ဖဆပလအဖွဲ့ချုပ်ကြီးကို ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းသည်။ အဖွဲ့ကြီး၏ အဓိကအင်အားစု များအဖြစ် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ/PRB (နောင်တွင် ဆိုရှယ်လစ် ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်)တို့က ဦးဆောင်ပါဝင်ပြီး ရခိုင်အမျိုးသား အစည်းအရုံး၊ ကရင်ဗဟို အဖွဲ့ချုပ်၊ အရှေ့အာရှလူငယ်များအစည်းအရုံး၊ မျိုးချစ်အဖွဲ့နှင့် မဟာဗမာအဖွဲ့တို့မှ ခေါင်းဆောင်တစ်ချို့ လည်းပါဝင်ခဲ့သည်။ ဥက္ကဌမှာ ဗိုလ်ချုပ်အောင်ဆန်း၊ အတွင်းရေးမှူးမှာ သခင်သန်းထွန်းဖြစ်သည်။ ဆိုလိုသည်မှာ ဖက်ဆစ်တော်လှန်မည့် ဖဆပလအဖွဲ့ကြီးထဲတွင် အမျိုးသားရေးဝါဒီများနှင့် ကွန်မြူနစ်များ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလအဖွဲ့ကြီးအတွင်း အင်အားစု ၃ စုပေါ်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူ့ရဲဘော်အဖွဲ့၊ သခင်မြခေါင်းဆောင်သော ဆိုရှယ်လစ်အဖွဲ့နှင့် သခင်သန်းထွန်းခေါင်းဆောင်သည့်ကွန်မြူနစ်အဖွဲ့တို့ဖြစ်ကြပါသည်။
မြန်မာပြည်၏ပထမဆုံးအိုင်ဒီယိုလိုဂျီအကွဲအပြဲမှာ
ကွန်မြူနစ်ပါတီမှစသည်။
မြန်မာပြည်၏ပထမဆုံးအိုင်ဒီယိုလိုဂျီအကွဲအပြဲမှာ ကွန်မြူနစ်ပါတီမှစသည်။ ၁၉၄၆ တွင် သခင်စိုးက ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ ကွန်မြူနစ်ပါတီ (ဗမာပြည်)/CP(B)ကို တည်ထောင်သည်။ ယင်းပါတီကို အလံနီကွန်မြူနစ် ပါတီဟုလူသိများသည်။ သခင်သန်းထွန်းနှင့် သခင်သိန်းဖေတို့က ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) အဖြစ် ဆက်လက်ကျန်ရှိခဲ့သည်။ သခင်သိန်းဖေတို့၏ CPB ကို ဆိုရှယ်လစ်ဝါဒသို့ ငြိမ်းချမ်းစွာကူးပြောင်းရေးလမ်းစဉ်သို့ တိမ်းညွတ်ကာ၊ သခင်စိုးတို့က မြေအောက်တော်လှန်ရေးကို ပိုအားသန် ပါသည်။ နောက်ပိုင်းတွင် ကွန်မြူနစ်ပါတီနှစ်ခုလုံး တောခိုသွားကြပြီးနောက် တော်လှန်ရေးအယူအဆ အနေဖြင့် အလံနီကွန်မြူနစ်တို့က မတ်စ်-လီနင်ဝါဒကို ကိုင်စွဲပြီး၊ ဗမာပြည် ကွန်မြူနစ်ပါတီကမူ မော်ဝါဒကို လက်ခံခဲ့ကြပါသည်။ သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီက ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလအဖွဲ့ကို နယ်ချဲ့ လက်ကိုင်တုတ်အဖြစ် ဝေဖန်ရှုတ်ချခဲ့ပြီး၊ သခင်သန်းထွန်းတို့အုပ်စုကိုလည်း ဖဆပလ၏ နောက်မြီးဆွဲများ အဖြစ် တိုက်ခိုက်သည်။ ဖဆပလကလည်း အလံနီတို့ကို အဖွဲ့ကြီးမှ ထုတ်ပယ်ပစ်လိုက်ပါသည်။
ဘီအိုင်အေတပ်နှင့် ယင်းတို့အကြားပဋိပက္ခများ မကြာခဏဖြစ်ပွားခဲ့ကြပြီး၊ ဘီအိုင်အေအပေါ် တိုင်းရင်းသား လူနည်းစုများက ယုံကြည်မှုမရှိကြချေ။
ဘီအိုင်အေနှင့် တိုင်းရင်းသားများအကြား ပဋိပက္ခ
ဒုတိယကမ္ဘာစစ်ကာလတွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)သည် ဂျပန်တပ်များနှင့် အတူ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာစဉ်၌ လမ်းတလျှောက်တွင် တပ်သားသစ်များစုဆောင်းလာခဲ့ရာ၊ ရန်ကုန်သို့ရောက်သောအခါ ဘီအိုင်အေ၏စစ်သည်အင်အားမှာ (၁၀၀၀၀)ခန့်ထိရှိလာသည်။ ၁၉၄၁ တွင် သခင်တင်မြတို့ ရခိုင်သို့ရောက်ရှိလာကြပြီး ဗြိတိသျှတို့အား လက်နက်ကိုင် ဆန့်ကျင်တွန်းလှန်ရန် စည်းရုံးရာ ဘီအိုင်အေ တပ်ဖွဲ့သို့ ဦးပညာသီဟ၊ ဦးစိန္ဒာ၊ ဘုံပေါက်သာကျော် ခေါင်းဆောင်သော ရခိုင်လူမျိုးမျာပါဝင်လာကြပြီး ၎င်းရခိုင်မျိုးချစ်လူငယ်များကို သခင်တင်မြက စစ်ရေး၊ နိုင်ငံရေးသင်တန်းများပို့ချခြင်းဖြင့် ရခိုင်တို့ထံ မာ့ခ်ဝါဒ အမြစ်တွယ်လာခဲ့လေသည်။ ထို့အတူ ဦးဝမ်သုမဝေါင် ဦးဆောင်သော ချင်းလူမျိုးများ အပါအဝင် တခြားလူနည်းစုတိုင်းရင်းသားများလည်း ဝင်ရောက်ပူးပေါင်းခဲ့ကြသော်လည်း စစ်သည်အများစုမှာ ဗမာ လူမျိုးများဖြစ်ကြပါသည်။ ထိုစဉ်က ဗြိတိသျှတို့ထံသစ္စာခံထားသော တိုင်းရင်းသားအုပ်စုများလည်း ရှိကြရာ ဘီအိုင်အေတပ်နှင့် ယင်းတို့အကြားပဋိပက္ခများ မကြာခဏဖြစ်ပွားခဲ့ကြပြီး၊ ဘီအိုင်အေအပေါ် တိုင်းရင်းသား လူနည်းစုများက ယုံကြည်မှုမရှိကြချေ။ ဗြိတိသျှသစ္စာခံ အိန္ဒိယနွယ်ဖွားများမှာ ဘီအိုင်အေတပ်များ၏ တိုက်ခိုက်မှုကြောင့် များစွာသေကြေပျက်စီးကြရသည်။
ထို့အပြင် ၁၉၄၂ ခုနှစ်တွင် ဘီအိုင်အေခေါင်းဆောင်တချို့က ဗြိတိသျှတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ကရင်များထံမှ လက်နက်များသိမ်းဆည်းရန် ဖိအားပေးကြိုးစားလာခဲ့ပြီး၊ ကရင်စစ်ပြေးများနှင့် ဘီအိုင်အေတပ်များအကြား ထိတွေ့တိုက်ပွဲများကြောင့် ပဋိပက္ခကြီးထွားလာခဲ့သည်။ ရခိုင်တို့ကလည်း ဗြိတိသျှတပ်များဆုတ်ခွာစဉ်တွင် ကရင်စစ်ပြေးများအား ကူညီထောက်ပံ့ပေးခြင်း၊ လက်နက်များ ဝှက်ထားပေးခြင်းတို့ ပြုလုပ်ကြသည်။ နောက်ထပ် တစ်ချက်မှာ ဗမာ့ လွတ်လပ်ရေးတပ်မတော်သို့ လက်နက်များ အပ်နှံစဉ်တွင် ကရင်ရွာများ ဓါးပြတိုက်ခံရပြီး၊ ထိုလက်နက်များဖြင့် ဘီအိုင် အေစစ်သည်များက ဓါးပြ တိုက်ခဲ့သည်ဟု ကရင်များက ယူဆခဲ့ကြကာ တင်းမာမှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။ ထိုစဉ်အတွင်း ဗိုလ်ချုပ်ကြီးဆူဇူကီး၏ အမိန့်ဖြင့် ကရင်ရွာ နှစ်ရွာအား မီးရှို့သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြရာ ကရင်-ဗမာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရလေသည်။ ယင်းလူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားပြီးနောက် ကရင်နှင့် ဗမာပြန်လည်သင့်မြတ်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များက ကြိုးပမ်းခဲ့ ကြပြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ဗမာ့တပ်မတော်တွင်းတွင် အင်္ဂလန်ဆင်းဟာ့စ် စစ်တက္ကသိုလ်ဆင်း ကရင်အမျိုးသား စောကြာဒိုးနှင့် စံဖိုးသင်ကဲ့သို့ အရာရှိများကို နေရာပေးခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် စောဘဦးကြီးနှင့် ကရင်ခေါင်းဆောင်တချို့က လန်ဒန်သို့သွားရောက်ကာ အင်္ဂလိပ်အစိုးရထံ ကရင်ပြည်နယ်ရရှိရေး အရေးဆိုသည်။ ထိုကာလတွင်းမှာပင် ဦးလှထွန်းဖြူနှင့် ရခိုင်ခေါင်းဆောင်များကလည်း သီးခြား ရခိုင်ပြည်နယ် ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်လာကြပါသည်။ ထို့အပြင် အလံနီကွန်မြူနစ်တို့ကို ထောက်ခံ သည့် ရခိုင်တောင်ပိုင်းမှ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဦးစိန္ဒာနှင့် ဘုံပေါက်သာကျော်တို့က တိုင်းပြု ပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်ကြသည့်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြေပုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ညှိနှိုင်း၍မရဖြစ်ကာ ပြန်သွားရသည်။ ဖဆပလအဖွဲ့ထဲမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်လိုက်ပြီးနောက်ပိုင်းတွင် အစိုးရတပ်များက ကွန်မြူနစ်ထောက်ခံသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ အစည်းများအား ပြင်းပြင်းထန်ထန် တိုက်ခိုက်နှိမ်နင်းခဲ့သည်။
ကရင်တို့က ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကရင်အဖွဲ့ (၄)ဖွဲ့ကို ပူးပေါင်းကာ ကရင်အမျိုးသား အစည်းအရုံး KNU (Karen Nation Union)ကို ထူထောင်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို ဗမာပြည်ကွန်မြူနစ်ပါတီနည်းတူ သပိတ်မှောက်ခဲ့ကြပြီး၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကရင့်အမျိုးသား ကာကွယ်ရေးတပ်မတော် KNDO ကို ဖွဲ့စည်းခဲ့သည်။
ဗမာမျိုးချစ်လူငယ် (၃၀)ဖြင့် စတင်ခဲ့သော ဗမာ့တပ်မတော်သည် ဂျပန်တို့ထံမှ စစ်ပညာအမွေ ဆက်ခံထားသော ဗမာလူမျိုးစစ်သည်များသာ အများဆုံးဖြစ်ပြီး တပ်မတော်အတွင်း ပူးပေါင်းပါဝင်နေကြသော တိုင်းရင်းသား သေနတ်ကိုင် တပ်ရင်းများမှာမူ ဗြိတိသျှတို့ထံ အမှုထမ်းခဲ့သည့် တပ်ရင်းများ ဖြစ်ကြပါသည်။ ထိုစဉ်က ဗမာ့တပ်မတော်မှာ နိုင်ငံရေးဝင်ရောက်စွက်ဖက်မှု မရှိသေးဘဲ၊ တပ်ထဲတွင် တိုင်းရင်းသားတပ်ရင်းများ ပူးတွဲပါဝင်နေသဖြင့် ဟန်ချက်ညီအောင် ထိန်းညှိနေရသည့်သဘောဖြစ်ပါသည်။
ဗိုလ်ချုပ်နေဝင်းက ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသောအခါ တပ်မတော်တွင်းမှ တိုင်းရင်းသား တပ်ရင်းများနှင့် အရာရှိကြီးများကို ဖယ်ရှားခဲ့ပြီး သူ၏ တပ်ရင်းဖြစ်သော ဗမာ့သေနတ်ကိုင် တပ်ရင်း (၄)မှ အရာရှိများကို အစားထိုးနေရာပေးလာခဲ့ပါသည်။
လွတ်လပ်ရေးရပြီး ဖဆပလအစိုးရလက်ထက်တွင် မြန်မာ့တပ်မတော်၏ တိုက်ခိုက်ရေးအင်အားမှာ တစ်သောင်းခွဲခန့်ဖြစ်ပြီး တစ်ဝက်လောက်မှာ လက်ဝဲသမား၊ တော်လှန်ရေးဝါဒီ ဗမာလူမျိုးများ ဖြစ်ကြပါသည်။ ၎င်းအင်အားထဲမှ ကွန်မြူနစ်စစ်ဗိုလ်များကွပ်ကဲသော အမှတ် (၆)ဗမာ့သေနတ်ကိုင်တပ်ရင်းက တောခိုပြီး၊ အမှတ် (၁) နှင့် အမှတ် (၃) သေနတ်ကိုင်တပ်ရင်း နှစ်ရင်းကလည်း ပုန်ကန်ထကြွကြသည်။ တပ်မတော်သည် ဗြိတိသျှ တို့ထံမှ လက်ဆင့်ကမ်း အမွေဆက်ခံရရှိထားသော ကရင်နှင့် ကချင် တပ်ရင်း ၆ ခုကို အားကိုးအားထားပြု၍ ကွန်မြူနစ်တို့ကို တွန်းလှန် နေကြရသည်။ ထိုစဉ်က တပ်မတော်စစ်ဦးစီးချုပ်မှာ ကရင်လူမျိုး ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းဖြစ်ပြီး၊ ဒုတိယ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်နေဝင်းဖြစ်ပါသည်။
၁၉၄၈ ခုနှစ်တွင် KNU က ကရင်တို့၏ လိုလားချက် (၃)ရပ်ကို တင်ပြရာမှအစပြု၍ အစိုးရနှင့် ကရင်တို့အကြား ပဋိပက္ခ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ဗမာနိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ အမိန့်ဖြင့် ရဲများက ကရင်ရွာကို ဝင်ရောက် တိုက်ခိုက်ခြင်း၊ ခရစ်စမတ်အကြိုနေ့တွင် ဗမာစစ်သားများက ကရင်လူမျိုး များကို သတ်ဖြတ်ခြင်းနှင့် နှစ်ခြင်းသာသနာပြုစာသင်ကျောင်းကို ဗမာ့သေနတ်ကိုင်တပ်ရင်း (၄)က မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ကလည်း အင်းစိန်ရှိ လက်နက်တိုက်ကို ဝင်ရောက် စီးနင်းသိမ်းပိုက်ခြင်းတို့ဖြင့် အပြန်အလှန်ဖြစ်ပွားကာ လက်နက်ကိုင် ပဋိပက္ခအဖြစ် ကျယ်ပြန့်သွားတော့သည်။ အစပိုင်းတွင် နိုင်ငံရေးမကျေလည်မှုအရ လက်နက်ကိုင်တပ်များအကြားတွင်သာ ဖြစ်ပွားခဲ့သော်လည်း၊ နောက်ပိုင်းတွင် ဗမာအရပ်သားများကပါ ကရင်အရပ်သားများကို တိုက်ခိုက် လာကြသည်။
ထိုဖြစ်စဉ်အတွင်းမှာပင် ကရင်လူမျိုး တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို ရာထူးမှ ဖယ်ရှားပြီး၊ ဗမာလူမျိုးဖြစ်သည့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်နေဝင်းကို စစ်ဦးစီးချုပ်အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။ ထိုသို့ရှုပ်ထွေးနေသောအခြေအနေမှာပင် ကရင်သေနတ်ကိုင်တပ်ရင်း ၃ ခုက ပုန်ကန်ကြပါ တော့သည်။ ထို့အပြင် အမှတ် (၁) ကချင်သေနတ်ကိုင်တပ်ရင်းကလည်း ပုန်ကန်ကာ ကရင်တို့နှင့် မဟာမိတ် ဖွဲ့လိုက်သည်။ မွန်တို့ကလည်း သူပုန်ထကာ ကရင်နှင့် ပူးပေါင်းလိုက်သည်။ ပခုက္ကူရှိ ချင်းတပ်ရင်း တစ်ရင်း ကလည်း မိခင် တောင်တန်းသို့ ပြန်သွားကြတော့သည်။ ဗြိတိသျှတို့၏ သူရဲကောင်းဘွဲ့တံဆိပ်ချီးမြှင့်ခံထားရသော ကချင်အမျိုးသား ဗိုလ်နော်ဆိုင်းက လူမျိုးစုလက်နက်ကိုင်များနှင့် ကွန်မြူနစ်တို့ပါဝင်သော အထက်ဗမာပြည်စစ်ဆင်ရေး၏ တပ်မှူးအဖြစ် ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ အင်းစိန်တိုက်ပွဲတွင် KNDO တို့ အရေးနိမ့်ခဲ့ရပြီး၊ ၁၉၅၀ ခုနှစ်၊ ဩဂုတ်လတွင် ကရင်အမျိုးသား အစည်းအရုံးခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့ရသည်။ စောဘဦးကြီး ကျဆုံးခဲ့ပြီးနောက်တွင် ကရင့်တော်လှန်ရေး ရှေ့ရေးအတွက် နိုင်ငံသဘောတရားများ ဖြည့်စွက်ရန် ကားလ်မာ့ခ်၊ လီနင်ဝါဒများကို လေ့လာခဲ့ကြပြီး အထူးသဖြင့် မော်ဝါဒကို ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးသင်တန်းများတွင် ထည့်သွင်း ပို့ချလာခဲ့ကြသည်။ ၁၉၅၉ ခုနှစ်တွင် ဗကပနှင့် ကရင်အမျိုးသားယူနီယံတို့က အမျိုးသားဒီမိုကရက်တစ် တပ်ပေါင်းစုထဲတွင် စစ်ရေးမဟာမိတ်များ ဖြစ်လာခဲ့ကြသည်။ ကရင်အမျိုးသားယူနီယံတွင် မန်းဘဇံ၏ မော်ဝါဒလက်ခံသော ကရင်အမျိုးသား ညီညွတ်ရေးပါတီက ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပိုမိုနီးကပ်သွားပါသည်။
ဗိုလ်ချုပ်နေဝင်းက ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာသောအခါ တပ်မတော်တွင်းမှ တိုင်းရင်းသား တပ်ရင်းများနှင့် အရာရှိကြီးများကို ဖယ်ရှားခဲ့ပြီး သူ၏ တပ်ရင်းဖြစ်သော ဗမာ့သေနတ်ကိုင် တပ်ရင်း (၄)မှ အရာရှိများကို အစားထိုးနေရာပေးလာခဲ့ပါသည်။ ထိုသို့ဖြင့် ဗိုလ်ချုပ်နေဝင်းက တပ်မတော်ကို ပြန်လည်တည်ဆောက်ကာ လူမျိုးစုလက်နက်ကိုင် ပုန်ကန်မှုများ၊ ကွန်မြူနစ် ထကြွမှုများနှင့် ကူမင်တန်တပ်များကို တွန်းလှန်တိုက်ခိုက်ရင်းဖြင့် ဗိုလ်ချုပ်နေဝင်းက သူရဲကောင်းဖြစ်လာပြီး တပ်မတော်မှာလည်း နိုင်ငံရေး လောကထဲ တစ်စတစ်စ ဝင်ရောက်လာခဲ့သည်။
K.L
(ယခုဆောင်းပါး ပါအချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများ သည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
ရည်ညွှန်းကိုးကားစာရင်း–
- မပြိုကွဲနိုင်သော ပြည်ထောင်စုကြီး၊ ဦးရွှေအုန်း
- Andrew Heywood; Political Ideologies: an introduction
- မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက်၊ ကျော်ဝင်း
- Thant Myint-U; The river of lost footsteps by
- ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာသောမြန်မာ့သမိုင်းအကျဉ်းနှင့် တပ်မတော်၊
တပ်မတော်သားသုတေသီတစ်ဦး - မြန်မာ့လွတ်လပ်ရေးနောက်ဆုံးတိုက်ပွဲ၊ ဗိုလ်အောင်စိန် (ဘာသာပြန်)
- ပင်လုံညီလာခံသမိုင်းစဉ်အကျဉ်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်
- ကိုလိုနီခေတ်မြန်မာရက်စွဲသမိုင်း (၁၈၈၆-၁၉၄၂)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
- ငါးနှစ်ရာသီ ဗမာပြည် (၁၉၄၁-၁၉၄၅)၊ ဦးနု
- ဂျပန်ခေတ်ရက်စွဲသမိုင်း (၁၉၄၂-၁၉၄၅)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
- လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း (၁၉၄၅-၁၉၄၈)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
- ကျွန်တော်သိသော တစ်ရံရောအခါများ၊ ကိုကိုမောင်ကြီး
- အမှောင်ကြားက ဗမာပြည် (၁၉၄၈-၂၀၀၀)၊ ဝင်းတင့်ထွန်း
- အကွဲအပြဲဇာတ်လမ်း၊ ဂါးဒီးယန်း ဦးစိန်ဝင်း
- ၁၉၈၈-၂၀၀၂ ခုနှစ် မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှုရက်စွဲမှတ်တမ်းများ၊ ABSDF
- ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ သမိုင်းဝင်မှတ်တမ်းမှတ်ရာများ (၁၉၉၈-၂၀၀၃)၊ ခင်ကျော်ဟန်
- လစ်ဘရယ်ဝါဒနှင့် လစ်ဘရယ်သမိုင်းကြောင်း၊ အပိုင်း (၁၀)၊ လင်းသက်
- ပြည်တွင်းသောင်းကျန်မှုသမိုင်း အတွဲ ၁၊ ၂၊ ၅
- အစိုးရသစ်နှင့် တိုင်းရင်းသားအင်အားစုများအကြား အကြပ်အတည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ
- ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်၊ ကျော်ဝင်း
- ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များသမိုင်း၊ ဒုတိယတွဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဗဟိုကော်မတီ ဌာနချုပ်
- https://lostfootsteps.org/my/history/the-embers-of-the-cold-war
- ဗိုလ်ချုပ်ကြီးနေဝင်း၏နိုင်ငံရေးအတ္ထုပ္ပတ္တိ၊ Robert H. Taylor
- မြန်မာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း၊ဒေါက်တာမောင်မောင်
- တပ်မတော်ကို ဆိုရှယ်လစ်နည်းနဲ့ ဘိသိက်သွန်း ပေးခဲ့သူများ ၊ ဘိုဘို (ဘီဘီစီမြန်မာပိုင်း)
- NLD ရဲ့ အမျိုးသားညီညွတ်ရေးခေါ်သံအပေါ် တိုင်းရင်းသားပါတီတွေရဲ့ မျှော်လင့်ချက်၊ နန်းလွင့်နှင်းပွင့်၏ ဆောင်းပါး
- ပါတီများပေါင်းစည်းမှု မှန်းချက်နှင့် နှမ်းထွက်မကိုက်သေး၊ အောင်သူငြိမ်း၏ ဆောင်းပါး
- ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)၏ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတိုက်ပွဲဝင်မှတ်တမ်းများ၊ ဒေါက်တာလျန်မှုန်းဆာခေါင်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၊ TNI
- ပင်လုံအလွန်မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပြုပြင်ပြောင်းလဲရေးအကျပ်အတည်း၊ TNI
- ကယား (ကရင်နီပြည်နယ်)တွင်းစစ်ပွဲမှသည်ငြိမ်းချမ်းရေးဆီသို့၊ TNI
- အသွင်ကူးပြောင်းရေးကာလမြန်မာ့နိုင်ငံရေးပါတီများ၊ Susanne Kempel ၊ ချမ်းမြေ့အောင်ဆန်း၊
အောင်ထွန်း - နိုင်ငံရေးမဟာမိတ်များအပေါ် လေ့လာသုံးသပ်မှုစာတမ်း၊ ပညာအလင်းပွင့်မြန်မာ သုတေသန ဖေါင်ဒေးရှင်း
- မြန်မာ့ပါတီပေါင်းစည်းခြင်းများ၊ စုမွန်သန့်
- ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက်အသင့်ပြင်ခြင်း၊နော်ဂလဲဒစ်(စ်)မောင်မောင်
- တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၅)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း