသည်။ ထို့နောက် ဗမာပြည် ကွန်မြူနစ်ပါတီမှ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကိုးကန့် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA)၊ မုန်းလား အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (NDAA) နှင့် အမျိုးသားဒီမိုကရေစီ တပ်မတော်သစ် ကချင်(NDAK)ဟူ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၄)ဖွဲ့ ခွဲထွက်သွားကာ နှစ်ပေါင်း (၄၀)ကြာ တည်တံ့ခဲ့သော CPB ၏ ကြီးကျယ်ခမ်းနားသည့် နေ့ရက်များ အဆုံးသတ်သွားခဲ့လေသည်။ ဗကပထဲမှ ခွဲထွက်သွားသော တိုင်းရင်းသားများက “ပါတီခေါင်းဆောင်များ ပြောနေသော အိုင်ဒီယိုလိုဂျီဆိုသည်မှာ သဘောတရားနှင့် လက်တွေ့မပေါင်းစပ်နိုင်”ဟု ဝေဖန်ခဲ့ကြသည်။
ထိုသို့ဖြင့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန် တိုက်ဖျက်ရေး၊ ပါလီမန် ဒီမိုကရေစီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ခေတ်အထိ အားပြိုင်လာခဲ့သည့် လက်ဝဲနိုင်ငံရေး အင်အားစုများမှာ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်များတွင် ပြိုလဲအဆုံးသတ် သွားပါတော့သည်။
K.L
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
ရည်ညွှန်းကိုးကားစာရင်း–
- မပြိုကွဲနိုင်သော ပြည်ထောင်စုကြီး၊ ဦးရွှေအုန်း
- Andrew Heywood; Political Ideologies: an introduction
- မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက်၊ ကျော်ဝင်း
- Thant Myint-U; The river of lost footsteps by
- ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာသောမြန်မာ့သမိုင်းအကျဉ်းနှင့် တပ်မတော်၊
တပ်မတော်သားသုတေသီတစ်ဦး - မြန်မာ့လွတ်လပ်ရေးနောက်ဆုံးတိုက်ပွဲ၊ ဗိုလ်အောင်စိန် (ဘာသာပြန်)
- ပင်လုံညီလာခံသမိုင်းစဉ်အကျဉ်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်
- ကိုလိုနီခေတ်မြန်မာရက်စွဲသမိုင်း (၁၈၈၆-၁၉၄၂)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
- ငါးနှစ်ရာသီ ဗမာပြည် (၁၉၄၁-၁၉၄၅)၊ ဦးနု
- ဂျပန်ခေတ်ရက်စွဲသမိုင်း (၁၉၄၂-၁၉၄၅)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
- လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း (၁၉၄၅-၁၉၄၈)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
- ကျွန်တော်သိသော တစ်ရံရောအခါများ၊ ကိုကိုမောင်ကြီး
- အမှောင်ကြားက ဗမာပြည် (၁၉၄၈-၂၀၀၀)၊ ဝင်းတင့်ထွန်း
- အကွဲအပြဲဇာတ်လမ်း၊ ဂါးဒီးယန်း ဦးစိန်ဝင်း
- ၁၉၈၈-၂၀၀၂ ခုနှစ် မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှုရက်စွဲမှတ်တမ်းများ၊ ABSDF
- ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ သမိုင်းဝင်မှတ်တမ်းမှတ်ရာများ (၁၉၉၈-၂၀၀၃)၊ ခင်ကျော်ဟန်
- လစ်ဘရယ်ဝါဒနှင့် လစ်ဘရယ်သမိုင်းကြောင်း၊ အပိုင်း (၁၀)၊ လင်းသက်
- ပြည်တွင်းသောင်းကျန်မှုသမိုင်း အတွဲ ၁၊ ၂၊ ၅
- အစိုးရသစ်နှင့် တိုင်းရင်းသားအင်အားစုများအကြား အကြပ်အတည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ
- ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်၊ ကျော်ဝင်း