ပြည်သူ့ရင်ကိုခွဲလို့ ဆားနဲ့ပက်လေတဲ့ တပ်မတော်

စကစ ဟာ တိုင်းရင်းသားပြည်သူတွေ အတွက်တော့ လာခြင်းမကောင်းတဲ့ စစ်မိစ္ဆာတစ်စုအဖြစ် ကမ္ဘာသိ ကျော်ကြားခဲ့ပါတယ်။တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးသလို အမှောင်ကျလို့ ထောင်ချခံခဲ့ရပါတယ်။စကစ ထိပ်ပိုင်းတွေသာ မကဘဲ နောက်လိုက်နောက်ပါများဟာလည်း လူသားဆန်မှုပျောက်ဆုံးသွားခဲ့ပြီး ပြည်သူတွေ အထိနာစေခဲ့ပါတယ်။

   နိုင်ငံတကာကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်သလို အခုချိန်အထိလည်း တွေ့ဆုံညှိနှိုင်းကို မျှော်လင့်ထားနေကြဆဲပါ။ စကစ ကတော့ သူ့သဘောကို မလိုက်လျောသူမှန်သမျှ သတ်ဖြတ်၊ဖမ်းဆီးနှိပ်စက်၊ထောင်သွင်းချပါတယ်။ စကစ ဟာ ပြည်သူနဲ့ရန်ဘက်ဖြစ်ရခြင်း အကြောင်းကတော့ ၂၀၀၈ ခြေဉအောက်မှာ အထူးအခွင့်ရေး ရနေတာကို မတင်းတိမ်နိုင်ဘဲ၊ အရာအားလုံးကို လက်ဝါးကြီးအုပ်ထားချင်တဲ့ အာဏာမက်မောမှု ကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်တော့ မြန်မာ့လူ့အဖွဲ့ အစည်းဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လှမ်းတက်ဖို့ အားယူနေဆဲဖြစ်သလို စစ်တပ်က အာဏာမသိမ်းခင်အထိ အဆင်ပြေ ချောမွေ့နေခဲ့တိုင်းပြည်ပါ။ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို စကစ အနေနဲ့ တစ်ချက်တလေမျှ လိုက်လျောခြင်း မရှိသေးပါဘူး။ စကစတို့ ဖြစ်စေချင်တဲ့ စေ့စပ်ညှိနှိုင်းရေးမူကတော့ ရှင်းလွန်းပါတယ်။သူတို့ကတိပေးထားတဲ့ အယောင်ပြရွေးကောက်ပွဲ ကို လက်ခံဖို့နဲ့ လွှတ်တော်မှာ အထိုင်ချပြီးသား ၂၅%သော တပ်ကိုယ်စားလှယ်တွေနဲ့အတူ သူတို့အလိုကျ အချိုးကျ ( PR ) စနစ်ကို အကောင်အထည်ဖော်ပြီး သက်ဦးဆံပိုင် အုပ်စိုးထားမယ်ဆိုတဲ့ မူပဲ ဖြစ်ပါတယ်။ဒီမူကို ပြည်သူက လက်ခံလာစေဖို့ အကြောက်တရားပြပြီး ဖိနှိပ်နေခြင်းပါပဲ။

   ပြည်သူနဲ့ တပ်မတော်ကတော့ ဖေဖော်ဝါရီ ၁ရက်နေ့က စပြီး ဝေးသထက်ဝေးသွားခဲ့တယ်။ပြည်သူတွေရဲ့ရင်မှာ ဒဏ်ရာဒဏ်ချက်တွေ ပိုပိုများလာခဲ့တယ်။စကစ ကတော့ ကုစားဖို့ မကြိုးစားဘဲ ကြမ်းသထက်ကြမ်း ၊ရမ်းသထက်ရမ်းခဲ့ပါတယ်။ ဒီဇင်ဘာ ၅ရက်နေ့မှာ ပြည်သူ့ရင်ကို ဓားထက်ထက်မဲ့ ခွဲခဲ့တယ်။ဒီဇင်ဘာ ၆ရက်မှာတော့ ဆားသိပ်ပေးခဲ့ပြန်ပါတယ်။ ဒီဇင်ဘာ၅ရက်နေ့က ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းပေါ်မှာ လူငယ်တွေစုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။လမ်းပေါ်က လူငယ်တွေမှာ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းမျှ မပါကြပါဘူး။ သူတို့ဟာ စာရွက်တွေ၊ ကြွေးကြော်သံတွေကို လက်နက်သဖွယ် အသုံးချပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတာပါ။ စုရပ်ကနေ စထွက်လို့ ခြေလှမ်း၂၀လောက် လှမ်းမိတဲ့ အချိန်မှာပဲ လူငယ်တွေအတွက် ကြမ္မာဆိုးဝင်ခဲ့ပါတော့တယ်။

  ရုပ်သံမှတ်တမ်း မြင်ကွင်းတွေအရတော့ ဆန္ဒပြလူအုပ်နောက်နားဆီက ကပ်လိုက်လာတဲ့  အငှားယာဉ်တစ်စီးမှာ ဟွန်းတီးပြီး သတိပေးပါတယ်။ ဒါပေမယ့်နောက်ကျသွားခဲ့ပါတယ်။အားလုံးကို တိုက်သတ်ပစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်ကားတစ်စီးက အရှိန်ပြင်းစွာ မောင်းဝင်လာပါတော့တယ်။ လူတွေလွင့်စဉ်ထွက်သွားတယ်။ ကမ္ဘာပျက်မတတ် အော်ဟစ်သံတွေ ထွက်လာတယ်။

  သေနတ်သံတွေ ဆူညံသွားတယ်။
” ပြေး..ပြေး…လွတ်အောင်ပြေး ” ဆိုတဲ့ အာခေါင်ခြစ်ပြီး ယူကြုံးမရ အော်ဟစ်အသိပေးသံက ကြားရသူကို မျက်ရည်ကျစေတဲ့အထိ ဖြစ်စေခဲ့တယ်။

  ဖြစ်စဥ် အစအဆုံးကို မှတ်တမ်းတင်လိုက်နိုင်ခြင်းကြောင့်ပဲ ငြင်းမရတဲ့ အထောက်အထားတွေ ဖြစ်ခဲ့ပြီး လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့တယ်။ ဒီဖြစ်စဥ်မှာ ၅ဦးသေဆုံးပြီး ၁၁ဦး အဖမ်းခံရတယ်လို့ ဆိုပါတယ်။ ကျန်တဲ့သူတွေကတော့ ပြေးနိုင်လို့ လွတ်မြောက်ခဲ့ပါတယ်။ သတင်းသမား ၂ ဦးလည်းပါဝင်ခဲ့သလို အမျိုးသမီးဖြစ်သူကတော့ သေဆုံးနိုင်ဖွယ် စာရင်းထဲ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။( စကစ ကတော့ ကားနဲ့တိုက်သတ်တာကို ထိန်ချန်ထားသလို လူသေဆုံးခြင်း မရှိဘူးလို့ ဗြောင်ငြင်းထားပါတယ်) သူတို့လုပ်ရပ်ကို လူတွေသိကုန်ပါပြီဆိုတဲ့ အငြိုးနဲ့ အနီးနားတိုက်ခန်းပေါ်က လူတချို့ကို ဓာတ်ပုံဗီဒီယို ရိုက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးတာတွေလည်းရှိခဲ့ပါတယ်။

  အံ့သြတုန်လှုပ်ခြင်းတွေ၊ကြေကွဲဆို့နင့်ရခြင်းတွေအတူ ပြည်သူအားလုံး ရင်ကွဲပက်လက် ခံစားခဲရပါတယ်။တကယ်တော့ စကစ ဟာ ယုတ်ကန်းစွာ အောက်တန်းကျစွာနဲ့ လူထုတစ်ရပ်လုံးထိခိုက်အောင် ရင်ကို ဓားနဲ့ခွဲလိုက်တာမျိုး ဖြစ်ပါတယ်။ တကယ်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကားနဲ့ဝင်တိုက်တဲ့ဖြစ်ရပ်ဟာ ပထမဆုံးအကြိမ် ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။မှတ်တမ်းတွေ အရတော့  ကြည့်မြင်တိုင်ဖြစ်စဥ် အပါအဝင် (၁၉) ကြိမ်တိတိ စကစတို့ အောက်တန်းကျစွာ ကျူးလွန်ခဲ့ကြပါတယ်။   ရန်ကုန်ကြည့်မြင်တိုင်၊ မန္တလေး ၊ မုံရွာ၊ ရွှေဘို၊ ထားဝယ်၊မြစ်ကြီးနား၊ ရှမ်းပြည်နောင်ချို နဲ့ မွန်ချောင်းဆုံ နေရာစုံမှာ ကျူးလွန်ခဲ့ပါတယ်။

  ဒီဇင်ဘာ ၅ရက်နေ့ဖြစ်စဥ်ဟာ အတော်ကြီးဆိုးဝါးလွန်းခဲ့တာကြောင့် လူသိများခဲ့တာပါ။ အထောက်အထား ရအောင်ယူနိုင်ခဲ့လို့ပါပဲ။ ဒီလိုလူမဆန်စွာ အောက်တန်းကျ ပက်စက်မှုတွေဟာ လူမြင်ကွယ်ရာ မြို့ရွာတွေနဲ့ တိုင်းရင်းသားဒေသတွေမှာ အများအပြားရှိနေဆဲ ဖြစ်နေဆဲပါပဲ။ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ ဆက်တိုက်ပါပဲ။ ၅ ရက်နေ့မှာ လူထုရင်ကို ဓားထက်ထက်နဲ့မွှန်းတယ်။ ၆ရက်နေ့မှာတော့ ဆားနဲ့ပက်ခဲ့ပြန်ပါတယ်။

  မိတ်ဆွေတို့လည်းသိပြီးလောက်ပါပြီ။ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ မတရားစီရင်ချမှတ်လိုက်ပါတယ်။ ဖမ်းဆီးခြင်းခံရသူတွေကို ပြန်လွှတ်ပေးဖို့ တစ်ဆာဆာတောင်းဆိုနေကြတဲ့ နိုင်ငံတကာခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ ဘာများတတ်နိုင်ကြပါသနည်း။ မြန်မာလူထုကတော့ ရင်ကိုဓားနဲ့ခွဲပြီး ဆားနဲ့ပက်တာကို မရှုမလှခံစားနေရပါပြီ။ စေ့စပ်ညှိနှိုင်းရေးကို သိပ်ဖြစ်စေချင်နေတဲ့ နိုင်ငံတကာကိုရော ပြည်တွင်းကတချို့ကိုပါ ပြန်ပြီး မေးခွန်းထုတ်ရပါတော့မယ်။

  ဒီလိုအခြေအနေဆိုးအောက်မှာ ဘယ်လိုနည်းနဲ့ စေ့စပ်ညှိနှိုင်းရေးက အောင်မြင်စေမှာပါလဲ။ တစ်တိုင်းပြည်လုံး ခုခံအာခံနေတာတွေကို ရပ်ဆိုင်းပစ်ပြီး စစ်အာဏာရှင်အောက်မှာ ဒူးထောက်ခစားကာ လက်နိုင်ကျင့်သမျှ လည်စင်းခံဖို့ ပဲရှိပါတော့တယ်။

              ( လက်ျာဧ )