အာဏာကို မတရားသိမ်းယူလိုက်ပြီး နောက်ပိုင်း ပထမဆုံး သံတမန် ဆက်သွယ်မှု ရပ်ဆိုင်းလိုက်တဲ့ နိုင်ငံကတော့နယူးဇီလန်နိုင်ငံပဲဖြစ်ပါတယ်။ အခုလည်း NUG ကို တရားဝင်အစိုးရအဖြစ် လက်ခံပေးဖို့ တောင်းဆိုချက်များအရ သူတို့နိုင်ငံရဲ့ လွှတ်တော်မှာ စတင်ကြားနာမှုတွေ ပြုလုပ်နေပါပြီ။
အာဆီယံ – အမေရိကန် ထိပ်သီးတွေ့ဆုံမှုကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ မြန်မာ့အရေး တစ်ဆစ်ချိုး အရွေ့ဖြစ်ဖို့ လမ်းပွင့်သွားသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖို့လည်း သံခင်းတမန်ခင်းမှာ မျက်နှာပန်းပွင့်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲရဲ့ အခင်းအကျင်းအကြောင်း မပြောခင်မှာ စစ်ကောင်စီရဲ့ သံတမန်ရေးရာ အလဲလဲအကွဲကွဲဖြစ်ပုံကို အရင်ပြောပြချင်ပါတယ်။
နိုင်ငံတကာသံတမန်ဆက်ဆံရေးအခြေအနေ
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်လက်ထဲ သံအမတ်ခန့်အပ်လွှာပေးခဲ့တာ နှစ်နိုင်ငံပဲ ရှိပါတယ်။ အိန္ဒိယနဲ့ဆော်ဒီနှစ်နိုင်ငံတည်းပါ။
တရားဝင်အစိုးရတစ်ရပ်ဖြစ်ဖို့ ပြည်တွင်းထောက်ခံမှုတွေ လိုအပ်သလို၊ နိုင်ငံတကာ အသိအမှတ်ပြုမှု ကလည်းအလွန်ပဲအရေးကြီးပါတယ်။
အာဏာကို မတရားသိမ်းယူလိုက်ပြီး နောက်ပိုင်း ပထမဆုံး သံတမန် ဆက်သွယ်မှု ရပ်ဆိုင်းလိုက်တဲ့နိုင်ငံကတော့ နယူးဇီလန်နိုင်ငံပဲ ဖြစ်ပါတယ်။ အခုလည်း NUG ကို တရားဝင်အစိုးရအဖြစ် လက်ခံပေးဖို့ တောင်းဆိုချက်များအရ သူတို့နိုင်ငံရဲ့ လွှတ်တော်မှာ စတင်ကြားနာမှုတွေ ပြုလုပ်နေပါပြီ။ နိုင်ငံ အများအပြားကလည်း စစ်ကောင်စီကို တရားဝင် အသိအမှတ်မပြုချင်တဲ့ အတွက် ခန့်အပ်ရန်ရှိတဲ့ သံအမတ်ကြီးများ နေရာမှာ သံရုံးယာယီ တာဝန်ခံများကိုသာ စေလွှတ် နေကြပါတယ်။ အချို့နိုင်ငံများ ကတော့ သံအမတ်အသစ် ထပ်ခန့်တာမျိုး မလုပ်ဘဲ ဘောင်ထဲကနေ ဆန့်ကျင်ကြောင်း ပြသနေပါတယ်။ ဒီနေရာမှာ သံတမန်ရေးရာ အကြီးအကျယ် ပွတ်တိုက်မှု ဖြစ်ခဲ့တာကတော့ ဗြိတိန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဗြိတိန်အနေနဲ့ သူတို့ခန့်ထားတဲ့ သံအမတ်ကြီးကို သံရုံးယာယီတာဝန်ခံအဖြစ် အဆင့်လျော့ချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအတွက် စစ်ကောင်စီကခါးခါးသီးသီး အမျက်ရှပါတော့တယ်။ ဗြိတိသျှ သံအမတ်ကြီးအနေနဲ့ ယမန်နှစ် သြဂုတ်လကတည်းက ရန်ကုန်ကို ရောက်နေခဲ့တာပါ။ စစ်ခေါင်းဆောင်ရှိတဲ့ နေပြည်တော်ထံ သံအမတ်ခန့်အပ်လွှာ သွားမပေးခဲ့ပါဘူး။ ဒီနှစ် ဖေဖော်ဝါရီလ အတွင်းမှာပဲ ဒေသဆိုင်ရာ အစည်းအဝေး တစ်ခုတက်ဖို့ မြန်မာနိုင်ငံကနေ ခေတ္တခဏ သံအမတ်ကြီး ထွက်သွာ းခဲ့ပါတယ်။ ကိစ္စပြီးလို့ ပြန်လာဖို့ လုပ်တဲ့အခါမှာတော့ သံအမတ်ကြီးကို ပြည်ဝင်ခွင့် မပေးတော့ဘဲ လက်မခံနိုင်ပါလို့ စစ်ကောင်စီက လက်တုံ့ ပြန်ပါတယ်။ အခုအချိန်အထိလည်း ဒီအရေးက ပြေလည်မှု မရသေးပါဘူး။ စစ်ကောင်စီက ဒီလိုလက်တုံ့ပြန်တဲ့ ကိစ္စကြောင့်ပဲ နိုင်ငံအများအပြားက ဖိအား ပေးကြပါတော့တယ်။ စစ်ကောင်စီနဲ့ သံတမန်ရေးအဆင့် လျော့ချဖို့ ဒိန်းမတ်၊ ဂျာမဏီ၊ အစ္စရေး၊ အီတလီနဲ့ တောင်ကိုရီးယား နိုင်ငံတို့က ဆုံးဖြတ်လိုက်ကြပါတယ်။
အီးယူ အဖွဲ့ဝင် နိုင်ငံအားလုံးကလည်း သံအမတ်အသစ်များ ထပ်မံစေလွှတ်ခြင်း မပြုတော့ဘူးလို့ အလွတ်သဘော ဆုံးဖြတ်လိုက်တဲ့ အသံတွေလည်း ထွက်ခဲ့ပါတယ်။ ဒီနေရာမှာ ထူးခြားတာကတော့ အာဆီယံ အဝန်းဝိုင်းထဲက ဘရူနိူင်းနိုင်ငံပဲ ဖြစ်ပါတယ်။ ဘရူနိုင်း သံအမတ်ကြီးကလည်း မြန်မာနိုင်ငံကို ရောက်လာခဲ့ပေမယ့် နေပြည်တော်သွားပြီး ခန့်အပ်လွှာ မပေးခဲ့ပါဘူး။ သံရုံး ဒုတိယအကြီးအကဲကိုသာ တာဝန် လွှဲအပ်ပေးပြီး မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာ သွားခဲ့ပါတယ်။
ဘရူနိုင်းနိုင်ငံလိုပဲ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ကလည်း သံအမတ်အဆင့် မထားကြပါဘူး။ အာဆီယံနိုင်ငံများကိုယ်တိုင်က စစ်ကောင်စီကို အပြည့်အဝ အသိအမှတ်မပြုဘူး ဆိုတဲ့သဘော သက်ရောက်နေပါတယ်။ အမေရိကန်ကတော့ ထူးထူးခြားခြား တုံ့ပြန်ဆောင်ရွက်တာမျိုး မတွေ့ရပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်လက်ထဲ သံအမတ် ခန့်အပ်လွှာပေးခဲ့တာ နှစ်နိုင်ငံပဲ ရှိပါတယ်။ အိန္ဒိယနဲ့ ဆော်ဒီ နှစ်နိုင်ငံတည်းပါ။ ဒီလောက်ဆိုရင်တော့ စစ်ကောင်စီ အနေနဲ့ သံတမန်ရေးရာမှာ အောင်မြင်နေသလား၊ ကျရှုံးနေသလားဆိုတာကို ကိုယ်တိုင် အကဲဖြတ်နိုင်ပြီလို့ ထင်ပါတယ်။
အာဆီယံနိုင်ငံများ၏သဘောသဘာဝနှင့်စစ်ကောင်စီအပေါ်ချည်းကပ်မှု
အာဆီယံ အမေရိကန် တွေ့ဆုံမှုအပြီး ထူးခြားဖြစ်စဥ်တွေကို အကဲဖြတ်နိုင်ဖို့အတွက် ဆွေးနွေးပွဲ မတိုင်ခင်အချိန်အထိ အာဆီယံရဲ့ နှေးကွေးမှုကို အစပြန်ကောက်ဖို့ လိုပါလိမ့်မယ်။ စစ်ကောင်စီအပေါ် ဖိအားပေးဖို့ အာဆီယံလက်တွန့်နေတာ အမှန်ပါပဲ။ စစ်ခေါင်းဆောင်ကို ဖိတ်ခေါပြီး အာဆီယံအဖွဲ့ကြီးရဲ့ ဘုံသဘောတူချက် ၅ရပ်ကို စက္ကူပေါ်မှာသာ ချပြနိုင်ခဲ့ပါတယ်။အဲဒီအချိန်က အများရှေ့မှာပဲ စစ်ခေါင်းဆောင်က သဘောတူ လက်ခံခဲ့ပါတယ်။ အဲဒီသဘောတူချက် ၅ရပ်ကို အခုချိန်မှာ တော်တော်များများက မေ့နေကြပါပြီ။ ဘုံသဘောတူချက် ၅ရပ်ကတော့…
- အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်ရာ အစုအဖွဲ့အားလုံးအနေဖြင့် အကြမ်းမဖက်ရေးအတွက်အတတ်နိုင်ဆုံးထိန်းချုပ်ဆောင်ရွက်သွားရန်။
- ပြည်သူများရဲ့အကျိုးကို မျှော်ကိုးပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်ရေးအတွက် သက်ဆိုင်ရာ အစုအဖွဲ့တွေကြားမှာအပြုသဘောဆောင်တဲ့ညှိနှိုင်းဆွေးနွေးမှုများစတင်ရန်။
- အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ် အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုတွေမှာ ကြားဝင် ဆောင်ရွက်ပေးရန်။
- အာဆီယံအနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးရန်။
- အာဆီယံအထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ မြန်မာပြည်ကို လာရောက်ပြီး သက်ဆိုင်ရာ အစုအဖွဲ့ အားလုံးနှင့်တွေ့ဆုံရန်…
တို့ပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ဟာ ကြေညာချက် ထုတ်ပြန်တဲ့အခါ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။ အာဆီယံဟာ စစ်ကောင်စီကို အလျော့ပေးလွန်းတဲ့ လုပ်ရပ်ပဲလို့ အားလုံးက ဝေဖန်ကြပါတယ်။ တစ်နှစ်ကျော်သာ ကြာသွားခဲ့ပေမယ့် ဖော်ဆောင်နိုင်ခြင်း မရှိသလို စစ်ကောင်စီကလည်း လိုက်လျောခြင်း မရှိခဲ့ပါဘူး။ ဒီကြေညာချက် ထုတ်ချိန်မှာ ဘရူနိုင်းက အာဆီယံဥက္ကဌပါ။ အာဆီယံ အထူးကိုယ်စားလှယ်ကို ခန့်အပ်နိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးတဲ့ အတွက်ကြောင့်ပဲ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ်ပျက်ခဲ့ရပါတယ်။ ဘရူနိုင်းကတော့ ခပ်မာမာပဲ ဆက်ဆံပါတယ်။ ဘုံသဘောတူချက်တွေကို လိုက်လျောခဲ့ခြင်းမရှိတဲ့ အတွက်ကြောင့်ပဲ အာဆီယံခေါင်းဆောင်များရဲ့ အစည်းအဝေးတွေမှာ စစ်ကောင်စီကို တက်ခွင့်မပေးဘဲ၊ နိုင်ငံရေးနဲ့ ကိုယ်စားမပြုသူကိုသာ တက်ခွင့်ရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကမ္ဘောဒီးယား ဥက္ကဌ ဖြစ်တဲ့အချိန်မှာ အခြေအနေ ပိုဆိုးသွားပါတယ်။ ဟွန်ဆန်ဟာ သဘောထားပျော့ပြောင်းတဲ့ အမူယာနဲ့ စစ်ကောင်စီထံ ချည်းကပ်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေကြား သဘောထား ကွဲလွဲမှုတွေ ဖြစ်နေတဲ့ကြားကပဲ ဟွန်ဆန်ကိုယ်တိုင် မြန်မာပြည်အထိ ပေါက်ချလာပါတယ်။ စစ်ကောင်စီကို အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလို့ ဘယ်လိုပြောပြော ဟွန်ဆန်ဟာ စစ်ကောင်စီနဲ့ ပလူးပလဲ လုပ်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ် မြန်မာပြည်လာခွင့်ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရပါဘူး။ စစ်ကောင်စီ စီစဥ်ပေးတဲ့လူတချို့နဲ့သာ တွေ့ခွင့်ရခဲ့ပါတယ်။ ကြေညာချက်ထုတ်ပြီး အချိန်မီ အားစိုက် ဆောင်ရွက်ခဲ့မယ်ဆိုရင် မြန်မာပြည်က လူတွေရဲ့အသက်တွေ၊ မြို့ပျက် ရွာပျက် ဖြစ်တာတွေကို ကယ်တင်နိုင်မှာပါ။ အခုတော့ စစ်ကောင်စီရဲ့ ဖိနှိပ်ရက်စက်မှုကြောင့် တိုင်းပြည်လည်း အတော့ကို ကြေနေပါပြီ။ ဒါတွေကတော့ အမေရိကန်နဲ့ ဆွေးနွေးတွေ့ဆုံမှု မတိုင်ခင်က အခင်းအကျင်းတွေပါပဲ။
အာဆီယံ အမေရိကန်ထိပ်သီး အစည်းအဝေးမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဘယ်သူမှ တက်ရောက်ခွင့်မရပါဘူး။
အာဆီယံအမေရိကန်တွေ့ဆုံပွဲရလဒ်နှင့်တိုးတက်မှုတချို့
အမေရိကန်နဲ့တွေ့ဆုံမှု မတိုင်ခင်မှာပဲ ဝါရှင်တန်ဒီစီမှာ အာဆီယံခေါင်းဆောင်တွေ အလွတ်သဘော ညှိနှိုင်းကြပါတယ်။မြန်မာအရေးအပါအဝင် အခြားကိစ္စတွေမှာပါ တစ်လေသံတည်း ထွက်နိုင်ဖို့ပါ။
ဒီနေရာမှာ ထူးခြားတာက မလေးရှားပါ။ အာဆီယံရဲ့ အလုပ်မဖြစ်ခြင်းကို ဝေဖန်သလို၊ စစ်ကောင်စီကိုလည်း ပြင်းပြင်း ထန်ထန် ပြောပါတယ်။ စစ်ကောင်စီနဲ့ အလုပ်မဖြစ်ရင် NUG၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ လိုင်းကို တင်လာပါတယ်။ ဒီကိစ္စကို အာဆီယံ အထူးကိုယ်စားလှယ်ကလည်း ကြိုဆိုထောက်ခံတယ်လို့ လေသံချက်ချင်း ပြောင်းသွားပါတယ်။အာဆီယံခေါင်းဆောင်တွေ ဝါရှင်တန်ဒီစီကို ရောက်နေချိန်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်လည်း ရောက်ရှိလာပါတယ်။
အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံမှာ နောက်ဆုံး ဖြစ်ပျက်နေတဲ့ မြေပြင် အခြေအနေတွေကို ကမ္ဘာ့ခေါင်းဆောင်များနဲ့တကွ အာဆီယံ ခေါင်းဆောင်တွေကို အသိပေးနိုင်ဖို့ ရည်ရွယ် ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။ ဒေါ်ဇင်မာအောင်ကို အထူး ဧည့်ဝန်ကြီးတစ်ယောက်လို အဆောင်အယောင် အစောင့်အရှောက်တွေနဲ့ ကြိုဆို ဆက်ဆံခဲ့ပါတယ်။ အာဆီယံ အမေရိကန်ထိပ်သီး အစည်းအဝေးမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဘယ်သူမှ တက်ရောက်ခွင့် မရပါဘူး။ မြန်မာနိုင်ရဲ့ ထိုင်ခုံကို လှပ်ပြီး အစည်းအဝေးကို ကျင်းပပါတယ်။
ဒေါ်ဇင်မာအောင်နှင့် လက်ခံတွေ့ဆုံခဲ့သူများ
ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှားမန်းတို့ တွေ့ဆုံခဲ့ပါတယ်။ ရှားမန်းပြောတာတွေကို ကောက်နှုတ် ဖော်ပြရမယ်ဆိုရင်… ရက်စက်ကြမ်းကြုတ်စွာ အဖြိုခွဲခံနေရတဲ့ မြန်မာပြည်သူများ ဘက်ကနေ အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ အားပေးရပ်တည်နေသလို၊ အားလုံးပါဝင်နိုင်မယ့် ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိလာအောင် ငြိမ်းချမ်းစွာ ဆောင်ရွက်ပေးသူအားလုံးကိုလည်း ထောက်ခံမည်ဖြစ်ကြောင်း၊ အာဆီယံနှင့် အခြားသော မိတ်ဖက်နိုင်ငံများနှင့်အတူ ဆက်လက်ပြီး အနီးကပ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ အကြမ်းဖက်တာတွေ တိုးမြှင့် လုပ်ဆောင်နေမှုကြောင့် လူသားချင်းဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေရတာတွေ အတွက် ရှုတ်ချကြောင်း၊ အကူအညီလိုအပ်နေသူများထံ အကူအညီများ အကန့်သတ် အတားအဆီးမရှိ ရောက်ရှိနိုင်ရေး အတွက်လည်း တောင်းဆိုပါကြောင်း… ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီးနဲ့လည်း ဒေါ်ဇင်မာအောင် တွေ့ဆုံခဲ့ပါတယ်။ ရော့ဘာရှင်းစကီး ပြောကြားခဲ့တဲ့အထဲမှာ အမေရိကန်သမ္မတ အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခဲ့မှုတွေအပေါ် တာဝန်ယူ၊ တာဝန်ခံမှု ရှိစေရေးအတွက် ဆက်လက်ဖိအားပေ းလုပ်ဆောင်သွားမယ် ဆိုတဲ့စကားကတော့ ကျေနပ်အားရဖွယ် ဖြစ်စေပါတယ်။ နောက်ထူးခြားတာကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန် သမ္မတရဲ့ အလေးပေးအာရုံစိုက်မှုပဲ ဖြစ်ပါတယ်။ ထိပ်သီးအစည်းအဝေးရဲ့ လိုဂိုဒီဇိုင်းကို ရန်ကုန်မြို့ရဲ့ နာမည်ကျော်ကရဝိတ်ပုံအဖြစ် မြန်မာ့အရေးကို ရည်ညွှန်းပြီး သမ္မတက အသုံးပြုစေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်တရားဝင် တွေ့ဆုံခဲ့သူကတော့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးပဲ ဖြစ်ပါတယ်။ (အခြားအာဆီယံ ဝန်ကြီးများနဲ့ တွေ့ဆုံခဲ့တာမျိုး ရှိခဲ့ပေမယ့် တရားဝင် မထုတ်ပြန်ပါဘူး)။ ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံပြီးချိန်မှာပဲ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သူပြောသွားတဲ့ စကားတွေထဲမှာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘူး။ မလေးရှားအနေနဲ့ NUG၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ပြီ… ဆိုတဲ့ အကြောင်းတွေကတော့ မြန်မာပြည်သူတွေအတွက် အားတက်စရာပါပဲ။ မလေးရှားမှာ NUG ရုံးခန်းဖွင့်ဖို့အထိ ဖြစ်လာနိုင်စရာ ရှိကြောင်းကိုလည်း ပြောသွားပါသေးတယ်။
ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲအပြီးမြန်မာအရေးနှင့်ပတ်သက်ပြီးပူးတွဲထုတ်ပြန်ချက်
ထိပ်သီးတွေ့ဆုံပွဲ အပြီးးမှာတော့ အမေရိကန်မှ အာဆီယံသို့ ဒေါ်လာသန်း၁၅၀ ထောက်ပံ့ပေးဖို့ သမ္မတက ကတိပြုသလို၊ အရှေ့တောင်အာရှဆိုင်ရာ သံအမတ် တစ်ဦးကိုလည်း ခန့်အပ်မှာဖြစ်ပါတယ်။ အာဆီယံ အမေရိကန် ပူးတွဲထုတ်ပြန်ချက်ထဲမှာ မြန်မာ့အရေးပါသလို၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ စီးပွားဆိုင်ရာ ဆက်ဆံရေး၊ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပြည်သူချင်းဆက်ဆံရေး၊ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်း၍ ယုံကြည်မှုတည်ဆောက်ရေးနဲ့ ယူကရိန်းအရေးနဲ့ ပတ်သက်တာတွေကို ထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်တဲ့ပူးတွဲကြေညာချက်မှာတော့…
- အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ရရှိရေး။
- မြန်မာ့အရေးနှင့် ပတ်သက်ပြီး ၎င်းတို့အနေဖြင့် အလွန်အမင်း စိုးရိမ်လျက်ရှိကြောင်းနှင့် အာဆီယံ ဘုံသဘောတူညီချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကတိကဝတ်ကို ၎င်းတို့က အထူးအလေးပေး ဂရုစိုက်နေသလို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ တိုက်တွန်းကြောင်း။
- အာဆီယံ အထူးကိုယ်စားလှယ်၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ၎င်းတို့အနေဖြင့် ထောက်ခံသွားမည်ဖြစ်ကြောင်း။
- မြန်မာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ၎င်းတို့ဆောင်ရွက်သွားမည်ဟု ထပ်လောင်းပြောကြားသလို၊ အကြမ်းဖက်မှုများ ချက်ချင်း ရပ်စေရန်နှင့် နိုင်ငံခြားသားများ အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးရန်အတွက်လည်း ၎င်းတို့က တောင်းဆိုပါကြောင်း… ဖော်ပြပါရှိပါတယ်။
အခုလည်း ဒေါ်ဇင်မာအောင် အိမ်ဖြူတော်အထိ ရောက်သွားခဲ့လို့ ထပ်ပြီးမျှော်လင့်ကြပြန်ပါတယ်။ အမေရိကန်အဖို့ စစ်ရေးအကူညီပေးဖို့ ရှိပုံမပေါ်သေးပါဘူး။
နိဂုံးချုပ်သုံးသပ်ချက်
နွေဦးတော်လှန်ရေး စချိန်ကတည်းက ပြည်သူအများစုမှာ အမေရိကန်ကို အဓိကထားပြီး မျှော်လင့်ခဲ့ကြပါတယ်။ ထင်သလို ခရီးမပေါက်ခဲ့လို့ ကိုယ့်အင်ကိုယ့်အားနဲ့ စစ်ကောင်စီကို ခုခံ အန်တုခဲ့ကြပါတယ်။ အခုလည်း ဒေါ်ဇင်မာအောင် အိမ်ဖြူတော်အထိ ရောက်သွားခဲ့လို့ ထပ်ပြီး မျှော်လင့်ကြပြန်ပါတယ်။ ယူကရိန်းကို ကူသလို လက်နက်ခဲယမ်းတွေ ပုံအောပေးလိမ့်မယ်လို့ မျှော်လင့်နေကြ ပြန်ပါတယ်။ အမေရိကန်အဖို့ စစ်ရေးအကူညီပေးဖို့ ရှိပုံမပေါ်သေးပါဘူး။
ဒီထိပ်သီးဆွေးနွေးပွဲ အပြီးမှာတော့ အာဆီယံကိုယ်တိုင် နည်းနည်းတော့ လှုပ်ရှားလာနေပါပြီ။ မလေးရှားကတော့ အားကောင်း မောင်းသန်နဲ့ တက်ကြွလွန်း နေပါတယ်။ အမေရိကန်ရဲ့ ဒီပလိုမေစီကြောင့်ပဲ ၂၀၁၂မှာ မြန်မာနိုင်ငံရေးဟာအချိုးအကွေ့ ဖြစ်ခဲ့ဖူးပါတယ်။ အခြေအနေခြင်းက မတူတော့သလို လူထုရဲ့ ခံစားတုံ့ပြန်ပုံကလည်း မတူတော့ပါဘူး။ အမေရိကန် ကိုယ်တိုင်က NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုပြီလားဆိုတော့လည်း မဟုတ်သေးဘူးလို့ ဆိုရမှာပါ။ အမေရိကန် အနေနဲ့ NUG ကို တရားဝင်ဆက်ဆံမှုပြုပြီလို့ မီးစိမ်းပြပါတယ်။ မလေးရှားဦးဆောင်ပြီး အာဆီယံကလည်း နောက်က လိုက်ဖို့တာစူတဲ့ အခင်းအကျင်းပါပဲ။ မူလအစီအစဥ်အတိုင်းဆိုရင် ဒီလ တတိယပတ်ထဲမှာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဥ် ရှိနေပါတယ်။ တိုးတက်ပြောင်းလဲမှုတွေကို တကယ်ပဲ မြင်တွေ့ရမလား။ အမေရိကန်ရဲ့ ဒီပလိုမေစီ တကယ်အလုပ်ဖြစ်ပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
( လက်ျာဧ )