ကိုလိုနီစနစ်အောက်မှ လူ့အဖွဲ့အစည်း အပိုင်း (၃)

လူမှုရေးပဋိပက္ခများ

လူမှုရေး တင်းမာမှုတွေက ဒိုင်အာခီခေတ်မှာ အစကတည်းက ကြိုကြားကြိုကြား ဖြစ်ခဲ့တာပါ။ ၁၉၃၀ စီးပွားပျက်ကပ်ကအရှိန်အဟုန်နဲ့ ရိုက်ခတ်လာတော့ ရန်ကုန်က အောက်ခြေလူတန်းစားတွေရဲ့ နေထိုင်မှုဘဝ အကျပ်အတည်းတွေကြောင့် ပိုပြီး ကွဲဟလာတယ်လို့ ပြောရမယ်။ ၁၉၂၈-၂၉ ခုနှစ်တွေမှာ ဆိုင်မွန်‌ကော်မရှင် မြန်မာပြည်ကို လေ့လာဖို့ ရောက်လာတယ်။ မြန်မာပြည်ကို အိန္ဒိယက သီးခြားခွဲထုတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်မပေးသင့် စုံစမ်းဖို့ပါပဲ။ ၁၉၃၀-၃၁ ခုနှစ်တွေမှာ အိန္ဒိယနိုင်ငံဆိုင်ရာ လန်ဒန်စားပွဲဝိုင်း ဆွေး‌‌‌နွေးပွဲ ကျင်းပ တဲ့အခါ မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်သင့်တယ်လို့ အဆိုပြုကြတယ်။ မြန်မာနိုင်ငံဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲ ကို ၁၉၃၁-၃၂ ခုနှစ်တွေမှာ လန်ဒန်မှာ ကျင်းပတဲ့အခါ မြန်မာကိုယ်စားလှယ်အများစုက တချို့ အချက်အလက်တွေမှာ သဘောထား ကွဲကြပေမယ့် ခွဲရေးကိုတော့ လက်ခံကြပါတယ်။ ၁၉၃၂ ခုနှစ်မှာ ကျင်းပတဲ့ ဥပဒေပြု ကောင်စီ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေက ခွဲမလား၊ တွဲမလားဆိုတာ ဆုံးဖြတ်ရမည့် ဆန္ဒခံယူပွဲလည်း ဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း တွဲရေးကနိုင်ပေမယ့် ဗြိတိသျှအစိုးရက ခွဲထုတ်လိုက်တယ်။ တွဲရေးသမားတွေလည်း ခွဲ‌ရေးဘက်ပြောင်းပြီး ထောက်ခံလိုက်ကြတယ်။ ရုတ်တရက် ထိန်းမနိုင် သိမ်းမနိုင် ပေါက်ကွဲလာတဲ့ အရေးအခင်းကတော့ တွဲရေးသမားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုမဟုတ်ဘဲ နိုင်ငံခြားသား ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုဖြစ်နေတယ်။ စီးပွားရေးအရအမြတ်ထုတ်ချယ်လှယ်နေမှုကို အုံကြွ ဆန့်ကျင်လာခြင်းပါ။ ရန်ကုန်မြို့မှာကတော့ စီးပွားရေးပျက်ကပ်နဲ့ အတူပါလာတဲ့ အကျပ်အတည်းတွေ အောက်မှာအိန္ဒိယအလုပ်သမားတွေကိုမယှဉ်ပြိုင်နိုင်တဲ့မြန်မာအောက်ခြေလုပ်သားတွေရဲ့မကျေနပ်မှုဖြစ်တယ်။ စီးပွါးပျက်တော့မှကျေးလက်ကလည်းချစ်တီးတွေကို အကြွေးမဆပ်နိုင်လို့ လယ်မဲ့ယာမဲ့ ဖြစ်ကုန်ကြတဲ့ မြန်မာ တောင်သူလယ်သမားတွေရဲ့ မကျေနပ်ချက်တွေက ပဲ့တင်ထပ်အောင် ကြားလာရတယ်။၁၉၃၀ကနေ ၁၉၃၂ ခုနှစ် ဆန်းအထိ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေ အချင်းချင်း သတ်ဖြတ်မှု မီးရှို့မှု ခြိမ်းခြောက် နှောင့်ယှက်မှု များဟာ အောက်မြန်မာပြည်ကို လှုပ်ခါသွားစေခဲ့တယ်။ 

တွဲရေးကနိုင်ပေမယ့် ဗြိတိသျှအစိုးရက ခွဲထုတ်လိုက်တယ်။ တွဲရေးသမားတွေလည်း ခွဲ‌ရေးဘက်ပြောင်းပြီး ထောက်ခံလိုက်ကြတယ်။

၁၉၂၈ အထိ မြန်မာ့စီးပွားရေးက အရှိန်အဟုန်နဲ့ တိုးတက်နေခဲ့တဲ့ အချိန်မှာ အိန္ဒိယ အလုပ်သမားတွေက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ကြပြီး မြန်မာအောက်ခြေ လူတန်းစားကတော့ တိုးချဲ့လာတဲ့  လယ်ယာစီးပွားရေး အပေါ်မှာ မှီခိုလုပ်ကိုင် နေကြတာကြောင့် ပြဿနာ သိပ်ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ဆိုနိုင်တယ်။ ၁၉၂၈ က စပြီး မြေလွတ်မြေရိုင်းကို ခုတ်ထွင်ပြီး လယ်ယာမြေ ဖော်ထုတ်ဖို့က စရိတ်စက များလာတာကြောင့် လယ်ယာလုပ်ငန်းက ပိုလျှံတဲ့ လုပ်အားဟာ မြို့ပေါ်ကို ရောက်လာပြီး မြန်မာအောက်ခြေ လူတန်းစား ဦးရေကို တိုးပွား လာစေတယ်။ ထို့ကြောင့် မြန်မာအလုပ်သမားတွေဟာ ကုလား အလုပ်သမားတွေ နဲ့ယှဉ်ပြိုင်ပြီး အလုပ်အကိုင် ရှာဖွေရတော့တယ်။ ဥရောပမှာ စီးပွါးရေးပျက်ကပ် စကတည်းက ဥရောပသားတွေပိုင်တဲ့ စိုက်ပျိုးခြံကြီးတွေနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းကြီးတွေအားလုံးလိုလို ရပ်ဆိုင်းသွားလို့ ကုလားလုပ်သား တော်တော်များများ မြို့ပေါ်လုပ်အားစျေးကွက်ထဲ ပြန်ရောက်လာကြတယ်။ ဗမာအလုပ်သမားတွေနဲ့ အပြိုင်အဆိုင် ဖြစ်လာတယ်။ ၁၉၂၄ ကစပြီး စပါးစျေးဟာလည်း ပုံမှန်ကျဆင်းနေတယ်။ ၁၉၂၄  မှာ တင်းတစ်ရာကို ၁၉၄ ရူပီး စျေးပေါက်ခဲ့ရာက ၁၉၂၈မှာ ၁၅၉ ရူပီးအထိ ကျဆင်းသွားခဲ့သည်။ ၁၉၂၉ မှာ ၁၅၉ ရူပီးနဲ့ ၁၉၃၀ မှာတော့ ၁၃၈ ရူပီး စျေးပဲရှိတော့တယ်။ တစ်ဧကအတွက် သူရင်းငှားတွေကိုပေးရတဲ့ လုပ်အားခ ဆိုတာကလည်း တစ်နေရာနဲ့ တစ်နေရာမတူပေမယ့် အဆမတန် ကျဆင်းသွားခဲ့တယ်။ လယ်ယာ လုပ်ငန်းက လုပ်ခဆိုတာ စပါးနဲ့ပဲ ပေးတာဆိုတော့ စပါးစျေးကျတဲ့အချိန်မှာ အထိနာတာပေါ့။ သီးစားလုပ်ကိုင်တဲ့ လယ်သမားအတွက်ကလည်း အမတော်ကြေးကို ပြန်ဆပ်၊ အားလုံးကုန်ကျစရိတ်ကို ရှင်းပြီးရင် ဝမ်းစာတောင် အနိုင်နိုင်ပဲ ကျန်တယ်လို့ အစီရင်ခံစာတစ်ခုကဆိုတယ်။ ၁၉၃၁ မှာ စပါးစျေးက ၇၇ ရူပီးကို ထိုးကျသွားတော့ မြန်မာပြည် စပါးစျေး ပျက်တာပဲ။ ချစ်တီးတွေ လုပ်ငန်း ဆက်မလုပ်တော့ဘူး။ အတိုနှုန်း အဆမတန်ယူတဲ့ တရုတ်ငွေချေးသူတွေကလဲ ဗမာလယ်သမားတွေကို လှည့်မကြည့်ကြတော့ဘူး။လယ်သမားတွေ လယ်ကွက်တွေကို စွန့်ပစ်သွားကြတယ်။ 

ရန်ကုန်မှာ အဓိကရုဏ်း စတင်တာကတော့ မြို့ပေါ်က အလုပ်ကြမ်းသမားတွေ အချင်းချင်း ဖြစ်ကြတဲ့ ပဋိပက္ခပါ။ ၁၉၃၀ မေလ ၈ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းက ဂေါ်ရင်ဂျီ အလုပ်သမားတွေက လုပ်ခတိုးပေးဖို့ တောင်းဆိုပြီး သပိတ်တိုက်ပွဲဝင်ကြတယ်။ ဒီတော့ ဆိပ်ကမ်းအာဏာပိုင်တွေက ဗမာအလုပ်သမားတွေကို အစားထိုးပြီး ပြဿနာကို ရှင်းတယ်။ မေလ (၂၆) ရက်နေ့မှာ စားဝတ်နေရေး ကျပ်တည်းလာကြတဲ့ ဂေါ်ရင်ဂျီတွေက အရင်အခြေအနေအတိုင်း အလုပ်ပြန်ဝင်ဖို့ သဘောတူလိုက်တဲ့အခါ ဗမာအလုပ်သမားတွေကို အကြောင်းတစ်စုံတစ်ရာမပြဘဲ အလုပ်က ထုတ်လိုက်တယ်။ တရားဝင်မှတ်တမ်းတစ်ခုအရ ဆန္ဒထုတ်ဖော်နေကြတဲ့ ဗမာအလုပ်သမားတွေကို ဂေါ်ရင်ဂျီအလုပ်သမားတွေက လူစုလူဝေးနဲ့ တိုက်ခိုက်ရာက စတင်တယ်လို့ ဆိုပါတယ်။ သင်္ဘောကျင်းမှာလည်း အလုပ်ထုတ်ခံရတဲ့ ဗမာအလုပ်သမားတွေကို ကုလားအလုပ်သမားတွေက လှောင်ပြောင်ကြလို့ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်။ အဓိကရုဏ်းဟာ ရန်ကုန်တစ်မြို့လုံးကို တောမီးလို ပြန့်သွားတယ်။ ၂ ရက်ဆက်တိုက် အုတ်အုတ်ကြွက်ကြွက်နဲ့ ဆူညံသွားတယ်။ ထိုးကွင်းမှင်ကြောင်တွေထိုးရင် တုတ်၊ ဓားပြီးတယ်ဆိုပြီး လိုက်ထိုးပေးတဲ့ ထိုးကွင်းမှင်ကြောင်ဆရာတွေ ပေါ်လာတယ်။ မွှန်ထူနေတဲ့ ဗမာလူအုပ်ကြီးတွေကလည်း မြို့လယ်က ကုလားအိမ်တွေကို ဝင်လုကြတယ်။ သွေးရူးသွေးတန်းနဲ့ ထင်တိုင်းကြဲတဲ့ လူစုတွေ ပေါ်လာတယ်။ ဌာနဆိုင်ရာ အစီရင်ခံစာတွေအရ ကုလား ၁၀၀ လောက်သေပြီး ၁၀၀၀ လောက် ဒဏ်ရာရတယ်လို့ ဆိုတယ်။ အနီးကပ် စောင့်ကြည့်သူတွေကတော့ ၃၀၀ ကနေ ၅၀၀ အတွင်း သေတယ်လို့ ဆိုတယ်။

ဒီအဓိကရုဏ်းက နိုင်ငံရေး ပယောဂ လုံးဝမပါဘူးဆိုတာ ထင်ရှားတယ်။ လူစုလူဝေးတွေက ရဲတွေကို ထိပ်တိုက်ရင်ဆိုင်တာ မရှိဘူး။ မျက်နှာဖြူတွေကိုလည်း လုံးဝတိုက်ခိုက်တာ မရှိဘူး။ အိန္ဒိယလူမျိုးတွေကိုပဲ အမျိုးအမည်မခွဲခြားဘဲ တိုက်ခိုက်ကြတယ်။ အိန္ဒိယနွယ်ဖွား လူ ၇၀၀၀ လောက်ကို ဗြိတိသျှအစိုးရက အကာအကွယ် ပေးထားခဲ့ရတယ်။ ဗမာ အဓိကရုဏ်းသမားတွေဟာ ဗမာပြည်မှာ အိန္ဒိယသားတွေက ဗမာတွေကို ကျော်ပြီး နေရာရနေပုံ၊ မီးရထားဌာန၊ သင်္ဘောကျင်း၊ အကျဉ်းထောင်အစရှိတဲ့ ပြည်နယ်အစိုးရဌာနတွေမှာ တွင်ကျယ်နေပုံတွေကို ရင်ဖွင့်ကြတယ်။ အဓိကရုဏ်းပြီးလို့ တစ်လလောက်အကြာမှာ ဇွန်လ ၂၄ ရက်မှာ ရန်ကုန်‌ထောင် ဆူပူမှုဖြစ်တယ်။ ဗမာအကျဉ်းသားတွေက အကျဉ်းထောင်စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတဲ့ အိန္ဒိယလူမျိုး ထောင်ပိုင်တစ်ယောက်ကို လုပ်ကြံဖို့ ကြံစည်ရာက စတင်တယ်။ ကုလား စစ်ပုလိပ်တွေကို ခေါပြီး နှိမ်နင်းရတယ်။ ဗမာအကျဉ်းသား သုံးယောက်အသတ်ခံရပြီး ၆ ယောက်လောက် ဒဏ်ရာရတယ်။ ဒီသတင်းဟာလည်း လူမျိုးရေး ကွဲဟလာမည့် အကြောင်းတစ်ခု ဖြစ်ပါတယ်။ မငြိမ်မသက်မှုတွေဟာ ဆက်ပြီး ဖြစ်ပွားတယ်။ ၁၉၃၁ ဇန်နဝါရီလထဲမှာ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်း ဖြစ်တယ်။ တရုတ်လူမျိုး ၁၂ ယောက်သေတယ်။

ဗဟုလူ့အဖွဲ့အစည်းတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေကတော့ မတူညီတဲ့ လူ့အသိုင်းအဝိုင်းတွေကြားမှာ ကိုးကွယ်ယုံကြည်မှု ကျင့်ဝတ်သိက္ခာ နိုင်ငံရေးအရ စည်းရုံးလှုပ်ရှားမှု အုပ်ချုပ်ရေးမှာ ကိုယ်စားပြုပါဝင်ခွင့် စတဲ့ အချက်တွေကို အကြောင်းပြုပြီး မပြေမလည်ဖြစ်တတ်တယ်။

ကိုလိုနီ အုပ်ချုပ်ရေးအောက်က ဗဟုလူ့အဖွဲ့အစည်းတွေမှာ မလေးရှားမှာကတော့ လူမျိုးရေး ပဋိပက္ခတွေ မရှိသလောက်နည်းတယ်။  ၁၉၃၁ သန်းခေါင်စာရင်းအရ ရေလက်ကြား‌ဒေသ တစ်ခုလုံးမှာ တရုတ်လူဦးရေက ၄၁.၅ ရာခိုင်နှုန်းရှိပြီး မလေးလူဦးရေက ၃၄.၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၁၈၉၆ ခုနှစ်မှာ ကွာလာလမ်ပူမြို့တော်ရဲ့ လူဦးရေ ၃၂၀၀၀ ရှိတဲ့အနက် ၂၃၀၀၀ က တရုတ်၊ ၃၇၀၀ က မလေးဖြစ်တယ်။ တရုတ်လူဦးရေ အသာစီးရနေ တာက တစ်ချက်၊ တရုတ်တွေနဲ့ မလေးတွေအကြားမှာ လူမှုရေးပြဿနာရယ်လို့ သိပ်ကြီးကြီးမားမား မရှိလှဘူး။ တရုတ်ကုန်သည်တစ်ယောက်ဟာ မလေးလယ်သမားတစ်ယောက်အတွက်က ကြွေးရှင်မြီရှင် ဖြစ်နေတတ်တယ်။ မလေးပဒေသရာဇ်တွေ ဆိုတာကလည်း ကြားခံအဖြစ် ရှိနေပြီး တရုတ်တွေနဲ့ ဆက်ဆံရေး ပြေလည်နေတယ်။ မလေးတွေဟာ စပါးစိုက်ဖို့နဲ့ ကျေးလက်က ရိုးရာဓလေ့အတိုင်း နေထိုင်ဖို့လောက်ပဲ စိတ်ဝင်စားကြတယ်။ စီးပွား‌ရေ းပြဿနာတွေဟာ မလေးကျေးလက်ကို ရိုက်ခတ်မှုမရှိဘူး။ မြန်မာပြည်မှာလည်း အင်္ဂလိပ်တွေဟာ ဒီစနစ်ကို ရှမ်းပြည်၊ ကချင်တောင်တန်းဒေသနဲ့ ချင်းတောင်မှာ ကျင့်သုံးခဲ့တာ တွေ့ရမယ်။ ပဒေသရာဇ်တွေ အတွက်က အင်္ဂလိပ် လက်အောက်နေရင် သူတို့အနေအထား ခိုင်မာမယ်။ အခွန်ကို စနစ်တကျ စည်းကြပ်နိုင်မယ်။ အတွင်းရန် အပြင်ရန်ကို ကိုလိုနီသခင်ကြီးတွေက ကာကွယ်ပေးမယ်။

ဗဟုလူ့အဖွဲ့အစည်းတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေကတော့ မတူညီတဲ့ လူ့အသိုင်းအဝိုင်းတွေကြားမှာ ကိုးကွယ်ယုံကြည်မှု ကျင့်ဝတ်သိက္ခာ နိုင်ငံရေးအရ စည်းရုံးလှုပ်ရှားမှု အုပ်ချုပ်ရေးမှာ ကိုယ်စားပြုပါဝင်ခွင့် စတဲ့ အချက်တွေကို အကြောင်းပြုပြီး မပြေမလည်ဖြစ်တတ်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့အားစမ်းတာတွေ စိန်ခေါ်တာတွေ ဖြစ်လာတတ်ကြတယ်။ နောင်အခါတက္ကသိုလ်တွေ ဖွင့်လှစ်လာတဲ့အခါ ခေတ်ပညာတတ်တွေက အနောက်တိုင်း က လစ်ဘရယ်သဘောတရားတွေ ဆိုရှယ်လစ် သဘောတရားတွေကို ကိုင်စွဲပြီး အမျိုးသားရေးဝါဒကို ထူထောင်လာကြတယ်။ တရုတ်ပြည်မှာ ဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ တော်လှန်ရေးဖြစ်တော့ အရှေ့တောင် အာရှက ပင်လယ်ရပ်ခြား တရုတ်တွေ အမျိုးသားရေး စိတ်ဓာတ်နိုးကြားလာကြပြီး ကူမင်တန်ပါတီနဲ့ ဆက်သွယ် လှုပ်ရှားလာကြတယ်။ မလေးရှားမှာ ဆိုရိုးစကား တစ်ခုရှိတယ်။ အိမ်နီးချင်းများနဲ့ သင့်သင့်မြတ်မြတ်နေချင်ရင် ခြံစည်းရိုးကို မြင့်မြင့်ကာပါတဲ့။ ဖါသိဖါသာနေပြီး ရောရော‌နှောနှော မနေရင် ပြဿနာ မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ဗဟုလူ့အဖွဲ့ အစည်းမှာမိမိတို့ မနှစ်သက်တဲ့တဖက် လူ့အသိုင်းအဝိုင်းရဲ့ ဓလေ့ထုံးစံတွေကို နားလည်မှုရှိရမယ်၊ သည်းခံနိုင်စွမ်း ရှိရမယ်ဆိုတာ မဖြစ်မနေ လိုအပ်ပါတယ်။

သံဝှန်ဖြိုး

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)

References

Cady, J F.1958. A History of Modern Burma. Cornell University Press.

Charney, Michael W. 2008. A History of Modern Burma. Cambridge University Press.

Furnivall J S. 1956. Colonial Policy and Practice. New York University Press.

(Steinberg, David J (Ed). 1987: In Search of Southeast Asia. University of Hawaii Press.

Tarling, Nicholas. 2001. Southeast Asia: A Modern History. Oxford University Press.