မတရား အဖိနှိပ်ခံနေရသော မြန်မာ့လူ့အဖွဲ့အစည်း

စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သည် ယို့ယွင်းပျက်ဆီးခြင်းဆီသို့ တစ်ရွေ့ရွေ့သွားနေ၏။ နိုင်ငံတကာကတော့ ကျရှုံးနိုင်ငံတော်အဖြစ်သို့ ကျရောက်နေပြီဟု သုံးသပ်ပြောဆိုနေကြသည်။ မြို့ကြီးပြကြီး နယ်ဒေသများပါမကျန် တရားဥပဒေ ပျောက်ဆုံးကာ ပျောက်သောလမ်းမှာ စမ်းတဝါး ဖြစ်နေရသည်။ လူတန်းစားပေါင်းစုံသည် နေ့နေ့ညည နောက်ကျော မလုံကြပေ။ အကြောက်တရားအောက်မှာ သူတို့၏အနာဂတ်များ ပျောက်ဆုံးနေရရှာသည်။

    ထိုသို့ဖြစ်ရသည်မှာလည်း အာဏာလုယူထားသော စစ်ကောင်စီကို ပြည်သူတစ်ရပ်လုံးက ယုံကြည်လက်ခံခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုအချက်ကြောင့်ပင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လူတန်းစားအားလုံးအပေါ် ဖိနှိပ်မှုများ ပြုကျင့်လေ၏။   အနန္တဂိုဏ်းဝင်ဟု လူ့အဖွဲ့အစည်းက သတ်မှတ်ထားသော ဆရာဆရာမများ၏ ဘဝသည်လည်း လုံခြုံမှု မရှိဘဲ ဖြစ်နေ၏။ နယ်မြို့တစ်မြို့မှ ဆရာမသုံးယောက်၏ အဖြစ်အပျက်ကိုကြည့်ပါ။ မတတ်သာသော အကြောင်းတရားများကြောင့် အချို့မှာ CDM မလုပ်ဘဲ တာဝန်များကို ဆက်ထမ်းဆောင်ကြသည်။ ထိုဆရာမသုံးဦးသည် စာသင်ကျောင်းသို့ လာရာ၌ အဖြူနှင့်အစိမ်းဝတ်စုံကို မဝတ်ဆင်ဘူးဆိုသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ဆရာမများကို အပြစ်ပေးရိုက်နှက်ပြီး လက်နိုင်ကျင့်ကြသည်။ ဆရာမသုံးဉီးမှာ ကြောက်ရွံ့စွာပင် သူတို့ပြုသမျှ ခံရရှာသည်။
မြိုပြဆင်ခြေဖုံးများတွင် ကျောတစ်ခင်းစာအတွက် ကြုံသလို နေထိုင်ကြသော အခြေခံလူတန်းစားများ၏ ဘဝများသည်လည်း ရင်နင့်စရာပင်။ ကျူးကျော်နေထိုင်သည်ဆိုသော အကြောင်းပြချက်ဖြင့် သူတို့၏အိမ်ရာများကို စစ်ကောင်စီက ဖျက်ဆီးမောင်းထုတ်ပစ်ကြသည်။ ထိုအထဲတွင် ရန်ကုန် လှိုင်သာယာရှိ မိသားစုများမှာ ခိုကပ်စရာမရှိဖြစ်ကြရသည်။ထိုသူအများစုမှာ လူသိန်းချီ ထိခိုက်သေဆုံးခဲ့ရသည့် နာဂစ်ကျရောက်ရာ ဧရာဝတီတိုင်းအတွင်းမှ လူအများစုဖြစ်သည်။ နာဂစ်ဒဏ်ကြောင့်ပင် သူတို့ဒေသများ၌ လုပ်ကိုင်စားသောက်မှု ခက်ခဲလာ၍ မြို့ပြ၏ကျောတစ်ခင်းစာမှာ ခိုကပ်ရင်း ဘဝကို ရုန်းကန်နေကြသူများဖြစ်သည်။ ထိုသူများ၏ ဘဝကို မည်သည့်အစားထိုး ဆောင်ရွက်မှုများ မပြုလုပ်ဘဲ အသိုက်မြုံတွေကို ဖျက်စီးပစ်သည်။ မိသားစုပေါင်းများစွာ အတိဒုက္ခ ရောက်ရရှာသည်။ လုံခြုံရေးအကြောင်းပြပြီး ဉပဒေများကို မထင်ရင် မထင်သလို ထုတ်ပြန်ခြင်းကလည်း အခြေခံလူတန်းစားအတွက် များစွာ ထိခိုက်စေသည်။ မြို့ပြဆင်ခြေဖုံးများ၊ နယ်မြို့များ၊ ကျေးရွာများတွင် ဆိုင်ကယ်ကို အားထားအသုံးပြုနေကြသည်။ ဆိုင်ကယ်ကယ်ရီ ဆွဲခြင်းဖြင့် အသက် မွေးဝမ်းကြောင်းပြုနေကြသူ များစွာရှိသည်။

ယခုတော့ လုံခြုံရေးကို အကြောင်းပြပြီး အမျိုးသားများ နှစ်ယောက်တွဲ စီးနင်းခွင့်ကို ပိတ်ပင်လိုက်သည်။ မောင်းသူအမျိုးသား၏ နောက်တွင် အမျိုးသမီးသာ လိုက်ပါစီးနင်းမည်ဟု ကန့်သတ်လိုက်သည်။ ဆိုင်ကယ်ကယ်ရီဆွဲသူများ အခက်ကြုံရတော့သည်။ အမျိုးသားနှစ်ယောက်တွဲစီနင်းပါက အစစ်ဆေးမရှိ ပစ်သတ်နိုင်သည်။ ထိုအမိန့်အတိုင်းပင် ပစ်သတ်ခံရသူများ ရှိလာနေပြီဖြစ်သည်။ အပြင်ထွက်ရင် လက်ကိုင်ဖုန်းပါရမည်။ မပါပါက ဒဏ်ငွေရိုက်သည်။ ရိုက်နှက်သည်။ယူလာရင်လည်း သူတို့စစ်ဆေးပြီး လိုချင်ပါက လက်ကိုင်ဖုန်းကို သိမ်းယူတတ်သည်။ အနီရောင်၊ အနက်ရောင် အဝတ်အစားများ မဝတ်ဆင်ရဟု ကန့်သတ်တာတွေလည်း ရှိသေးသည်။ တိုင်းရင်းသား ပြည်သူအများစုမှာ နောက်ကျောလုံမှု မရှိကြတော့ပေ။ အဆိုးဆုံးအချက်ကတော့ ရောဂါကာကွယ်ခြင်းအတွက် Mask တပ်ဆင်ခြင်းကို ပိတ်ပင်တားမြစ်ခြင်းပဲ ဖြစ်သည်။ နိုင်ငံအချို့တွင် ကိုဗစ်ကပ်ရောဂါမှာ ခေါင်းထောင်ထလာနေသည်။ ကိုဗစ်လှိုင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသည် အမြဲနောက်ကျတတ်သည်။ မြန်မာပြည်သည် စတုတ္တလှိုင်းကို မဖြတ်ကျော်ရသေးပေ။ တတိယလှိုင်းကို ရင်ဆိုင်ရချိန်မှာလည်း စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် Outbreak ဖြစ်ပြီးအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ကမ္ဘာမှာလည်း Pandemic ကာလ ပြီးဆုံးခြင်းမရှိသေးပေ။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေးအခြေအနေကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမှာ ပြည်စုံလွှမ်းခြုံနိုင်ခြင်း မရှိသေးပေ။ World Pandemic ကာလကြီးမှာ တစ်ကမ္ဘာလုံး Outbreak ဖြစ်သွားမှာစိုးသည့် အတွက် အခြေခံအကျဆုံး ကာကွယ်မှု အနေဖြင့်  လူတိုင်း Mask တပ်ဖို့ စည်ရုံးလှုံ့ဆော်နေကြရသည်။ အခုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြင်ထွက်၍ Mask တပ်ဆင်ပါက ရိုက်နှက်ပြီးချွတ်ခိုင်းသည်။ Mask တပ်သူကို ဒဏ်ငွေ ၅၀၀၀ကျပ် ရိုက်သည်။ စစ်ကောင်စီ၏ လုပ်ရပ်မှာ Crimes Against Humanity ကို ပြောင်ကျကျ ချိုးဖောက်နေခြင်း ဖြစ်နေသည်။ စစ်ကောင်စီသည် တိုင်းပြည်ကို သွန်လိုသွန် မှောက်လိုမှောက် လုပ်နေသည်။ မထင်ရင်မထင်သလို ဖမ်းဆီးပစ်သတ်နေခြင်းများကြောင့် လူထုအများစုမှာ အိပ်မက်ဆိုးကြီးထဲ၌ မလူးသာ မလွန့်သာ ကျရောက်နေရရှာ၏။

                  ( လက်ရုံးညီ )