အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖြည့်ဆည်းပေးရမည့် ကွက်လပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ်ကိုလိုနီလက်အောက်ခံဘဝမှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိခဲ့သည်။ ထိုအချိန်မှ စ၍ ယနေ့အချိန်အထိ နိုင်ငံတော်အုပ်ချုပ်ရေးအတွက် လမ်းပြမြေပုံဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို (၃) ကြိမ်အထိ ​ပြောင်းလဲရေးဆွဲ ပြဋ္ဌာန်းခဲ့သည်။ လွတ်လပ်ရေးရရှိ ပြီးနောက်ပိုင်းမှစ၍ တိုင်းပြည်တွင် ကြုံတွေ့နေရသောပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးများကို ထိုဖွဲ့စည်းပုံ (၃) ခုဖြင့် ရပ်တန့်အောင် မဆောင်ရွက်နိုင်ခဲ့သကဲ့သို့ တိုင်းရင်းသားအားလုံး သဘောတူညီစွာဖြင့် ဖွဲ့စည်းသည့် အမျိုးသားနိုင်ငံတစ်ခု မထူထောင်နိုင်ခဲ့ပါ။ ထိုဖွဲ့စည်းပုံများသည် တိုင်းရင်းသားလူမျိုးများ မျှော်လင့်တောင့်တနေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ကို ခွင့်ပြုထားခြင်းမရှိခဲ့ပါ။ မြန်မာနိုင်ငံကို တိုင်းရင်းသား ပေါင်းစုံပါဝင်သည့် အမျိုးသားနိုင်ငံတစ်ခု ထူထောင်မည်ဆိုလျှင် လက်ရှိအတည်ပြု ပြဋ္ဌာန်းထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို ပယ်ဖျက်၍ ဖက်ဒရယ် ဖွဲ့စည်းပုံတစ်ခု အသစ်ရေးဆွဲ ပြဋ္ဌာန်းရမည် ဖြစ်သည်။ ယခုအချိန်သည် လက်ရှိပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံကို စစ်အာဏာရှင်မှလွဲ၍ ကျန်ပြည်သူ အားလုံးမှ အသိအမှတ်မပြုသော ကာလတစ်ခုကို ရောက်ရှိနေပါသည်။ ထိုအခြေအနေသည် အနာဂတ်အမျိုးသား နိုင်ငံတော်တစ်ခု ထူထောင်နိုင်ရန်အတွက် လိုအပ်ချက်များကို  ပြင်ဆင်ပြောင်းလဲရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ထိုအခြေအနေကို အမိအရ ဆုပ်ကိုင်နိုင်ရန် နိုင်ငံရေးတွင် ဦးဆောင်နေကြသူများအားလုံးမှ ရေရှည်နိုင်ငံ့အကျိုးကို မျှော်တွေး၍ အကောင်းဆုံးဖန်တီးနိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်မှု အပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် အလွန်အရေး ကြီးပါသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံတော်တစ်ခုတွင် ဖက်ဒရယ်ဖွဲ့စည်းပုံတစ်ခုသည် စေ့စပ်ညှိနှိုင်း၍ မရခဲ့သော အမျိုးသားနိုင်ငံတော်၏အချုပ်အခြာ အာဏာနှင့် ပြည်နယ်များ၏ အချုပ်အခြာအာဏာကို ပြေလည်အောင်ညှိနှိုင်းသည့် ကြိုးပမ်းမှု တစ်ခုပင်ဖြစ်သည်။ လက်ရှိအချိန်အထိ အငြင်းပွားနေသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပြည်ထောင်စု လုပ်ပိုင်ခွင့်များကို အကြေအလည် ဆွေးနွေးရမည့် အချိန်လည်းဖြစ်သည်။ ထိုအာဏာခွဲဝေမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတွင် ပါဝင်မည့် ဖက်ဒရယ်အစိတ်အပိုင်းအားလုံး အနေဖြင့် အောက်ပါ စိတ်နေစိတ်ထားများဖြင့် ဆွေးနွေးရန် လိုအပ်သည်ဟုလည်း  ယူဆမိပါသည်။

၁။ ဖက်ဒရယ်ပြည်ထောင်စုတွင် ပါဝင်မည့် တိုင်းရင်းသားလူမျိုးများ အားလုံးသည် အမျိုးသားနိုင်ငံတော်တစ်ခု ထူထောင်မည်ဆိုသော စိတ်ဆန္ဒ အပြည်အဝရှိနေရမည်။

၂။ လူဦးရေများပြီး နယ်မြေဧရိယာ ကျယ်ဝန်းစွာပိုင်ဆိုင်ထားသော ဗမာလူမျိုးများအနေဖြင့်လည်း ပြည်ထောင်စု စိတ်ဓါတ်ကို အပြည်အဝလက်ခံ ကျင့်သုံးပြီး မိမိ၏ အားသာချက်ကို အခြေခံသော လွှမ်းမိုးလိုစိတ်ကို ပယ်ဖျက်နိုင်ရမည်။ ထိုအချက် နှစ်ချက်မှ တစ်ခုခုချို့ယွင်းပါက ဖက်ဒရယ်ပြည်ထောင်စုကို မည်ကဲ့သို့သော အခြေအနေမျိုးတွင်မှ အောင်မြင်စွာ ထူထောင် နိုင်မည်မဟုတ်သည်ကို သတိပြုသင့်သည်။ အကယ်၍ ဆောင်ရွက်ခဲ့လျှင်လည်း တစ်ပြည်ထောင်စနစ်ကိုသာ ဦးတည်နေသော အားနည်းသော ပြည်ထောင်စုစနစ်သာ ဖြစ်သွားမည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအကျဆုံးသော အခြေခံဥပဒေ ဖြစ်သည့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေသည် ထိုစိတ်ဆန္ဒများ အပေါ်တွင် အခြေမခံသောကြောင့် ပြည်ထောင်စုစနစ်ဟု ဆိုသော်ငြားလည်း တစ်ပြည်ထောင်စနစ်ကိုသာ ဦးတည်သွားသည်ကို အတိတ်သင်ခန်းစာ ယူသင့်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင်များ အနေဖြင့် ဖက်ဒရယ်စနစ်တစ်ခုတွင် အောက်ပါ နည်းလမ်း(၃) သွယ်ပါ ရှိရမည်ဟု ညွှန်းဆိုထားသည်။

နည်းလမ်း (၁) ပြည်ထောင်စုနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာကို တိကျစွာ သီးခြားစီ ခွဲဝေပြဋ္ဌာန်းထားရမည်။

နည်းလမ်း (၂) ပြည်ထောင်စုနှင့် ပြည်နယ် (သို့မဟုတ်) ပြည်နယ်များ အချင်းချင်း အငြင်းပွားမှုများဖြစ်ပေါ်လာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေအရသာ ဆုံးဖြတ်မည်ဆိုသော ပြဋ္ဌာန်းချက် ရှိရမည်။

နည်းလမ်း (၃) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရန်လိုအပ်ပါက အများဆန္ဒဖြင့် ပြုပြင်ပြောင်းလဲနိုင်မှု ရှိရမည်။

ဖက်ဒရယ်ဖွဲ့စည်းပုံတိုင်းတွင် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများအကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုကို တွေ့မြင်ရသည်။ ထိုသို့ အာဏာခွဲဝေရာတွင် ဖက်ဒရယ်စနစ် အပြည်အဝကျင့်သုံးသော နိုင်ငံများတွင် ဖက်ဒရယ်အစိုးရ၏ အာဏာကို ကန့်သတ် ထားလေ့ရှိပြီး ကျန်ရှိအာဏာအားလုံးကို ဖက်ဒရယ်အစိတ်ပိုင်းများဖြစ်သော ပြည်နယ်များသို့ ပေးအပ်ထားသည်ကို တွေ့မြင် ရသည်။ သို့သော်လည်း ဖက်ဒရယ်အစိတ်အပိုင်းတွင် ပါဝင်သော ပြည်နယ်များ၏ သဘောဆန္ဒအရ ထိုခွဲဝေထားသော လုပ်ပိုင် ခွင့်ပုံစံများသည် တသမတ်တည်း မဟုတ်ဘဲ ပြောင်းလဲတတ်သည်။

ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ် စနစ်တကျတည်ဆောက်ထားသော အမေရိကန်နိုင်ငံတွင် စတင်တည်ထောင်စဉ်ကာလက ဖက်ဒရယ်အစိုးရထက် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်ကို ပိုမိုပေးအပ်ထားသော်လည်း ယခုအချိန်တွင် ပြည်နယ်များထက် ဖက်ဒရယ်အစိုးရ၏ လုပ်ပိုင်ခွင့် ပိုမိုအားကောင်းလာသည်ကို ပြောင်းလဲတွေ့မြင်ရသည်။ ထိုအခြေအနေသည် ပြည်နယ်များ အနေဖြင့် ပြည်ထောင်စုအစိုးရအပေါ် ယုံကြည်မှု ပိုမိုရှိလာပြီး လုပ်ပိုင်ခွင့်ကို ပိုမိုပေးအပ်လာသည့် သဘောမျိုးဖြစ်သည်။

ကနေဒါနိုင်ငံ၏ လုပ်ပိုင်ခွင့်အာဏာ အပြောင်းအလဲကို အမေရိကန်ပြည်ထောင်စုနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ပြည်ထောင်စုစနစ် စတင်ကျင့်သုံးချိန်တွင် ကနေဒါပြည်နယ်များ (Province) ကို သတ်မှတ်ထားသော လုပ်ပိုင်ခွင့် အာဏာများကိုသာ ပေးအပ်ခဲ့ပြီး ကနေဒါပြည်ထောင်စုအစိုးရ အနေဖြင့် ကျန်ရှိနေသော အာဏာအားလုံး၏ လုပ်ပိုင်ခွင့်ကို ရယူထားသည်ကို တွေ့ရသည်။ သို့သော်လည်း ယခုအချိန်တွင် ပြည်နယ်များသို့ လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်လာရသည်ကို တွေ့မြင်ရသည်။

ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ထူထောင်ရာတွင် စတင်ထူထောင်ချိန်တွင် ပါဝင်သောပြည်နယ်များ၏ ယုံကြည်မှုနှင့် သဘော ဆန္ဒများအပေါ်တွင် မူတည်၍ အာဏာခွဲဝေမှုကို ဆုံးဖြတ်သကဲ့သို့ နောက်ပိုင်းတွင်လည်း ဖြစ်ပေါ်လာသော အခြေအနေများ အရ ကန့်သတ်အာဏာ (Specific Power)၊ ကြွင်းကျန်အာဏာ(Residual Power) တို့ကို မည်သည့်နေရာတွင် ထားရှိမည်ဟု ပြောင်းလဲဆုံးဖြတ်တတ်သည်ကို တွေ့ရပါသည်။

ပြည်ထောင်စုနှင့် ပြည်နယ်များအကြား သို့မဟုတ် ပြည်နယ်အချင်းချင်းအကြား အငြင်းပွားမှုများပေါ်ပေါက်လာပါက တရားလွှတ်တော်၊ ဖက်ဒရယ်လွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး စသည်တို့ဖြင့် ဆုံးဖြတ်ပေးကြပါသည်။ အဓိကအားဖြင့် ထိုဆုံးဖြတ်ချက်ပေးသော အဖွဲ့အစည်းသည် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရသာ ဆုံးဖြတ်ပါသည်။ ပြည်နယ် သို့မဟုတ် ပြည်ထောင်စု၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခု မဖြစ်ရပါ။ အမေရိကန်နိုင်ငံတွင် တရားလွှတ်တော်မှဆုံးဖြတ်ပေးသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ဖက်ဒရယ်လွှတ်တော်မှ ဆုံးဖြတ်ပြီး ဂျာမနီ နိုင်ငံတွင် သီးခြားဖွဲ့စည်းထားသော ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးမှ ဆုံးဖြတ်ပေးပါသည်။ မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံတွင် ထိုအငြင်းပွားမှုများကို တရားလွှတ်တော်မှ ဆုံးဖြတ်ပေးပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ဆုံးဖြတ်ပေးသည်။

အနာဂတ်မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲ၍ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်း နေထိုင်သော အမျိုးသားနိုင်ငံတစ်ခု ထူထောင်မည်ဆိုလျှင် ပြည်ထောင်စုနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင် အာဏာခွဲဝေရေး သည် အလေးထား ဆွေးနွေးရမည့် အကြောင်းအရာတစ်ခုဖြစ်သည်။ နိုင်ငံသမိုင်းကြောင်းအရ ဗမာ လူမျိုးများအပေါ် အခြား တိုင်းရင်းသားများယုံကြည်မှုများ ပျောက်ဆုံးနေသည့်အတွက် အာဏာခွဲဝေရေးတွင် ကြွင်းကျန်အာဏာကို ပြည်နယ်များသို့ မဖြစ်မနေ ပေးရန်လိုအပ်သည်။ ထို့အပြင် ဗမာလူမျိုးများအတွက် နယ်မြေကိုလည်း တိကျစွာသတ်မှတ်ရန်လိုအပ်သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အတွေ့အကြုံအရ ဗမာလူမျိုးများအတွက် သီးခြားသတ်မှတ်ထားသော ပြည်နယ်မရှိပါက ပြည်ထောင်စု သည် ဗမာလူမျိုးများကို ကိုယ်စားပြုသလို ဖြစ်သွားတတ်ပြီး ပြည်နယ်များသည် အလိုလို လက်အောက်ခံများ ဖြစ်သွားပါသည်။ ထိုအချက်သည် ဗမာမဟုတ်သော တိုင်းရင်းသားများ အလွန်စိုးရိမ်ပူပန်သော အချက်ဖြစ်သည်။ တိုင်းရင်းသားများနည်းတူ ဗမာလူမျိုးများအတွက် သတ်သတ်မှတ်မှတ် နယ်မြေတစ်ခု ပေါ်ထွက်ရေးသည် အလွန်ခက်ခဲသောအခြေအနေဖြစ်သည်။ ထိုအချက်သည်ပင်လျှင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွက်လာရေးအတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်နေသည်။ သမိုင်းကြောင်းအရ ကိုလိုနီခေတ် နယ်မြေသတ်မှတ်မှုကို လေ့လာကြည်လျှင် ဗမာပြည်မ (Burma Proper)၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တောင်တန်းဒေသ (Schedule Part One)၊ ဘုရင်ခံ ကြီးကြပ်အုပ်ချုပ်သောနယ်မြေ (Schedule Part Two)၊ တောင်ပေါ်စခန်းမြို့များနှင့် ကရင်နီပြည် ဟူ၍ တွေ့မြင်ရ၏။ ထိုပိုင်းခြားထားမှုကို အခြေခံအချက်အနေဖြင့် ထည့်သွင်း စဉ်းစားနိုင်သော်လည်း အဓိကအားဖြင့် ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို ပြန်လည်စဉ်းစားရန်လိုအပ်သည်။ ထို့အပြင် လက်ရှိကာလ၏ လူမှုပါတ်ဝန်းကျင် နေထိုင်မှုကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားပြီး တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲနှင့်တစ်ဖွဲ့ အပြန်အလှန်နားလည်မှုဖြင့် ဆုံးဖြတ်မှသာ အောင်မြင်စွာကျော်ဖြတ်နိုင်မည့် အတားအဆီးတစ်ခုဖြစ်သည်။

ယခုကာလသည် မြန်မာနိုင်ငံ၏ မျိုးဆက်သစ် လူလတ်ပိုင်းနိုင်ငံရေးအင်အားစုများနှင့် လက်နက်ကိုင် တိုက်ပွဲဝင်နေသော တိုင်းရင်းသား အင်အားစုအားလုံးသည် ဆုံမှတ်တစ်ခု အပေါ်တွင် နားလည်မှုရှိရှိ တိုက်ပွဲဝင်နေကြသောကြောင့် တစ်ဦးနှင့် တစ်ဦး  ရင်းနှီးကျွမ်းဝင်စွာဖြင့် ယုံကြည်မှု တည်ဆောက်နိုင်သော ကာလတစ်ခုဖြစ်နေပါသည်။

တန်းတူညီမျှမှုရှိသော၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိသော အနာဂတ် အမျိုးသားနိုင်ငံတော်တစ်ခု ထူထောင်နိုင်ရန်အတွက် ယခု အချိန်ကာလသည် ဆွေးနွေးအဖြေရှာရန် အကောင်းဆုံးအချိန်လည်းဖြစ်သည်။ ယခုအခြေအနေတွင် အနာဂတ် အမျိုးသား နိုင်ငံတော်အတွက် အဖြေမထုတ်နိုင်ခဲ့လျှင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသည့် ခရီးပန်းတိုင်ရောက်ရန် အလှမ်းဝေးကွာတော့မည် ဖြစ်သည့်အတွက် အကောင်းဆုံး ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်း လိုက်ရပါသည်။

မောင်မြစ်သစ်