အယ်ဒီတာ့ အာဘော်

2022 May 1

ငြိမ်းချမ်းရေး မျှော်လင့်ချက်များ

လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသည့် ပြည်တွင်းစစ်သည် ကမ္ဘာပေါ်၌ အရှည်အကြာဆုံး စစ်အဖြစ် စံချိန်တင်ခဲ့ပြီး ခေတ်အဆက်ဆက်တွင် စနစ်အမျိုးမျိုးနှင့်အတူ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ပြည်တွင်းစစ်သည် ကပ်ပါးတစ်ကောင်၊ ကပ်ရောဂါတစ်မျိုးကဲ့သို့ မြန်မာနိုင်ငံကို ဆက်လက် တွယ်ကပ်နေဆဲဖြစ်သည်။ ယခုလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုပြီး အာဏာသိမ်း စစ်ခေါင်းဆောင်က ဖိတ်ခေါ်နေသည်။ လာတက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရှိသလို၊ မတက်မည့် အဖွဲ့များလည်း ရှိနေသည်ကို တွေ့မြင်ရသည်။ စစ်အစိုးရ ခေါင်းဆောင်အနေဖြင့် ၎င်းကိုယ်တိုင် တိုက်ရိုက်ဆွေးနွေးမည်၊ ထို့ကြောင့် တိုင်းရင်းသား အဖွဲ့များအနေဖြင့်လည်း ၎င်းတို့လိုချင်သည့်၊ ဖြစ်စေချင်သည့် အရာများကို တိုက်ရိုက် ညှိနှိုင်းနိုင်သည်။ တစ်ခါတည်း သဘောတူညီမှုတွေ ပေးနိုင်မည်ဆိုသည့် မက်လုံးဖြင့် ဖိတ်ခေါ်နေပါသည်။

“တိုင်းပြည်၏ ငြိမ်းချမ်း‌ရေးသည် လက်နက်ကိုင်ထားသော ခေါင်းဆောင်များသာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ရရှိနိုင်ပါမည်လား၊၊

လက်နက်ကိုင်ထားသည့် နှစ်ဖက်ခေါင်းဆောင်များနှင့် ၎င်းတို့၏ သ‌ဘောထားသည် ၎င်းတို့ ကိုယ်စားပြုပါသည် ဆိုသော  ပြည်သူများ၏ သဘောထားကို အမှန်တစ်ကယ် ထင်ဟပ်နိုင်ပါမည်လား”

ဟူသည့် မေးခွန်းများသည် ငြိမ်းချမ်းရေးကို မျှော်လင့်နေသည့် သူများအတွက် အမှန်တကယ် သိချင်နေသည့် မေးခွန်းများဖြစ်မည်ဟု ထင်မိပါသည်။ ဧကန်စင်စစ် ယခုတွေ့ဆုံမှုသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲအမည်ခံ စစ်မင်းများ တွေ့ဆုံသည့် ပွဲဟူ၍ ပြောရလျှင် မှန်မည်ဟု ယူဆမိပါသည်။ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံတိုင်းရင်းသား လူမျိုးများ၏ သဘောထားကို ထင်ဟပ်အလေးထားသည့် ငြိမ်းချမ်းရေးကို မျှော်လင့်ရင်း  မကြာမီ အချိန်အတွင်းမှာ ငြိမ်းချမ်းမှုအပေါင်း ခညောင်းပါစေဟု အယ်ဒီတာအဖွဲ့မှ အမိမြန်မာပြည်အတွက် ဆုတောင်းလိုက်ပါသည်။

အယ်ဒီတာ

မေလ