ဟန်ဆောင်ငြိမ်းချမ်းရေးနှင့် အယောင်ဆောင်ရွေးကောက်ပွဲ

၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်တပ်ရဲ့ အကာအကွယ်အကောင်းဆုံးထီးရိပ်တစ်ခုပါ။

စစ်ကောင်စီအနေနဲ့ မတရား အာဏာသိမ်းတာကို အာဏာထိန်းတာပါလို့ အကြောင်းပြတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ပါပဲ။ အရပ်သားအစိုးရလို့ အမည်ခံသက်သက်သာရှိပြီး စစ်အုပ်စုကတော့ ၂၀၀၈ ထီးရိပ်ကို အကာအကွယ်ယူကာ တစ်ထီးတစ်နန်း နေခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းခြင်း ကတော့ အခြေခံဥပဒေနဲ့ လုံးဝမညီညွတ်ခဲ့တာကို ဥပဒေပညာရှင်တွေသာမကဘဲ သာမာန်အရပ်သူ အရပ်သားတွေပါ သိခဲ့ကြပါတယ်။ စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ လူမိုက်ဆန်ဆန် ထင်တိုင်းကြဲခဲ့ကြတာပါ။ NLD အနေနဲ့ မဲမသမာမှုတွေ လုပ်ခဲ့တယ်၊ မဲခိုးမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး အကြောင်းပြပါတယ်။ ဒီအချက်က ခိုင်လုံမှုမရှိဘူး ဆိုတာကို မြန်မာတင်မက ကမ္ဘာကပါ သိကြပါတယ်။ အရင်လွှတ်တော်သက်တမ်း ကုန်ဆုံးတော့မှာမို့ အနိုင်ရပါတီအနေနဲ့ လွှတ်တော်ခေါ်ယူမယ့် လင်းအားကြီး မနက်မှာပဲ သမ္မတကို ဖမ်းဆီးတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားဦးဆောင်သူတွေအားလုံးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ ဒီမိုကရေစီ အလင်းရောင် ဆိတ်သုဥ်းပြီး တိုင်းပြည်လည်း အမှောင်ကျသွားပါတော့တယ်။

စစ်အုပ်စု၏ရပ်တည်မှုနှင့်သဘောထားတချို့

၂၀၀၈ ဖွဲ့စည်းပုံအရပဲ ၂၀၁၀ မှာ ပထမဆုံး အထွေထွေ ရွေးကောက်ပွဲလုပ်ပြီး၊ စစ်ဘောင်းဘီချွတ်တွေ ဦးဆောင်တဲ့  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရပါတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ကာကွယ်ရေး ဦးစီးချူပ်အနေနဲ့ သိပ်ပြီး လှုပ်လှုပ်ရှားရှား မရှိသလောက်ပါပဲ။ ၂၀၁၅ ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အနိုင်ရခဲ့ပြီး သမ္မတ ဦးထင်ကျော် တက်စအချိန်မှာလဲ ဦးစီးချုပ်အနေနဲ့ တည်တည်ငြိမ်ငြိမ်အခြေအနေပါပဲ။ ဒီလိုပြောနိုင်တာကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အောက်ပါအတိုင်း မီဒီယာတွေရှေ့မှာ တရားဝင် ပြောကြားခဲ့လို့ ဖြစ်ပါတယ်။
– အမျိုးသား ရင်ကြားစေ့ရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိရန် သမ္မတဦးထင်ကျော်၏ ဦးဆောင်မှုနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးရရန် ယုံကြည်ကြောင်း၊ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းထားပါကြောင်း။
– ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် အသက် ၆၀ ပြည့်ပြီးသော်လည်း အငြိမ်းစားယူရန် အစီအစဥ်မရှိကြောင်း၊၂၀၂၀ လောက်မှ စဥ်းစားသင့်ပါက စဥ်းစားမည် ဖြစ်ကြောင်း၊ စစ်မှုထမ်း ဥပဒေကို သမ္မတဦးသိန်းစိန် လက်ထက်မှာ တင်ပြခဲ့ဖူးသော်လည်း သမ္မတဦးသိန်းစိန်က မလုပ်သင့်သေးဟု ပြော၍ မလုပ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မရရှိသေးခင် ထိုဥပဒေကို ပြဌာန်းရန် မသင့်သေးဘဲ လိုအပ်ပါက သမ္မတ ဦးထင်ကျော်ထံ တင်ပြမှာ ဖြစ်ကြောင်း။

အဲ့ဒီလို ရိုကျိုးတဲ့ စကားတွေနဲ့ NLDအစိုးရအပေါ် အကောင်းမြင်ခဲ့သလို ဖွဲ့စည်းပုံပြင်ဆင်ဖို့နဲ့အတူ နိုင်ငံရေးမှာ ပါဝင်နေတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း ကာချုပ်အနေနဲ့ ရှင်းလင်းပြောကြားခဲ့တာမျိုး ရှိခဲ့ပါတယ်။ တရားဝင် ပြောကြားခဲ့တဲ့စကားတွေဟာ ဆွေးမြေ့ပျောက်ကွယ်လို့ မသွားပါဘူး။ မှတ်တမ်းအနေနဲ့ ကျန်ရစ်နေမှာပါ။

 “ဥပဒေဆိုတာ ပြည့်စုံခြင်းမရှိတဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို လက်ခံကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိပြီးနောက် အားလုံးအေးအေး ဆေးဆေး ဖြစ်ချိန်မှာ လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း ရှိနေခြင်းနှင့် သက်ဆိုင်သော ကိစ္စရပ်မှာ အဖြေထွက်လာနိုင်ပြီး၊ ထိုအဖြေမှာ ပြည်သူများ လိုလားသည့်အတိုင်း ဖြစ်စေမည်”ဟု တာဝန်ခံပြီး ပြောကြားခဲ့ပါတယ်။

အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ယို့ယွင်းလာခြင်း

NLD အစိုးရ ဖြစ်တည်စ ကာလများမှာတော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဟာ အဆင်ချောသလို ရှိခဲ့ပါတယ်။ သို့ပေ မယ့် တစ်နှစ်ပြီးတစ်နှစ် ကြာလာတဲ့အခါ ပွတ်တိုက်မှုတွေ ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရင်ကြားစေ့ရေး မူကြောင့်ပဲ ဒီမိုကရက်တစ် အင်အားစုတချို့နဲ့ အနေဝေးသွားပါတော့တယ်။ အများကတော့ စစ်တပ်နဲ့ အပေးအယူတည့်နေတယ်လို့ ထင်ကြပါတယ်။ အတွင်းကြိတ် ပွတ်တိုက်မှုတွေကို ပြည်သူတွေ မသိခဲ့သလို တရားဝင် ထုတ်ဖော်ပြောကြားတာမျိုးလည်း မရှိခဲ့ပါဘူး။ ပြည်တွင်း နိုင်ငံရေး အင်အားစုတချို့ရဲ့ အမြင်မကြည်ချိန်မှာပဲ ရိုဟင်ဂျာ အရေးက တစ်ပူနှစ်ပူဆင့်သလို ဖြစ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ တရားလက်လွန် နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ကြောင့်ပဲ ကမ္ဘာက ဝိုင်းပြီးအပြစ်တင် ကြပါတယ်။ နောက်ဆုံး ICJ မှာ ဒေါ်အောင်ဆန်းစုကြည်က ကြားဝင် ခုခံချေပကာကွယ်သလိုမျိုး ဖြစ်သွားခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေလည်း တ​​ဖြည်းဖြည်း ကျဆင်းလာခဲ့ပါတော့တယ်။နောက်ဆုံးတော့ အာဏာသိမ်းတဲ့ အခြေအနေအထိ ဆိုက်ရောက်လာပါတော့တယ်။
၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်တပ်ရဲ့ အကာအကွယ်အကောင်းဆုံး ထီးရိပ်တစ်ခုပါ။ နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိနေသလို စီးပွားရေးကိုလည်း လက်ဝါးကြီး အုပ်ထားနိုင်ပါတယ်။ စစ်တပ်အသုံးစရိတ် ဘတ်ဂျက်နဲ့ ပတ်သက်ပြီး မည်သူမှ စာရင်းစစ်ပိုင်ခွင့်မရှိပါဘူး။ စစ်ဘက် တရားစီရင်ရေးကိုလည်း သီးခြား ထားရှိပါတယ်။
NLD အစိုးရ လက်ထက်မှာ သမ္မတနှစ်ယောက်သာ ပြောင်းသွားခဲ့သော်လည်း အာဏာသိမ်းခံရတဲ့ အချိန်အထိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)ကို တစ်ကြိမ်မျှ ခေါ်ဆိုနိုင်ခဲ့ခြင်း မရှိပါဘူး။
၂၀၂၀ ရွေးကောက်ပွဲနီးလာလေလေ ကာချုပ်အနေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာလေပါပဲ။ ရွေးကောက်ပြီးတာနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဦးတည်ပြီး ပြဿနာ ရှာပါတယ်။ တချို့ကလည်း အာဏာသိမ်းနိုင်တယ်။ တချို့ကလည်း ဒီလောက် အခွင့်အရေးတွေ ရနေတာကို အမိုက်ခံပြီး ဘာလို့ အာဏာသိမ်းမှာလဲလို့ ဒွိဟ ဖြစ်ကြပါတယ်။ ဖွဲ့စည်းပုံအရလည်း သမ္မတခွင့်ပြုမှ နိုင်ငံတော်အရေးပေါ် အခြေအနေကို ကြေညာနိုင်မှာပါ။ ဒါပေမယ့် စစ်အုပ်စုကတော့ သူတို့ စိတ်ထင်သလိုရအောင် လုပ်ခဲ့ကြပါတယ်။

အချက်အလက်အမှားတွေအပေါ် အခြေခံပြီး အာဏာသိမ်းခဲ့ကြသူများ

အာဏာသိမ်းပြီးတာနဲ့ ကာချုပ်ကိုယ်တိုင် တိုင်းပြည်ကို ရှင်းလင်း ပြောကြားတာမျိုး လုပ်ခဲ့သလို စစ်ခေါင်းဆောင်တွေဟာလည်း တပ်ရင်း၊ တပ်မ၊ ဌာနချုပ် အသီးသီးဆီ လှည့်လည်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ဒီနေရာမှာ ဗိုလ်မှူးချုပ်တစ်ဦးပြောကြားခဲ့တဲ့ စကားကို ထင်သာမြင်သာအောင် ကိုးကား ဖော်ပြချင်ပါတယ်။
“အာဏာသိမ်းတာမဟုတ်ဘူး။ အာဏာထိန်းရုံပါ။ တစ်နှစ်ပဲကြာမှာပါ။ တစ်နှစ်ပြည့်တာနဲ့ ရွေးကောက်ပွဲ ချက်ချင်းပြန်လုပ်ပေးမှာပါ။ အခုလို အာဏာထိန်းရတာကလည်း NLDက မဲခိုး လို့ပါ။ အာဏာထိန်းတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တပ်မတော်အကြီးအကဲတွေ အပေါ် လုံးဝလုံးဝ မဝေဖန်ပါနဲ့။ အကြီးအကဲတွေက မင်းတို့ထပ် ပိုသိ ပိုနားလည်တယ်။ NLD မဲခိုးတဲ့ ဖြစ်စဥ်နောက်မှာ CIA နဲ့ OIC ရှိနေနိုင်တယ်။ ဒီလိုအရာတွေကြောင့် အာဏာခဏ ဝင်ထိန်းပြီး တပ်မတော်က လူမိုက်ကြီး လုပ်ရတာပေါ့ကွာ။ ဘယ်တော့မှ အကောင်း ပြောမခံရဘူး။ အကောင်း ပြောမခံရလည်း ဒို့တပ်မတော်ကတော့ လုပ်သင့် လုပ်ထိုက်တာကို တာဝန်အရ လုပ်သွားမှာပဲ။ မင်းတို့လည်း ဒီစိတ်ဓာတ်ကို မွေးမြူကြပါလို့ မှာကြားချင်တယ်”။

စစ်ကောင်စီ အနေနှင့်လည်း တစ်နှစ်ကြာတာနဲ့ ရွေးကောက်ပွဲ လုပ်ပေးတော့မလိုလို စပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့သိတဲ့အတိုင်းပဲ ဖွဲ့စည်းပုံအရ နှစ်နှစ်အထိ လေသံပြောင်း ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ၂၀၂၃ သြဂုတ်လထဲမှာပဲ ရွေးကောက်ပွဲ ကျင်းပပေးမလိုလို  ဖြစ်လာပါတော့တယ်။ စစ်အုပ်စု ထိပ်သီးပိုင်းဟာ အချက်အလက် အမှားတွေအပေါ် သုံးသပ်ပြီး ယုံကြည်မှု လွန်ကဲကြဟန် တူပါတယ်။ အာဏာသိမ်းပြီး မကြာခင်မှာပဲ လူထုရဲ့ တုံ့ပြန်မှုတွေကို ပြင်းထန်စွာ ခံရ ပါတော့တယ်။ ဒီအချက်ကို သူတို့ လုံးဝမထင်ထားဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ နောက်တစ်ချက်က ဒီမိုကရက်တစ် နိုင်ငံရေးအင်အားစု အချို့က မူအရ မထောက်ခံတာကို NLD အပေါ် လူထုက မကြိုက်တော့ဘူး။ မယုံကြည်တော့ဘူး။ ၂၀၂၀ ရွေးကောက်ပွဲကို NO VOTE လုပ်တဲ့အထိ ဖြစ်လာခဲ့တယ်လို့ စစ်ခေါင်းဆောင်က ရည်ရွယ်ပြောဆို ပါတယ်။ တကယ်တော့ စစ်ခေါင်းဆောင် ကိုယ်တိုင် သူလိုရာကို ဆွဲယူပြီး သူ့ရဲ့ နိုင်ငံရေးရေချိန် ချို့တဲ့မှုကို ထုတ်ဖော်ပြသ လိုက်ခြင်းပဲ ဖြစ်ပါတယ်။
စစ်တပ်အဆိုပြုမှုနဲ့ ဖြစ်လာခဲ့တဲ့ ဒုတိယသမ္မတကို တရားမဝင်စွာပဲ ယာယီသမ္မတ ခန့်ခဲ့ပါတယ်။ ယာယီ သမ္မတ ဦးမြင့်ဆွေကပဲ ဖွဲ့စည်းပုံအရ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာ အပ်နှင်းပါတယ်။ ဒီနေရာမှာ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် (၁/၂၀၂၁)ကို အပြည့်အစုံ မဖော်ပြတော့ဘဲ လိုရင်းကိုသာ ထုတ်နုတ် တင်ပြချင်ပါတယ်။
မဲစာရင်းများ စစ်ဆေး အတည်ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ တစ်နှစ်တိတိ လွှဲအပ်တာဝန်ပေးလိုက်တယ်လို့ ဆိုထားပါတယ်။ မဲစာရင်းအမှားများကို မဖြေရှင်းခြင်း၊ လွှတ်တော်များ ရွှေ့ဆိုင်းရန် ငြင်းဆန်ခဲ့ခြင်းနဲ့အတူ အဓမ္မနည်းဖြင့် နိုင်ငံတော်အာဏာကို ရယူခဲ့တဲ့အတွက် အရေးပေါ် အခြေအနေ ကြေညာရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
မဲရုံစောင့်သူ၊ ကြီးကြပ်သူတွေ အားလုံးဟာ ပညာရေးဝန်ထမ်း ဆရာ ဆရာမတွေပဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ လမ်းမတွေမှာ သူတို့တွေအားလုံး သက်သေခံခဲ့ကြသလို၊ ပညာရေးယန္တရား တစ်ခုလုံး ရပ်တန့်သွားလောက်အောင် CDM လုပ်ခဲ့ကြတာကို ကြည့်လိုက်ရုံနဲ့ အဖြေက ရှင်းနေပါတယ်။
နောက်တစ်ချက်ကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့်၊ ခရိုင်၊ တိုင်း၊ ပြည်နယ်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်တွေကို အကြောင်းပြချက် မရှိဘဲ လနဲ့ချီပြီး ခေါ်ယူ ထိန်းသိမ်းခဲ့ပါတယ်။ ဒီနေရာမှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌတစ်ယောက် ပြောပြတာကတော့ အနည်းငယ် စစ်ဆေးမှုသာ လုပ်ပြီး ပတ်၀န်းကျင်နဲ့ အဆက်ဖြတ် ထားခဲ့တယ်။ ရိုက်နှက် တာမျိုးတော့ မရှိဘူး။ သူ့အနေနဲ့ ဘယ်လို သဘောတူညီမှု ခံဝန်ချက်တွေ ပေးခဲ့ရပြီး ပြန်လွတ်လာခဲ့တဲ့ အခြေအနေကိုတော့ သူပြောပြဖို့ ငြင်းဆန်ပါတယ်။ သူ့အနေနဲ့ အမှုဆင် တရားစွဲပြီး ထောင်ချပစ်မှာကိုတော့ စိုးရိမ်ထိတ်လန့်နေတယ်လို့  ပြောဆိုပါတယ်။

ဘာကြောင့် လူထုက လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့သလဲ

အာဏာသိမ်း လိုက်တဲ့အတွက် နိုင်ငံရေးနည်းလမ်း မှန်သမျှဟာ အားလုံးချုပ်ငြိမ်း သွားခဲ့ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အစပိုင်းမှာ ငြိမ်းချမ်းစွာ အနုနည်းနဲ့ အာဏာ ဖီဆန်ကြတယ်။ လူထုဟာ လမ်းပေါ် ထွက်ခဲ့ကြတယ်။ စစ်ကောင်စီရဲ့ တစ်နေ့တစ်ခြား ဆိုးဝါးလာတဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့်သာ မလွှဲသာ မရှောင်သာ လက်နက်ကိုင်ခုခံဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ နိုင်ငံနေရာ အသီးသီးမှာ PDF တွေ၊ LDF တွေ စုဖွဲ့မှု အားကောင်း ခဲ့ပါတယ်။
အထက်က ပြောခဲ့သလို ကောက်ချက် အမှားတွေနဲ့ နိုင်ငံရေး အမြော်အမြင်မဲ့စွာ စစ်အုပ်စုက အာဏာ သိမ်းခဲ့ပါတယ်။၁၉၈၈ တုန်းကလို ရွေးကောက်ပွဲ လုပ်ပေးလိုက်မယ် ဆိုရုံနဲ့ တော်လှန်ရေးဟာ အရှိန်တန့်သွားမှာပဲလို့ စစ်အုပ်စုက အလွယ်တွေးခဲ့ပုံ ရပါတယ်။ ခေတ်ချင်း မတူသလို တုံ့ပြန်ပုံခြင်း မတူတာကို စစ်အုပ်စုနဲ့ အပေါင်းအပါတွေ ထည့်တွက်ခဲ့ဟန် မတူပါဘူး။ ဆိုရှယ်လစ် အယောင်ဆောင် စစ်အာဏာရှင် လက်အောက်မှာ နေခဲ့ရတဲ့ ၈၈ အခြေခံလူထု အတွက်တော့ ရွေးကောက်ပွဲဟာ အနာဂတ် မျှော်လင့်ချက် တစ်ခုပါ။ ဒီမိုကရေစီ လမ်းပေါ်လျှောက်လှမ်းနေတဲ့ အရပ်သား အစိုးရအောက်မှာ လွှတ်တော်သက်တမ်း နှစ်ဆက်ကို ဖြတ်သန်း ခံစားခဲ့ရတဲ့ ၂၀၂၁ ရဲ့ လူထုကတော့ PR အခင်းအကျင်းနဲ့ ရွေးကောက်ပွဲဟာ သူတို့ရဲ့ အနာဂတ်တွေ မဟုတ်ကြပါဘူး။ ကြားဖူးနားဝ သမိုင်းအတွေ့အကြုံအရရော ကိုယ်တိုင်ခံစား တွေ့ကြုံမှု အရပါ စစ်ဖိနပ်အောက် ဒူးမထောက်ဖို့ ငြင်းဆန်ခဲ့တဲ့ အများစုကတော့ လူငယ် GZ တွေပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား လူထုကလည်း လူငယ် GZ တွေကို အားကိုးဝန်းရံကြတာ ယနေ့တိုင်ပါပဲ။
စစ်အုပ်စုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုသင်းသတ် ဖယ်ရှားလိုက်တာနဲ့ လူထုဟာ အကာအကွယ် မဲ့သွားမယ်။အားကိုး မဲ့သွားမယ်။ သူတို့ ခင်းတဲ့လမ်းကို လူထုက အလွယ်တကူ လျှောက်လိမ့်မယ်လို့ တွေးခဲ့ပုံ ရပါတယ်။ ဒါကြောင့်ပဲ အာဏာသိမ်းစမှာ တစ်နှစ်ပြည့်တာနဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ အသံထွက်ခဲ့တာပါ။
စစ်အုပ်စုဟာ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေမှာ သူတို့ကို လိုလား သူတွေကိုသာ ပါဝင်ခွင့်ပေးပြီး အခြားသူများကိုတော့ ထည့်သွင်းစဥ်းစားခြင်း မရှိပါဘူး။ ဥပဒေတွေကို လိုသလို ပြင်ပါတယ်။ ဖျက်ပါတယ်။ အဆိုးဆုံးကတော့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကို ကာကွယ်ပေးထားတဲ့ ပုဒ်မ ၅၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့ကို ပယ်ဖျက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ စစ်ကောင်စီ အုပ်ချုပ်စဥ် ကာလအတွင်းသာ ရပ်ဆိုင်းထားလိုက်တယ်လို့ ဆိုပေမယ့် ပယ်ဖျက်လိုက်တာပါပဲ။
ဒီနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၀ ကို တစ်ချက် ပြန်ကြည့်ဖို့ လိုလာပါပြီ။

*(တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အရေးပေါ် အခြေအနေ ကြေညာထားစဥ် ကာလအတွင်း လိုအပ်သည့် နယ်မြေဒေသတွင် နိုင်ငံသားများ၏ မူလအခွင့်အရေး တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက် ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထားနိုင်သည်)*

ဘယ်လောက် ကြောက်ဖို့ကောင်းတဲ့ အခွင့်အရေး ပေးထားမှုလည်း ဆိုတာကို အခုချိန်မှာ လက်တွေ့ သိကြရပါပြီ။ လိုရင်လိုသလို ထပ်မံပြီး ကန့်သတ်ရပ်ဆိုင်းမှုတွေ ထပ်ရှိလာ နိုင်ပါတယ်။ ဒီလို အခင်းအကျင်းတွေ အောက်မှာ ဘယ်လိုလုပ်ပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာနိုင်မလဲ ဆိုတာကို မေးခွန်းထုတ် နေစရာတောင် လိုမယ်မထင်တော့ပါဘူး။

စစ်ကောင်စီရဲ့ အချိန်ဆွဲ အယောင်ပြ ငြိမ်းချမ်းရေးအသံ

နိုင်ငံရေး ဖြစ်စဥ်မှာလည်း NLDနဲ့ တကွ ဒီမိုကရက်တစ် အင်အားစုတွေကို အဝင်မခံသလိုပဲ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုမှာလည်း NUCC၊ NUG၊ PDF နဲ့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက်သူများလို့ ခေါင်းစဥ်တပ်ပြီး ပေါ်ပေါ်တင်တင် ချန်လှပ်ခဲ့ပါတယ်။
 ၂၀၂၂ ဧပြီ ၂၂ ရက်နေ့မှာတော့ ငြိမ်းချမ်းရေးအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှ ာဖြစ်ပြီး ရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာရမည်ဟု ဖိတ်ခေါ်လိုက်ပြီး မေ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးရန် ကြေညာခဲ့ပါတယ်။ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ သဘောတူခဲ့တဲ့ အဖွဲ့တွေကတော့ “ဝ” ပြည် သွေးစည်းညီညွှတ်ရေးပါတီ၊  အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရခိုင်လွတ်မြောက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ လားဟူ ဒီမိုကရက်တစ်တို့ပဲ ဖြစ်ပါတယ်။
  အဲ့ဒီ ၁၀ ဖွဲ့ထဲက အများစုဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီး စစ်ကောင်စီနဲ့ တိုက်ပွဲတွေ တစ်ကြိမ်တစ်ခါမှ ဖြစ်ခဲ့ခြင်း မရှိတော့တဲ့အဖွဲ့တွေပဲ ဖြစ်ပါတယ်။
တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့​ အကြောင်းပြန်တဲ့ KNU၊ KIO၊ KNPP၊ CNF တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေကတော့ လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ရခိုင့်တပ်တော် (AA) နဲ့လည်း စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်အခါပါ။ သူတို့တွေရဲ့ စကားသံတွေကို ကျွန်တော်တို့ နားထောင် ကြည့်ရအောင်။


 “စစ်ခေါင်းဆောင်အနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာနေတဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ အသစ်တွေကို လက်ခံလို့မရတော့တဲ့ အခြေအနေဖြစ်ကြောင်းနှင့် စစ်တပ်ကသာ နိုင်ငံရေးကနေ ထွက်ခွာတာဟာ အမှန်အကန်ဆုံးအဖြေဖြစ်လိမ့်မယ်” (KNUပြောခွင့်ရပဒိုစောတောနီး)

 “ကျွန်တော်တို့ နိုင်ငံမှာ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ အာဏာရှင်စနစ်ကို နှစ်ပေါင်း ၇၀ ကျော် အောက်ကနေပြီး ကျွန်တော်တို့ အသက်ရှင်လာ ခဲ့ကြတယ်။ ဒီစနစ်ကြီး အောက်မှာတော့ ကျွန်တော်တို့ ဆက်ပြီ းမသွားနိုင်တော့ဘူး။ ကျွန်တော်တို့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်ပြီး ကျွန်တော်တို့ ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ ဘဝ လုံခြုံစိတ်ချရပြီးမှ အေးချမ်းတဲ့ လူ့ဘောင်တစ်ရပ်ကို ဖန်တီးချင်တာ ဒါကျွန်တော်တို့ရဲ့  နိုင်ငံရေးဦးတည်ချက်ပဲ” (KNPPပြောခွင့်ရသူဦးအောင်ဆန်းမြင့်)
 
KIO/KIA ကတော့…

“ယခုဖိတ်ခေါ်ချက်မှာ ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ထားခြင်း မရှိသလို၊ နိုင်ငံအရေးအရာ တွေကို ဆွေးနွေးအဖြေရှာရမယ်ဆိုတဲ့ မပါရှိတဲ့အတွက်၊ ပါဝင်သင့်သူအားလုံး ပါဝင်နိုင်ပြီး နိုင်ငံရေးအရ တန်းတူ ဆွေးနွေးနိုင်တဲ့ အချိန်အခါ အခင်းအကျင်းရောက်မှသာ ပါဝင်ဆွေးနွေးမယ်”လို့ သဘောထားထုတ်ပြန်ပါတယ်။
CNF ကလည်း KNU ၊KNPP တို့နဲ့ ပူးတွဲကာ ထိုးစစ်တွေအမြန်ရပ်ပြီး အားလုံးပါဝင်သော ဆွေးနွေးမှုလုပ်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားပါတယ်။
စာရင်းပေးသွင်းဖို့ ရက်မကုန်ဆုံးခင်မှာပဲ ရခိုင့်တပ်တော် (AA)ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီတိုင်းမှူးအား တရားဝင် စိန်ခေါ်လိုက်တဲ့အတွက် စစ်ရေးတင်းမာမှုတွေ ဖြစ်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရခိုင်မှာ အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြဿနာတက်လာရင် တပ်မတော်ကို အဆိုးမဆိုပါနဲ့”လို့  ခြိမ်းခြောက် ပြောဆိုလာပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ ၁၀ ဖွဲ့ကို တွေ့ဆုံရာမှာ တစ်ဖွဲ့ချင်း သီးခြားတွေ့ဆုံမှာပါ။ ဒီလိုတွေ့ဆုံတဲ့ အချိန်ကလည်း နှစ်လလောက် ကြာမြင့်နိုင်တယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ဒီနေရာမှာ ငြိမ်းချမ်းရေးတွေ့ဆုံပွဲ အလုပ်ဖြစ်မဖြစ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သဘောထားကို ကျွန်တော်တို့နားထောင်ကြည့်ကြရအောင်။

 “မူလတက်မယ်လို့ ဆန္ဒရှိပြီးတော့မှ နောက်မတက်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ချတာကတော့ KNU ပဲဖြစ်ပါတယ်။ အဲ့တော့ KNU ရယ် KIA ရယ် KNPP ရယ်ကတော့ အဲ့ဒီ နယ်မြေမှာရှိတဲ့ အချို့သော သူတို့ဆီက အဖွဲ့အစည်းတွေက လက်ရှိအကြမ်းဖက် လို့သတ်မှတ် ထားတဲ့ PDF၊ CRPH သူတို့နဲ့ ဆက်သွယ်နေတာတွေ ရှိတာကို ကျွန်တော်တို့ တွေ့ပါတယ်။နောက်တစ်ခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံတွေနဲ့ ပတ်သက်မှုနဲ့ ဆက်နွယ်နေတယ်လို့လဲ ကျွန်တော်တို့ သိထားရပါတယ်။ ဒါကြောင့် သူတို့က ကျွန်တော်တို့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့ အကြောင်းကို ထုတ်ပြန်ခဲ့တာတွေ ဖြစ်တယ်လို့ ကျွန်တော်တို့ တွေ့ရပါတယ်။ နိုင်ငံရေးမှာ၊ ဒို့ပြည်တွင်းရေးမှာ ပြည်ပက ပါဝင်နေသမျှ ကာလပတ်လုံး တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ဆိုတာ တော်တော် ခက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးကို မြန်မာနိုင်ငံသားတွေကပဲ ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်”။

သူကိုယ်တိုင် ပြည်ပအားကိုး ရှာချင်တဲ့ စစ်ခေါင်းဆောင်

 ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်နေမှုကို ဝေဖန်သွားပေမယ့် စစ်ခေါင်းဆောင် ကိုယ်တိုင်က အထူးသဖြင့် တရုတ်နိုင်ငံအပေါ်  မှီခိုလွန်းနေပါတယ်။ အိန္ဒိယနဲ့လည်း ဆက်ဆံရေး ကောင်းအောင် လုပ်ထားသလို၊ ဂျပန်ရဲ့ အကူအညီတွေ ယူနေပါတယ်။ အာဆီယံကိုလည်း ပြေးကပ်ပါသေးတယ်။ မင်းအောင်လှိုင် အားကိုးအားထား ပြုလွန်းတဲ့ တရုတ်နိုင်ငံ ကိုယ်တိုင်က အားလုံးပါဝင် တွေ့ဆုံဆွေးနွေးရေးကို လက်ခံထားပါတယ်။ အိန္ဒိယကလည်း ဒီသဘောထားမျိုးရှိပြီး စစ်အုပ်စုနဲ့ မိတ်မပျက် ဆက်ဆံပါတယ်။ ချင်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ အိန္ဒိယရဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေရပါတယ်။ မီဇိုရမ် ပြည်နယ်အစိုးရကသာ လက်ခံထားပေမယ့် အိန္ဒိယ ဗဟိုအစိုးရကတော့ အသိအမှတ်ပြု ကူညီပေးဖို့ ငြင်းဆန် နေတုန်းပါပဲ။ အာဆီယံရဲ့ ဘုံသဘောတူညီချက်ထဲမှာ အားလုံးပါဝင် တွေ့ဆုံရေးဆိုတာ ပါဝင်နေပါတယ်။ ကုလသမဂ္ဂကလည်း ဒီလိုပဲ ဖြစ်စေချင်တာပါ။ အမေရိကန် အနေနဲ့လည်း အာဆီယံကို ခေါင်းတည်ထားပြီး လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေပေးရေးအတွက် လုံခြုံစိတ်ချရတဲ့ စင်္ကြန်လမ်းတစ်ခု တည်ဆောက်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်ပါတယ်။ ထိုင်းနိုင်ငံကလည်း နယ်စပ်ဖြတ်ကျော် စစ်ဘေးဒုက္ခသည်အရေးကို အထူးကြပ်မတ် ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် ခန့်အပ်ထားပါတယ်။
ဒီနေရာမှာ ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်မှုက အောင်မြင်ခဲ့တာတွေရှိပြီး စစ်ခေါင်းဆောင်တွေနဲ့လည်း အထူးဆက်ဆံရေး ကောင်းခဲ့ပါတယ်။ နိုင်ငံတော်အဆင့် မဟုတ်ပေမယ့် ငြိမ်းချမ်းရေး အကျိုးဆောင်ဖြစ်သူ ဆာဆာကာဝါ အနေနဲ့ တတယ်ပဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုလက်ရှိ စစ်မက်ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် လေးကေ့ကော် ငြိမ်းချမ်းရေး မြို့သစ်ကြီးဟာ ဆာဆာကာဝါရဲ့ အားထုတ်မှု တစ်ခုဖြစ်ပါတယ်။ ရခိုင့်တပ်တော် (AA) နဲ့ စစ်တပ်တို့ အလွတ်သဘော ငြိမ်းချမ်းရေး ရယူနိုင်ခဲ့တာကလည်း ဆာဆာကာဝါ ရဲ့ ကျေးဇူးမကင်းပါဘူး။ အခုလည်း မြန်မာ့အရေးမှာ တုံ့ပြန်မှု ပြင်းထန်သလို ခြေလှမ်းသွက်လွန်းလှတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကို ဆာဆာကာဝါက အားချင်း သွားတွေ့ပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ မြန်မာ့အရေးဖြေရှင်းမှုနှင့် ပတ်သက်ပြီး သက်ဆိုင်သူ အားလုံး ပါဝင်နိုင်မှုကို အဓိကထား ဆွေးနွေးခဲ့သလို လူသားချင်းဆိုင်ရာ အကူအညီ ပေးနိုင်ရေး အတွက်လည်း လုံခြုံစိတ်ချရမယ့် စင်္ကြန် လမ်းတစ်ခု တည်ဆောက်ရေးလည်း ပါဝင်နေတယ်လို့ မလေးရှားသတင်းဌာန (Bernama)က ရေးသားထားပါတယ်။

မကွေး၊ စစ်ကိုင်း ကတော့ ဒေသတွင်း ခုခံမှု အားအကောင်းဆုံး ဖြစ်သလို ကျေးရွာတွေမှာလည်း စစ်ကောင်စီရဲ့ အကြောင်းမဲ့ မီးရှို့မှုကြောင့် နေ့စဥ်နဲ့အမျှ ပြာကျလို့နေပါပြီ။

ငြိမ်းချမ်းရေးရမလား စစ်မီးပိုတောက်မလား

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတာကို တွေ့ရပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းချက်အပေါ် တက်ရောက်နိုင်မရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေကလည်း တွေ့ဆုံဆွေးနွေးရေး အလိုမရှိဘူးလို့ ယတိပြတ် ငြင်းမထားပါဘူး။ UN၊ အာဆီယံနဲ့တကွ နိုင်ငံတကာ သဘောထားအတိုင်း အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းကိုသာ ဦးတည်ပြီး တောင်းဆိုထားတာကို တွေ့ရပါတယ်။
ယာယီသမ္မတ ပေးထားခဲ့တဲ့ ကာချုပ်အပေါ် အာဏာအပ်နှင်းခြင်းမှာ တစ်နှစ်သက်တမ်း ပြည့်သွားခဲ့လို့ ခြောက်လတစ်ခါ သက်တမ်းလည်း တစ်ဝက်ကျိုး ပါတော့မယ်။ နောက်ခြောက်လ သက်တမ်းတစ်ခုသာ စစ်ကောင်စီထပ်တိုးလို့ ရနိုင်မယ့်အခြေအနေပါ။ အရေးပေါ် အခြေအနေ ကြေညာထားတာကို ဆောင်ရွက်ပြီးစီးကြောင်း ကာချုပ်အနေနဲ့ သမ္မတထံ တင်ပြပြီး ခြောက်လအတွင်းမှာပဲ ရွေးကောက်ပွဲ ကျင်းပပေးရမယ်လို့ ဖွဲ့စည်းပုံကဆိုထားပါတယ်။
တိုင်းရင်းသား တော်လှန်ရေး ဒေသများသာမကတော့ဘဲ မြို့အနှံ့ ရွာအနှံ့ တိုးပွားလာနေတဲ့ ဒေသခံ တော်လှန်ရေး အင်အားစုတွေကို စစ်အုပ်စုအနေနဲ့ ဘယ်လိုမှ တားဆီးနိုင်တော့မှာ မဟုတ်ပါဘူး။ မကွေး၊ စစ်ကိုင်းကတော့ ဒေသတွင်း ခုခံမှု အားအကောင်းဆုံး ဖြစ်သလို ကျေးရွာတွေမှာလည်း စစ်ကောင်စီရဲ့ အကြောင်းမဲ့ မီးရှို့မှုကြောင့် နေ့စဥ်နဲ့အမျှ ပြာကျလို့ နေပါပြီ။
အာဆီယံ အမေရိကန် ထိပ်သီးတွေ့ဆုံပွဲ အပြီးမှာပဲ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အနောက်နိုင်ငံများ အနေနဲ့ လက်နက်ထောက်ပံ့မှုတွေ ပေးကြဖို့ ရိုက်တာသတင်းဌာနမှ တစ်ဆင့် တရားဝင် တောင်းဆိုလာနေပါပြီ။
 ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်တစ်ရပ် တည်ထောင်မယ်လို့ စစ်ကောင်စီက လေသံဘယ်လိုပဲ ပစ်ပစ် တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်ပါဝင်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆ (စ)ကို အသေ ဆုပ်ကိုင် ထားသရွေ့တော့အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
အာဏာသိမ်းကတည်းက လူတွေကိုဖမ်း၊ လူတွေကိုသတ်၊ သူခိုးဓားပြလို ပြည်သူ့ ပစ္စည်းတွေကို လုယက် ဖျက်ဆီး၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်၊ ရွာတွေကို မီးလောင်တိုက်သွင်း စတဲ့ အပြုအမူတွေကို တစ်ရက်မပြတ် ကျူးလွန် နေခဲ့ပါတယ်။ စစ်ခေါင်းဆောင်နဲ့တကွ နောက်လိုက် နောက်ပါတွေဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လက်ရဲဇာတ်ရဲ နိုင်လွန်းနေတဲ့ အဓိက အကြောင်းအရင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ပဲ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၂ မှာပြဌာန်းထားတဲ့ အဓိက အချက်ကတော့ …” လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် လုပ်ပိုင်ခွင့်နှင့် တာဝန်များ ပေးအပ်ခြင်း ခံရသည့် အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၊ နယ်ဘက် ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၊ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၏ တရားဝင် ဆောင်ရွက်ချက်များသည် အတည် ဖြစ်စေရမည်။ ယင်းတရားဝင် ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် တရားစွဲဆိုခွင့် မရှိစေရ” လို့ ပြဌာန်းထားလို့ပဲ ဖြစ်ပါတယ်။
 စစ်အုပ်စုအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ခံတပ်ပြုထားပြီး နောက်ဆုတ် အလျော့ပေးဖို့ အရိပ်အယောင် မတွေ့ရသေးပါဘူး။
ပြည်သူများနဲ့အတူ တော်လှန်ရေး အင်အားစုများကလည်း ၂၀၀၈ ကို အပြီးကျောခိုင်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ အားကောင်း မောင်းသန်စွာ ရှေ့ရှု ချီတက်နေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

လက်ရုံးညီ

 

ကိုးကားစာရင်း

တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏သဘောထားထုတ်ပြန်ချက်များ။
မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈)
စစ်ကောင်စီ၏ အမိန့်ကြေညာချက်များ
မလေးရှားသတင်းဌာန၊ ရိုက်တာ၊ ဧရာဝတီ၊ ဒီဗွီဘီ၊ RFA ၊ PVTV တို့၏ သတင်းဖော်ပြချက်များ၊ တွေ့ဆုံမေးမြန်းခြင်းများစစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲနှင့် ကိုယ်ပိုင်မှတ်စုများမှ ထုတ်နှုတ်ကိုးကား၍ ရေးသားထားခြင်း ဖြစ်ပါသည်။ )

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)