မြန်မာ့နိုင်ငံရေးအကြပ်အတည်း ဝဲဩဃ သို့မဟုတ်အိုင်ဒီယိုလိုဂျီလွန်ဆွဲပွဲများ (အပိုင်း ၁)

သီအိုရီနောက်ခံနှင့် ကမ္ဘာ့အခင်းအကျင်း

ကမ္ဘာ့သမိုင်းတွင် အမျိုးသားရေးဝါဒကြောင့် ၁၉၁၄ ခုနှစ်နှင့် ၁၉၃၉ ခုနှစ်များတွင် ကြီးမား ကျယ်ပြန့်သည့် ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ လူမျိုးကြီးဝါဒ (Racism)ကြောင့် လူမျိုးတစ်မျိုးထက်ပိုသော နိုင်ငံငယ် အများအပြားတွင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ကြပါသည်။

၁၈၄၈ ခုနှစ်တွင် အမျိုးသားရေးဝါဒသည် ဥရောပရှိ ကိုလိုနီလက်အောက်ခံ နိုင်ငံများက အင်္ဂလန်နှင့် စပိန်တို့ကို တော်လှန်ကာ အမျိုးသားနိုင်ငံများ အပြိုင်းအရိုင်း ပေါ်ထွက်လာစေရေးအတွက် အဓိက မောင်းနှင်အား ဖြစ်ခဲ့သည်။ 

အမျိုးသားရေးဝါဒသည် သူ့ကျွန်ဘဝကျရောက်နေသော နိုင်ငံများအဖို့ ကိုယ်ပိုင် အချုပ်အခြာအာဏာ ရယူရန်အတွက်  တိုက်ပွဲဝင် အမှတ်တံဆိပ်ပင် ဖြစ်လေသည်။ ဤအမှတ်တံဆိပ်ကပင် နိုင်ငံများ၏ သမိုင်းကြောင်းကို ပုံဖေါ်ပေးနိုင်ခဲ့သည့်အပြင်၊ မျိုးချစ်ဝါဒီတို့၏ တော်လှန်ရေးပေါင်းများစွာကိုလည်း အောင်မြင်စေခဲ့ပါသည်။

“ပြီးခဲ့သည့်ဆယ်စုနှစ် တစ်စုအတွင်း ကမ္ဘာကြီးတွင် အမျိုးသားရေးဝါဒသည် လူမျိုးစုအမျိုးသားရေးဝါဒ၊ သို့မဟုတ် လူမျိုးကြီးဝါဒအဖြစ် လှံသဖွယ်၊ ဓါးသဖွယ် ချွန်ထွက်လာသည်ကို တွေ့မြင်နိုင်ပါသည်။”

ဒုတိယကမ္ဘာစစ်တွင် ဒီမိုကရေစီအင်အားစုက ဖက်ဆစ်ဝါဒကို အောင်ပွဲခံခဲ့ခြင်းဖြစ်ပြီး၊ စစ်အေးတိုက်ပွဲတွင်လည်း လစ်ဘရယ်ဝါဒက ကွန်မြူနစ်တို့ကို အနိုင်ပိုင်းခဲ့ကာ အိုင်ဒီယိုလိုဂျီတိုက်ပွဲများ နိဂုံးချုပ်သွားပြီဟု ဆိုကြပါသည်။ သို့ရာတွင် ကွန်မြူနစ်ဝါဒသည် နိုင်ငံရေးဝါဒတစ်ခုအဖြစ် ပေါ်ပေါ်ထင်ထင်ရပ်တည် မနေတော့သော်လည်း အမျိုးသားရေးဝါဒ အားကောင်းသော နိုင်ငံငယ်များ၊ အထူးသဖြင့် အာရှနိုင်ငံများတွင် အမြစ်တွယ် ပူးကပ်နေခဲ့သည်ကို တွေ့ရမှာ ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှ နိုင်ငံငယ်များတွင်လည်း အမျိုးသားရေး လှုပ်ရှားမှုများကို တော်လှန်ရေး အမြင်များဖြင့် ရှုမြင်ချဉ်းကပ် လေ့ရှိကြသည်ကို လေ့လာလို့ ရနိုင်ပါသည်။ တကယ်တမ်းတွင် ဘာသာရေး အစွန်းရောက်မှုများရော၊ အမျိုးသားရေး ဝါဒများတွင်ပါ လူထုကိုသွေးကြွစေဖို့နှင့် လှုပ်ရှားတက်ကြွဖွယ်ရာ ရင်ခုန်မှုများ ပေးစွမ်းနိုင်ရန်အတွက် ယင်းဝါဒ နှစ်ခုစလုံးနှင့် အစပ်အဟပ်အတည့်ဆုံး နိုင်ငံရေးဝါဒမှာ ကွန်မြူနစ်ဝါဒက အသင့်တော်ဆုံးဟု ဆိုနိုင်ပါသည်။

ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းကာလတွင် အာဖရိက၊ အာရှနှင့် လက်တင်အမေရိကနိုင်ငံများတွင် ဆိုရှယ်လစ်ဝါဒနှင့် အမျိုးသားရေးဝါဒတို့ ပေါင်းစပ်ပြီး ဆိုရှယ်လစ် အမျိုးသားရေးဝါဒအသွင်ဖြင့် ခေါင်းထောင်လာသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့အပြင် အာဖရိကနှင့် အာရပ်ကမ္ဘာတွင်ဆိုလျှင်လည်း ဘာသာရေးနှင့် လူမျိုးစုအစဉ်အလာ ဆိုရှယ်လစ်ဝါဒဆိုပြီး နိုင်ငံရေးဝါဒအသစ်များ ပေါ်ထွက်လာပြန်ပါသည်။

ပြီးခဲ့သည့်ဆယ်စုနှစ် တစ်စုအတွင်း ကမ္ဘာကြီးတွင် အမျိုးသားရေးဝါဒသည် လူမျိုးစုအမျိုးသားရေးဝါဒ၊ သို့မဟုတ် လူမျိုးကြီးဝါဒအဖြစ် လှံသဖွယ်၊ ဓါးသဖွယ် ချွန်ထွက်လာသည်ကို တွေ့မြင်နိုင်ပါသည်။

ဆိုရှယ်ဒီမိုကရေစီ ကျင့်သုံးသည့် ဂျာမနီနိုင်ငံတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း မထုတ်ဝေဖြစ်ခဲ့သည့် ဟစ်တလာ၏ Mein Kampf (ကျွန်ုပ်၏ ကြိုးပမ်းမှု)ဆိုသည့် စာအုပ်မှာ ၂၀၁၇ ခုနှစ်အတွင်း (၆)ကြိမ်တိုင်တိုင် ရိုက်နှိပ်ထုတ်ဝေခဲ့ရပြီး၊ နိုင်ငံတစ်၀န်း၌ လက်ယာအစွန်းရောက်ဝါဒီများကို အထူးစစ်ဆင်ရေးတစ်ရပ်ဖြင့် လိုက်လံ နှိမ်နင်းရသည်အထိ ဖြစ်ခဲ့ပါသည်။ ထို့အတူ အမေရိကန်နိုင်ငံတွင် ကွန်ဆားဗေးတစ်တို့၏ ရီပတ် ဘလင်ကန်ပါတီမှ ဒေါ်နယ်ထရန့်က သမ္မတဖြစ်လာခဲ့ပြီး တရုတ်တို့နှင့် ကုန်သွယ်ရေးစစ် (Trade War) ဆင်နွှဲ ပြန်သည်။ ၂၀၁၉ ခုနှစ်တွင် UK ၌ ကွန်ဆားဗေးတစ်ပါတီက ၁၉၈၇ ခုနှစ် မာဂရက်သက်ချက်နောက်ပိုင်း အကြီးမားဆုံး အနိုင်ရလဒ်အဖြစ် အပြတ်အသတ် အနိုင်ရခဲ့ပြီး  ဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ဘောရစ်ဂျွန်ဆင်က ရုရှားအပေါ် တင်းမာသည့် သဘောထားရှိသူ တစ်ယောက်လည်း ဖြစ်ပါသည်။ မြန်မာတို့နှင့် အိမ်နီးချင်းဖြစ်သော အိန္ဒိယနိုင်ငံတွင် ဝန်ကြီးချုပ်မိုဒီ၏ အာဏာရ ဘာရာတီယ ဂျနက်တပါတီ (BJP)သည် ဟိန္ဒူအမျိုးသားရေး ဝါဒီများ (Hindu nationalist)ကို ကိုယ်စားပြုသော လက်ယာစွန်းပါတီ ဖြစ်သည်။

နောက်ထပ်အိမ်နီးချင်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်သော တရုတ်တို့မှာ ကွန်မြူနစ်ရေးထက် ဒေသတွင်း တန်ခိုးအင်အားကြီးထွားရေး၊ နယ်ပယ် ကျယ်ပြန့်ရေးတို့အတွက် တရုတ် အမျိုးသားရေးကို တရစပ်ဆွဲတင်သည်။ ရုရှားသမ္မတပူတင်က ဆိုဗီယက် နယ်မြေများကို ချဉ်ခြင်းတပ်မှုဖြင့် သမိုင်းဟောင်းကို မကြာခဏ ပြန်လည်တူးဆွတတ်ကာ များမကြာမီမှာပင် ယူကရိန်းကို ကျူးကျော်သည်။ မြင်ရသည်မှာ ကွန်မြူနစ် နိုင်ငံတော်ကြီးများမှာ ကွန်မြူနစ်အရေခွံ သက်သက်ဖြင့် ဖက်ဆစ်လမ်းစဉ်သို့ ခြေတစ်လှမ်းချင်း ချဉ်းကပ်လာ နေကြသည်။ အမျိုးသားရေးဝါဒက ကွန်မြူနစ်ဝါဒထက် ဂလိုဘယ်စင်မြင့်ထက် ပါဝါတည်ဆောက်ရာတွင် ပိုမိုဝေးဝေးပြေး၊ မြန်မြန်ရောက်နိုင်သည် မဟုတ်ပါလော။

မြန်မာ့နိုင်ငံရေးနောက်ခံကားချပ် အနှစ်ချုပ်

မြန်မာနိုင်ငံသည် ကိုလိုနီစနစ်နှင့် ဖက်ဆစ်တို့ ဖိနှိပ်မှုအောက်မှ ရုန်းထွက်နိုင်ရန်အတွက် နှိုးဆွမှု အားကောင်းသည့် အမျိုးသားရေးဝါဒနှင့် တော်လှန်ရေးသဘောတရားအခြေပြုသော ကွန်မြူနစ်ဝါဒတို့ကို နိုင်ငံရေးလောင်စာအဖြစ် အသုံးပြုခဲ့ကြပါသည်။

ထိုစဉ်က ဗြိတိသျှအင်္ဂလိပ်တို့အား ဆန့်ကျင်သည့် မျိုးချစ်ဗမာလူငယ်များအတွက် နိုင်ငံရေးဝါဒ ရွေးချယ်ရာတွင် အရင်းရှင်စနစ်ကို တော်လှန်သည့်အမြင်ရှိသော ကွန်မြူနစ်ဝါဒမှာ အစပ်အဟပ်အတည့်ဆုံး ဖြစ်ပါသည်။ သို့ဖြစ်ရာ ပဒေသရာဇ်စနစ်ခေတ်အလွန် မြန်မာ့နိုင်ငံသမိုင်းတွင် အမျိုးသားရေးဝါဒက အရင်ပေါက်ဖွားခဲ့ပြီး၊ အမျိုးသားရေးဝါဒီတို့၏ တော်လှန်ရေးအတွက် ကိုင်စွဲသောနိုင်ငံရေးဝါဒမှာ ကွန်မြူနစ် ဝါဒဖြစ်သည်ဟု ဆိုရပါမည်။ ဗြိတိသျှနယ်ချဲ့တော်လှန်ရေးမှသည် ဂျပန်ဖက်ဆစ် တိုက်ဖျက်ရေးအထိ တော်လှန်ရေး ခရီးတလျှောက်တွင် ကွန်မြူနစ်များနှင့် အမျိုးသားရေးဝါဒီများ သီးခြားစီပြန်ဖြစ်သွားကြသော်လည်း ဖက်ဆစ် တိုက်ဖျက်ရေးတွင်မူ ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏ ပါလီမန် ဒီမိုကရေစီခေတ်သည် ကမ္ဘာတစ်၀န်း၌ ဆိုရှယ်လစ်နိုင်ငံများ အပြိုင်းအရိုင်း ပေါ်ထွန်းလာခဲ့စဉ်နှင့် တစ်ချိန်တည်းဖြစ်ရာ မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက်တွင် လက်ဝဲသဘောတရား များကသာ လွှမ်းမိုးခြယ်လှယ်ထားခဲ့သည်ဟု ယူဆရပါမည်။ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီခေတ်သည်လည်း ပုံပျက်ပန်းပျက်ဆို ရှယ်လစ်သဘောတရားများဖြင့် တပ်မတော်ကို သိဒ္ဓိတင်ပေးခဲ့ခြင်းသာ အဖတ်တင်ပြီး၊ နဝတ/နအဖခေတ်တွင်မူ မဆလတပ်မတော်မှ မိမိကိုယ်မိမိ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်သူများအဖြစ် ပုံဖေါ်ထားသော တပ်မတော်အဖြစ်သို့ တဖန်ပြောင်းလဲ သွားပြန်ပါသည်။

ထိုသို့ဖြင့် အမျိုးသားရေး ရုန်းကန်မှု အားကောင်းလာခြင်းက စစ်တပ်ကို အင်အားပိုမိုကြီးထွား လာစေခဲ့ပြီး၊ နောက်ဆုံးတွင် စစ်အစိုးရက ဖန်တီးပေးခဲ့သည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် ၂၀၁၀ ခုနှစ်မှစတင်ကာ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီလတွင် စစ်တပ်မှပင် အာဏာသိမ်းကာ အဆုံးသတ်သွားခဲ့ပါတော့သည်။

၂၁ ရာစု ကမ္ဘာ့အခင်းအကျင်းအသစ်တွင် အမျိုးသားရေးဝါဒ တကျော့ပြန် ရုန်းကြွလာခြင်းနှင့်အတူ တစ်ဖက်တွင် လူမျိုးစုဆိုင်ရာ သရုပ်လက္ခဏာဆိုင်ရာ အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေကြပြီး၊ တစ်ဖက်မှာ ဘာသာရေးအခြေပြု တည်ဆောက်ထားသော လက်ယာစွန်းများ ကြီးစိုးထားသော မြန်မာနိုင်ငံ သည်လည်းပဲ ထိုအမျိုးသားရေးဝါဒ ရုန်းထလာမှုဝဲဂယက်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ထိုသို့ဖြင့် အမျိုးသားရေး ရုန်းကန်မှု အားကောင်းလာခြင်းက စစ်တပ်ကို အင်အားပိုမိုကြီးထွားလာစေခဲ့ပြီး၊ နောက်ဆုံးတွင် စစ်အစိုးရက ဖန်တီးပေးခဲ့သည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် ၂၀၁၀ ခုနှစ်မှစတင်ကာ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီလတွင် စစ်တပ်မှပင် အာဏာသိမ်းကာ အဆုံးသတ်သွားခဲ့ပါတော့သည်။

တကယ်တန်းတွင် ဖဆပလခေတ် စစ်တပ် အာဏာသိမ်းရခြင်းအရင်းခံမှာ ထိုခေတ်ကာလ၏ နိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးအိုင်ဒီယိုလိုဂျီများ လွန်ဆွဲမှုကြောင့် နိုင်ငံရေးသမားများ၏ အကွဲအပြဲ ဇာတ်လမ်းများကြောင့် သော်လည်းကောင်း၊ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများကြောင့် နိုင်ငံရေး စင်မြင့်ပေါ်တွင် တပ်မတော်နေရာရလာခြင်းကြောင့် သော်လည်းကောင်း၊ ပင်လုံကတိကဝတ်ကို ပျက်ကွက် ခဲ့ခြင်း၏ရလဒ်အဖြစ် တိုင်းရင်းသားလူမျိုးစုများက ယင်းတို့၏ လိုလားချက်များကို စုပေါင်းတင်ပြလာကြခြင်း ကြောင့်သော်လည်းကောင်း၊ ပြည်မမှ နိုင်ငံရေးခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်မှုများကြောင့် သော်လည်းကောင်းဟု ခြုံငုံသုံးသပ်ရမည် ဖြစ်ပါသည်။

၁၉၈၈ တွင် လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာပြီး ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်သည်။  နဝတ၊ နအဖအစိုးရလက်ထက်တွင် ဗုဒ္ဓဘာသာကို အခြေပြုထားသည့် “အမျိုး၊ ဘာသာ၊ သာသနာ” ဆိုသည့်တိမ်းညွတ်မှုကို နိုင်ငံတစ်ဝန်း သွတ်သွင်းသည်။ တပ်မတော်မှာမူ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် စောင့်ရှောက်သူများအဖြစ် ကြီးမြတ်သော ဂုဏ်ပုဒ်ကို ခံယူထားသည်။
စစ်အစိုးရခေတ် တလျှောက်လုံးတွင် တိုင်းရင်းသားလူနည်းစုများ၏ ဖြစ်တည်မှုနှင့် ဝိသေသလက္ခဏာရပ်များ အားလုံးကို လျစ်လျူရှု၊ ဖိနှိပ်ထားခဲ့ပြီး လူများစုဗမာတိုင်းရင်းသားများ နေထိုင်ရာဒေသ (တစ်ခြားအသုံးအနှုန်းတစ်ခုဖြစ်သော ပြည်မ)ကိုသာ လူနည်းစုများထက် ပိုမိုအလေးသာစေခဲ့သည်။ တစ်နည်းအားဖြင့် စစ်အစိုးရ၏ ပြည်မဗဟိုပြု စီမံခန့်ခွဲမှုက ဗမာနှင့် ဗမာမဟုတ်သော လူမျိုးများအကြား နားလည်မှု တဖြည်းဖြည်း ပိုမိုဝေးကွာလာခဲ့ရသည်။ ယင်းကပင် လူနည်းစုများဘက်က လူမျိုးစုဆိုင်ရာ သရုပ်သကန်များ ပြန်လည်ရယူနိုင်ရန်အတွက် တိုက်ခိုက်လိုစိတ် ပြင်းထန်လာစေခြင်း၊ သို့မဟုတ် အသိအမှတ်ပြုမှုအတွက် ရုန်းကန် ထကြွ လိုသည့် စိတ်ဆန္ဒများ ပိုမိုအားကောင်းလာစေခြင်းပင် ဖြစ်ပါသည်။

၂၀၁၀ ခုနှစ် နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလများတွင် တိမ်မြုပ်ဖုံးကွယ်ခံထားရသော လူနည်းစုများ၏ ယဉ်ကျေးမှုပေါင်းစုံများ ဖူးပွင့်လာခြင်း၊ ထုတ်ဖေါ်ပြောဆိုလာခြင်းများနှင့် လူများစု တို့၏ အခိုင်အမာ တည်ဆောက်ထားပြီးသော နှုန်းစံများအကြား ပွတ်တိုက်မှုများ ပြင်းထန်လာသည်။
ထို့အပြင် နိုင်ငံအုပ်စိုးသူ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ နိုင်ငံရေးဆိုင်ရာ အသုံးချမှုများ၊ ဘက်လိုက်မှုများ၊ ၎င်းတို့ကို ထောက်ခံသူများ၏ အုပ်စုဖွဲ့တိုက်ခိုက်မှုများကလည်း မြန်မာ့နိုင်ငံရေး အကွဲအပြဲ ဝဲဩဃ၊ သို့မဟုတ် နိုင်ငံရေးအကြပ်အတည်း သံသရာထဲ တဝဲဝဲလည်စေရသည့် အရင်းအမြစ်များဟု ဆိုရမည်ဖြစ်ပါသည်။

တစ်နည်းအားဖြင့် စစ်အစိုးရ၏ ပြည်မဗဟိုပြု စီမံခန့်ခွဲမှုက ဗမာနှင့် ဗမာမဟုတ်သော လူမျိုးများအကြား နားလည်မှု တဖြည်းဖြည်း ပိုမိုဝေးကွာလာခဲ့ရသည်။

အမျိုးသားရေးမှ ကွန်မြူနစ်ရေး၊ သို့မဟုတ် လက်ယာမှ လက်ဝဲဆီသို့

မြန်မာနိုင်ငံတွင် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့်အတူ အမျိုးသားရေးဝါဒ အားကောင်းလာခဲ့ပြီး ဒို့ဗမာအစည်းအရုံးကို ၁၉၃၀ ပြည့်နှစ်တွင် သခင်ဘသောင်းက စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၃၆  ခုနှစ်တွင် လက်ဝဲနိုင်ငံရေး အယူအဆအားသန်သည့် ကျောင်းသားလူငယ်များ ဝင်ရောက်လာခဲ့ပါသည်။ ဒို့ဗမာအစည်း အရုံးမတိုင်ခင်တွင် ဂျီစီဘီအေအသင်းကြီးမှစ၍ နိုင်ငံရေးလှုပ်ရှားမှုရလဒ်မှာ ထင်သလောက် မပေါက်ဖြစ်ခဲ့ရာ အမျိုးသားလွတ်မြောက်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးအတွက် နိုင်ငံရေးဝါဒတစ်ရပ်ရှိသင့်သည်ဟု ယူဆလာ ခဲ့ကြသည်။ သို့ဖြစ်ရာ လူငယ်လူရွယ်များက နိုင်ငံရေးအယူဝါဒ စာအုပ်စာပေများ လေ့လာလိုက်စားလာကြပြီး လက်ဝဲစာပေ လေ့လာလိုက်စားမှုများ အားကောင်းလာခဲ့သည်။ တစ်ကယ်တန်းတွင် မာ့ခ်စ်၊ လီနင်ဝါဒမှာ ၁၉၂၀ ခုနှစ် တဝိုက်ကတည်းက မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိနှင့်ပြီးဖြစ်ပြီး၊ ၁၉၂၈ ခုနှစ်မှစ၍ ဂျီစီဘီအေ ခေါင်းဆောင် ဦးစုက သတင်းစာ၊ ဂျာနယ်များတွင် ဆိုရှယ်လစ်ဝါဒအကြောင်း စတင်ရေးသားလာခဲ့ပါသည်။
၁၉၂၃ ဝန်းကျင်တွင် ဟုမ္မရူး သတင်းစာ အယ်ဒီတာချုပ် ကျောက်မြောင်း ဦးခင်မောင်ကြီးက ဝံသာနု ရက္ခိတ ကျမ်းကို ဘာသာပြန်ရေးသားခဲ့ပြီး ဒို့ဗမာအစည်းအရုံး စတင်ထူထောင်သူ သခင်ဘသောင်းကလည်း “ဘုံဝါဒ”ဟူသော နိုင်ငံရေးဝေါဟာရကို တီထွင်သုံးစွဲခဲ့ပါသည်။ နောက်ပိုင်းတွင် မြန်မာမျိုးချစ် လူငယ်များအကြားတွင် ကွန်မြူနစ်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒမှာ အထူးရေပန်းစားလာခဲ့ပြီး၊ ယင်းစာပေများကို နဂါးနီ စာအုပ်တိုက်နှင့် ကျောင်းသားသမဂ္ဂတို့က ရိုက်နှိပ်ဖြန့်ဝေကြသည်။ ဒို့ဗမာအစည်းအရုံးအနေဖြင့် အဖွဲ့ဝင်အဖြစ်လက်ခံရာတွင် နယ်ချဲ့ဆန့်ကျင်ရေးအတွက် မျိုးချစ်စိတ်ရှိသည့်မည်သူမဆို ကွန်မြူနစ်ဖြစ်စေ၊ ဆိုရှယ်လစ်ဖြစ်စေ၊ အမျိုးသားရေးဝါဒီဖြစ်စေ အားလုံးကို လက်ခံခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် မူလက အမျိုးသားရေးဝါဒကို အခြေခံခဲ့သော ဒို့ဗမာအစည်းအရုံးမှာ နောက်ပိုင်းတွင် လက်ဝဲအယူအဆက အားကောင်းကောင်းဖြင့် လွှမ်းမိုး သွားခဲ့ပါတော့သည်။ ၁၉၃၈ နှစ်တွင် ဒို့ဗမာ အစည်း အရုံးနှစ်ခြမ်းကွဲသွားပြီး လက်ဝဲအယူအဆကို သဘော မကျသည့် ဒို့ဗမာအစည်းအရုံး မူလတည်ထောင်သူ သခင်ဗစိန်ဂိုဏ်းနှင့် လက်ဝဲအယူအဆ အားသန်သည့် လူငယ်အများစု ပါဝင်သော သခင်ကိုယ်တော်မှိုင်းဂိုဏ်း ဟူ၍ ဂိုဏ်းနှစ်ဂိုဏ်း ထွက်ပေါ်လာသည်။

ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်းဂိုဏ်းမှ ကိုအောင်ဆန်း ဦးဆောင်သော လက်ဝဲလူငယ်များပါဝင်သည့် လူငယ် (၇)ဦးက စတင်တည်ထောင်သည်။ ဗမာပြည်ကွန်မြူနစ် ပါတီကို မြန်မာလူထု၏ အမျိုးသားရေးလှုပ်ရှားမှုများနှင့် အလုပ်သမားထု၏ လူတန်းစားတိုက်ပွဲများမှ မွေးထုတ်ပေးလိုက်သည်ဟု ဆိုသည်။ ဗမာပြည်တွင် ကွန်မြူနစ်ဝါဒက ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှား မှုနှင့် အတူ ယှဉ်တွဲဖြစ်တည်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် အင်းစိန်ကြေညာစာတမ်းအရ ဖက်ဆစ်ဝါဒသည် ကမ္ဘာကြီး၏ ရန်သူဖြစ်သောကြောင့် ဗြိတိသျှတို့နှင့်ပူးပေါင်း၍ ဖက်ဆစ်ဝါဒကို အရင်တိုက်ဖျက်ပြီးမှသာ မြန်မာပြည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သင့်သည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီက ဆိုသည်။ နိုင်ငံရေး အိုင်ဒီယိုလိုဂျီ အရဆိုလျှင်လည်း ဖက်ဆစ်ဝါဒသည် လစ်ဘရယ်အရင်းရှင်နှင့် ကွန်မြူနစ်တို့၏ ဘုံရန်သူဖြစ်ရာ ဗမာပြည် ကွန်မြူနစ်ပါတီ၏ ထိုစဉ်က သဘောထားက သက်သေပြသည်။ သို့ရာတွင် ထိုစဉ်အခါက ဗမာ မျိုးချစ် လူငယ်များအနေဖြင့် ဗြိတိသျှတို့အား တွန်းလှန်ဆန့်ကျင်ရာတွင် မော်ဝါဒနှင့် တရုတ်တပ်တို့ကို ပိုမိုအားသန်ခဲ့သော်လည်း သခင်အောင်ဆန်း၏ တရုတ်ကွန်မြူနစ်ထံ အကူအညီတောင်းခံရေး ရှန်ဟိုင်း ခရီးစဉ်မှာ ဖက်ဆစ်ဂျပန်တို့နှင့် အဆုံးသတ်ခဲ့ရသည်။ မြန်မာပြည်ရှိ ကွန်မြူနစ်များမှာမူ ဖက်ဆစ်တို့ကို ဆန့်ကျင်ရန် ဗြိတိသျှတို့နှင့် ဆက်သွယ်ဆောင်ရွက်နေခဲ့သည်။ သခင်အောင်ဆန်းနှင့်အတူ တရုတ်နိုင်ငံ၊ အမွိုင်မြို့သို့ လိုက်ပါသွားခဲ့သော သခင်လှမြိုင်မှာ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်အောင်ဖြစ်လာပြီး နောင်တွင် တောခို ဗမာပြည် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သွားပါသည်။ ရဲဘော်သုံးကျိပ်ထဲတွင် သခင်အောင်ဆန်းကဲ့သို့သော သခင်ကိုယ်တော်မှိုင်းဂိုဏ်းမှ လက်ဝဲ လူငယ်များပါဝင်ပြီး၊ ဝင်ရိုးစွန်းတန်း နိုင်ငံများကို ထောက်ခံသည့်သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဂိုဏ်းမှ သခင် ရှုမောင် (ဗိုလ်နေဝင်း) ကဲ့သို့သော လူငယ်တစ်ချို့ ပါဝင်ပါသည်။ သခင်စိုး၊ သခင်နု၊ သခင်သန်းထွန်းစသည့် ခေါင်းဆောင်များမှာမူ ထောင်ချခံ ထားရသည်။ ထောင်ကျနေသည့် မျိုးချစ်လူငယ်များကို ထောင်တွင်း လျှို့ဝှက်နိုင်ငံရေး သင်တန်းပေးရာတွင် သခင်သန်းထွန်းက စတာလင်၏ ဘော်ရှီဗစ်သမိုင်းကို ပို့ချပြီး၊ သခင်စိုးကမူ လီနင်၏ နည်းပရိယာယ် နှစ်သွယ် ကျမ်းကို လက်ကိုင်ပြုကာ ပို့ချခဲ့ကြသည်။

 

K.L

(ယခုဆောင်းပါး ပါအချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများ သည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)

 

ရည်ညွှန်းကိုးကားစာရင်း

  • မပြိုကွဲနိုင်သော ပြည်ထောင်စုကြီး၊ ဦးရွှေအုန်း
  • Andrew Heywood; Political Ideologies: an introduction
  • မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက်၊ ကျော်ဝင်း
  • Thant Myint-U; The river of lost footsteps by
  • ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာသော မြန်မာ့သမိုင်းအကျဉ်းနှင့် တပ်မတော်၊
    တပ်မတော်သားသုတေသီတစ်ဦး
  • မြန်မာ့လွတ်လပ်ရေး နောက်ဆုံးတိုက်ပွဲ၊ ဗိုလ်အောင်စိန် (ဘာသာပြန်)
  • ပင်လုံညီလာခံ သမိုင်းစဉ်အကျဉ်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်
  • ကိုလိုနီခေတ် မြန်မာရက်စွဲသမိုင်း (၁၈၈၆-၁၉၄၂)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
  • ငါးနှစ်ရာသီ ဗမာပြည် (၁၉၄၁-၁၉၄၅)၊ ဦးနု
  • ဂျပန်ခေတ်ရက်စွဲသမိုင်း (၁၉၄၂-၁၉၄၅)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
  • လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း (၁၉၄၅-၁၉၄၈)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)
  • ကျွန်တော်သိသော တစ်ရံရောအခါများ၊ ကိုကိုမောင်ကြီး
  • အမှောင်ကြားက ဗမာပြည် (၁၉၄၈-၂၀၀၀)၊ ဝင်းတင့်ထွန်း
  • အကွဲအပြဲဇာတ်လမ်း၊ ဂါးဒီးယန်း ဦးစိန်ဝင်း
  • ၁၉၈၈-၂၀၀၂ ခုနှစ် မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှုရက်စွဲမှတ်တမ်းများ၊ ABSDF
  • ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ သမိုင်းဝင် မှတ်တမ်းမှတ်ရာများ (၁၉၉၈-၂၀၀၃)၊ ခင်ကျော်ဟန်
  • လစ်ဘရယ်ဝါဒနှင့် လစ်ဘရယ်သမိုင်းကြောင်း၊ အပိုင်း (၁၀)၊ လင်းသက်
  • ပြည်တွင်းသောင်းကျန်မှုသမိုင်း အတွဲ ၁၊ ၂၊ ၅
  • အစိုးရသစ်နှင့် တိုင်းရင်းသား အင်အားစုများအကြား အကြပ်အတည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ
  • ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်၊ ကျော်ဝင်း
  • ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များသမိုင်း၊ ဒုတိယတွဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဗဟိုကော်မတီ ဌာနချုပ်
  • https://lostfootsteps.org/my/history/the-embers-of-the-cold-war
  • ဗိုလ်ချုပ်ကြီးနေဝင်း၏နိုင်ငံရေးအတ္ထုပ္ပတ္တိ၊ Robert H. Taylor
  • မြန်မာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း၊ဒေါက်တာမောင်မောင်
  • တပ်မတော်ကို ဆိုရှယ်လစ်နည်းနဲ့ ဘိသိက်သွန်း ပေးခဲ့သူများ ၊ ဘိုဘို (ဘီဘီစီမြန်မာပိုင်း)
  • NLD ရဲ့ အမျိုးသားညီညွတ်ရေးခေါ်သံအပေါ် တိုင်းရင်းသားပါတီတွေရဲ့ မျှော်လင့်ချက်၊ နန်းလွင့်နှင်းပွင့်၏ ဆောင်းပါး
  • ပါတီများပေါင်းစည်းမှု မှန်းချက်နှင့် နှမ်းထွက်မကိုက်သေး၊ အောင်သူငြိမ်း၏ ဆောင်းပါး
  • ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)၏ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတိုက်ပွဲဝင်မှတ်တမ်းများ၊ ဒေါက်တာလျန်မှုန်းဆာခေါင်း မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစုနိုင်ငံရေးနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၊ TNI
  • ပင်လုံအလွန်မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပြုပြင်ပြောင်းလဲရေး အကျပ်အတည်း၊ TNI
  • ကယား (ကရင်နီပြည်နယ်)တွင်းစစ်ပွဲမှသည်ငြိမ်းချမ်းရေးဆီသို့၊ TNI
  • အသွင်ကူးပြောင်းရေးကာလမြန်မာ့နိုင်ငံရေးပါတီများ၊ Susanne Kempel ၊ ချမ်းမြေ့အောင်ဆန်း၊
    အောင်ထွန်း
  • နိုင်ငံရေးမဟာမိတ်များအပေါ် လေ့လာသုံးသပ်မှုစာတမ်း၊ ပညာအလင်းပွင့်မြန်မာ သုတေသန ဖေါင်ဒေးရှင်း
  • မြန်မာ့ပါတီ ပေါင်းစည်းခြင်းများ၊ စုမွန်သန့်
  • ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက်အသင့်ပြင်ခြင်း၊နော်ဂလဲဒစ်(စ်)မောင်မောင်
  • တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၅)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း
  • မြန်မာနိုင်ငံ၏ တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံ
    ဥပဒေတည်ဆောက်ရေး၊ စိုင်းဝမ်းစိုင်း
  • ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
  • ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့  ကြေညာချက်အမှတ် (၁/၂ဝ၁၁) 
  • အင်တာနက်မှ သတင်း/ဆောင်းပါးများ