အီဂေါဗလာဇီဗစ်
အသစ်ခန့်အပ်လိုက်သော လူ့အခွင့်အရေးဝန်ကြီး အောင်မျိုးမင်း လုပ်နေသည့်များနှင့် လုပ်ရန်ကြံရွယ်သည်တို့ အပေါ်တွင် များစွာ ယုံကြည်မှု ရှိပါသည်။ ( သူ့အင်တာဗျူးကို ကြည့်ပါ)။ သူ့တွင် အတွေ့အကြုံနှင့် သံဓိဌာန်၊ မှန်မှန်ကန်ကန်လုပ်ရန် ပညာနှင့်ကျွမ်းကျင်မှုရှိပါသည်။ လုပ်နိုင်ကိုင်နိုင်စွမ်းရှိ၍ စိုက်လိုက်မတ်တပ်လုပ်မည့် အဖွဲ့နှင့်လည်း သူဝိုင်းရံထားပါလိမ့်မည်။ လုပ်ရမည့် အလုပ်တွင် အချိန်ယူရန်၊ စိတ်ရှည် ဇွဲသန်ရန်၊ အသေးစိတ်များကို ဂရုစိုက်ရန် လိုပါသည်။ ထို့အတွက် သူ့ကို ဝိုင်းဝန်းထောက်ပံ့ဖို့ လိုပါမည်။ တတ်နိုင်သလောက် ထောက်ပံ့ကြရပါမည်။
သံတမန်နှင့် ငြိမ်းချမ်းရေး အသိုင်းအဝိုင်း၊ တချို့သော ပညာရပ်ဆိုင်ရာ သုတေသနများတွင် ငြင်းခုံလေ့ရှိသည့်ကိစ္စတခုရှိပါသည်။ ယင်းမှာ စစ်ပွဲနှင့် အကြမ်းဖက်မှုများ ဖြစ်ပွါးနေချိန်တွင် အရေးယူမည့်အကြောင်း၊ တရားမျှတမှုအကြောင်းများ ပြောခြင်းသည် အမျော်အမြင်ရှိရာမကျဟူသော အယူအဆဖြစ်ပါသည်။ ထိုသို့လုပ်လျင် လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်သောပြစ်မှု၊ အစုအဖွဲ့လိုက် ရက်စက်သတ်ဖြတ်မှု ကျူးလွန်သူ လူသတ်ကောင်များစိုးရိမ် ထိတ်လန့် ၍ ညှိနှိုင်းရေး စားပွဲဝိုင်းသို့ လာကြလိမ့်မည် မဟုတ်ဟု ယူဆကြပုံဖြစ်ပါသည်။
ကျွန်တော့်စောင့်ကြည်သုံးသပ်မှုအရရော၊ သမိုင်းလေ့လာမှု အရပါ ပြောရလျင် (အရေးယူခံရမည်ဟု) အကြိမ်ကြိမ် အထပ်ထပ် သတိပေးနေသည်က ပိုကောင်းပါသည်။ မင်းအောင်လှိုင်တင်သာမက သူ့အမိန့်ကို နာခံနေသည့်စစ်တပ်နှင့် စစ်အာဏာရှင် ယန္တယားတစ်ခုလုံးကို သူတို့ လက်လှမ်းမမှီသည့် ( ဖမ်းဆီး ထိန်းသိမ်း၍ မရသည့်) တရားဝင် အဖွဲ့အစည်းတခုက စိတ်ရှည်စွာ စောင့်ကြည့်နေသည်။ အထောက်အထားများ စုစောင်းနေသည်။ တရားခွင်သို့ ခေါ်ဆောင်လိမ့်မည်ဟု သိနေစေရပါမည်။
အာဏာ တည်မြဲရေးအတွက် တိုင်းပြည်ကို ဖျက်စီးရန်မှတပါး တခြားဘာကိုမှ မင်းအောင်လှိုင် လုပ်မည်မဟုတ်ပါ။ သူသည် မပြန်လမ်းပေါ် ရောက်နေခဲ့ပြီ။ ဆွေးနွေးရန်လက်ခံသည် ဆိုလျင်လည်း အကြမ်းဖက်မှုများ ရပ်တန့်ရန်နိုင်ငံတကာ၏ အားထုတ်မှုကို လိမ်လည် အမြတ်ထုတ်နိုင်ရန်သာ ဖြစ်ပါလိမ့်မည်။ ( အာဆီယံ အထူးအစည်းဝေးမျိုးနှင့် တူပါလိမ့်မည်)။ ထို့ကြောင့် ICC အကြောင်းပြောခြင်း မပြောခြင်းက မအလ ၏ လက်ရှိနှင့် နောင်လာမည့်ဆုံးဖြတ်ချက်များအပေါ် ဘာမှ ထူးခြားစေလိမ့်မည် မဟုတ်ပါ။
သို့ရာတွင် စစ်အာဏာရှင် ယန္တယားနှင့် တပ်မတော်ကို မအလ ကဲ့သို့သော သားသတ်သမားများ အကြောင်းသတိပေးရန် လိုအပ်ပါသည်။ မအလ ကဲ့သို့ပင် ထိုသားသတ်သမားများသည် အားကြီး၊ရက်စက်၊ လန့်စရာ၊ ချုပ်ကိုင်ထားနိုင်သူများအဖြစ် ထင်မြင်ခံရပါသည်။ သို့သော် နှစ် အနည်းငယ် အကြာတွင် ထိုသူတို့သည် ဟိတ်မြို့ရှိ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် နိဂုံးချုပ်ပါသည်။
ဆန္ဒပြပွဲများ၊ CDM လှုပ်ရှားမှုများ၊ ခုခံတိုက်ပွဲဝင်နေကြသည့် ရဲရင့်သော မြန်မာပြည်သူများ၊ စိတ်ဖိစီး နာကျင်နေသည့် ပြည်သူများကိုလည်း သားသတ်သမားများသည် လွတ်မြောက် ကွယ်ပျောက်နေလိမ့်မည် မဟုတ်ဟု အသိပေးရန် လိုပါသည်။ နိုင်ငံတွင်း နှင့် နိုင်ငံတကာ တရားမျှတမှုတို့က သူတို့ထံရောက်လာကြပါလိမ့်မည်။ အမြဲတမ်းတော့ရောက်မလာ ဆိုသည်မှာလည်း မှန်ပါသည်။ သိုရာတွင် မျော်လင့်ချက်ထား၍ လက်မလျော့ သင့်လောက်အောင် မကြာမကြာရောက်လာလေ့ရှိပါသည်။
မြန်မာမိတ်ဆွေများ ယခုကာလတွင် ပြောလေ့ရှိသလိုပင် “ ငါတို့နိုင်မှာ” ဟူ၍ဖြစ်ပါသည်။
ဘော်လကန် သားသတ်သမား မီလိုဆီဗစ်၏ ဓါတ်ပုံမှတ်တမ်းကို အောက်တွင်ကြည့်နိုင်ပါသည်။ အချိန်ကလ တရပ်ထိ သူသည် တို့ထိ၍ မရသည့် ဟန်ရှိပါသည်။ သူသည် မိုက်မဲမှု၊ ရက်စက်မှု ၊ လူ့အသက်ကို တန်ဖိုးမထားမှုတို့ဖြင့် ပုံပြောင်းလာကာ နောက်ဆုံးတွင် ဟိတ်မြီု့ ICC တွင် နိဂုံးချုပ်ပါသည်။
————
အောင်မျိုးမင်း၏ ဧရာဝတီမှ အင်တာဗျူး ကောက်နှုတ်ချက်ကိုကြည့်ပါ။
“ မြန်မာပြည်ရဲ့ ပထမဆုံး လူ့အခွင့်အရေး ဝန်ကြီး အနေနဲ့ ခင်ဗျားရဲ့ ပထမခြေလှမ်းက ဘာဖြစ်မလဲ”
“ အရင်က မြန်မာလူ့အခွင့်အရေး ကော်မရှင် ရှိခဲ့ဘူးတယ်။ သီးခြားဝန်ကြီးဌာန အနေနဲ့ လူ့အခွင့်အရေး ကိစ္စအပေါ်မှာ အများကြီးပိုလုပ်နိုင်ဖို့ ရည်ရွယ်တယ်။ ပထမအဆင့်အနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုတွေ၊ လူမျိုးစုဒေသတွေက စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ဖို့ ပြည်သူနဲ့ တွဲလုပ်မယ်။ ဒါမှ အမှန်တရား ကို ခိုင်ခိုင်မာမာ တည်နိုင်မှာပါ။
ဒါကိုကျွန်တော်တို့ လုပ်နေပြီ။ ပြည်သူတွေ နဲ့ တွဲ့လုပ်ဖို့လည်း လုပ်နေပါတယ်။ ဒါမှလည်း ပြည်သူတွေကိုယ်တိုင်ဝန်ကြီးဌာနကို အားကိုးပြီး သူတို့ကိုယ်တိုင်အတွက် တရားမျှတမှုရှာနိုင်မှာပါ။
ဒီမှတ်တမ်းတွေကို ICC နဲ့ တခြားတရားရုံးတွေကို ကျွန်တော်တို့ပို့မယ်။ ကျူးလွန်သူတွေကို ICC ဖြစ်စေ တခြားတရာရုံးတွေကို ဖြစ်စေ ခေါ်လာတဲ့ အခါမှာ ဒီမှတ်တမ်းတွေ ရှိပြီးဖြစ်ရမယ်။ အခုအခါမှာတော့ ဒီမှတ်တမ်းတွေကစိတ်ပျက်စရာ စိတ်ဓါတ်ကျစရာပေါ့။ ဒါပေမဲ့ အနာဂတ်မှာ ကျူးလွန်သူတွေကို တရားခွင်ခေါ်ထုတ်ဖို့အထောက်အထား အခိုင်အမာ ပေးလိမ့်မယ်။
စစ်ကောင်စီဟာ နိုင်ငံတကာ ဥပဒေကို ချိုဖေါက်နေတာပါ။ ကျူးလွန်သူတွေကို သူတို့လုပ်ရပ်အတွက် တာဝန်ခံခိုင်းပြီး ခံရသူတွေအတွက် တရားမျှတမှု ရနိုင်ဖို့ ကျွန်တော်တို့ လုပ်မယ်”။
အီဂေါဗလာဇီဗစ်