PR စနစ်နှင့် အနာဂတ် နိုင်ငံတော်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁) ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းခြင်း နဲ့အတူ ရှင်သန်ပေါက်ဖွားဖို့ အချိန်ကြာမြင့်စွာရုံးကန်ခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီ အညွန့်အဖူးလေးဟာ ကြွေကျခဲ့ရတယ်။ ၂၀၂၀ခုနှစ် နိုဝင်ဘာလမှာ ကျင်းပပြီးစီးခဲ့တဲ့အထွေထွေ ရွေးကောက်ပွဲမှာ မဲမသာမှုတွေ ရှိခဲ့တဲ့အတွက် အာဏာသိမ်းတာလို့လည်း စစ်တပ်က အကြောင်းပြခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲစောင့်ကြည့်ခဲ့တဲ့ လွတ်လပ်တဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေက ရွေးကောက်ပွဲမှာ မဲမသာမှု မတွေ့ရဘူး ဆိုတာ ထုတ်ပြန်လိုက်တော့ စစ်တပ်ရဲ့အပြောက ခိုင်မာတဲ့ အကြောင်းပြချက်မဟုတ်ဘူးဆိုတာ တစ်စတစ်စ ပိုထင်ရှား လာတယ်။ ဒါဆို ဘာလို့ စစ်တပ်က အာဏာသိမ်းတာလဲ။ ရှင်းပါတယ်။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလွှတ်တော်အသီးသီးမှာ အပြတ်အသတ်နိုင်ခဲ့တာကိုး။

မြန်မာ့နိုင်ငံရေးမှာ ထာဝရခေါင်းကိုင် ဖခင်နေရာကို လိုချင်နေတဲ့စစ်တပ်အတွက် ဒီအခြေအနေကို ဘယ်လိုမှ လက်ခံလိုပုံမရပါဘူး။ စစ်တပ်ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာပြည်ထောင်စုအဆင့်မှာ အပြတ်အသတ် အနိုင်ရတဲ့ပါတီအတွက်အားသာချက်တွေ အများကြီး ရှိနေတယ် ဆိုတာကို ပြီးခဲ့တဲ့အစိုးရသက်တမ်း အတွေ့အကြုံအရ သူတို့တွေ့လိုက်ရပြီလေ။အနိုင်ရပါတီအနေနဲ့ သမ္မတကို ရွေးချယ်နိုင်တယ်၊ စစ်တပ်ကကြိုတင်သိမ်းပိုက်ထားတဲ့ ဝန်ကြီး (၃) နေရာကလွဲရင်ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အစိုးရတွေကိုစိတ်ကြိုက်ဖွဲ့နိုင်တယ်။ နောက်လာမဲ့ ရွေးကောက်ပွဲတွေကို​ ကြီးကြပ်ပေးရမဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံတစ်ခုရဲ့အသက်သွေးကြောဖြစ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ စကားလုံးတွေ ၊စကားရပ်တွေ၊ လုပ်ပိုင်ခွင့်တွေ အငြင်းပွားလာရင် ဖြေရှင်းပေးရမဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဖွဲ့စည်းနိုင်ခွင့်ရှိတယ်။ဖွဲ့စည်းပုံကလွဲရင် ကျန်တဲ့ဥပဒေတွေကို စိတ်ကြိုက်လွှတ်တော်ထဲမှာ ပြင်ဆင်နိုင်သလို ဘတ်ဂျက်ခွဲဝေရေးကိုလည်းစိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရထားတယ်။ ၂၀၁၅ -၂၀၂၀ ခုနှစ်အစိုးရသက်တမ်းရဲ့ အတွေ့အကြုံအရ စစ်တပ်က ဒီလိုလုပ်ပိုင်ခွင့်တွေကို ပါတီတစ်ခုထဲရဲ့ လက်ထဲကို ထည့်ထားချင် ပုံမရတော့ဘူး၊ အဓိကအားဖြင့် သူတို့နဲ့ တစ်လမ်းစီသွားနေတဲ့NLD ပါတီကို အဲဒိလိုအာဏာမျိုးကို လုံးဝပေးချင်တဲ့ ဆန္ဒမရှိလို့မဲစာရင်း အကြောင်းပြပြီး အာဏာသိမ်းလိုက်တာပါဘဲ။ ပိုသေချာသွားတာကတော့ စစ်ကောင်စီက အာဏာသိမ်းပြီးတာနဲ့သူတို့စိတ်တိုင်းကျ ရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့စည်း၊ အဲဒိရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီတွေကို ဖိတ်ခေါ်တွေ့ဆုံပွဲလုပ် ပြီးတော့ နောင်လာမည့် ရွေးကောက်ပွဲတွေမှာ PR စနစ်ကျင့်သုံးရင် ဘယ်လိုနေမလဲဆိုတဲ့ အသံပစ်ပြီး ပါတီတွေကိုPR စနစ်နဲ့ပတ်သက်တဲ့ စာတမ်းတွေတင်ခိုင်းတာကို တွေ့လိုက်ရတယ်။ နောက်ပြီး သူတို့ ဘယ်လိုမှ ယှဉ်ပြိုင်လို့ မရနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ဖျက်သိမ်းမယ် စတဲ့ သူတို့ အာဏာလျောပါးမှုကိုကာကွယ်နိုင်မဲ့ အရာတွေကို ပရမ်းပတာ လုပ်ဆောင်လာတာကိုတွေ့ရလာတယ်။ တကယ်တော့ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကာလ နိုင်ငံရေးသက်တမ်းမှာ PR စနစ်အကြောင်းကို အခုမှစပြောတာ မဟုတ်ပါဘူး။ ၂၀၁၅အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ဒီစနစ်နဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ ငြင်းခုန်ဆွေးနွေးပြီး အတည်မပြုနိုင်ခဲ့တဲ့ရွေးကောက်ပွဲ စနစ်တစ်ခုပါ။

သာမန်အားဖြင့် ကြည်မယ်ဆိုရင်ယခုကျင့်သုံးနေတဲ့ နိုင်သူအကုန်ယူ (FPTP) စနစ်က နောက်ဆုံးမှာ ပါတီကြီးတွေကပဲ နိုင်ငံရေးမှာ ကြီးစိုးသွားပြီး ပါတီငယ်လေးတွေဟာ တဖြည်းဖြည်းပျောက်ကွယ်သွားတယ် ဆိုတာမျိုးကို ဒီစနစ်ကျင့်သုံးတဲ့ အမေရိကန်တို့ အင်္ဂလန်တို့မှာ ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။ မြန်မာနိုင်ငံလို တိုင်းရင်းသား လူမျိုးများစုပေါင်းနေထိုင်ပြီး လူဦးရေအင်အားတန်းတူမရှိဘဲ လူမျိုးတစ်မျိုးက အင်အားကြီးမားစွာ လွှမ်းမိုးနေတဲ့ နိုင်ငံမျိုးမှာ တိုင်းရင်သား လူနည်းစုတွေကို နိုင်ငံရေးမှာ ကိုယ်စားပြုခွင့်ရဖို့အတွက်ဆိုရင် PRစနစ်လို အချိုးကျရွေးကောက်ပွဲစနစ်မျိုးကျင့်သုံးတာက အလွန့်သင့်လျော်ပါတယ်။ ဒီစနစ်ကို ကိုယ့်နိုင်ငံနဲ့ ကိုက်ညီအောင် ဘယ်လို နည်းလမ်းတွေနဲ့ကျင့်သုံးမလဲဆိုတဲ့ဆွေးနွေးညှိနှိုင်းမှု၊ အကောင်အထည်ဖေါ်ဆောင်မှုဟာ နိုင်ငံရေးမှာ အားလုံးပါဝင်လာပြီး အမျိုးသားနိုင်ငံတော် တည်ထောင်ဖို့အကောင်းဆုံးအနေအထားပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ PR စနစ်လို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို သွားဖို့အတွက် ပြင်ဆင်ရမယ့် အချက်တွေအများကြီးရှိနေပါသေးတယ်။

အခုလိုအာဏာသိမ်းပြီး PR စနစ်နဲ့ ရွေးကောက်ပွဲကိုကျင်းပဖို့ ပြင်ဆင်ခြင်းမှာ စစ်တပ်မှ နိုင်ငံရေးအာဏာကို ယခုထက်ပိုပြီး လွှမ်းမိုးချင်စိတ်နဲ့ ဆောင်ရွက်နေတယ် ဆိုတာသိသာပါတယ်။တကယ်တော့ စစ်တပ်အနေနဲ့ ဒီလို အတွေးအခေါ် အယူအဆရှိနေရင်တောင် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော် နဲ့ယခု လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရကို အာဏာသိမ်းပြီး ပြုပြင်ပြောင်းလဲခြင်းကို ဆောင်ရွက်လို့ မရပါဘူး၊ ဒီမိုကရေစီ နည်းလမ်းတကျနဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်း ဆောင်ရွက်ရမှာပါ။ အခုလို အာဏာသိမ်းခြင်းသည် အာဏာကို အရင် ထက်ပိုပြီးချုပ်ကိုင်ချင်လို့ဆိုတာသိသာလှပါတယ်။ အမှန်တကယ်ရွေးကောက်ပွဲမှာ စစ်တပ်ပြောသလို ဖြစ်ခဲ့ရင်တောင် ပထမဆုံးပြုပြင် ပြောင်းလဲရမှာက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံပါ။ ဒါကိုပြင်ဆင်ပြီးရင်တောင် တစ်ခြား တန်းတူညီမျှမှု မရှိတဲ့ အကြောင်းအရာတွေကို ဆက်လက်ပြင်ဆင်ဖို့လိုအပ်ပါသေးတယ်။ ပြောင်းလဲဆောင်ရွက်မည့် ရွေးကောက်ပွဲစနစ်ကို  နိုင်ငံရေးပါတီများနှင့်ညှိနှိုင်း၍ သဘောတူညီချက်များရယူရန်လိုအပ်သလို သက်ဆိုင်ရာ ဥပဒေပြုအဖွဲ့မှလည်း လက်ရှိကျင့်သုံး နေသော ဖွဲ့စည်းပုံဥပဒေ၊ ဥပဒေ၊ နည်းဥပဒေများကိုပြင်ဆင်ရန်လိုအပ်ပေသည်။ ဥပမာအားဖြင့် မဲဆန္ဒနယ်မြေများသတ်မှတ် ထားသော ယခင်ပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်း၊လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများတွင်ပါရှိသောကိုယ်စားလှယ်လောင်း တစ်ဦးစီ၏ရရှိသော ခိုင်လုံမဲများမှ ဆန္ဒမဲအများဆုံးရရှိသူကို ရွေးချယ်ရမည်ဆိုသော ဥပဒေမျိုးကိုပြင်ဆင်ခြင်းစသည့် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို ပြုလုပ်ရန် လိုအပ်သေးတယ်။ ထို့အပြင် ပြဋ္ဌာန်းကျင့်သုံးမည့်ရွေးကောက်ပွဲစနစ် အကြောင်းနှင့် မဲပေးရမည့်ပုံစံ၊ကိုယ်စားလှယ်ရွေးချယ်မည့် စနစ်များကို မဲဆန္ဒရှင် ပြည်သူများသေချာစွာနားလည် သဘော ပေါက်အောင် အသိပညာပေးရှင်းလင်းခြင်းတွေ လုပ်ရန်လိုအပ်ပါတယ်။

လွှတ်တော်အားလုံးကို PR စနစ် ပြောင်းလဲ ကျင့်သုံး မလား၊ ဒါမှမဟုတ် ရောနှောစနစ် (Mixed System) ကိုပဲ ကျင့်သုံးမလား၊ လွှတ်တော်တစ်ခုစီတိုင်းမှာ ရောနှောစနစ်ကို သုံးမှာ လား၊ လွှတ်တော်တစ်ခုမှာ ယခုကျင့်သုံးနေတဲ့ နိုင်သူအကုန်ယူစနစ် (FPTP) ကျင့်သုံးပြီး၊လွှတ်တော်တစ်ခုမှာ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကိုပြောင်းလဲကျင့်သုံးမှာလား၊ ဘယ်လွှတ်တော်မှာ ဘယ်လိုစနစ်မျိုးကျင့်သုံးမှာလဲ၊ PR စနစ်သည် FPTP စနစ်နှင့် မတူညီသည့်အတွက် ပါတီများမဲရရှိရမည့် အနည်းဆုံးရာခိုင်နှုန်း ဖြစ်သောရွေးကောက်ပွဲဆိုင်ရာသတ်မှတ်ချက် (Electoral Threshold) ကိုဘယ်လောက်သတ်မှတ်မလဲ၊ ကိုယ်စားလှယ်လောင်းများကိုOpen List လုပ်မလား၊ Close List လုပ်မလား စသည့် များစွာသော မေးခွန်းများကို ညှိနှိုင်းအဖြေရှာရန် မဖြစ်မနေလိုအပ်သေးတယ်။ ထိုလုပ်ငန်းများကို ဆွေးနွေး အဖြေရှာရန်အတွက်နိုင်ငံရေးပါတီတွေ၊ ပညာရှင်တွေ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ လွတ်လပ်သောစိတ်ဆန္ဒများဖြင့် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရန် လိုအပ်ပါတယ်။ အဲဒိလိုမျိုးမလုပ်ဘဲ အာဏာသိမ်းစစ်ကောင်စီမှ ဖွဲ့စည်းပေးပြီး မည်သည့် နိုင်ငံရေးပါတီများကိုမှကိုယ်စားမပြုတဲ့ ရွေးကောက်ပွဲကော်မရှင်မှ ဒီအလုပ်ကိုဆောင်ရွက်နေခြင်းမှာ လုံးဝသဘာဝမကျတဲ့ လုပ်ငန်းစဉ်သာဖြစ်တယ်ဆိုတာကို စစ်ကောင်စီ နောက်လိုက်ပါတီများကလွဲရင်ကျန်အားလုံးကယူဆပြီးသား ဖြစ်မှာပါ။ အရင်က ဒီစနစ်ကိုဆွေးနွေးချိန်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ ဒီစနစ်ကို မကြိုက်ဘူးလို့ ထင်ရပေမဲ့ ယခုစစ်ကောင်စီက ပြန်ပြီးအသက်သွင်းတဲ့အချိန်မှာ ဒီမိုကရက်တစ်လမ်းကြောင်းကို တစိုက်မတ်မတ်သွားနေတဲ့ တိုင်းရင်းသားပါတီများကပါ လက်မခံတာကို တွေ့ရပါတယ်။ ဘာကြောင့်ဒီစနစ်ကို လက်မခံရတာလဲ၊သူတို့အတွက် PR စနစ်က  လက်ရှိကျင့်သုံးနေတဲ့ FPTP စနစ်လောက်မကောင်းလို့လား၊ ကမ္ဘာမှာဒီစနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံတွေကိုကြည့်ရင် ပါတီငယ်များအနေနဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်ခွင့်ပိုရတာကို တွေ့နေရတယ်။ မဲဆန္ဒရှင်များရဲ့ ကိုယ်စားပြုမှုကိုလည်း ပိုမိုအသိအမှတ်ပြုတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီစနစ်မျိုး မြန်မာနိုင်ငံမှာ ကျင့်သုံးရင်တော့ အခြားနိုင်ငံများမှာတွေ့ရတဲ့ အားလုံးပါဝင်နိုင်မှုဆိုသော ကောင်းမွန်တဲ့ နိုင်ငံရေးလက္ခဏာမျိုးကို တွေ့မြင်ရမှာ မဟုတ်ဘဲ စစ်တပ်မှထာဝစဉ်ကြီးစိုးသွားမဲ့ အနာဂတ်နိုင်ငံရေး အခြေအနေကိုပဲ ထင်ဟပ်နေပါတယ်။

ဒီရွေးကောက်ပွဲစနစ်ကြောင့် ပါတီကြီး (၁) ပါတီအနေနဲ့လွှတ်တော်ထဲမှာ မဲအများစု အနိုင်ရတဲ့ ပုံစံမျိုး မဟုတ်ဘဲ ပါတီများစွာက လွှတ်တော်ကိုယ်စားလှယ် အရေအတွက်တွေကို ခွဲဝေယူသွားရင် ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်အသီးသီးမှာရွေးကောက်ခံမဟုတ်ဘဲ ကိုယ်စားလှယ်၂၅ % ကို စစ်တပ်ကခန့်အပ်ခွင့်ရှိနေတဲ့အတွက် လွှတ်တော်ရဲ့အဓိက ကိုယ်စားလှယ်အင်အားစုနေရာကို စစ်တပ်ဟာ အလိုအလျောက် ရရှိသွားမှာဖြစ်တယ်။ ဒီအခြေအနေကနေတဆင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး စတဲ့ မဏ္ဍိုင်တွေကို ထိန်းချုပ်သွားခြင်းဖြင့် မြန်မာနိုင်ငံရဲ့နိုင်ငံရေးဦဆောင်မှုဟာ စစ်တပ်ရဲ့ လက်ထဲကျရောက်သွားသလိုဥပဒေပြုလွှတ်တော်နဲ့ အစိုးရသည်လည်းကာကွယ်ရေးဦးစီးချုပ်၏ လက်ထဲက  ရုပ်သေးဇတ်ကောင်များသဖွယ် ကပြ အသုံးတော်ခံရင်း ရွေးကောက်ပွဲများမှတဆင့်ပြည်သူကိုယ်စားလှယ်များကို ရွေးချယ်ပေးသော အယောင်ပြ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် စစ်အာဏာရှင် နိုင်ငံတစ်နိုင်ငံအဖြစ်သာ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ခံရမဲ့ အနာဂတ်နိုင်ငံတော်တစ်ခု မလွဲမသွေ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်မို့ ဒီအချိန်ဟာ ဒီမိုကရက်တစ်အင်အားစု အားလုံး စုစုစည်းစည်းနဲ့စစ်အာဏာရှင် ကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ထုတ်ရန်မှတစ်ပါးအခြားဖြေရှင်းရန်နည်းလမ်း မရှိသည့်အခြေအနေကို ရောက်ရှိနေတဲ့အချိန် ဖြစ်တဲ့အတွက် တစ်ချို့သော သဘောကွဲလွဲစရာများကို ခဏဘေးဖယ်ထားပြီး ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

မောင်မြစ်သစ်