ကိုလိုနီစနစ်အောက်မှ လူ့အဖွဲ့အစည်း (အပိုင်း – ၁)

ကိုလိုနီစနစ်အောက်မှ လူ့အဖွဲ့အစည်း

အင်္ဂလိပ်ကျင့်သုံးတဲ့ လွတ်လပ်တဲ့စီးပွါးရေးမူဝါဒကြောင့် တစ်ကြောင်း၊ စစ်နှစ်ကြိမ်တိုက်ပြီး မြန်မာတစ်ပြည်လုံးကို သိမ်းယူလိုက်တာက တစ်ကြောင်းတို့ကြောင့် အိန္ဒိယအင်ပါယာရဲ့ စီးပွါးရေးဟာ တစ်ဟုန်ထိုး တိုးတက်လာတယ်။ စူးအက်တူးမြောင်းဖေါက်ပြီး အနှစ်ခြောက်ဆယ်အကြာ (၁၈၆၉/၁၉၂၉)မှာ အိန္ဒိယရဲ့ နိုင်ငံခြား ကူးသန်းရောင်းဝယ်မှုဟာ အပြိုင်အဆိုင် ယှဉ်ပြိုင်ကြရတဲ့ကြားထဲက ခုနစ်ဆအထိ တိုးတက်လာတာ တွေ့ရမယ်။ မြန်မာအပါအဝင် အိန္ဒိယ အင်ပါယာတစ်ခုလုံးက ဉရောပ၊ အထူးသဖြင့် အင်္ဂလန်ကို ဗဟိုပြုတဲ့ ကမ္ဘာ့အခင်းအကျင်းအတွင်း ကျရောက်သွားတဲ့အတွက် လူမှုစီးပွါးရေးဘဝကလဲ ပြောင်းလဲလာတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာပဲ ယဉ်ကျေးမှုနဲ့ လူ့ဓလေ့ဆိုတာတွေလဲ သိသိသာသာ ကွဲပြားလာတယ်။ မြို့ပြမှာ နေထိုင်ပြီး ကိုလိုနီစီးပွါးရေးက ယိုဖိတ်ကျလာတဲ့ အမြတ်အစွန်းကို လက်ဝေခံအဖြစ် ခံစားရသူ အများစုကတော့ မြေပိုင်ရှင်ကြီးတွေ၊ ကိုလိုနီအုပ်ချုပ်ရေးရဲ့ ပဋိညာဏ်ခံ ဝန်ထမ်းအရာရှိကြီးတွေနဲ့ အတတ်ပညာရှင် အသိပညာရှင်ဆိုသူတွေ ဖြစ်တယ်။ သူတို့တွေက မြို့ပေါ် အထက်တန်းလွှာတွေအဖြစ် မြို့ကြီးတွေမှာ နေထိုင်ကြတယ်။

မြန်မာအပါအဝင် အိန္ဒိယ အင်ပါယာတစ်ခုလုံးက ဉရောပ၊ အထူးသဖြင့် အင်္ဂလန်ကို ဗဟိုပြုတဲ့ ကမ္ဘာ့အခင်းအကျင်းအတွင်း ကျရောက်သွားတဲ့အတွက် လူမှုစီးပွါးရေးဘဝကလဲ ပြောင်းလဲလာတယ်။

မြို့ပြထူထောင်မှု

မြန်မာဘုရင်တွေခေတ်က တစ်ပြည်လုံးမှာ မြို့လို့ခေါ်လို့ရတဲ့ နေရာတောင် ခပ်ရှားရှားပါ။ အဲဒီနေရာတွေကို အခုသွားကြည့်ရင်လဲ အုပ်ချုပ်တဲ့ မင်းစိုးရာဇာတွေ နေထိုင်ခဲ့တဲ့ နန်းတော်အိမ်တော် ဆိုတာတွေကိုတောင် မတွေ့ရတော့ပါ။ သာသနိက အဆောက်အဉီးတွေလောက်ပဲ တွေ့ရမယ်။ မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် အင်္ဂလိပ်အစိုးရက ရန်ကုန်ကို နိုင်ငံရေးနဲ့ စီးပွါးရေး ဗဟိုအဖြစ် ရွေးချယ်တယ်။ ရန်ကုန်ဟာ မြန်မာဘုရင်ခေတ်မှာ တစ်ခါမှ မင်းနေပြည်တော် မဖြစ်ခဲ့တဲ့ မြို့ပါ။ အလောင်းဘုရား အပြီးသတ်အောင်ပွဲခံခဲ့တဲ့ မြို့ဖြစ်တာရယ်၊ ကမ္ဘာကျော် ရွှေတိဂုံဘုရားကြီး ရှိတာရယ်ကလွဲလို့ နိုင်ငံရေးအရ ဝိသေသ ထူးထူးခြားခြား မရှိပါ။ ဒါပေမဲ့ (၁၆) ရာစုကစပြီး တိုးတက်ဖြစ်ထွန်းလာတဲ့ ပင်လယ်ရေကြောင်း ကူးသန်းရောင်းဝယ်ရေးမှာ ရန်ကုန်နဲ့ သံလျှင်ဟာ မြန်မာနိုင်ငံရဲ့ အရောင်းအဝယ် အကောင်းဆုံး ဆိပ်ကမ်းမြို့တွေ ဖြစ်တယ်ဆိုတာ အင်္ဂလိပ်တွေ ကောင်းကောင်း သိထားတယ်။ ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲပြီးတာနဲ့ အရင်သိမ်းထားပြီး ဖြစ်တဲ့ ရခိုင် နင်္သာရီနှစ်နယ်ကို အောက်မြန်မာပြည်နဲ့ ပေါင်းစည်းပြီး ဗြိတိသျှဘားမား (BritishBurma)လို့ ထူထောင်တယ်။ အင်္ဂလိပ်အစိုးရက မြို့တော်ရန်ကုန်ကနေပြီး ဧရာဝတီမြစ်ကြောင်းကို ထိန်းချုပ်ပြီး မြန်မာမင်းပိုင် ကုန်းတွင်းပိတ် အထက်မြန်မာနိုင်ငံရဲ့ ပြည်ပစီးပွါးရေး ဆက်သွယ်မှုကို ကောင်းကောင်းနှောင့်ယှက် တားဆီးလို့ရတယ်။ ရန်ကုန်က အင်္ဂလိပ် ကုန်သည်ကြီးတွေ၊ ကာလကတ္တားနဲ့ လန်ဒန်က အင်္ဂလိပ်ကုန်သည်ကြီးတွေကလဲ သူတို့ရဲ့ ရန်ကုန်မှာ ရုံးစိုက်တဲ့ ဘုရင်ခံဆီကတဆင့် ကုန်သွယ်ရေးမှာ လိုက်လျောမှုတွေ လုပ်ပေးဘို့ မြန်မာဘုရင်ကို အကြပ်ကိုင်လို့ရတယ်။ နောက်ဆုံး တတိယ စစ်ဖြစ်တော့ စစ်တပ်တွေ ချီတက်ဘို့ အဆင်အပြေဆုံး နေရာက ရန်ကုန်ပါ။ ဒါတွေက ရန်ကုန်မြို့ တည်နေရာရဲ့ အားသာချက်ပါ။

ရန်ကုန်ပြီးရင် စီးပွါးရေးနဲ့ ပြည်ပဆက်သွယ်ရေးအတွက် အားထားရတဲ့ မြို့တွေက စစ်တွေနဲ့ မော်လမြိုင်ပါ။ အင်္ဂလိပ် မြန်မာ တတိယစစ်ပြီးတဲ့ အခါမှာတော့ အထက်မြန်မာပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်ဘို့နဲ့ အင်္ဂလိပ်တွေရဲ့ ရည်မှန်းချက် တခုဖြစ်တဲ့ တရုတ်ပြည်နဲ့ အနောက်ဖက်တံခါးပေါက်က ကုန်သွယ်ဘို့အတွက် မန္တလေးက အရေးပါလာတယ်။ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်လာခြင်းနဲ့အတူ မြို့ပြထည်ထောင်မှုလဲ လျှင်မြန်လာတယ်။ လူဉီးရေလဲ တိုးပွါးလာတယ်။ ဒုတိယတောင်ငူ (ညောင်ရမ်း)ခေတ်နဲ့ ကုန်းဘောင်ခေတ်ဉီးမှာ အောက်မြန်မာပြည်က မွန်လူမျိုးတွေ ထောင်သောင်းချီပြီး ထိုင်းနိုင်ငံကို ထွက်ပြေးကြတယ်။ ပထမစစ်အပြီး အင်္ဂလိပ်သိမ်းပြီးလို့ ရပ်ရွာတည်ငြိမ်လာတော့ (၁၈၂၅)ကနေ (၁၈၄၃)အတွင်း အနှစ်နှစ်ဆယ် လောက်မှာမှ သူတို့ရဲ့ ရာမညတိုင်းကို ပြန်လာကြတာ လေးသောင်းဝန်းကျင်ရှိတယ်လို့ တနင်္သာရီတိုင်းမင်းကြီးရဲ့ အစီရင်ခံစာက ဆိုတယ် (Furnivall1957:44)လုပ်အားချို့တဲ့မှု ပြဿနာကို ဖြေရှင်းဘို့ (၁၈၃၈) ခုနှစ်ကစပြီး အိန္ဒိယပြည်ကို ရိုမင်ဒယ်ကမ်းခြေက အိန္ဒိယ အလုပ်သမားတွေကို တနင်္သာရီတိုင်းကို တင်သွင်းတယ်။ အိန္ဒိယသား အများစုက မော်လမြိုင်မြို့မှာ နေကြတယ်။ ၁၈၅၂မှာ ဒုတိယစစ်ဖြစ်တဲ့ အချိန်မှာတော့ မော်လမြိုင်မြို့ လူဉီးရေလေးသောင်းအနက် သုံးပုံတစ်ပုံဟာ အိန္ဒိယသား ကုလားလူမျိုးတွေ ဖြစ်တယ်။

  ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး အင်္ဂလိပ်သိမ်းပြီးကာစ ရခိုင်နဲ့ တနင်္သာရီမှာ သန်းကောင်စာရင်း မကောက်နိုင်သေးတော့ အခွန်အကောက်ကောက်တဲ့ မှတ်တမ်းတွေကို အခြေပြုပြီး လူဉီးရေကို တွက်ချက်ရတယ်။ ခန့်မှန်း တွက်ချက်မှုအရ ရခိုင်မှာ လူဉီးရေတစ်သိန်းနဲ့ တနင်္သာရီမှာ ခုနစ်သောင်းပဲ ရှိတယ်။ ၁၈၅၂ မှာတော့ ဒေသနှစ်ခုပေါင်းမှာ (၅၄၃,၈၂၄)အထိ ရှိတယ်လို့ ခန့်မှန်းပါတယ်။ ဗြိတိသျှဘားမား (အောက်မြန်မာနိုင်ငံ) တစ်ခုလုံးရဲ့ သန်းကောင်စာရင်းကို ၁၈၇၂မှာ ကောက်ယူတဲ့အခါ လူဉီးရေစုစုပေါင်းက (.၇၅) သန်း ရှိပါတယ်

၁၈၇၄ ခုနှစ်မှာ ရခိုင်ပြည်ကို ဘိုးတော်ဘုရား သိမ်းပြီးနောက် မြန်မာဘုရင် အုပ်ချုပ်ရေးအောက်မှာ မနေချင်လို့ ရခိုင်လူမျိုးတွေဟာ သောင်းနဲ့ချီပြီး ဘင်္ဂလားကို ထွက်ပြေးကြတယ်။ (၁၈၄၀)မှာ ရခိုင်တိုင်းမင်းကြီး အာသာဖယ်ယာက ထွက်ပြေးသွားတဲ့ ရခိုင်လူမျိုးတွေ တဖွဲဖွဲ ပြန်လာနေကြပါပြီလို့ အစီရင်ခံတယ်။ အဘိုးနဲ့ အဖေတွေ လက်ထက်က ပြန်မလာနိုင်ခဲ့တဲ့ ဘိုးဘွားပိုင်မြေကို သားလက်ထက်မှာတော့ စိတ်ချလက်ချ ပြန်လာနိုင်တဲ့ အခြေအနေကို ရောက်လာပါတယ်။ ဗြိတိသျ အုပ်ချုပ်ရေး မှတ်တမ်းတွေအရ (၁၈၆၁)ခုနှစ်မှာ ရခိုင်ပြည်မှာ လူဉီးရေ (၃၇၆,၀၀၀) ရှိတဲ့အနက် ဘင်္ဂလားက ဝင်လာသူဟာ (၂၇,၀၀၀) ပဲ ရှိပါသေးတယ်။ ဗမာက (၅၀၀၀)ဉီး ပါတယ်လို့ တွက်ချက်ယူလို့ ရပါတယ် ။

ဗြိတိသျတို့ သိမ်းပိုက်ပြီးခါစ ရခိုင်ပြည်ဟာ ငြိမ်သက်ခြင်း မရှိဘူး။ မြန်မာဘုရင် လက်ထက်ကလိုပဲ တိုင်းတစ်ပါးသား အုပ်စိုးမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အင်္ဂလိပ်အစိုးရက ဆက်ပြီး ရင်ဆိုင်ရတယ်။ ဒါပေမဲ့ အိန္ဒိယ စစ်ဗာရီတပ်တွေက သူပုန်တွေကို အချိန်တိုတိုလေးအတွင်းမှာ နှိမ်နင်းလိုက်နိုင်တယ်။ ရခိုင်မှာ မြန်မာဘုရင်လက်ထက်က သားစဉ်မြေးဆက် ဆက်ခံရတဲ့ မြို့သူကြီးရာထူးတွေကို ဖျက်သိမ်းပြီး ဗျူရိုကရေစီ အုပ်ချုပ်ရေးနဲ့ အစားထိုးတယ်။ စီးပွါးရေး အလျှင်အမြန် တိုးတက်လာတယ်။ ၁၈၃၆ခုနှစ်မှာ စစ်တွေမြို့ကို ရောက်လာတဲ့ အမေရိကန်လူမျိုး တစ်ယောက်က မြို့လူဉီးရေ ရှစ်ထောင်မှာ မူဆလင်တွေလဲ အများအပြား တွေ့ရကြောင်းနဲ့ အများသုံး ဘာသာစကားက ဟိန္ဒူစတန်နီ ဘာသာဖြစ်ကြောင်းမှတ်တမ်းတင်သွားတယ်။ မော်လမြိုင်နဲ့ ကွာခြားချက်ကတော့ စစ်တွေမှာ အစားအသောက် အလွန်ဈေးပေါတာ ဖြစ်တယ်။ သူက အသားငါး၊ ကြက်ဉ၊ ဖွတ်ပြီးသားဆန် စတဲ့ စားသောက်ကုန်တွေကို ဈေးနှုန်းနဲ့တကွ ဖော်ပြပေးပါတယ်။ မြန်မာပြည် ဖက်ကရော စစ်တကောင်းဖက်ကရော ဆန်လာဝယ်တဲ့ ရွက်လှေကြီးတွေ ပုံမှန် ဝင်ထွက်နေကြကြောင်းနဲ့၊ တရုတ်လူမျိုးတွေ စတင်အခြေချ နေထိုင်နေကြပြီဖြစ်ကြောင်းလဲ မှတ်တမ်းတင်ထားတယ်။ (၁၈၃၀) ကနေ (၁၈၅၂)ခုနှစ်အတွင်း ရခိုင်ပြည်ရဲ့ ဆန်တင်ပို့မှုဟာ လေးဆခွဲအထိ တိုးလာတယ်။ ဒုတိယစစ်ပွဲ ဖြစ်ပွါးတဲ့ (၁၈၅၂)ခုနှစ်မှာ စစ်တွေဟာ ဆန်စပါး တင်ပို့မှုမှာ ကမ္ဘာ့‌ရှေ့ဆုံးက မြို့တစ်မြို့ ဖြစ်နေပြီ။ ဗြိတိသျ အရှေ့အိန္ဒိယ ကုမ္ပဏီဟာ ရခိုင်ပြည်က နှစ်စဉ်အမြတ်ငွေ ရူပီး ခြောက်သိန်း ရနေပြီ။ ရခိုင်ပြည်မြောက်ပိုင်းမှာ စပါးစိုက် လယ်ဧက နှစ်တိုင်း တိုးလာတာနဲ့အမျှ လူဉီးရေရဲ့ လေးဆယ်ရာခိုင်နှုန်းဟာ စစ်တွေခရိုင်မှာ နေပါတယ်။

တတိယ စစ်ပွဲပြီးကတည်းက အင်္ဂလိပ် ဝန်ရှင်တော်မင်းကြီး ရုံးစိုက်တဲ့ မြို့တော်ရန်ကုန်ကို ဥရောပတိုက်သားတွေ လာပြီး  လည်ပတ်ကြတယ်။ သူတို့က အထက်မြန်မာနိုင်ငံက ပတ္တမြားတွင်း၊ နီလာတွင်းတွေကို စိတ်ဝင်စားကြတယ်။ မြန်မာမင်း ပိုင်နက်ထဲက တရုတ်နဲ့ ကုန်ရောင်းကုန်ဝယ် လုပ်လိုကြတယ်။ ဒါပေမယ့် မန္တလေးကို မသွားခင် ရန်ကုန်မှာနားပြီး သတင်းအချက်အလက် စုဆောင်းရတယ်။ ခရီးလမ်း အဆင်ပြေအောင် ဆက်သွယ်ရတယ်။ ဒါပေမယ့် အမြဲနေတဲ့ မျက်နှာဖြူရော၊ ခဏတဖြုတ် လာသူတွေရော ဌာနေတိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံမှု မရှိလှဘူး။ ဒုတိယစစ် အပြီး (၁၀)နှစ်အကြာမှာ ရန်ကုန်ဟာ စစ်တွေကို ကျော်တက်ပြီး မြန်မာပြည်ရဲ့ အကြီးဆုံး ဆိပ်ကမ်းမြို့ ဖြစ်လာတယ်။ ဗြိတိသျှဘားမား (British Burma) ရဲ့ အုပ်ချုပ်ရေး ဗဟိုဖြစ်လာတယ်။ ‌ခေတ်မီ မြို့ကြီးတစ်မြို့ ဖြစ်လာတယ်။

၁၈၇၁ခုနှစ်မှာ ကောက်တဲ့ သန်းခေါင်စာရင်းအရ ရန်ကုန်လူဉီးရေရဲ့ သုံးပုံနှစ်ပုံဟာ ဒေသခံ တိုင်းရင်းသားတွေပါ။ ဒီနောက်မှာတော့ ဒေသခံဉီးရေဟာ တဖြေးဖြေး ကျဆင်းလာတယ်။ ၁၉၃၇မှာ မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်လိုက်တဲ့အခါ ရန်ကုန်မြို့မှာ လူဉီးရေ လေးသိန်းရှိတဲ့အနက် မြန်မာတိုင်းရင်းသား ဉီးရေက ၁၂၇,၀၀၀ ယောက်ပဲ ရှိတော့တယ်။ ဒီအထဲမှာ မွန်ကရင်နဲ့ ရခိုင်တွေ ပါတယ်။ အိန္ဒိယတိုင်းသားတွေက အိန္ဒိယအရှေ့တောင်ပိုင်းက ပြောင်းရွှေ့လာကြသလို တရုတ်တွေကလဲ တရုတ်ပြည်တောင်ပိုင်း ဖူကျင့်နဲ့ ကန်တုန်နယ်သားတွေ ဖြစ်တယ်။ ၁၉၂၁ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့မှာ တရုတ်လူမျိုး လူဉီးရေ နှစ်သောင်းလေးထောင် ရှိပါတယ်။

ကိုလိုနီခေတ်မှာ ဘင်္ဂလားနယ် စစ်တကောင်းခရိုင်က ရခိုင်မှာ လာအ‌ခြေချတဲ့ ဘင်္ဂါလီတွေ၊ ရန်ကုန်နဲ့ အောက်မြန်မာပြည်က အခြားမြို့ကြီးတွေမှာ လာပြီး အ‌ခြေချကြတဲ့ ဘီဟာနယ်က အူရီယာတွေ၊ မဒရပ်သား တမီလ်တွေ၊ ကိုရိုမင်ဒယ် ကမ်းခြေက တေလဂူတွေနဲ့ ပတ်သက်လို့ ဆယ်နှစ်တစ်ခါ ကောက်တဲ့ သန်းကောင်စာရင်းတွေမှာ အတိအကျ ဖော်ပြတယ်။ ကိုလိုနီခေတ် သန်းခေါင်စာရင်းမှာ ဖော်ပြတဲ့ အိန္ဒိယလူမျိုးဆိုရာမှာ ဟိန္ဒူနဲ့ မူဆလင် နှစ်မျိုးလုံးပါတယ်။ ဒီလူမျိုးတွေအ ားလုံးကို အိန္ဒိယလူမျိုးလို့ပဲ ခြုံပြီး စာရင်းသွင်းတတ်တယ်။ အိန္ဒိယသားတွေက အောက်မြန်မာပြည်အနှံ့ နေထိုင်ကြတယ် ဆိုပေမဲ့ ရန်ကုန်မှာ အများဆုံး နေကြပါတယ်။ ၁၉၂၁ သန်းခေါင်စာရင်းအရ ရန်ကုန်လူဉီးရေရဲ့ ငါးဆယ်ငါး ရာနှုန်းဟာ အိန္ဒိယနွယ်ဖွါးတွေ ဖြစ်တယ်။ နီပေါနဲ့ သီရိလင်္ကာနွယ်ဖွါးတွေလဲ အနည်းအကျဉ်း ရှိတယ်။ အသစ်ဝင်လာတဲ့ နိုင်ငံခြားသားတွေနဲ့ ဗမာတွေ အတူယှဉ်တွဲ နေထိုင်လာကြတဲ့အခါ နှိုင်းယှဉ်စရာတွေ ရှိလာတယ်။ အင်္ဂလိပ်တွေရဲ့ အမြင်မှာကတော့ ဗမာတွေဟာ အိန္ဒိယသားတွေလို အလုပ်ကြမ်း မလုပ်နိုင်ဘူး။ စီးပွါးရေးမှာလဲ တရုတ်တွေလို လဘ်မမြင်ဘူး။ ဒါကြောင့် စီးပွါးရေးအရ ပြောင်းရွှေ့အ‌ခြေချသူတွေ နောက်မှာပဲ ကျန်ခဲ့လိမ့်မယ်လို့ တွက်ဆထားတယ်။ ဗမာတွေကတော့ သူတိုတွေ နိုင်ငံခြားသားတွေကို မယှဉ်ပြိုင်နိုင်တာဟာ အင်္ဂလိပ်အစိုးရရဲ့ စီးပွါးရေးမူဝါဒတွေကြောင့် ဖြစ်တယ်လို့ ယူဆထားကြတယ်)။

အလောင်းဘုရားတည်ခဲ့တဲ့ ရန်ကုန်ဆိုတာ ဥရောပတိုက်သားတွေအတွက် လမ်းလျှောက်ထွက်ရင် နောက်ချေးနဲ့ အိုင်ဗွက်အလယ်မှာ စတိုင်ပျက်ပါတယ် ဆိုတဲ့မြို့။ ဒီမြို့ကို ခေတ်မီအောင် တည်ဆောက်ရာမှာ အလုပ်လုပ်ဖို့ အိန္ဒိယသား အလုပ်သမားတွေ၊ တရုတ်အလုပ်သမားတွေ ရန်ကုန်ဆိပ်ကမ်းကနေ တဖွဲဖွဲ ဝင်လာကြတယ်။ ၁၉၁၈ ခုနှစ်အထိ တစ်နှစ်ကိုအလုပ်ကြမ်းသမား သုံးသိန်းအထိ ရန်ကုန်ဆိပ်ကမ်းက မြန်မာနိုင်ငံထဲကို ဝင်လာကြတယ်။ ဒီအချိန်မှာ ကမ္ဘာပေါ်မှာ လူဝင်မှု အများဆုံးက နယူးယောက်၊ ဒုတိယအများဆုံးက ရန်ကုန်ဆိုပြီးတောင် နှိုင်းယှဉ်ပြောကြပါတယ်။ ဆယ်စုနှစ် နှစ်ခုလောက်မှာ ရန်ကုန်မှာ ကိုလိုနီ စီးပွားရေးတိုးတက်မှုနဲ့ လူဦးရေတိုးပွားလာမှုရဲ့ သာဓကအဖြစ် မြို့ကွက်တွေ ကျယ်လာတယ်။ အလောင်းမင်တရား တည်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ ဓနိမိုး ကျူထရံကာ အိုးအိမ်တွေ မြို့ပြင်ဘက်ကို တွန်းထုတ်ခံရပြီး မြို့လယ်မှာ ဥရောပပုံစံ တိုက်တာ အဆောက်အဦးတွေ ပေါ်လာတယ်။ ရန်ကုန်မြို့တော်ခန်းမကို ၁၈၈၆ မှာ ဖွင့်လှစ်တယ်။ နောက်နှစ်မှာ ဒပ်ဖရင် ဆေးရုံကို ဖွင့်လှစ်တယ်။ ၁၈၉၀မှာ အတွင်းဝန်များရုံး (နောင် ဝန်ကြီးများရုံး) ကို စပြီးတည်ဆောက်တယ်။ ၁၉၀၅ မှာ ဖွင့်လှစ်တယ်။ အစိုးရအိမ်တော်ကို ၁၈၉၅ မှာ ဆောက်ပြီးတယ်။ ဂျူဗလီဟောကို ၁၈၉၈ မှာ ဖွင့်တယ်။

တကယ်တော့ ရန်ကုန်ဟာ မြန်မာ့မြေပေါ်မှာ တည်ဆောက်လိုက်တဲ့ ပထမဆုံး အနောက်တိုင်းပုံစံ မြို့တစ်မြို့ပါပဲ။ မြန်မာ့ရိုးရာ နေထိုင်မှုဓလေ့တွေနဲ့ သိပ်ပြီးအံဝင်ခွင်ကျ မဖြစ်တဲ့ မြို့တစ်မြို့ပါ။ အနောက်တိုင်းပုံစံ အကွက်ချပြီး လမ်းတွေဖောက်ထားတယ်။ ပန်းခြံတွေ၊ ဥယျာဉ်တွေနဲ့ လှပနေတဲ့ မြို့ဖြစ်လာတယ်။ ခမ်းနားတဲ့ အဆောက်အဦးတွေ၊ လမ်းဘေးမီးတိုင်တွေနဲ့ ကိုလိုနီခေတ် အရှေ့တောင်အာရှရဲ့ ကျောက်မျက် တစ်လုံးဖြစ်လာတယ်။ ဧည့်သည်တစ်ယောက်က ရန်ကုန်မြို့လယ်ကို ရုတ်တရက် ရောက်လာရင် မျက်လုံးကိုပွတ်ပြီး ရန်ကုန်မှ ဟုတ်ရဲ့လား၊ ကာလကတ္တား ဒါမှမဟုတ် စင်္ကာပူကို ရောက်နေသလားလို့ သံသယဖြစ်လာအောင် ဖမ်းစားထားနိုင်တဲ့ မြို့ဖြစ်လာပါတယ်။ ရန်ကုန်ရဲ့  လူနေမှုဘဝကို ကြည့်ပြီး အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ ဘယ်လို ကွာခြားသလဲ။ နိုင်ငံခြားသားတွေအားလုံး ဘယ်လိုလူမျိုးက ဘယ်လိုတွေးခေါ်ပြီး ဘယ်လိုနေ ထိုင်ကြသလဲ။ သူတို့ဘဝ သူတို့အတွေးအခေါ်နဲ့ ဘယ်လိုကွာခြားသလဲဆိုတာ ဗမာတွေ သဘောပေါက်လာတယ်။ နိုင်ငံခြားသားတွေကို သူတို့တိုင်းပြည်မှာလာပြီး အမြတ်ထုတ် နေကြသူတွေအဖြစ် ရွံမုန်းတယ်။ တစ်ဖက်ကလည်း အထင်ကြီးကြတယ်။ အထူးသဖြင့် လူတန်းစား၊ လူ့အလွှာ ခြားနားမှုဆိုတာကို လက်တွေ့ရှုမြင် တတ်လာကြတယ်။ ဒါတွေကရန်ကုန်မှာ အပီပြင်ဆုံး တွေ့ရတာပါ။

အင်္ဂလိပ်တွေသိမ်းပြီး အနှစ် (၃၀) လောက်မှာ ရန်ကုန်ဟာ ခေတ်မီမြို့တော် တစ်ခု ဖြစ်လာပါပြီ ၁၈၈၀ ခုနှစ်အထိ ရန်ကုန်မြို့တွင်း သွားလာရေးမှာကတော့ မြင်းလှည်းက အဓိကကျနေတုန်းပါ။ ၁၈၈၂ ခုနှစ်မှာ စကော့စျေး (ယခုဗိုလ်ချုပ်စျေး)  နေရာမှာ ရေနွေးရထားခေါင်းတွဲ (၁၅)တွဲကို ရပ်နားပြီး ရန်ကုန်မြို့ရဲ့ စီးပွားရေး အချက်အလက် နေရာတွေကို ဆွဲပေးတယ်။ သက္ကရာဇ် ၁၉၀၀ ကစပြီး ရန်ကုန် မြူနီစီပယ်က လမ်းပန်းဆက်သွယ်ရေး အားလုံးကို လျှပ်စစ်ဓာတ်အားနဲ့ မောင်းနှင်ဖို့ စီစဉ်တယ်။ ဆီနဲ့ထွန်းရတဲ့ လမ်းမီးတိုင်တွေ အပါအဝင်ပေါ့။ အလုံမှာ ဓာတ်အားပေး စက်တည်တယ်။ ဒီလုပ်ငန်းတွေက ရတဲ့ အကျိုးအမြတ်တွေကတော့ ဗမာတွေ ခံစားဖို့ မဟုတ်ဘူးပေါ့လေ။ ဒီလိုပို့ဆောင်ရေးလုပ်ငန်း တိုးတက်လာတာဟာ ရန်ကုန်မြို့လယ် တစ်ဝိုက်ပါပဲ။ ဗြိတိသျှ အစိုးရက ရန်ကုန်နေ ဗမာလူထုကို ဆင်ခြေဖုံး ရပ်ကွက်တွေကို ထွက်သွားအောင် ရန်ကုန်မြို့လယ်မှာ လူစုလူဝေး ဖြစ်မလာအောင်လည်း ရည်ရွယ်ဟန်တူတယ်။ ၁၉၀၅ ကစပြီး ရန်ကုန်လမ်းတွေပေါ်မှာ  ကိုယ်ပိုင်ကားတွေ၊ မော်တော်ဘတ်စ်တွေ စပြီး ပြေးကြပြီ။ ၁၉၁၅ ခုကစပြီး ဘတ်စ်ကား (၈) လိုင်းရှိလာတယ်။ တက္ကစီ အငှားကားတွေ ပေါ်လာတယ်။ ၁၉၃၆မှာ  လျှပ်စစ်ထရော်လီ (Trolley) တွေစပြေးလာတယ်။

ရန်ကုန်မြို့လယ်မှာ ယာဉ်အသွားအလာ ကောင်းအောင် လမ်းတွေကို တိုးချဲ့ရတယ်။ ရန်ကုန်တရားရုံးချုပ်၊ စကော့စျေး၊ ရိုးကုမ္ပဏီစတဲ့ အဆောက်အဦးတွေကို ‌ဆောက်တယ်။ ဒီတော့ ဆင်းရဲသား ရပ်ကွက်တွေကို ဖယ်ရှားခိုင်းရတယ်။ ၁၉၀၀ ကနေ ၁၉၂၀ အတွင်း ဆင်းရဲသား အိမ်ယာတွေ တော်တော်များများ မြို့လယ်က ဖယ်ရှားခံရတယ်။ ဒါပေမဲ့ တစ်ဖက်မှာ မြို့နေ လူဦးရေက တိုးလာတယ်။ အိမ်စျေးတွေလည်း တက်တယ်။ ရန်ကုန်မြို့ကို အ‌ရှေ့ဖက်နဲ့ အနောက်ဖက်ကို ချဲ့ပြီး ဆင်ခြေဖုံးရပ်ကွက်တွေ တည်တယ်။ ရေဝပ်ပြီး ကျန်းမာရေးအတွက် မသန့်ရှင်းတဲ့ နေရာတွေကို ပြင်ယူတယ်။ လမ်းတွေဖောက်ပြီး မြို့တွင်းနဲ့ ဆက်သွယ်ပေး လိုက်တယ်။ ဥရောပတိုက်သားတွေ အနားယူဖို့ ဥယျာဉ်ပန်းခြံတွေ ပေါ်လာတယ်။ ဒီရပ်ကွက်တွေမှာ ဗမာတွေတော့ နေလို့မရဘူးပေါ့။  ဥရောပတိုက်သားတွေနဲ့ ချမ်းသာတဲ့ တရုတ်၊ ကုလား ကုန်သည်ကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေနေဘို့ သက်သက်ပါပဲ။ မြို့နယ် နယ်နိမိတ်ကို ချဲ့လာလေ ဗမာတွေ အပြင်ရောက်လေ ဖြစ်လာတဲ့အချက်က ထိုစဉ်က ဗမာဆင်းရဲသားတွေ မကျေနပ်တဲ့ အချက်တစ်ခု ဖြစ်တယ်။

(သံ၀ှန်ဖြိုး)

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)