အီဂေါဗလာဇီဗစ်
အာဆီယံ အထူးအစည်းအဝေးသည် အာဆီယံ၏ ရည်ရွယ်ချက်အတွက် အလုပ်ဖြစ်ခဲ့ပြီ။ အာဆီယံ၏ ရည်ရွယ်ချက်မှာ တခုခုလုပ်နေသယောင် ဟန်ပြ၍ အားလုံးစည်းလုံး ညီညွတ်နေပါသည်ဟု သရုပ်ဆောင်ရန် ဖြစ်သည်။ အမေရိကန်နှင့် တရုတ်၏ အကျိုးစီးပွါး အတွက်လည်း အလုပ်ဖြစ်ခဲ့ပါသည်။ ထိုနှစ်နိုင်ငံ၏ ရည်ရွယ်ချက်တော့ မတူပါ။
တရုတ်အနေနှင့် အာဆီယံကို အသုံးပြု၍ အမေရိကန်ကို ပွဲအပြင်ထုတ်ထားလိုသည်။ အမေရိကန်ကလည်း အာဆီယံကို အသုံးပြု၍ တရုတ်အနေနှင့် စစ်ကောင်စီဘက်မှအပြည့်အဝ ထောက်ခံရပ်တည်ခြင်းမျိုးကို တာဆီးလိုသည်။ မြန်မာသည် တရုတ်နှင့် အမေရိကန်ကြား ပထဝီနိုင်ငံရေး စစ်မျက်နှာ ဖြစ်လာခြင်းမျိုးမှ အမေရိကန်က ရှောင်ရှားလိုသည်။ထို့ကြောင့် အမေရိကန်သည် အာဆီယံအနောက်မှသာ ဝင်ရပ်တည်သည်။ မြန်မာအရေးတွင် အမေရိကန်သည်နောက်တန်းမှ ပါဝင်သည့် ချည်းကပ်နည်းဖြင့် နိုင်ငံစုံမဟာမိတ် ဖန်တီးနိုင်အောင် စိတ်ရှည်ရှည်ဖြင့် ကြိုးစားလျက်ရှိသည်။
အာဆီယံအစည်းဝေးသည် ဖြေးဖြေးချင်း တရားဝင်မှုရနိုင်ရေး မအလ ၏ ရည်မှန်းချက်ကို အနည်းငယ်အထောက်အကူပြုခဲ့သည်။ သိသိသာသာတော့မဟုတ်ပါ။
အာဆီယံ၏ ယူဆချက်မှာ မအလသည် ပြဿနာ၏အရင်းအမြစ်ဖြစ်သည်။ ထို့ကြောင့် အဖြေ၏ အစိတ်အပိုင်းဖြစ်ရမည်ဟူ၍ ဖြစ်ပါသည်။ နိုင်ငံတကာဆက်ဆံရေးတွင် တွေ့ရများသော ချည်းကပ်ပုံဖြစ်သည်။ ပြည်သူကိုနှိပ်စက်နေသော လူမိုက်ကို မတားဆီးနိုင်သော အခြေအနေတွင် ထိုလူမိုက်ကိုပင် စကားပြောညှိုနှိုင်း၍ ညင်ညင်သာသာ ပြုမူရန် ဖျောင်းဖျမည်ဟူသော အတွေးမျိုးဖြစ်သည်။ ထိုနည်းလမ်းတွင် နှစ်ဘက်လုံးမှ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါဟူသော စကားမျိုး ပါလေ့ရှိသည်သာဖြစ်သည်။
အမှန်မှာ မအလသည် လက်ရှိမြန်မာပြည်၏ ပြဿနာ အရင်းခံ၊ လက်ရှိအခြေအနေများ၏ တခုတည်းသောဇစ်မြစ်ဖြစ်သည်။ အမှားနောက်ကို အကြွင်းမဲ့လိုက်မည့် တစောက်ကန်း စိတ်အခြေအနေရှိသူဖြစ်သည်။ သူ ညှိုနှိုင်းလက်ခံနိုင်သည့် အလယ်အလတ်အခြေအနေ ဟူ၍ မရှိပါ။ မအလသည် မည်မျှအကုန်အကျများပါစေအဆုံးသတ်၊ အပြီးသတ်အောင်ပွဲ ရမှဖြစ်မည်ဟု နောက်လှည့်မရတော့သည့် အလောင်းအစားကို လုပ်ထားသူဖြစ်ပါသည်။ ထိုရည်မှန်းချက်ရောက်သည် အထိ သူရပ်မည် မဟုတ်ပါ။
မြေပြင်တွင် ပါဝါချိန်ခွင်လျာ သိသိသာသာ မပြောင်းလဲ မချင်း အာဆီယံ၏ စေ့စပ်ညှိုနှိုင်းမှု အလုပ်မဖြစ်နိုင်ပါ။
လက်ရှိအခြေအနေတွင် အာဆီယံသည် မိမိ၏ ညှိုနှိုင်းမှုဖြင့် အဆင်ပြေ အဖြေရလိမ့်မည်ဟု မျော်လင့်ခြင်းသည်စစ်ကောင်စီ၏ ဖိနှိပ်မှုအောင်မြင်ရန် လိမ်လည်လှည့်ဖျား အချိန်ဆွဲပေးထားခြင်းသာ ဖြစ်ကောင်းဖြစ်မည်။သို့မဟုတ် မြန်မာပြည်တွင်ဆက်ဖြစ်နေမည့် ရက်စက်မှု ရာဇဝတ်မှုများအတွက် ငါတို့တွင် တာဝန်မရှိဟု ပြနိုင်ရန်အများရှေ့ အမြင်ကောင်းအောင် လုပ်သော အလုပ်မျိုးသာ ဖြစ်လိမ့်မည်။ လူသားချင်းစာနာထောက်ထားသောအကူအညီများသည် ပေးသူအတွက် စိတ်သန့်စေ၊ လိပ်ပြာလုံစေသော ကိစ္စဖြစ်နိုင်သော်လည်း လူမိုက်၏ နှိပ်စက်မှုဒဏ် ခံနေရသူများကို ကာကွယ်မပေးပါ။
စစ်ကောင်စီပြောခွင့်ရသူ၏ စကားကိုနားထောင်ကြည့်ရန် လိုပါလိမ့်မည်။ “ စကစ၏ မူ ၅ ချက်ကို အထောက်အကူပြုမည့် ၊ အမျိုးသားအကျိုးစီးပွါးနှင့် ကိုက်ညီသည့်၊ အာဆီယံစိတ်ဓါတ်၊ အာဆီယံ ချာတာပေါ် အခြေပြုသည့် အာဆီယံအဆိုပြုချက်များကို အပြုသဘောဖြင့် စဉ်းစားပါမည်”။
မြန်မာစစ်တပ်မှ သုံးလေ့ရှိသော သော နှစ်ခွဘာသာ စကားဖြင့် ထိုပြောကြားချက်ကို ဘာသာပြန်ကြည့်လျင် သူ့ပြောလိုရင်းမှာ ဤသို့ဖြစ်သည်။ “ ကျုပ်တို့ အာဏာချုပ်ကိုင်ပြီး လုပ်မဲ့ ရွေးကောက်ပွဲဥပဒေ ပြောင်းတာ၊ မဲစာရင်းပြောင်းတာ၊ ဘယ်သူတွေတော့ ရွေးကောက်ပွဲ ပါနိုင်တယ်လို့ ဆုံးဖြတ်တာတွေလုပ်ပြီး နောက်လာမဲ့ရွေးကောက်ပွဲမှာ စစ်တပ်က ပါတီနိုင်အောင်လုပ်မယ်။ ပြီးရင် ခုစစ်ဦးစီးချုပ်က သမ္မတ ဖြစ်လာမယ်။ အဲဒီနောက် စစ်တပ်ကနေအရပ်သားကို အာဏာလွှဲပေးမယ်။ အဲဒီလိုတွေ လုပ်ဖို့ အကူအညီဖြစ်နေသမျှ အာဆီယံကို လက်ခံမယ်။ အာဆီယံရဲ့ ပြည်တွင်းရေး မစွက်ဖက်ရ မူဝါဒအောက်မှာ တခြားဘာကိုမှ လက်ခံမှာ မဟုတ်ဘူး”။
မအလ နှင့် စစ်ကောင်စီသည် အပေးအယူ အနည်းအပါးကလေးကိုမှ လုပ်ရန် အဆင်သင့်ဖြစ်မနေပါ။ဘယ်လောက်စရိတ်ကြီးကြီး အပြီးသတ် နောက်ဆုံးပိတ်မှာ နိုင်ရမယ်ဟူသော သေရင်ခံ ရှင်ရင်စံ ပွဲကိုသာ သူတို့ကစားနေပါသည်။ ထို့ကြောင့်ပင် မြန်မာပြည်တွင်းမှ စစ်ကောင်စီနှင့် ခုခံသူများကြား ပါဝါချိန်ခွင်လျာ မပျက်မခြင်း အာဆီယံမှ ဘယ်လိုမျှ မှ ညှိုနှိုင်းပေး၍ မရနိုင်ဟု ပြောခြင်းဖြစ်ပါသည်။
မအလ ယုံကြည်နေသည်မှာ သူဆက်၍ စနစ်တကျအကြမ်းဖက်နေပါလျင်၊ တရုတ်နှင့် ရုရှားကို သူ့ဘက်တွင်ထားနိုင်လျင်၊ အလျော့မပေးပဲ တောင့်ခံနေပါလျင် အနှေးနှင့်အမြန် လူထုဆန့်ကျင်မှုကို အရေးနိမ့်အောင်လုပ်နိုင်မည်ဟူ၍ဖြစ်သည်။ NUG နှင့် EAO များကို နိုင်ငံတကာ ထောက်ခံမှု ပိုမလာအောင် လုပ်ရေးအတွက်သာ ဆွေးနွေးပွဲတက်ရသည်။ တခြားအကြောင်းများအတွက် ဆွေးနွေးပွဲများ လက်ခံစရာမလိုဟု မအလ ယူဆပါသည်။
တိုင်းရင်းသားလက်နက်ကိုင် (EAO) များလက်ထဲရှိ ရွေ့ပြောင်းရလွယ်၍ ထိရောက်သော လေယာဉ်ပစ်၊ ရဟတ်ယဉ်ပစ် လက်နက်ပမာဏအချို့သည် တပ်မတော်ကို ညှိုနှိုင်းရေး စားပွဲဆီသို့ နီးနီးစပ်စပ် မြန်မြန်ဆန်ဆန်ရောက်လာအောင် လုပ်နိုင်ပါသည်။ နှစ်ဘက်စလုံးက မယုံကြည်သော အခြားဆွေးနွေးပွဲများထက် ပိုအလုပ်ဖြစ်ပါလိမ့်မည်။
ယနေ့ မိုးမောက်တွင် ကေအိုင်အေမှ ရဟတ်ယာဉ် ပစ်ချလိုက်နိုင်ခြင်းသည် လူထုအပေါ်ဆင်နွဲ နေသော စစ်ကောင်စီ၏ အကြမ်းဖက်စစ်ပွဲ အနာဂတ်တွင် အဆုံးသတ်ရေးကို ပိုအထောက်အကူပြုနိုင်ပါသည်။ အာဆီယံကိုယ်စားလှယ်များ နေပြည်တော်လာ၍ မအလ နှင့် စကားပြောခြင်းထက်ပိုခရီးရောက်ပါသည်။
NUG နှင့် EAO များစုစည်းမိလျင် ( အကယ်၍သာ ထိုသို့သော ညီညွတ်မှု ဖြစ်တည်လာလျင်)၊ နယ်မြေပိုရလာ၍အရှိန်ပိုကောင်းလာလျင် တပ်မတော်သည် အလေးအနက် စကားပြောရန် အဆင်သင့်ဖြစ်လာပါလိမ့်မည်။
( ယခုဆောင်းပါး အဆက်အနေနှင့် ကျွန်တော့်နိုင်ငံ ဘော့စနီးယားမှ သင်ခန်းစာများကို ဆက်ပြောလိုပါသည်။နိုင်ငံတကာ ညှိနှိုင်းမှုများ၊ လူသားချင်း စာနာမှုအကူအညီ၊ ရက်စက်မှုများ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှု၊ စစ်ကို အဆုံးသတ်ပုံတို့ ပြောရန်ရည်ရွယ်ပါသည်)