ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်ဖို့ ဗိုလ်ချုပ်အောင်ဆန်း ရှိစဥ်ကတည်းက ကြိုးစားခဲ့တဲ့သူတွေ ရှိခဲ့ပါတယ်။ ဒီအရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ရဲ့ သဘောထားကတော့ အင်မတန်လူသားဆန်ပြီး ပြတ်သားခဲ့တာကို တွေ့ရပါတယ်။
” …အခု၊ ကျွန်အတွင်းက လွတ်မယ် မကြံကြသေးဘူး။ သူတို့တတွေအပေါ်မှာ အနိုင်ကျင့်ပြီး၊ ငါတို့လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမယ်လို့ လုပ်လိုက်ရင် ကျုပ်တို့ဟာ ခွေးလောက်တောင် အသုံးမကျတဲ့အကောင်တွေ ဖြစ်သွားကြမှာပေါ့။ ဆရာ၊ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ။ ဘာသာတွေ ဘာတွေညာတွေ လုပ်မနေပါနဲ့။ ကျွန်တော်တို့ဟာ ကျွန်တော်တို့တိုင်းပြည်တစ်ခုလုံး စည်းရုံးနေဖို့လိုတယ်….”
နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်လိုက်ရင် အန္တရာယ်ကြီးမှန်းကို ဗိုလ်ချုပ် ကြိုမြင်ခဲ့ပါတယ်။ဗိုလ်ချုပ်ရှိစဥ်မှာ မအောင်မြင်ခဲ့ပေမယ့် ၁၉၆၁ ခုနှစ်မှာတော့ လွှတ်တော်နှစ်ရပ်ကနေပြီး နိုင်ငံတော်ဘာသာ အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ ဘာသာကြီးဝါဒ၊ လူမျိုးကြီးဝါဒ အကောင်အထည်ပေါခဲ့ပြီး ပြည်တွင်းစစ်မီးကြီးလည်း ဟုန်းဟုန်းတောက်ခဲ့ပါတယ်။ နိုင်ငံရေး အကျပ်အတည်းတွေ့လေတိုင်း အာဏာရှင်တွေဟာ ဘာသာရေးကို မီးမွှေးကြပါတယ်။ တကယ်တော့ ယုတ်ညံ့တဲ့ နိုင်ငံရေးအောက်လုံး တစ်ခုပါပဲ။
အခုလည်း စစ်မိစ္ဆာတွေက တော်လှန်ရေး အရှိန်ကို တန့်သွားစေဖို့ ၊ သူတို့ထွက်ပေါက်ရဖို့ ဘာသာရေး လူမျိုးရေးကို အသုံးချဖို့ပြင်ဆင်လာပါပြီ။အာရုံလွှဲ လမ်းလွှဲစေဖို့ ကြိုးစား ဖန်တီးလာနေပါပြီ။ တပ်အားကိုး၊ လက်နက်အားကိုးတစ်ခုတည်းနဲ့ အာဏာသိမ်းခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ဘာသာကြီးဝါဒ၊ လူမျိုးကြီးဝါဒအပေါ် နှစ်ခြိုက်အဆီယစ်နေကြတဲ့ တိုင်းသိပြည်သိ သြဇာကြီးတဲ့ ရဟန်းတော်အချို့ရဲ့ အားပေးအားမြှောက်မှုတွေလည်း အဓိက ပါဝင် ပတ်သက်နေပါတယ်။သံဃာအင်အား ၃သိန်း အထက်မှာရှိနေတယ်။ ဘာမှပူမနေနဲ့ ။ လုပ်စရာရှိတာ ရဲရဲလုပ်လို့ လူမိုက်အားပေးစကား ပြောခဲ့ကြပါတယ်။
ရဟန်းတော်အချို့သာမကဘဲ မျိုးချစ်တစ်စုကလည်း အသင့်ရှိနေပါတယ်။ နောက်အင်အားစုကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကြီးပဲ ဖြစ်ပါတယ်။ အစောပိုင်းမှာ အာဏာသိမ်းခြင်းဟာ သူတို့နဲ့ပတ်သက်ခြင်း မရှိဘူးလို့ ကြားကောင်းအောင်ပြောခဲ့ပေမယ့် ဒီဇင်ဘာ ၁၀ရက် မှာတော့ ပါတီဥက္ကဌကိုယ်တိုင် စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ တရားဝင်ပြောဆိုလာခဲ့ပါပြီ။
မြန်မာပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ရဟန်းသံဃာတော်များရဲ့ ပါဝင်မှုကလည်း အရေးပါခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပြည်သူတွေရဲ့ အခက်ခဲအကျပ်အတည်းကို ရှေ့ကထွက်ရပ်ပြီး စစ်အာဏာရှင်ကို ရင်ဆိုင်ခဲ့ပါတယ်။၂၀၀၇ နောက်ပိုင်း မှာတော့ သံဃာကို စနစ်တကျ သင်းကွဲစေသလို၊ သူတို့ရဲ့ ခါးပိုက်ဆောင်အင်အားစုအဖြစ် မရရအောင်အစီစဥ်ချပြီး စစ်တပ်က ကြံဆောင်ခဲ့ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်အောင်မြင်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေးမှာ ၂၀၀၇ တုန်းကလို ထုနဲ့ထည်နဲ့ ပါဝင်ခဲ့ခြင်း မရှိတော့တာကို ကြည့်ရင်သိနိုင်ပါတယ်။
ကြံ့ခိုင်ရေးနဲ့စစ်တပ် ပူးပေါင်းတော့မယ်လို့ စကားသံထွက်လာပြီး မရှေးမနှောင်းအချိန်မှာပဲ လူမျိုးရေး ပဋိပက္ခသို့ ဦးတည်စေနိုင်တဲ့ ဖြစ်စဥ်များ၊ နောက်ကွယ်မှ လှုံ့ဆော်မှုများ ရခိုင်မှာ ဆက်တိုက် တွေ့လာရတယ်လို့ ( ULA / AA ) အနေနဲ့ သတိပေး ကြေညာချက် ထုတ်ပြန်လာပါတယ်။ AA အနေနဲ့ အခုလိုကာလမျိုးမှာ ဘာသာရေး လူမျိုးရေးပဋိပက္ခတွေကို လုံးဝ အဖြစ်မခံစေချင်တဲ့ သဘော ရှိနေတာ ထင်ရှားပါတယ်။
၂၀၁၂ မှာ ကျောက်နီမော်က မိန်းကလေးတစ်ဦး အသတ်ခံရတာကို အစပြုပြီး ပဋိပက္ခတွေ ဖြစ်စေခဲ့ပါတယ်။ ရခိုင်တင်မကဘဲ တစ်နိုင်ငံလုံးဆီ ကူးစက်ခဲ့ပါတယ်။ ၂၀၁၇ မှာ ပြဿနာတွေ ပိုကြီးလာခဲ့သလို စစ်တပ်အနေနဲ့လည်း နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး၊ ရိုဟင်ဂျာလူနည်းစုအပေါ် မီးရှို့၊ သတ်ဖြတ်၊ မုဒိမ်းကျင့်တာတွေ အကြီးအကျယ် ကျူးလွန်ခဲ့ပါတယ်။ ဒီပြဿနာတွေဟာ ဒီနေ့အချိန်အထိ ရှင်းလို့မပြီးသေးပါဘူး။
အခုအချိန်မှာ အရင်လို တစ်ကျော့ပြန်ဖြစ်လာမှာကို AA အထူးပဲစိုးရိမ်နေတာတွေ့ရပါတယ်။ ဒီဇင်ဘာလ အတွင်းမှာပဲ ရခိုင်မှာ လူမျိုးရေးပဋိပက္ခဆီ ဦးတည်စေနိုင်တဲ့ ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွား လာနေတာကို သတိထားမိရာကနေ ကြေညာချက်ထုတ်ပြီး သတိပေးရတာ ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါဖြစ်စဥ်များ ပေါ်ပေါက်လာနေခြင်းမှာ သွေးရိုး သားရိုး မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုခုက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ နောက်ကွယ်က ကြိုးကိုင်ပြုလုပ်နေခြင်းသာ ဖြစ်တယ်လို့ AA ရဲ့ ကြေညာချက်မှာ အတိအလင်း အသိပေးထားပါတယ်။
ခုခံကာကွယ်ရေးအင်အားကောင်းတဲ့ ဒေသတွေ မှာလည်း ဘာသာရေးကိုခုတုံးလုပ်ပြီး လေယာဥ်ပျံ တွေကနေ ဝါဒဖြန့်စာတွေ ကြဲချနေပါတယ်။ ဒေသခံခုခံရေးသမားတွေ အခက်တွေ့စေဖို့ ဘုန်းတော်ကြီးများ စီးနင်းတဲ့ မော်တော်ကားတွေကို အသုံးပြုပြီး စီးနင်းတိုက်ခိုက်တာတွေ၊ နယ်မြေဖြတ်သန်းတာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြုလုပ်နေပါတယ်။ သင်္ကန်းတွေကို အစုလိုက် အပြုံလိုက် ဝယ်ယူမှုတွေ ရှိနေသလို ၊ ခေါင်းတုံး တုံး သင်္ကန်းပတ်ပြီး ရဟန်းအသွင်ယူကာ ယုတ်မာနေတာတွေလည်း ရှိလာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ရဟန်းသံဃာတော်များ အနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဖို့နဲ့၊ အဂါရဝ တရားဖြင့် စစ်ဆေးတယ်လို့ မမြင်စေလိုဘဲ အများပြည်သူရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် ဆောင်ရွက်ခွင့်ပြုပေးဖို့ လျှောက်တင်တောင်းပန်ထားတဲ့ ကြေညာချက်တွေကို ဒေသခံတော်လှန်ရေး အင်အားစုတွေက ကြေညာထုတ်ပြန်ထားတာကို တွေ့နေရပါတယ်။
စစ်မိစ္ဆာတွေနဲ့ နောက်လိုက်တစ်သိုက်ဟာ သူတို့ထာဝရ အုပ်စိုးနိုင်ရေးကိုသာ ဦးစားပေးနေပါတယ်။အောက်တန်း ကျစွာနဲ့ ဘာသာရေးကို ခုတုံးလုပ်ကြပါလိမ့်မယ်။ ဒေသအသီးသီးမှာလည်း လူမျိုးရေး ပဋိပက္ခတွေကို မဖြစ်ဖြစ်အောင် ဖန်တီးကြပါလိမ့်မယ်။ တိုင်းရင်းသားပြည်သူများ၊ ဘာသာအသီးသီးကို သက်ဝင်ယုံကြည်သူများ အနေနဲ့ သတိကြီးကြီး ထားရမယ့် အချိန်အခါပဲဖြစ်ပါတယ်။ ဓမ္မအန္တရာယ် စစ်မိစ္ဆာများရဲ့ ကောက်ကျစ်ယုတ်မာမှုများအတွက် ဓမ္မကိုလိုလားတော်မူတဲ့ ဘာသာရေးခေါင်းဆောင် အသီးသီးကလည်း မေတ္တာတရား ရှေ့ထားပြီး ပြည်သူများအပေါ် စောင့်ရှောက်ပေးရမယ့် အချိန်အခါလည်းဖြစ်ပါတယ်။
( လက်ရုံးညီ )