အယ်ဒီတာ့ အာဘော်

2022 April (2)

“တော်လှန် သင်္ကြန်”
မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသော ပွဲတော်များ အနက် မြန်မာ့ရိုးရာ နှစ်ကူး အတာသင်္ကြန်သည် အထင်ရှားဆုံးနှင့် အကျော်ကြားဆုံးသော ပွဲတော် တစ်ခုဖြစ်သည်။ နှစ်ဟောင်းက အညစ်အကြေးများကို သန့်စင်ဆေးကြောပြီး နှစ်သစ်တွင် လူသစ်စိတ်သစ်နှင့် စတင်ဖို့ အားယူသည့် အဓိပ္ပါယ်ဖြင့် ရေကစား ကျင်းပကြခြင်း ဖြစ်သည်။ မြန်မာ့သမိုင်းတစ်လျှောက် သင်္ကြန် မကျင်းပဖြစ်ခဲ့သည့် အကြိမ်ရေမှာ (၅) ကြိမ်သာ ရှိခဲ့သည်။ ပထမ တစ်ကြိမ်မှာ ဒုတိယ ကမ္ဘာစစ်အတွင်း ဖြစ်ပြီး တိတိကျကျဆိုရလျှင် ၁၉၄၂ ခုနှစ်တွင်ဖြစ်သည်။ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်များမှာ သိပ်မဝေးကွာလှသေးပဲ  ကိုဗစ်ရောဂါပိုး နိုင်ငံအတွင်း စတင်ပြန့်နှံ့သည့် ၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၁ များတွင် ရောဂါပိုး ကူးစက်ခြင်းအား ထိန်းချုပ်ရန်အတွက် မကျင်းပခဲ့ကြ။ မဆင်နွှဲခဲ့ကြပေ။ တတိယ အကြိမ် ကတော့ ထူးခြားသည်။ ပြည်သူ့အစိုးရ ထံမှ အာဏာလုယူသည့် စစ်ကောင်စီက ၎င်းတို့ လက်ထက် စည်ကားသိုက်မြိုက်စွာဖြင့် ပြည်သူများ ပျော်ရွှင်နေကြကြောင်း ပြလိုသည့်အတွက် ငွေကုန်ကြေးကျခံကာ မဏ္ဍပ်ကြီးများ ဟီးထအောင်ဆောက်ထားပေးသော်ငြား လာရောက်ဆင်နွှဲသူ လုံးဝမရှိခဲ့ဘဲ ၎င်းတို့နှင့် နီးစပ်သော အသိုင်းအဝိုင်း အနည်းငယ်ဖြင့်သာ  ခြောက်ခြောက်ကပ်ကပ် နှစ်ကူးသွားခဲ့ကြရသည်။ ယခုနှစ်သင်္ကြန်ကို ပြည်သူများက သညာပြုသည်။ “တော်လှန်သင်္ကြန်” ဟူ၍။ ရိုးရာအစဉ်အလာ လည်းဖြစ်၊ အိမ်တွင်းအောင်းရသည်မှာ ကြာပြီဖြစ်သည့်အပြင် အာဏာရူးကြောင့် စိတ်များညစ်ညူးနေသော်ငြား မိမိတို့၏ ဆန္ဒကို မျိုသိပ်ပြီး ၎င်းတို့အား ဆန့်ကျင်ကြောင်း သံမဏိစိတ်ဓာတ်ကို အောင်မြင်စွာ ထပ်မံပြသနိုင်ခဲ့ လေပြီဖြစ်သည်။ လာမည့်နှစ်တွင်တော့ ပြည်သူများဆန္ဒအတိုင်း အာဏာရှင်အား ဖြုတ်ချနိုင်ပြီး “အောင်ပွဲခံ သင်္ကြန်” ဖြစ်ပါစေကြောင်း အယ်ဒီတာ အဖွဲ့မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
“အရေးတော်ပုံ အောင်ရမည်”
အယ်ဒီတာ
ဧပြီလ