တပ်မတော် တစ်ရပ်ထူထောင်ခြင်း – ဗိုလ်ချုပ်အောင်ဆန်း၏ ခရီးရှည်

လွတ်လပ်ရေးအကြိုကာလဖြစ်သည်။ မြန်မာနိုင်ငံသည်ဒုတိယကမာစစ်ကြီး၏ အစိတ်အပိုင်း စစ်မြေပြင်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် မဟာမိတ်နိုင်ငံများကတစ်ဖက်၊ ဂျပန်ကတစ်ဖက်စစ်ရေးတင်းမာလျက်ရှိသည်။ မြန်မာလူငယ်များကတော့ ဝါဒရေးရာများ၊ နိုင်ငံတကာအုပ်စုများတွင်ပါ၀င်ရေးထက် ယင်းအခြေအနေကို အမြတ်ထုတ်ကာ မြန်မာပြည်ကိုဗြိတိသျှကျွန်ဘ၀မှ လွှတ်လပ်ရေးအရယူရန်ရည်ရွယ်ထားသည်။ ထိုရည်ရွယ်ချက်ဖြင့်မြန်မာမျိုးချစ်လူ ငယ်များသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်မှုအောက်တွင်စုမိခဲ့ကြသည်။

လွှတ်လပ်ရေးအရယူရန်အတွက်စဥ်းစားကြရာတွင်

၁။ တပ်မတော်တစ်ရပ်ထူထောင်ရန်မှာအလွန်အရေးကြီးကြောင်း
၂။ ထိုတပ်မတော်အတွက်လိုအပ်သောသင်တန်းနှင့်ထောက်ပံ့မှုများရရှိနိုင်ရန်

ပြည်ပနိုင်ငံများနှင့်အဆက်အသွယ်ရရန် အရေးကြီးကြောင်းကို ကောင်းစွာသဘောပေါက်ပြီးတပ်မတော်တစ်ရပ်ကိုထူထောင်ရန်စတင်ခဲ့သည်။ ထိုတပ်မတော် ကို ဦးဆောင်မည့်သူက ဆရာကြီးသခင်းကိုယ်တောင်မှိုင်း၏တပည့် ကိုအောင်ဆန်းဖြစ်လာခဲ့သည်။ (နောင်တချိန်တွင်တပ်မတော်ပေါ်လာသောအခါ professional တပ်မတော် ဆိုတာထက် မျိုးချစ်စိတ်ဓာတ်အပေါ်အခြေခံသောတပ်မတော်ဖြစ်လာခဲ့သည်)

တပ်မတော်တစ်ရပ်တည်ထောင်ရေးနှင့်နိုင်ငံတကာအခြေအနေ

၁၉၃၈ခုနှစ်တွင် တရုတ်နိုင်ငံကွမ်တုန်နှင့် ဝူဟန်မြို့များကို ဂျပန်ဧကရာဇ်စစ်ဌာနချုပ်လက် အောက်သို့ကျရောက်သွားခဲ့သည်။ ထိုသို့ကျရောက်ချိန်တွင်ချန်ကေရှိတ် တရုတ်အစိုးရသည် လွတ်မြောက်ရာပြည်နယ်သို့ပြောင်းရွေ့ခဲ့ပြီး တိုင်းပြည်ကိုဂျပန်လက်ထဲမှပြန်လည်ရယူရန် စဥ်းစားသည်။ ထိုသို့စဥ်းစားရာတွင် ဂျပန်၏ရန်သူမဟာမိတ်များထံမှပြည်ပစစ်တပ်များတရုတ် ပြည်ထဲသို့၀င်ရောက်လာနိုင်ရေးနှင့် ၄င်းတို့လွှတ်လပ်ရေးအတွက် ပြည်ပတပ်များကအကူအညီပေးရေးမှာ ချန်ကေရှိတ်၏ မဟာဗျူဟာဖြစ်ကြောင်းအတိအလင်းကြေငြာသည်။

ဂျပန်တပ်မတော်အတွက် ချန်ကေရှိတ်၏မဟာဗျူဟာမအောင်မြင်ရန်အတွက်ဆိုလျှင် မဟာမိတ်များ၀င်လာနိုင်သည့်လမ်းကြောင်းများပိတ်ဆို့ရန်အရေးကြီးလာသည်။ တရုတ်နိုင်ငံအတွင်းသို့မဟာမိတ်တို့၀င်လာနိုင်ခြေရှိသောလမ်းမကြီး (၄) ခုရှိခဲ့သည်။

(၁) တရုတ်ပြည်အလယ်ပိုင်း၊ တောင်ပိုင်းကမ်းခြေပိုင်းမ တိုင်ပြည်အလယ်ပိုင်းထိပေါက်သော ဟောင်ကောင်လမ်း

(၂) ရုရှားနှင့်ထိစပ်နေသော အနောက်မြောက်ပိုင်းလမ်း (သို့) လမ်းမနီ

(၃) အင်ဒိုချိုန်းနား ဟန်ဖုန်းနှင့် တရုတ်နိုင်ငံကူမင်းချိတ်ဆက်ထားသော အင်ဒိုချိုင်းနားလမ်း

(၄) ရန်ကုန်-လားရိူးနှင့်တရုတ်ပြည်ကူမင်းချိတ်ဆက်ထားသော မြန်မာလမ်းမကြီး

တရုတ်ပြည်တွင်းစစ်အဆုံးသတ်အနိုင်ရဖို့ဆိုလျှင် ထိုလမ်းမကြီးများကိုပိတ်ဆို့ပစ်နိုင်မှသာ ဂျပန်တို့ အောင်နိုင်ပြီဟုသတ်မှတ်နိုင်မည်။ ထို့ကြောင့်ထိုလမ်းမကြီးများပိတ်ဆို့တပ်စွဲထားရေးကိုအား သွန်ခွန်စိုက်ကြိုးစားခဲ့သည်။ သို့သော်လည်း တောင်ပိုင်းကမ်းခြေပိုင်းဟောင်ကောင်လမ်းနှင့် အနောက် မြောက်ပိုင်းလမ်းများအားပိတ်ဆို့ရန်ကြိုးပမ်းမှုများမှာအအောင်မြင်ခဲ့ပေ။ အင်ဒိုချိုင်းနား လမ်းကိုတော့ ၁၉၄၀ပြည့်နှစ်စက်တင်ဘာလတွင်တပ်စွဲပြီးပိတ်ဆို့နိုင်ခဲ့သည်။ ထို့နောက် ဂျပန် တပ်များအတွက်အရေးကြီးဆုံးအလုပ်တစ်ခုမှာ မြန်မာလမ်းမကြီးပိတ်ဆို့ရေး…..မြန်မာ-တရုတ် လမ်းမကြီးပိတ်ဆို့နိုင်ရေး။ မဟာမိတ်များ၀င်လာနိုင်စွမ်းမရှိအောင်လုပ်ရာတွင်အရေးကြီး ဆုံးအလုပ်တစ်ခု။

ချုံကင်းအခြေစိုက်တရုတ်အစိုးရသည် ဂျပန်ဆန့်ကျင်ရေးလုပ်ငန်းများအင်တိုက်အားတိုက် လုပ်ဆောင်နေရာတွင် တရုတ်မြန်မာလမ်းမကြီးမှာအလွန်အရေးပါသော အထောက်အပံ့ဖြစ်နေသည် ကိုတွေ့ရသည်။ ဂျပန်ဆန့်ကျင့်ရေးလုပ်ငန်းများအားနည်းသွားစေရန်နှင့် မဟာမိတ်တပ်များ၀င် ရောက် ခြင်းမှကာကွယ်ရန်မှာယင်း တရုတ်-မြန်မာလမ်းမကြီးပိတ်ဆို့နိုင်မှသာဖြစ်နိုင်လိမ့်မည်။ ဂျပန်စစ်ခေါင်းဆောင်များသည် တရုတ်-မြန်မာလမ်းမကြီးပိတ်ဆို့နိုင်ရေးကိုအကြီးအကျယ် စဥ်းစား ကြရတော့သည်။ လမ်းမကြီးဖြတ်တောက်နိုင်ရေးအတွက် ဂျပန်စစ်ဦးစီးဌာနချုပ် General Staff HQ အတွက်အဓိကပြသနာဖြစ်လာသောကြောင့် ယင်းလမ်းဖြတ်တောင်ရေးမဟာဗျူဟာကို လေ့လာ သုတေသနပြုရန် စစ်ဦးစီးဌာနချုပ်မှ ဗိုလ်မှူးကြီး စူဇူကီး ကိုတာ၀န်ပေးခဲ့သည်။ စူဇူကီးက မြန်မာပြည်နိုင်ငံရေးအခြေအနေကိုကြည့်ရာ အမျိုးသားရေးလုပ်ရှားမှုများအားကောင်းစပြုနေသည်။ တို့ဗမာ အစည်းအရုန်းအားကောင်းနေသည်။ မြန်မာလူငယ်များ၏အမျိုးသားရေးလှုတ်ရှားမှုကို လက်နက်ကိုင်လမ်းစဥ်အဖြစ်သို့ရောက်ရှိလာနိုင်စေရန် ပံ့ပိုးကူညီနိုင်ပါက တရုတ်-မြန်မာလမ်းမ ကြီးကိုပါဗြိတိသျှတို့အသုံးမပြုနိုင်အောင်ဖြတ်တောက်ပြီးသားဖြစ်မည်။ ယင်းမဟာဗျူဟာကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံသို့ထွက်ခွါရန်လိုလာပြီဟုတွက်သည်

အမျိုးသားရေးအုပ်စုများနှင့်ဆက်သွယ်ရန်ခရီး

ကာနယ်စူဇူကီးသည်အမျိုးသားရေးအုပ်စုများနှင့်အဆက်အသွယ်ရရှိရန်မြန်မာနိုင်ငံရန်ကုန်သို့ ဘန်ကောက်မှတဆင့်ရောက်ရှိလာပြီး ဒေါက်တာသိန်းမောင်၊ သခင်ကိုယ်တော်မှိုင်းနှင့်တကွအခြား သခင်ခေါင်းဆောင်များနှင့် ဆက်သွယ်လာနိုင်ခဲ့ခြင်းက တပ်မတော်တစ်ရပ် ထူထောင်ရေးနှင့် မြန်မာ့လွတ်လပ်ရေး အတွက်အရေးပါခဲ့သည်။ဗြိတိသျှ၏ ဖိနှိပ်မှုများကြောင့်မခံနိုင်သောလူငယ်များ လွတ်လပ်ရေးအတွက် ဆရာကြီးသခင် ကိုယ်တော်မှိုင်းလက်အောက်တွင်စုမိနေကြသည်။ အချို့လည်းထွက်ပြေးတိမ်းရှောင်နေကြ ရ သည်။ ဗြိတိသျှတို့ခန့်အပ်ထားသောမြန်မာနိုင်ငံရေးသမားတို့အပေါ် အားမရသည့်လူငယ်များ ကလည်းရန်ကုန်တကသိုလ်တွင် စုမိလာကြသည်။ လွတ်လပ်ရေးအတွက် အလွန်ကောင်းသော အလားအလာများဖြစ်သည်။

သခင်အောင်ဆန်းတစ်ယောက်အတွက်တော့မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ပြည်ပနိုင်ငံတစ်ခုနှင့်အဆက်အသွယ်ရယူပြီးတပ်မတော် တစ်ရပ် ထူထောင်ရန်စဥ်းစားကြရာတွင် ပြည်ပနိုင်ငံကြီးများနှင့်အဆက်အသွယ်ရယူရန်မှာအရေးကြီးသည် ထို့ကြောင့်မြန်မာနိုင်ငံမ လျှို့၀ှက်ထွက်ခွာရန်ဆုံးဖြတ်ခဲ့သည်။ ဘယ်နိုင်ငံနဲ့အဆက်အသွယ်ရလာမလဲ….တရုတ်ဖြစ်မလား…အခြားနိုင်ငံတစ်ခုခုလား..ဘယ်နိုင်ငံက တပ်မတော်သစ်ကြီးတည်ထောင်ပေးမှာလဲ….မေးခွန်းများ ဗိုလ်ချုပ်စိတ်နှလုံးထဲတွင် ပြည့်နှက် နေခဲ့လိမ့်မည်ထင်သည်။

ပြည်တွင်းသို့ရောက်ရှိနေသောဗိုလ်မှုးကြီးစူဇူကီးသည် ရန်ကုန်ရှိ Nippon Trade Agency ၏ ဒါရိုက်တာ ဒေါက်တာသိန်းမောင် (ဂျပန်လိုလားသူ) နှင့်တွေ့ဆုံ ခဲ့ပြီး လွတ်လပ်ရေးလှုတ်ရှားမှုများ အကြောင်းမေးမြန်းစုံစမ်းခဲ့သည်။ သူ့ထံမှသိခဲ့ရသည်မှာ သခင်ကိုယ်တော်မှိုင်း..သခင်မြနှင့်နီးစပ်သောလူငယ်အချို့ သည် ပြည်ပအကူအညီရှာဖွေနေသည်ကိုသိခဲ့ရသည်။ ဗိုလ်မှူးကြီးဆူဇူကီးက ထိုလူငယ်အဖွဲ့သည် ဆိုဗီယက်နှင့်ဂျာမဏီတို့ ဖြင့်သာအဆက်အသွယ်ရသွားလျှင် ဂျပန်တပ်မတော်အတွက် ထိခိုက်ဆုံးရူံးစရာများမည်ဖြစ်ရာ ၄င်းတို့နှင့်အမြန်ဆုံးအဆက်အသွယ်ရရှိပြီးဂျပန်တို့နှင့်ပူးပေါင်းလာစေရန်ကြိုးပမ်းရပြန်သည်။

စက်တင်ဘာလ၏တစ်ရက်တွင် ဗိုလ်ကြီး စူဆူကီးသည် သခင်ကိုယ်တော်မှိုင်း-သခင်မြတို့နှင့်အဆက်အသွယ်ရရှိပြီး လျှို့ဝှက်တွေ့ဆုံမှုပြုလုပ်ခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် တစ်သတ်လုံးလွတ်လပ်ရေးအတွက်ကြိုးစားနေသူ၊ တပည့် တပမ်းပေါများသူ၊ အောင်ဆန်းကဲ့သို့လူငယ်များအပေါ်လွမ်းမိုးမှုရှိသူဖြစ်ကြောင်းသိရှိထားသည် ဖြစ်ရာ.. ယင်းလျှို့၀ှက်အစည်းအ၀ေးတွင် ဆူဇူကီးက တော်လှန်ရေးအတွက်လိုအပ်သော ငွေကြေး၊ လက်နက်နှင့် လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့်ထိုအတွက်သဘောတူ စာချုပ်မျိုးချုပ်ဆိုပေးနိုင်ကြောင်းတင်ပြခဲ့သည်။ သို့သော်ပြည်ပအဆက်အသွယ်ရှာဖွေရန်နှင့်ဗြိတိသျှတို့ရန်မှ ရှောင်တိမ်းရန်အတွက် သခင်အောင်ဆန်းနှင့်သခင်လှမြိုင်မှာတရုတ်နိုင်ငံအမွိုင်သို့ရောက်နေပြီဖြစ်သည်။ သခင်အောင်ဆန်းမှာ ဗိုလ်မှုးကြီး ဆူဇူကီးမြန်မာနိုင်ငံရောက်ပြီးမကြာခင်မြန်မာနိုင်ငံမှဟိုင်လီသဘောဖြင့်လျှို့၀ှက်ထွက် ခွာခဲ့ရာ ဆူဇူကီးနှင့်အဆက်အသွယ်မရှိခဲ့ပေ။ ၄င်းတို့ကြားအချိတ်အဆက်ပြန်ရခြင်းက မြန်မာလွှတ်လပ်ရေးအတွက်စစ်တပ်ထောင်ရန်ရည်ရွယ်ချက်ဖြစ်မြောက်ရေးအတွက်အရေးပါ သောအကြောင်းအရာဖြစ်ခဲ့သည်။

ဗိုလ်မှုူကြီးဆူဇူကီးကလွှတ်လပ်ရေးအတွက်ကူညီမည့်ဟူသောကတိစကားကြောင့်ဒေါက်တာ သိန်းမောင်က၀မ်းမြောက်၀မ်းသာဖြစ်ပြီး သခင်အောင်ဆန်းအားရှာဖွေဆက်သွယ်နိုင်ရန်၄င်းနှင့် သခင်လှမြိုင်တို့ဓာတ်ပုံများဗိုလ်မှူးကြီးဆူဇူကီးထံပေးအပ်ခဲ့သည်။ ဗိုလ်မှုူးကြီးဆူဇူကီးက ထိုဓာတ်ပုံများအားအမွိုင်ရှိထောက်လှမ်းရေးအရာရှိတစ်ဦးထံပေးပို့ခဲ့ပြီး၄င်းတို့နှစ်ဦးအား တိုကျိုသို့ ခေါ်ဆောင်လာရန်ညွှန်ကြားခဲ့သည်။
(ထိုကဲ့သို့အရေးကြီးသောအဖြစ်အပျက်များဖြစ်ပေါ်နေသည့်အချိန်ထိဗြိတိသျှအရာရှိများအနေနှင့် ဗိုလ်မှူးကြီးဆူဇူးကီး၏လှုတ်ရှားမှုများကိုထောက်လှမ်းမိနိုင်ခဲ့ခြင်းမရှိခဲ့။ ယင်းအကြောင်းသည် ဗြိတိသျှထောက်လှမ်းရေးများ၏အားနည်းမှုကိုဖော်ပြခြင်းဖြစ်ကြောင်းနောက်ပိုင်းထောက်လှမ်းရေး သမိုင်းဆရာများကဖော်ပြခဲ့ကြသည်။)

ကင်ပေတိုင် ဂျပန်စစ်ပုလိပ်များက သခင်အောင်ဆန်းတို့နှစ်ဦးကိုအမွိုင်မြို့ တရုတ်စားသောက်တည်းခိုရာ နေရာတစ်ခုတွင် တွေ့ရှိခဲ့ကြသည်။ အမွိုင်တွင်လမ်းပျောက်နေသောအောင်ဆန်း….ဂျပန်အကူအညီကိုရယူရန်ရွည်ရွယ်ခဲ့ခြင်း မရှိသော်လည်း စစ်ပုလိပ်များထံမှကြားရသော ဒေါက်တာသိမ်းမောင်၏ အကူအညီတောင်းမှုဇာတ်လမ်းအစုံကိုကြားရသောအခါ ဂျပန်သို့ထွက်ခွါရန်သဘောတူခဲ့ပြီး November 8 ရက်နေ့၁၉၄၀တွင် သခင်အောင်ဆန်းတို့တိုကျိုသို့ရောက်ရှိခဲ့ပြီး ဗိုလ်မှူးကြီးဆူဇူကီး ကလေဆိပ်တွင်လောရောက်တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ဖွဲ့စည်းမည့်တပ်မတော်ကြီးသည် ဗိုလ်မှုးကြီးဆူဇူကီးနှင့်အဆက်အ သွယ်ရယုံဖြင့်လွယ်လွယ်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းတော့မဟုတ်။ ဆူဇူကီးခေါ်လာသော မြန်မာနှစ်ယောက်အား ဂျပန်စစ်ဦးစီးရုံးက နွေးနွေးထွေးထွေးကြိုဆိုခဲ့ခြင်းမရှိ…လိုလား သောကြိုဆို မှု မရှိယုံတင်မကပဲ ဗိုလ်မှူးကြီးဆူဇူကီးသည် ၄င်းအားတာ၀န်ပေးမထားသောအကြောင်းအရာများ လုပ်လာသည်။ လုပ်ပိုင်ခွင့်ဘောင်ကိုကျော်လွန်ပြီးလုပ်ချင်ရာလုပ်နေသည်ဟုစစ်ရုံးကမြင်သည်။

ဆူဇူကီးက မြန်မာ့အမျိုးသားရေးလှုတ်ရှားမှုအားကောင်းနေပုံ၊ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန် ပါ၀င်ကူညီရန်အရေးပေါ်လိုအပ်နေကြောင်း၊ ထိုသို့ကူညီနိုင်ပါက တရုတ်မြန်မာလမ်းမကြီးကို အောင်မြင်စွာပိတ်ဆို့နိုင်မည်ဖြစ်ကြောင်းရှင်းပြခဲ့သော်လည်းထူးခြားလာခြင်းမရှိခဲ့ပေ။ သခင် အောင်ဆန်းတို့နှစ်ယောက်အား စစ်ဦးစီးရုံးသို့ခေါ်လာသော်လည်းစိတ်၀င်စားမှုကိုမရရှိခဲ့ပေ။ ဗိုလ်မူူးကြီးဆူဇူကီးက စစ်ရုံး၏သဘောတူကြည်ဖြူမှုကိုရရန်အခြေအနေတစ်ခုစောင့်ဆိုင်းရလိမ့် ဦးမည်ဟုယူဆပြီး သခင်အောင်ဆန်းနှင့်သခင်လှမြိုင်တို့အားခေါ်ကာသူ၏ဇာတိမြေဖြစ်သော Hamamatsu ထွက်ခွာပြီး၄င်း၏အိမ်တွင်ယာယီပုန်းခိုနေစေခဲ့သည်။ Hamamatsuမှာ မြို့ငယ်လေး ဖြစ်သောကြောင့်သခင်အောင်ဆန်းတို့၇ောက်ရှိနေသောသတင်းမှာတစတစလူသိလာသည်။ ထို့ကြောင့် အခြား Bentenjima ကျွန်းသို့ရွေ့ပြောင်းခဲ့သည်။ ထို့မှတဆင့်လည်းထပ်မံရွေ့ပြောင်းရ ပြန်သည်။ နောက်ဆုံးတွင် တိုကျိူရှိဘော်ဒါဆောင်တစ်ခုသို့ရောက်ရှိသွားပြန်သည်။ ရှောင်ရင်း တိမ်းရင်း အမြဲဆွေးနွေးနေခဲ့သည်က မြန်မာပြည်လွတ်လပ်ရေး၊ တပ်မတော်တစ်ရပ်ထူထောင် နိုင်ရေးပင်ဖြစ်သည်

ယင်းကာလများကိုပြန်ကြည့်လျှင်

၁။ မြန်မာသည်ဖက်စစ်အကူအညီရယူပြီးဗြိတိသျှကိုတော်လှန်ခဲ့သော်လည်းဖက်စစ်မဟာမိတ် မဖြစ်ခဲ့။ တဖန်ဗြိတိသျှနှင့်ပူးပေါင်း၍ဖက်စစ်ကိုတိုက်ထုတ်ခဲ့သော်လည်း Commonwealth နိုင်ငံ တစ်ခုမဖြစ်သွားခဲ့။ ထို့ကြောင့်ပြည်ပနိုင်ငံများကူညီတိုင်းမြန်မာနိုင်ငံသည်ယင်းနိုင်ငံဘက် ပါ၀င်ခဲ့ ခြင်းမျိုးမဖြစ်ခဲ့။

၂။ တပ်မတော်တစ်ရပ်ထူထောင်ခြင်းမှာ ပြည်တွင်းနိုင်ငံရေးအင်အားစုများအားအကောင်းဆုံးအချိန် တွင်ဖြစ်နိုင်ရန်လွယ်ကူသည်။ သို့သော်ပြည်ပနိုင်ငံတစ်ခုခု၏အကူအညီမရရှိပဲတပ်မတော်ထူ ထောင်ခြင်းကိစ္စမှာမလွယ်ကူပေ။အဆက်အသွယ်ရရှိခြင်းတစ်ခုတည်းနှင့်ဖြစ်နိုင်သောကိစ္စမဟုတ်။

၃။ ပြည်တွင်းနိုင်ငံရေးဆိုသည်မှာ ကိုထင်ကုတင်ရွှေနန်းဆိုတာမျိုးမဟုတ်။ မိမိ၏နိုင်ငံရေးပန်းတိုင်သို့ရောက်ရှိအောင်မြင်ခြင်းမှာနိုင်ငံတကာစစ်ရေးနိုင်ငံရေးအခြေအနေပေါ်တွင်များစွာမူတည်သည်။ ထို့ကြောင့် နိုင်ငံတကာစစ်ရေးနှင့် ပထ၀ီ နိုင်ငံရေးကိုမိမိအကျိုးအတွက် အမြတ်ထုတ်နိုင်ရန်လွန်စွာအရေးကြီးသည်။

အပိုင်း (၂) မြန်မာပြည်လွှတ်လပ်ရေးအတွက် လျှို့၀ှက်ထောက်လှမ်းရေးအဖွဲ့တည်ထောင်ခြင်း (သို့မဟုတ်) ဗမာ့လွတ်လပ်ရေးတပ်မတော်သန္ဓေတည်ခြင်း

အပိုင်း (၃) BIA ဖျက်သိမ်းခြင်းနှင့် BIA ကာလ တပ်မတော်ထူထောင်မှုဆိုင်ရာသင်ခန်းစာများ

ဆက်လက်ရေးသားပါဦးမည်။

ကျော်စောဟန်