မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ဖွဲ့စည်းပုံ အသစ်တစ်ခုရေးဆွဲပြီး တိုင်းပြည်ကို ပြန်လည်တည်ဆောက်မှသာ ငြိမ်းချမ်းသော ဖက်ဒရယ် အမျိုးသားနိုင်ငံတစ်ခု ထူထောင်နိုင်မည်ဖြစ်သည်။ အသစ်ရေးဆွဲမည့် ဖွဲ့စည်းပုံသည် ဖက်ဒရယ်ဖွဲ့စည်းပုံဖြစ်ရန်လည်း လိုအပ်ပါသည်။ လူတိုင်းနီးပါးကလည်း ထိုအချက်ကို နားလည် သဘောပေါက် ကြသည်။ နိုင်ငံရေးကို ဦးဆောင်ဦးရွက် ပြုနေကြသော သူအားလုံးသည် ဖက်ဒရယ်ဖွဲ့စည်းပုံ၏ အင်္ဂါရပ်များ ဖြစ်သော အာဏာခွဲဝေပိုင်းခြားရေး လုပ်ငန်းစဉ်များအပေါ် အစဉ်တစိုက် ဆွေးနွေး အဖြေရှာနေသည်ကိုလည်း တွေ့မြင် ရလိမ့်မည်။ ထိုအဖြေရှာ ဆွေးနွေးနေသည့် အထဲတွင် နိုင်ငံကို သမ္မတစနစ်နဲ့ သွားမလား၊ ဒါမှမဟုတ် ပါလီမန်စနစ်နဲ့ သွားမလားဆိုသည့် အချက်လည်း မလွဲမသွေ ပါဝင်မည့် အကြောင်းအရာတစ်ရပ်ဖြစ်နေပါတယ်။
ကမ္ဘာပေါ်ရှိ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံများကို လေ့လာမည်ဆိုပါက သမ္မတစနစ်ဖြင့်သွားသည့် နိုင်ငံရှိသလို ပါလီမန် စနစ်ဖြင့်သွားသည့် နိုင်ငံလည်း ရှိနေသည်ကို တွေ့မြင်ကြပါလိမ့်မယ်။ ထို့အတူ အားသာချက်၊ အားနည်းချက် များလည်း ၎င်း စနစ် (၂) မျိုးစလုံးမှာ ရှိနေတာကိုတွေ့ရတယ်။ ဒီတော့ မြန်မာနိုင်ငံက ဘယ်စနစ်ကို သွားမလဲ? မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ကရော ဘယ်စနစ်က အကိုက်ညီဆုံး ဖြစ်မလဲ? ကျနော်တို့ စဉ်းစားသင့်တယ်။ အဲဒီအချက်ကို စဉ်းစားရာမှာလည်း အခြားဖက်ဒရယ်နိုင်ငံများ၏ လုပ်နည်းလုပ်ဟန်များကို လေ့လာရပါလိမ့်မယ်။ မိမိရဲ့ ဖြစ်လိုမှု ဆန္ဒတစ်ခုထဲနဲ့ စဉ်းစားမည်ဆိုပါက လိုချင်သောပန်းတိုင်နဲ့ ဆက်လက်ဝေးကွာနေအုံးမှာမြင်ယောင်မိတယ်။ ဒီတော့ကျနော်တို့ ဘယ်လိုစဉ်းစားကြမလဲ?။ တကယ်တော့ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံတစ်ခုကို စနစ်တကျ ရေးဆွဲဖို့ ချဉ်းကပ်စဉ်းစားတဲ့ နေရာမှာ အဲဒိအထဲမှာပါဝင်မဲ့ အကြောင်းအရာတွေက တစ်ခုနဲ့တစ်ခု သီးခြားစီရှိနေတာ မဟုတ်ဘဲ အပြန်အလှန်ချိတ်ဆက်နေတယ်ဆိုတာ လူတိုင်းသတိထားသင့်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံဆိုလျှင် လူတစ်စုကဦးစီးပြီး ကဏ္ဍာပေါင်းစုံမှာ အသာစီးရဖို့အတွက် သူတို့စိတ်ကြိုက် အချက်တွေ၊ ဥပဒေတွေ ထည့်သွင်းရေးဆွဲတာတွေ့မြင်ခဲ့ရပါတယ်။ အဲဒီလို ဥပဒေမျိုးတွေကို လက်တွေ့ကျင့်သုံး အကောင် အထည်ဖေါ်တဲ့ အချိန်ကျတော့ ဥပဒေတွေဟာ တစ်ခုနဲ့တစ်ခု အံဝင်ဂွင်ကျမဖြစ်ဘဲ အဆင်မပြေမှုတွေ အများကြီး တွေ့ကြုံခဲ့ရတယ် ဆိုတာ လူတိုင်းအသိပါ။ ဥပမာ အုပ်ချုပ်ရေးကဏ္ဍကို လေ့လာမည်ဆိုရင် ပြည်ထောင်စုက သမ္မတစနစ်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်များက ပါလီမန်စနစ် ဖြစ်နေတာကို တွေ့ရမှာပါ။ တကယ်တော့ ဒီစနစ် (၂) ခုဟာ တာဝန်ခံမှုအပိုင်း၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်၊ ရွေးချယ်မှုနဲ့ ဥပဒေပြုကဏ္ဍတို့ကို ထိန်းကျောင်းတဲ့ ပုံစံစတဲ့အကြောင်းအရာတို့မှာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိပါ။ တစ်ချို့နေရာတွေမှာဆိုလျှင် လုံးလုံးလျားလျား ဆန့်ကျင်နေတာကို တွေ့ရပါတယ်။ ကမ္ဘာ့သက်တမ်း အရင့်ဆုံးဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန် နိုင်ငံဟာ သမ္မတစနစ်ကို ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ သူတို့ သမ္မတကို ဘယ်လိုရွေးချယ်လဲ?၊ လုပ်ပိုင်ခွင့်ကရော ဘယ်လိုရှိနေသလဲ? မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စုအဆင့်သည် သမ္မတစနစ် ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့သမ္မတစနစ်နဲ့ ဘယ်လိုကွာခြားလဲ?။ နှိုင်းယှဉ်ကြည့်သင့်ပါတယ်။ အမေရိကန်နိုင်ငံရဲ့သမ္မတကို လူထုက တိုက်ရိုက်ရွေးကောက်တယ်၊ ဒါပေမဲ့ သေသေချာချာ လေ့လာမယ် ဆိုရင် နောက်ဆုံး သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ မဲကသာအတည်ဖြစ်တယ် ဆိုတာတွေ့ရတယ်။ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရန့် တို့သမ္မတနေရာယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲမှာဆိုရင် ပြည်သူများရဲ့ ထောက်ခံမဲအများစုက ဟီလာရီ ရပေမဲ့ သမ္မတရွေးချယ်ရေး အဖွဲ့လို့ အလွယ်တကူခေါ်ကြတဲ့ (Electoral Colleague) မဲအများစုက ဒေါ်နယ်ထရန့်ကို ပေးလိုက်ရတဲ့အတွက် ဒေါ်နယ်ထရန့်သမ္မတ ဖြစ်သွားတာကို တွေ့ခဲ့ရတယ်။ မြန်မာနိုင်ငံရဲ့ သမ္မတရွေးချယ်ပုံကတော့ အဲဒီလို လွဲချော်မှုမျိုး မရှိပါဘူး။ ပြည်သူလူထုအနေနဲ့ သမ္မတကို ရွေးချယ်ဖို့ ဆန္ဒမဲပေးရတဲ့ ပြဌာန်းချက်မျိုး မရှိဘဲ ဖွဲ့စည်းပုံဥပဒေပုဒ်မ ၆၀ ပုဒ်မခွဲများအရ ပြည်ထောင်စုအဆင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနဲ့ (ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ်များ) အားလုံး ပါဝင်သော သမ္မတရွေးချယ်ရေး အဖွဲ့ကသာ ရွေးချယ်ရလို့ ဖြစ်ပါတယ်။ သမ္မတစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေလို ပြည်သူက ရွေးချယ် ပြည်သူ့ကို တာဝန်ခံ ဆိုသောပုံစံမဟုတ်ဘဲ လွှတ်တော်က ရွေးချယ် ဘယ်သူ့ကို တာဝန်ခံမှန်း မသိတဲ့စနစ်ဖြစ်နေတာကို တွေ့ရတယ်။ ဒါ့အပြင် ဥပဒေပြု အာဏာကိုင်စွဲထားသော လွှတ်တော်ကို ထိန််းကျောင်း ဖို့အတွက် အမေရိကန်သမ္မတကဲ့သို့သော ဗီတို (Veto) အာဏာမျိုးလည်း မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံမှာ သမ္မတကို မပေးထားပါ။ ဒီမိုကရေစီသဘောသဘာဝအရ လူအများစု၏ သဘောဆန္ဒသည် လူနည်းစုကို လွှမ်းမိုးပြီး အနိုင်ရတတ်သည့် အခြေအနေမျိုး ဥပဒေပြုလွှတ်တော်တွင် ဖြစ်ပွားပါက နိုင်ငံတော်၏ အကြီးအမှုးဖြစ်တဲ့ သမ္မတအနေနဲ့ ထိန်းကျောင်းကာကွယ်မှု ပြုလုပ်ဖို့ စွမ်းဆောင်နိုင်ခြင်း မရှိတာကို တွေ့မြင်ရပါလိမ့်မယ်။ ထို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ကဲ့သို့သော ကိစ္စရပ်မျိုးမှအစ ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များတွင်လည်း တပ်မတော်မှ အများစုလွှမ်းမိုးထားသော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ လက်အောက်မှာ ရောက်ရှိ နေသည်ကိုလည်းတွေ့မြင်ရပါလိမ့်မယ်။ သမ္မတဟာ အာဏာနှင့် လုပ်ပိုင်ခွင့် အမှန်တကယ် မရှိသည့် အခြေအနေ များကို ပြီးခဲ့သည့် အတွေ့အကြုံအရ မြင်တွေ့ရပါလိမ့်မယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အုပ်ချုပ်ရေးကဏ္ဍကို ဆက်လက်၍ လေ့လာမယ်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအရ ပါလီမန်စနစ်ပုံစံမျိုး အသွင်ယူထားသည်ကိုတွေ့ရပါတယ်။ သို့သော်လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ ဝန်ကြီးချုပ်များကို သမ္မတမှ ရွေးချယ်ခန့်အပ်ရသည့် စနစ်ဖြစ်သည့်အတွက် ပြည်ထောင်စု၏ လက်ဝေခံ အဆင့်သာ ဖြစ်နေသည်ကို တွေ့ရပါတယ်။ ဒေသတွင်းကိုယ်စားလှယ်များ၏ သဘောဆန္ဒကို အသိအမှတ်မပြုရုံသာမက၊ သက်ဆိုင်ရာဒေသ၏ ပြည်သူကို တာဝန်ခံမှု၊ တာဝန်ယူမှု မရှိသည်ကိုလည်း တွေ့ရပြန်တယ်။
နိုင်ငံတော်ကို တိုင်းရင်းသားများအားလုံးအတူတကွ ပါဝင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတစ်ခု အဖြစ်ထူထောင် နိုင်ဖို့အတွက် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေးကဏ္ဍများ၏ အကြီးအကဲများကို ရွေးချယ်ရာ တိုင်းရင်းသားအားလုံး အတွက် တန်းတူညီမျှမှုရှိသော စနစ်မျိုးကို ပြဌာန်းနိုင်ရန် မဖြစ်မနေစဉ်းစား ရမည့် အရေးကြီးသည့် အချက်တစ်ခု အဖြစ်တွေ့မြင်နေရမှာပါ။ ဖက်ဒရယ်နိုင်ငံများကို လေ့လာရာမှာလည်း အမေရိကန်နိုင်ငံ ကဲ့သို့ သမ္မတစနစ်တစ်မျိုးတည်းသာ ကျင့်သုံးသော ပုံစံနှင့် ပါလီမန်စနစ်ကျင့်သုံးပြီး နိုင်ငံအကြီးအကဲကို သမ္မတ သို့မဟုတ် ဘုရင် စနစ်ကျင့်သုံးသော ပုံစံဟူ၍စနစ် နှစ်မျိုးတွေ့ရနိုင်တယ်။ ၁၉၄၇ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံဟာ ပါလီမန်စနစ် ကျင့်သုံးပြီး သမ္မတကို နိုင်ငံတော်၏ အကြီးအကဲအဖြစ် ထားရှိတဲ့ ပုံစံမျိုး ကျင့်သုံးခဲ့တာကို တွေ့မြင်ခဲ့ရတယ်။
မြန်မာနိုင်ငံဟာ ကိုယ်ပိုင်နယ်မြေ အသီးသီးရှိနေကြတဲ့ တိုင်းရင်းသားလူမျိုးများနဲ့ စုပေါင်းဖွဲ့စည်း ထားတဲ့ နိုင်ငံတစ်ခုဖြစ်တယ် ဆိုသော်လည်း ဗမာတိုင်းရင်းသားလူဦးရေ အချိုးအစားက အခြားတိုင်းရင်းသားလူဦးရေ အားလုံးပေါင်းရဲ့ နှစ်ဆ နီးပါးရှိနေတာကိုတော့ ၂၀၁၄ သန်းခေါင်စာရင်းအရ တွေ့မြင်ရပါတယ်။ အဲဒီအချက်အလက်အရ နိုင်ငံတော်ကို သမ္မတစနစ်ဖြင့် သွားမယ်ဆိုပါက မည်ကဲ့သို့သော နည်းလမ်းဖြင့် ရွေးချယ်သည်ဖြစ်စေ ဗမာများကသာ ထာဝရ သမ္မတဖြစ်ခွင့်ရနေမယ့် အခြေအနေမှာ ရှိနေပါတယ်။ အကယ်၍ ပါလီမန်စနစ်နဲ့ နိုင်ငံကို အုပ်ချုပ်ပြီး သမ္မတကို နိုင်ငံတော်အကြီးအကဲနေရာမှာ ထားရှိတဲ့ လွတ်လပ်ရေးရပြီး ကျင့်သုံးခဲ့သော ပါလီမန်ပုံစံမျိုး ကျင့်သုံး နိုင်မှသာ တိုင်းရင်းသားများ နိုင်ငံအကြီးအကဲနေရာကို ရရှိဖို့အခွင့်အလမ်း ရှိမယ်လို့ထင်တယ်။ ဒါပေမဲ့ အရင်ပါလီမန် စနစ်ကျင့်သုံးခဲ့တဲ့ အတွေ့အကြုံအရ ပါလီမန်အစိုးရရဲ့ နိုင်ငံရေးဆိုင်ရာ အဂတိများကြောင့် လွတ်လပ်ရေး တိုက်ပွဲနဲ့အတူ တည်ဆောက်လာတဲ့ စည်းလုံးညီညွတ်မှုများ ပျက်စီးကာ နိုင်ငံကိုဖရိုဖရဲ ဖြစ်စေခဲ့တဲ့ အခြေအနေကိုလည်း တွေ့ကြုံခဲ့ရပါတယ်။ ဒါ့အပြင် အရင်စနစ်အရ သမ္မတဟာ နိုင်ငံတော်အကြီးအကဲသက်သက် ပုံစံမျိုးကို ယခုအချိန်မှာတော့ တိုင်းရင်းသားများက လက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်လို့မရတော့ပါ။ သမ္မတကိုလုပ်ပိုင်ခွင့်တစ်ချို့ ပေးထားရမှာ ဖြစ်သလို သမ္မတရွေးချယ်မှုစနစ် ကို တိုင်းရင်းသားများ က အလှည့်ကျ ရရှိနိုင်မဲ့ နည်းလမ်းကို စနစ်တကျ ရေးဆွဲပြဌာန်းပေးထားသင့်တယ်လို့ ထင်မြင်မိပါတယ်။ ကမ္ဘာပေါ်မှာ အဲဒီလို ပေါင်းစပ်ကျင့်သုံးတဲ့ စနစ်ထဲက The premier-presidential system လို့ခေါ်ကြတဲ့ ပါလီမန်စနစ်ဖက် ပိုယိမ်းသော ပုံစံမျိုး ပေါင်းစည်းမလား?၊ ဒါမှမဟုတ် The president- parliamentary စနစ်လို့ ခေါ်တဲ့ သမ္မတစနစ်ဖက်ကို ပိုယိမ်းသော စနစ်မျိုးနှင့် ပေါင်းစည်းမလား? စသည့် အခြေအနေများကိုတော့ အသေးစိတ်စဉ်းစားရန်လိုအပ်ပါတယ်။ အာဏာခွဲဝေဆောင်ရွက်ရာမှာလည်း ပြင်သစ်နိုင်ငံကဲ့သို့ သမ္မတနဲ့ ဝန်ကြီးချုပ် ဟာပါတီတစ်ခုစီမှ ဖြစ်ခဲပါက ကာကွယ်ရေး၊ နိုင်ငံခြားရေးကိစ္စရပ်များကို သမ္မတမှ ကိုင်တွယ်ပြီး ဝန်ကြီးချုပ်မှ ပြည်တွင်းရေးရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်သည့်စနစ်မျိုး ကျင့်သုံးမလား စတဲ့အသေးစိတ်အချက်အလက်များကို တိုင်းရင်းသားအားလုံး စုပေါင်းတိုင်ပင် ဆွေးနွေးပြီးမှသာ ကဏ္ဍအလိုက် တစ်ခုချင်းစီကို သေချာစွာစဉ်းစား ရေးဆွဲသင့်ပါတယ်။ ဒါနဲ့အတူ ပြည်နယ်များမှာလည်း အုပ်ချုပ်ရေး အကြီးအကဲများဟာ ဒေသခံပြည်သူများကို ကိုယ်စားပြုသော၊ ဒေသခံပြည်သူများကို တာဝန်ခံသော သူများဖြစ်စေဖို့ ဒေသခံမဲဆန္ဒရှင်များမှ ရွေးချယ်တဲ့ စနစ်ကိုလည်း ပြောင်းလဲကျင့်သုံးသင့်သည်ဟု ထင်မြင်မိပါတယ်။
အနာဂတ် အမျိုးသားဖက်ဒရယ်နိုင်ငံတစ်ခုကို တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ ထူထောင်နိုင်ရန်အတွက် ဖက်ဒရယ်ဖွဲ့စည်းပုံတစ်ခုရေးဆွဲရာမှာ ရေရှည်အကျိုးကို ရှေးရှု၍ စဉ်းစားမှသာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားတန်ဘိုးထားတဲ့ အခြေအနေတစ်ရပ်ကို ဖေါ်ဆောင်နိုင်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြလိုက်ရပါတယ်။
အညာသား