ယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာ၊ ဘာသာစကား၊ မျိုးရိုးဗီဇမတူညီကြတဲ့ လူမျိုးစုတွေ ရောနှောနေထိုင် ကြတဲ့ လူ့အဖွဲ့အစည်းကို ဗဟုလူ့အဖွဲ့အစည်းလို့ ခေါ်တယ်။ အတူနေကြပေမယ့် ပေါင်းစည်း မသွားဘူး (Mix but not Combine)။
ရန်ကုန်မှာ အခြေချနေထိုင်လိုတဲ့ မြန်မာတိုင်းရင်းသား တစ်ယောက်အဖို့က ကျောထောက်နောက်ခံ မရှိသလောက်ပါပဲ။ မြန်မာစီးပွားရေးကို သုတေသနပြုတဲ့ ဂျေအက်(စ်) ပါနီဗဲလ်ဟာ ၁၉၀၈ ခုနှစ်မှာ ရန်ကုန်ကို စရောက်တယ်။ မြို့တော်ကို တည်ဆောက်တဲ့နေရာမှာ အမြတ်အစွန်းရဖို့ စီးပွါးရေးတွက်ကိန်း တစ်ခုတည်းကိုပဲ စဉ်းစားပြီးတော့ မြန်မာတွေဘက်ကို လုံးဝ ထည့်မစဉ်းစားခဲ့တဲ့အပြင် မြန်မာ့ရိုးရာနဲ့ ဓလေ့ထုံးစံတွေကိုလည်း ထည့်မစဉ်းစားခဲ့ဘူးလို့ ထောက်ပြတယ်။ ဗမာတစ်ယောက်က ရန်ကုန်လမ်းပေါ်မှာ ဥရောပတိုက်သားတစ်ယောက်နဲ့ စကားပြောချင်ရင် ဟိန္ဒူစတန်နီ ဘာသာစကားကို တတ်မှ ပြောလို့ဆိုလို့ရမယ်ဆိုတာက ဘယ်လိုမှ သဘာဝမကျဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ဒေသခံမြန်မာတွေ တဖြည်းဖြည်းနဲ့ ချောင်ထိုးခံလာရတဲ့ ခံစားချက်အပြင် တခြားအလုပ်အကိုင် တွေမှာပါ တိုးမပေါက်တဲ့အခါ အမျိုးသားရေး စိတ်ဓာတ်ဘက်ကို ရောက်သွားကြတယ်။ ဒါ့ကြောင့် ရန်ကုန်မှာပဲ အမျိုးသားရေး စိတ်ဓာတ်တွေ စတင်ရှင်သန်လာတာပါ။ ဟိန္ဒူစတန်နီဘာသာစကားက လုပ်ငန်းသုံး (lingua franca) ဘာသာစကား ဖြစ်နေတယ်။ ဒီစကားမပြောတတ်ရင် အလုပ်ရဖို့ မလွယ်ဘူး။ ဗမာပြည်မှာ ဗမာစာ ဗမာစကားက မတွင်ကျယ်ဘူးဖြစ်နေတယ်။ တကယ်တော့လည်း ဗမာပြည်ဟာ ၁၉၃၇ အထိ အိန္ဒိယအင်ပါယာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့တာက အဓိကအကြောင်းပါ။
မြန်မာတွေက စီးပွားရေးအရ ကိုယ့်တိုင်းပြည်မှာ လူမျိုးခြားတွေထက် အောက်ကျ နောက်ကျ ဖြစ်နေရ တယ်ဆိုတာ မြင်လာကြတယ်။ တရုတ်တွေ ကုလားတွေ နေ့ချင်းညချင်း ကြီးပွားချမ်းသာသွားကြတာ သူတို့ မြင်ကြ ကြားကြရတယ်။ ဒဏ္ဍာရီမဟုတ် တကယ့်အဖြစ်တွေဆိုတာ သူတို့သိကြတယ်။ ဒီလိုချမ်းသာလာကြတဲ့ တရုတ်တွေထဲမှာ “ချန်”မိသားစုအကြောင်းကတော့ ရန်ကုန်နေလူထုအတွက် မရိုးနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ချန်မာဖီး (Chan Mah Phee) လို့ခေါ်တဲ့ ဟိုကင် (Hokken) နယ်သား တရုတ်လူငယ်တစ်ဦးဟာ ၁၈၆၁ မှာ တရုတ်ပြည် အရှေ့တောင်ပိုင်းအမွိုင်(ယနေ့ ရှာမင်) မြို့ကနေ အရောင်းအဝယ်လုပ်ကိုင်စားဖို့ ရေလက်ကြားဒေသကို ရောက်လာ တယ်။ နှစ်နှစ်အကြာမှာ ရန်ကုန်ကို ပြောင်းပြီးအခြေစိုက်တယ်။ ၁၀ နှစ်လောက် ကုန်မျိုးစုံရောင်းတယ်။ ၁၈၈၃ မှာ ရန်ကုန်မှာပဲ၊တိုက်လျှောင်း (Taik Leong) ဆိုတဲ့ နာမည်နဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ထူထောင်တယ်။ စားအုံးဆီ၊ ဆန်နဲ့ ဆေးရွက်ကြီးကို အကြီးအကျယ် ရောင်းဝယ်တယ်။ လုပ်ငန်းက အောင်မြင်လာတဲအခါ မြို့တော် နယ်နိမိတ်အတွင်း မြေယာဝယ်ယူပြီး အိမ်တွေဆောက်တယ်။ ဆိုင်ခန်းတွေဆောက်တယ်။ ငှားတယ်၊ရောင်းတယ်။ ရန်ကုန်မှာ အချမ်းသာဆုံး တရုတ်မြေရှင်ကြီး ဖြစ်လာတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ အထင်ရှားဆုံး ဆန်ကုန်သည် တစ်ယောက် ဖြစ်လာပြီ။ သူက အင်္ဂလိပ်လို မပြောတတ်ဘူး။ ဒါပေမယ့် ဗမာအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်တယ်။ ရွှေတိဂုံဘုရားမှာ ရက်ရက်ရောရော လှူတယ်။ ဂေါပကအဖွဲ့ထဲမှာလဲ သူပါတယ်။ ဗမာအသိုင်းအဝိုင်း ကလည်း သူ့ကို လိုလိုလားလား ဆက်ဆံကြတယ်။ တရုတ်အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုကို လည်း ရတယ်။ သူ့သား ချန်ချောကိုင် (Chan Chor Khine) က သူ့ရဲ့ စီးပွားရေးအင်ပါယာကို ဆက်ခံတယ်။ ကိုလိုနီအစိုးရနဲ့ရော တရုတ် အဆက်အသွယ်များနဲ့ပါ ဆက်ဆံရေး ကောင်းအောင်နေတယ်။ သူက ရန်ကုန် စိန်ပေါလ်ကျောင်းထွက်၊ မြင်းပွဲ ဝါသနာပါတယ်။ မြင်းကောင်းတွေ စုတယ်။ ရန်ကုန်မှာ အထက်တန်း ပြီးတော့ အဖေလုပ်သူက တရုတ်ပြည်မှာ ပညာဆက်သင်ခိုင်းတယ်။ တရုတ်ပြည်က ပြန်ရောက်တော့ သူ့အဖေအနားယူပြီး သူကလုပ်ငန်းတစ်ခုလုံးကိုသူ ဦးစီး ပြီးလုပ်ကိုင်တယ်။ ကိုလိုနီ အုပ်ချုပ်ရေးပိုင်းကလည်း သူ့ကို မြှောက်စားတယ်။ ဂုဏ်ထူးဆောင် တရားသူကြီး ရာထူး၊ ရန်ကုန်ကော်ပိုးရေးရှင်း ရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဥပဒေပြုကောင်စီအဖွဲ့ဝင် စသည်ဖြင့် ဆောင်ရွက်ခဲ့တယ်။ ဒီလို အခွင့်အလမ်းနဲ့ ပြည့်စုံကုံလုံတဲ့ဘဝကို ရကြတဲ့ နိုင်ငံရပ်ခြားက အခြေစိုက်နေထိုင်သူတွေဆိုတာ တကယ်တော့ များများစားစား မရှိပါဘူး။ ရန်ကုန်မြို့က တရုတ်၊ ကုလား ပြောင်းရွှေ့နေထိုင်သူအများစုဟာ တစ်ဝမ်းတစ်ခါး စားလောက်ရုံဘဝမှာ ရပ်တည်ကြရသူတွေက များပါတယ်။ မြို့တော်ရဲ့ အောက်ခြေလူတန်းစားဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေအဝင်အထွက်မကောင်းတဲ့၊ ရေစီးရေလာလည်း မကောင်းတဲ့ နေရာတွေမှာ နေထိုင်ကြရတယ်။ ဒါပေမယ့် ဗမာ၊ တရုတ်၊ ကုလား သီးသန့်ခွဲပြီး နေထိုင်ကြတယ်။
၂၀ ရာစုဆန်းတဲ့အထိ ရန်ကုန်ဟာ နယ်ခြားမြို့ကလေး တစ်မြို့လိုပါပဲ။ ရာဇဝတ်မှုလည်း များတယ်။ ဘိန်းခန်း၊ လောင်းကစားခန်း၊ ပြည့်တန်ဆာခန်းတွေ အစုံရှိတယ်။ တရုတ်၊ အင်္ဂလိပ်၊ ဂျာမန်၊ ရုရှားနဲ့ ဂျပန် လိင်ဖျော်ဖြေရေး လုပ်သားတွေ ရန်ကုန်ကို ရောက်လာကြတယ်။ ၁၉၁၁ မှာ ရန်ကုန်မှာ လုပ်ကိုင် စားသောက်ဖို့လာကြတဲ့ နိုင်ငံခြားသား တရုတ်ယောက်ျားနဲ့ မိန်းမကို အချိုးချကြည့်ရင် ၅:၁ ဖြစ်တယ်။ ၁၉၃၁ ကို ရောက်တော့၂:၁ ဖြစ်လာတယ်။ ငွေကြေးတောင့်တင်းတဲ့ နိုင်ငံခြားသားတွေက မြန်မာအမျိုးသမီးတွေကို လက်ထပ်ပြီး အိုးအိမ်ထူထောင်နိုင်ကြပေမဲ့ အများစုက ဆင်းရဲကြတယ်။ မိသားစုတစ်ခုကို ထောက်ပံ့နိုင်လောက်အောင် သူတို့ မတတ်နိုင်ကြဘူး။ ဒီလို အောက်ခြေအလုပ်သမားတွေနဲ့ ရန်ကုန်မြို့မှာ တပ်ချထားတဲ့ ဗြိတိသျှစစ်တပ်က အိန္ဒိယစစ်သားတွေအတွက် ပြည့်တန်ဆာအိမ်တွေက မရှိမဖြစ် လိုအပ်လာတယ်။ ၁၈၉၉ ခု ရန်ကုန်ရဲလက်စွဲ ဥပဒေအရ ပြည့်တန်ဆာခန်းတွေကို နှိပ်ကွပ်ဖို့ ကြိုးစားပါတယ်။ ၁၉၀၂ ခုနှစ် ရန်ကုန် မြူနီစီပါယ်လက်စွဲဥပဒေကို ပြဌာန်းပြီး ဒါလ်ဟိုဇီလမ်း (ယခုမဟာဗန္ဓုလ)နဲ့ မောင်ဂိုမာရီ (ယခုဗိုလ်ချုပ်အောင်ဆန်းလမ်း) လမ်းကြားက ၂၇၊၂၈၊ ၃၃ နဲ့ ၃၄လမ်းတွေမှာပဲ ပြည့်တန်ဆာအိမ်တွေ ဖွင့်ခွင့်ပြုတယ်။ ဒါပေမဲ့ မြန်မာပြည်ကို ရောက်လာတဲ့ ဘိလတ်သားအရာရှိတွေအားလုံးကလဲ ပြူရီတန် ခရစ်ယန်ဂိုဏ်းဝင်တွေ လိုက်နာရမဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းကြတာ မဟုတ်ပါဘူး။သူတို့လဲ ဗမာမတွေကို အပျော်မယားအဖြစ် ယူထားကြတာကို ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာ ဂျောချ်အော်ဝဲလ်က သူ့ရဲ့မြန်မာပြည်နေ့ရက်များ (Burmese Days) ဝတ္ထုမှာ ရေးဖွဲ့သွားပါတယ်။
ဗဟုလူ့အဖွဲ့အစည်း
မြန်မာနိုင်ငံရဲ့ ဗဟုလူ့အဖွဲ့အစည်း (PluralSociety) ဆိုတာ မြို့ပြမှာပဲ ဖြစ်တည်ခဲ့တာပါ။ မြန်မာ့ဗဟု လူ့အဖွဲ့အစည်းရဲ့ သရုပ်သကန် ဆိုတာကတော့ ကမ္ဘာ့စီးပွါးရေး ပျက်ကပ်ကာလတဝိုက်မှာ ပီပီပြင်ပြင် ပေါ်လာပါတယ်။ ယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာ၊ ဘာသာစကား၊ မျိုးရိုးဗီဇမတူညီကြတဲ့ လူမျိုးစုတွေ ရောနှောနေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းကို ဗဟုလူ့အဖွဲ့အစည်းလို့ ခေါ်တယ်။ အတူနေကြပေမယ့် ပေါင်းစည်း မသွားဘူး (Mix but not Combine)။ နိုင်ငံရေးအရ လူတစ်စုက လွှမ်းမိုးထားသည့်တိုင်အောင် တခြားလူမျိုးတွေရဲ့ သဘောထားတွေ အကျိုးစီးပွါးတွေကို စီးပွားရေးနယ်ပယ်မှာ ထည့်သွင်းစဉ်းစားခြင်းဖြင့် လုပ်ငန်းတာဝန်ခွဲဝေမှုကို အဆင်ပြေ ချောမွေ့စေပြီး လူ့အဖွဲ့အစည်းကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ဗဟု လူ့အဖွဲ့အစည်းရဲ့ အပီပြင်ဆုံး သာဓက ဖြစ်တယ်။ အမေရိကမှာက ယဉ်ကျေးမှု၊ ဓလေ့၊ အတွေးအခေါ်စတဲ့ နယ်ပယ်တွေမှာ မိမိတို့ဘာသာ ဘာဝအတိုင်း ကျင့်ကြံကြတယ်။ ဒါပေမယ့် နိုင်ငံရေးနဲ့ စီးပွားရေးကို တည်ငြိမ်အောင် ထိန်းသိမ်း ထားဖို့အတွက် ဘုံသဘောကို ဆောင်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို ကျင့်သုံးကြတယ်။ ပူးပေါင်း ဆောင်ရွက်ကြတယ်လို့ ဆိုတယ်။ ဗဟုလူ့အဖွဲ့အစည်းဆိုတဲ့ ဝေါဟာရကို ဖော်ထုတ်ခဲ့တဲ့ ဂျေအက်စ်ဖာနီဗဲလ်ဟာ မြန်မာပြည်၊ မလေးပြည်ထောင်စုနဲ့ အရှေ့အိန္ဒိယ ကျွန်းစုကို လေ့လာသွားတာပါ။ ဖာနီဗဲလ်က ဒီလိုရှင်းတယ်။ “ အိန္ဒိယမှာ ဗြိတိသျှအုပ်ချုပ်ရေးက ရာထူးကြီးငယ်မရွေး၊ အင်္ဂလိပ်တွေ မလုပ်နိုင်တဲ့နေရာတွေမှာ အိန္ဒိယသားတွေကို ခန့်ထားတယ်။ အိန္ဒိယရဲ့ စီးပွားရေးဆိုတာ အိန္ဒိယသားတွေက ဖန်တီးယူထားကြတာပါပဲ။ အင်္ဂလိပ်မပိုင်တာ မှန်သမျှ အိန္ဒိယသားတွေ ပိုင်တယ်။ ဒီတော့ ဒီလိုအတွေ့အကြုံများတဲ့ အိန္ဒိယသားတွေက မြန်မာစီးပွါးရေး လောကကို ဝင်လာတဲ့အခါ မြန်မာတွေ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူး။ ဒီအိန္ဒိယသားတွေက တစ်ပြည်လုံးမှာ စီးပွားရေး အရင်းအမြစ်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း အားလုံးလိုလိုကို လက်ဝါးကြီး အုပ်လိုက်ကြတာပါပဲ (Furnivall 1956:116)။
ဂျေအက်စ်ဖာနီဗဲလ်က ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကို ကိုးကားပြီး မြို့ကြီး၊ မြို့ငယ်တွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားနဲ့ အိန္ဒိယလူမျိုး၊ တရုတ်လူမျိုးတွေရဲ့ လူဦးရေရာခိုင်နှုန်းကို ဒီလိုပြတယ်။
|
မြို့ကြီးများ |
မြို့ငယ်များ |
မြို့အားလုံး |
ကျေးလက် |
တိုင်းရင်းသား |
၃၆.၀ |
၇၂.၇ |
၅၈.၅ |
၉၃.၉ |
အိန္ဒိယ |
၄၉.၆ |
၁၈.၅ |
၃၀.၅ |
၄.၂ |
တရုတ် |
၆.၇ |
၃.၅ |
၄.၇ |
၀.၉ |
ကျေးလက်လူနေ မှုဘဝကို ပြန်ကြည့်ကြမယ်။ ကိုလိုနီအစိုးရက မြန်မာကျေးလက်ဒေသ ဖွံ့ဖြိုးမှုကို ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဗမာ ကျေးလက်က သူကြီးရာထူး ဆိုတာကလည်း ရပ်ရွာကို ငြိမ်အောင် အုပ်ချုပ်ထားဖို့နဲ့ အခွန်ကောက်ဖို့ အဓိက တာဝန်ယူရတာပါ။ တကယ်က ဗြိတိသျှတို့ အထက်မြန်မာပြည်ကို သိမ်းပိုက်ခါစက ပုန်ကန်ထကြွမှုတွေကို နှိမ်နင်းဖို့အတွက် အဆင်ပြေအောင် စီမံခဲ့တဲ့ စနစ်ပါ။ သူကြီးဟာ အကန့်အသတ်နဲ့ တရားမမှုနဲ့ ရာဇဝတ် အမှုအခင်းတွေကို စီရင်နိုင်တဲ့ အာဏာရှိတယ်။ သူ့ရဲ့ တာဝန်ထမ်းဆောင်မှုနဲ့ ပတ်သက်လို့ လိုအပ်သလို အကူအညီ ပေးဖို့ကို ငြင်းဆန်တဲ့ ရွာသားတွေကို အပြစ်ပေးနိုင်တယ်။ ဒီစနစ်ကို ပြုပြင်ပေးနိုင်ဖို့ တင်ပြကြတာတွေတော့ ရှိတယ်။ ဒါပေမယ့် ရန်ကုန်မြို့က မြန်မာပြည်အစိုးရဟာ ပြုပြင်ဖို့ အခွင့်အာဏာ မရှိသလောက်ပါ။ ပြုပြင်လိုပုံလဲ မရပါ။ ကိုလိုနီအစိုးရက အကြောင်းပြတာကတော့ ပြုပြင်ရေးလုပ်ရင် နိုင်ငံခြားက တင်သွင်းလာတဲ့ စနစ်တွေနဲ့ အစားထိုးရမယ်။ မြန်မာ့ဓလေ့တွေ ပျက်စီးယိုယွင်း သွားမယ်။ သူကြီးရဲ့ အာဏာ လျော့နည်းသွားမယ်။ ကျေးလက်အုပ်ချုပ်ရေး တောင့်တင်းခိုင်မာမှု ရှိမှာမဟုတ်တော့ဘူးဆိုပြီး အကြောင်းပြကြတယ်။
၁၉၂၄ မှာ ကျေးလက်အုပ်ချုပ်ရေး ဥပဒေကိုပြင်ဆင် ပြဌာန်းပေးတယ်။ ဒီဥပဒေအရ ကျေးရွာ ကော်မတီဆိုတာ ဖွဲ့စည်းပေးတယ်။ ဒီကော်မတီက အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှာ သူကြီးကို ကူညီရတယ်။ အကြံပေးရတယ်။ သူကြီးက ကော်မတီရဲ့ ဥက္ကဌဖြစ်တယ်။ ရလဒ်ကတော့ သူကြီးဟာ အုပ်ချုပ်ရေးမှူးတစ်ယောက်အဖြစ်ထက်ကျော်လွန်ပြီးကျေးလက်လူ့အဖွဲ့အစည်းကိုယ်စား ပြောဆိုပိုင်ခွင့်ရှိသူတစ်ဦး ဖြစ်လာတယ်။ ကျေးလက် လူ့အဖွဲ့အစည်းကို ငြိမ်နေ အောင် ထိန်းထားဖို့ သူကြီးလက်ထဲ အာဏာပိုပြီး ထည့်ပေးလိုက်တာပါ။ မြန်မာကျေးလက်က ပြည်သူတွေက မြို့ပေါ်က လူတွေလို အိန္ဒိယသားတွေ၊ တရုတ်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက်လည်း ယှဉ်ပြိုင်နေစရာ မလိုဘူး။ မြို့ပေါ်က မြန်မာဓနရှင် ပေါက်စတွေလို နိုင်ငံရေးနဲ့ စီးပွားရေးမှာ နေရာရဖို့ အင်္ဂလိပ်၊ ကုလား၊ တရုတ် တွေနဲ့လည်း ယှဉ်ပြိုင်စရာ မလိုဘူးဆိုတော့ ကျေးလက်က တည်ငြိမ်နေပါတယ်။ ဒီဥပဒေကို တကယ်က နိုင်ငံရေးဦးတည်ချက်နဲ့ ပြဌာန်းခြင်းဖြစ်တယ်။ ဂျီစီဘီအေခေါင်းဆောင်တွေက နိုင်ငံရေးပါတီတွေကတဆင့် ကျေးလက်အုပ်ချုပ်ရေးကို ပြုပြင်ဖို့ အဆိုပြုလာတာကို တားဆီးလိုက်ခြင်းဖြစ်တယ်။ ပြင်ပကသြဇာ ကျေးလက်လူထုဆီ မလွှမ်းမိုးနိုင်အောင် ကြားခံ တားဆီးပေးလိုက်တာပဲ ဖြစ်တယ်။ ကျေးလက် ပြည်သူတွေနဲ့ ဆက်ဆံရေးမှာ ဥပဒေအရ တရားဝင် ဖွဲ့စည်း ထားတဲ့ ဒီကော်မတီဟာ ပိုပြီး နီးနီးစပ်စပ်ဆက်သွယ်လှုပ်ရှားနိုင်တာ တွေ့ရတယ်။ ကျေးလက်ဘဝ လှုပ်ရှား ရှင်သန်နေဖို့ မောင်းနှင်အားတစ်ခုပဲဖြစ်လာခဲ့တယ်။ ကျေးရွာကော်မတီကို လူထုအလိုကျ ဖွဲ့စည်းရေးကိစ္စကို ကျေးလက်ပြည်သူတွေ ကိုယ်တိုင်လဲ သိပ်ပြီး စိတ်ဝင်စားတာ မတွေ့ရပါဘူး။
သံဝှန်ဖြိုး
References
Cady, J F.1958. A History of Modern Burma. Cornell University Press.
Charney, Michael W. 2008. A History of Modern Burma. Cambridge University Press.
Furnivall J S. 1956. Colonial Policy and Practice. New York University Press.
(Steinberg, David J (Ed). 1987: In Search of Southeast Asia. University of Hawaii Press.
Tarling, Nicholas. 2001. Southeast Asia: A Modern History. Oxford University Press.