ဖက်ဒရယ်စနစ်သည် လူမျိုးနွယ်စုများ စုပေါင်းနေထိုင်ပြီး ကွဲပြားခြားနားသော ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာ များ၊ ဘာသာ စကားများရှိသော နိုင်ငံများ၊ နယ်မြေဧရိယာကြီးမားကျယ်ပြန့်သော နိုင်ငံများတွင် အဓိက ကျင့်သုံးသည်ကို တွေ့ရသည်။ ဖက်ဒရယ်စနစ်တွင် ဖက်ဒရယ်အစိုးရအပြင် သက်ဆိုင်ရာ နယ်မြေအလိုက် ဒေသဆိုင်ရာ အစိုးရအဖွဲ့များ လည်းရှိသည်။ ပြည်ထောင်စုစနစ် (သို့) ဖက်ဒရယ်စနစ်သည် တစ်ပြည်ထောင်စနစ်နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ ဖက်ဒရယ်စနစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများ၏ အာဏာခွဲဝေမှုအပိုင်းကို တိတိကျကျ သတ်မှတ်ပြဋ္ဌာန်း ဆောင်ရွက်ထားသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းရှိ ပြည်နယ်ဆိုင်ရာ အခွင့်အရေးများကို ပြုပြင်လိုလျှင် ပြည်ထောင်စုတွင်သာမက သက်ဆိုင်ရာပြည်နယ်များမှပါ သဘောတူရန် လိုအပ်ပြီး ဖက်ဒရယ်အစိုးရ တစ်ခုထဲမှ စိတ်တိုင်းကျ ပြုပြင်နိုင်မှုကို ကန့်သတ်ထားသည်။ ဖက်ဒရယ်နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ တစ်ခုသို့မဟုတ် တစ်ခုထက်မက ရှိတတ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်ထောင်စုအဆင့် သာမက ဒေသ (ပြည်နယ်) များအလိုက်ပါ ပြဋ္ဌာန်းထားသော နိုင်ငံများတွင် မည်သည့်အစိုးရက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို အတိအကျ သီးခြားခွဲခြား၍ ဖော်ပြထားပြီး ဒေသ(ပြည်နယ်)ဖွဲ့စည်းပုံများကို မိမိတို့ဒေသအလိုက် ရေးဆွဲတတ်ကြသည်။ သို့သော် ပြည်နယ်ဖွဲ့စည်းပုံများသည် ပြည်ထောင်စုဖွဲ့စည်းပုံ၏ အခြေခံပြဋ္ဌာန်းချက်များကို ကျော်လွန်ရေးဆွဲ၍ မရကြပါ။
ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) နီးပါးအနက် နိုင်ငံပေါင်း (၂၇) နိုင်ငံတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည်။ ကမ္ဘာ့လူဦးရေ၏ (၄၀%)သည် ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံများတွင် နေထိုင်သည်။ ကမ္ဘာတွင်အချမ်းသာဆုံးနီးပါး ဖြစ်သော အမေရိကန်နိုင်ငံ ပါဝင်သလို ဆင်းရဲသောနိုင်ငံဖြစ်သည့် အီသီယိုးပီးယားနိုင်ငံလည်း ပါဝင်သည်။ ကမ္ဘာ့လူဦးရေ အများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် ဖက်ဒရယ်နိုင်ငံဖြစ်သလို သေးငယ်သော မိုက်ခရိုနီးရှား (Micronesia) နိုင်ငံနှင့် စိန့်ကစ်နှင့် နီးဗစ် (Saint Kitts and Nevis) တို့သည်လည်း ဖက်ဒရယ်နိုင်ငံများဖြစ်သည်။
ပြည်ထောင်စုစနစ်တွင်လည်း ဗဟိုအစိုးရချုပ်ကိုင်မှု အားကောင်းသော ပြည်ထောင်စုစနစ်နှင့် ဗဟိုအစိုးရ ချုပ်ကိုင်မှု အားနည်းပြီး ဒေသဆိုင်ရာအစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာအားကောင်းသော စနစ်ဟူ၍ (၂) မျိုး တွေ့မြင်ရပါသည်။
ဗဟိုချုပ်ကိုင်မှု အားကောင်းသော ဖက်ဒရယ်စနစ်
မူလတစ်ပြည်ထောင်စနစ်ကို လက်မခံသည့် နိုင်ငံများ၊ ဗဟိုအစိုးရ၏ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် သည့် အခြေအနေကို လက်မခံတော့ဘဲ ဒေသဆိုင်ရာလုပ်ပိုင်ခွင့်များကို မိမိတို့ဒေသအလိုက် ဆောင်ရွက်ရန်လိုလားသည့် အခြေအနေအပေါ်အခြေခံပြီး ပြည်တွင်းပဋိပက္ခများ ပြင်းထန်လာခြင်း၊လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခြင်းကို တားဆီးလိုသော အခြေအနေတွင် ပြောင်းလဲကျင့်သုံးသည့် ဖက်ဒရယ်စနစ်မျိုးဖြစ်ပြီး ထိုစနစ်မျိုးတွင် ဗဟိုအစိုးရ (ဖက်ဒရယ်အစိုးရ) က အာဏာပိုယူထားလေ့ရှိသည်။ ထိုကဲ့သို့သော ဖက်ဒရယ်စနစ်မျိုးကို ဗဟိုချုပ်ကိုင်မှု အားကောင်း သော ဖက်ဒရယ်စနစ်ဟု သတ်မှတ်ကြပါသည်။
ဗဟိုချုပ်ကိုင်မှု လျော့နည်းသော ဖက်ဒရယ်စနစ်
မိမိတို့တစ်သီးတစ်ခြားစီ ရပ်တည်ခြင်းဖြင့် စီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေးတို့တွင် အင်အားနည်းပါးစေပြီး ပါတ်ဝန်းကျင်နိုင်ငံများမှ မိမိတို့၏တည်ရှိမှုကို ခြိမ်းချောက်လာသော အခြေအနေတွင် မိမိတို့နှင့်အခြေအနေတူသော ဒေသများ စုစည်း၍ အင်အားတောင့်တင်းသော နိုင်ငံတစ်ခုထူထောင်ရန်လိုအပ်သည့် အခြေအနေတွင် ပေါင်းစည်း ထားသည့် ဖက်ဒရယ် ပုံစံမျိုးဖြစ်သည်။ တစ်ခါတစ်ရံ သမိုင်းကြောင်းအရ ခွဲထွက်ခွင့်ရှိသော ဒေသများအနေဖြင့် ခွဲထွက်ခွင့် လှုပ်ရှားမှုများ မပေါ်ပေါက်လာစေရန် သက်ဆိုင်ရာဒေသအသီးသီး၏ အစိုးရများကို လုပ်ပိုင်ခွင့်အာဏာပိုပေးထားပြီး ဖက်ဒရယ်အစိုးရ၏ အာဏာကို လျှော့ချထားသော အခြေအနေမျိုးရှိသည့် နိုင်ငံမျိုးလည်း ဖြစ်နိုင်သည်။ ကမ္ဘာပေါ်ရှိ ဖက်ဒရယ်နိုင်ငံ တစ်ချို့၏ အာဏာခွဲဝေမှုကို လေ့လာရာ အောက်ပါအတိုင်း တွေ့နိုင်ပါသည်။
မောင်မြစ်သစ်