အယ်ဒီတာ့အာဘော်

2022 April (1)

 

နွေဦးမှသည် လောလောပူသည့် နွေလည်သို့ရောက်ခဲ့လေပြီ။ လမ်းမများအပေါ် လက်မြှောက်ဆန့်တန်း ကြွေးကြော်နေသည့် ပြည်သူများမှ တူမီးလက်နက် ရရာကိုင်စွဲလျက် စစ်အာဏာရှင်ကို ခုခံစစ် ဆင်နွှဲနေသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ စစ်အာဏာရှင်မှလည်း ဖြတ်လေးဖြတ်/ ဖြတ်သုံးဖြတ် ဗျူဟာစုံဖြင့် ပစ္စည်းယူ၊ လူသတ်၊ မီးရှို့၊ ကျေးရွာများကို အပြောင်ရှင်း၊ အပြုတ်တိုက် ပြုလုပ်နေသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ပြီ။ စစ်အာဏာရှင်ဘက်က သာလွန်လက်နက်များသုံး၍ သူ့ကို ဆန့်ကျင်နေသည့် ကျေးရွာနယ်ပယ် များကို ဖျက်ဆီးနေသည်မှာ အလုံးစုံပျက်သုန်းခြင်းသို့ ဦးတည်နေပေသည်။

ယခင် ဆီးရီးယား၊ ယခု ယူကရိန်းတို့ကဲ့သို့ပဲ မိမိတိုင်းပြည်၏ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းတို့၏ ပျက်သုန်းခြင်းတို့ကို နေ့စဉ်နှင့်အမျှ ကြားသိနေရသည်။ ဤဒေသများ၏ အနာဂတ်ပညာရေး၊ လူမှုရေး အခြေအနေများက အဟောသိကပင်။ ဤအခြေအနေကို လွန်မြောက်၍ တိုင်းပြည်ပြန်လည်ထူထောင်ချိန်တွင် မည်သည့်နိုင်ငံရေး စနစ်ကို ကျင့်သုံး၍ ကြုံတွေ့ရမည့် နိုင်ငံအခြေအနေကို မည်သို့ ကုစားကြမည်ဆိုသည်မှာ ကြိုတင်တွေးတောပြင်ဆင်အပ်သည့် အရာပင်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ သို့အတွက် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ၊ လူမှုရေးအခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အနာဂတ်ပညာရေးတို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား အခြေခံ၍ နိုင်ငံရေးလေ့လာနေသူများမှ ရှုမြင် သုံးသပ်ရေးသားထားသော သတင်း၊ သတင်းဆောင်းပါးယူဆချက်များကို လေ့လာဖတ်ရှုသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မိပါသည်။ သို့အတွက် ဤ Legal Aspect for Myanmar People Website နှင့် Facebook Page ကို ဆက်လက်ကြိုးပမ်းထားပါသည်။

အယ်ဒီတာ

ဧပြီလ