နေဝင်တော့မယ့် ဖက်ဆစ်စစ်တပ်

သူတို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့်ပင် စစ်မိစ္ဆာတို့ နေဝင်ဖို့ မဝေးတော့ပြီ။ငရဲကလာသူ ပြာပူမကြောက်ဆိုသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း စစ်ခေါင်းဆောင်များနှင့်တစ်လှေတည်းစီးပြီး စစ်သွေးကြွ အစွန်းရောက်နေကြသည်။   ဒီရက်ပိုင်း ရန်ကုန်မြို့အနှံ့ သံပုံးတီးသံတွေ ပြန်ညံလာသည်။ ဒီအတွက် အရင်းအနှီးက ကြီး၏။ သံပုံးတီးသူပြည်သူတို့ အဖမ်းခံရသည်။ အရိုက်ခံရသည်။ မြို့ပြညသည် စစ်မိစ္ဆာတို့၏ ဆဲဆိုကြိမ်းမောင်းသံများအောက်တွင် အရုပ်ဆိုးအကျည်းတန်ခဲ့၏။ မန္တလေး ချမ်းမြသာစည်တွင်လည်း ၅နှစ်အရွယ် ကလေးတစ်ဦး သေနတ်ထိမှန်သေဆုံးသွားသည်။ကလေးမှာ ဘာအပြစ်မှ မရှိ။ ရပ်ကွက်အုပ်ချုပ်ရေးရုံး ပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများ ရောက်လာပြီး ရမ်းသမ်းပစ်ခတ်ရာမှ ကလေးငယ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ကျည်ဆန်မိုးတွေ ရွာနေရင်းက ” ဒီမိုကရေစီကို လိုချင်ရင် စစ်တပ်အုပ်ချုပ်မှုအောက်မှာပဲနေကြ”ဟု ပြောဆိုကြိမ်းမောင်းကြသေးသည်။
ဒီနေ့သတင်းတစ်ပုဒ်ကလည်း ရင်နင့်စရာပင်။ ဆားလင်းကြီးမြို့နယ် ပုသိမ်-မုံရွာ ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရသည်။ ဒါကိုအခဲမကြေဖြစ်ပြီး ဒုန်းတောရွာအတွင်းသို့ ဝင်ရောက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြသည်။ ရွာသားတွေလွတ်ရာ ထွက်ပြေးရသည်။ ဖမ်းမိသော ရွာသား ၁၁ဦးကို ကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ကြသည်။ ရက်စက်မှုကတော့ ကမ်းကုန်ခဲ့ပြီ။ မီးရှို့အသတ်ခံရသည့် ရွာသားမျာ၏ ရုန်းကန်အော်ဟစ်သံများကို အတိုင်းသားကြားနေရသော်လည်း ဘီလူးစီးနေကြသော စစ်မိစ္ဆာများကြောင့်ပင် ဘယ်သူမျှ မကယ်ရဲ မကူရဲဘဲ အံကြိတ် မျက်ရည်ကျရသည်ဟု ဆိုသည်။
နယ်မြေရှင်းလင်းရေးကို အကြောင်းပြပြီး ပြည်သူကို တမင်နှိပ်စက် သတ်ဖြတ်ခြင်းဖြစ်သည်။ ထိပ်ပိုင်းခေါင်းဆောင်များအားလုံး ဒီလိုမျိုးဖြစ်ရပ်တွေကို သိကြသည်။ ” ငါတို့ကို ဆန့်ကျင်သူမှန်သမျှ အပြတ်သာရှင်း။ အားလုံးကို တာဝန်ယူတယ် ” ဟု ပြောဆို ခွင့်ပြုထားသည်ဟု ဆိုသည်။ တိုင်းသိပြည်သိ ၊ကမ္ဘာသိဖြစ်လာသည့် အခါတိုင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက “သူတို့လုပ်တာမဟုတ်ဘူး။ ဒီလိုမျိုး ကိစ္စတွေ မဖြစ်ခဲ့ဘူး ” ဟုသာ အမြဲငြင်းဆိုလေ့ရှိသည်။ စစ်ကောင်စီက သာလွန်လက်နက်အင်အား အမြဲသုံးပြီးနှိမ်နင်းတတ်သည်။ လေကြောင်းပစ်ကူများပါ သုံးတတ်သည်။ ဒေသခံခုခံကာကွယ်ရေး တပ်ဖွဲ့ဝင်များကတော့ မီးကျိုးမောင်းပျက် လုပ်သေနတ်များသာ ပိုင်ဆိုင်ထားကြသည်။ မီးရှို့ ၊ လူသတ်၊ မုဒိမ်းမှုကျူးလွန်သည်များမှာ မှတ်တမ်းများရှိသလို၊ ပြည်သူထံဘက်ပြောင်းခိုဝင်လာသော စစ်သားများ၊ အရာရှိများ၏ ထုတ်ဖော်သက်သေခံမှုများလည်းရှိနေသည်။
ထားဝယ် ခမရ ( ၄၀၂ ) မှ CDM ပြုလုပ်လာသော အရာရှိတစ်ဦး၏ ထုတ်ဖော်ပြောကြားချက်တစ်ခုကို ဥပမာပြုချင်သည်။ ထိုအရာရှိဖြစ်သူ၏ ပြောကြားချက်အရ နယ်မြေရှင်းလင်းရေး လုပ်ဆောင်သည့် အခါတိုင်း PDF နှင့်ဆက်စပ်ကြောင်း သံသယရှိသည့် ရွာများ၊ အိမ်များကို ချက်ချင်းမီးရှို့ ဖျက်ဆီးပစ်ဖို့ စစ်တပ်အကြီးအကဲများက အမိန့်ပေးထားသည်ဟု ဆိုသည်။ထိုသို့မီးရှို့ဖျက်ဆီးရာတွင် video မှတ်တမ်းရိုက်ကူးထားပြီး အထက်သို့ပြန်လည်တင်ပြ အစီရင်ခံရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နိုင်ငံတကာ စစ်စည်းကမ်းများကို ဘယ်အခါမှ လိုက်နာခြင်း မရှိခဲ့ပေ။နယ်မြေရှင်းလင်း စစ်ကြောင်းချီရာတွင်လည်း အပြစ်မဲ့ရွာသားများကို လူသားတံတိုင်းအဖြစ် အကာကွယ်ယူပြီး ရွေ့လျားလှုပ်ရှားတတ်ကြသည်။
ကျေးရွာများတွင် ပေါ်တာခေါ် အထမ်းသမားများကို အတင်းခေါ်ယူတတ်သည်။လူမလိုက်နိုင်ပါက ငွေသိန်းချီပြီး ပေးရသည်။အခုအချိန်မှာတော့ မြို့ပြတွေပင် မလုံခြုံတော့ပေ။ အရွယ်ကောင်းလူငယ်များကို အဓိကပစ်မှတ်ထားကာ ပေါ်တာဆွဲတာတွေပြောင်ပြောင်တင်း တင်းလုပ်နေကြသည်။ စစ်ကောင်စီနှင့်တပ်ဖွဲ့ဝင်များအပေါ် လူထုက ယုံကြည်မှု မရှိပေ။ အကြောက်တရားကြောင့်သာငုံ့ခံနေရကြသည်။ ထို့ကြောင့်ပင် စစ်ကောင်စီအဖို့ အရင်လို တပ်သားသစ်များ စုဆောင်းဖို့ခက်ခဲလာသည်။စစ်ကောင်စီကျူးလွန်သည့် လုပ်ရပ်များအပေါ် မနှစ်မြို့၍ ပြည်သူဘက်သို့ ပူးပေါင်းခိုဝင်လာသည့် တပ်သားများ အရာရှိအရာခံများလည်း တစ်နေ့တစ်ခြာ းများပြားလာနေ၏။ ထိုအခြေအနေများကြောင့်ပင် တပ်ရင်းတပ်ဖွဲ့များတွင် အသက်မပြည့်သေးသော သားသမီးဆွေမျိုးများကို စစ်သင်တန်းအတင်းတက်ခိုင်းပြီး အင်အားစုဆောင်းနေသည်ဟု ဘက်ပြောင်းခိုဝင်လာသည့် အရာရှိတစ်ဦးမှ ဖွင့်ချပြောကြားလာသည်။ ၁၅နှစ် အထက် သေနတ်ကိုင်နိုင်သည့် လူငယ်များကို ဧပြီလ ကတည်းက စစ်သင်တန်းအသုတ်လိုက် ပေးခဲ့သည်ဟု ဆိုသည်။
စစ်သင်တန်းတက်ခဲ့ရသည့် လူငယ်တစ်ဦး၏မိခင်ဖြစ်သူပြောပြသည်မှာ ” ရှိသမျှကလေးတွေ၊ အကုန်လုံး ၈တန်းကျောင်းသားလောက်ကစပြီး စစ်သင်တန်းတက်ရတာ။ သူတို့ကကုန်ကုန်ပြောလိုက်တယ်။ လက်ညှိုးကွေးပြီး လူသတ်တတ်ရင်ရပြီလို့ပြောပြီး ရည်ရွယ်ချက်ရှိရှိနဲ့သင်တန်းတက်ခိုင်းနေတာ”ဖြစ်ကြောင်း သိရသည်။ တပ်ဖွဲ့ဝင်သားသမီးများသာမကတော့ဘဲ ဇနီးမယားတွေကိုပါ စစ်သင်တန်းတက်စေပြီး သေနတ်ကိုင်ခိုင်းနေပြီ ဖြစ်သည်။ စစ်တပ်မှ အနားယူသွားသော စစ်မှုထမ်းဟောင်းများကိုလည်း နေ့စားအခကြေးငွေပေးပြီး ခေါ်ယူထားကြသေးသည်။ မြို့ပြများတွင်ခိုကပ်နေရသော ကျူးကျော်နေထိုင်သူများစွာရှိသည်။ထိုသူများကို စစ်ကောင်စီက အတင်း ဖယ်ရှားသည်။ အရွယ်ကောင်းများ စစ်ထဲဝင်ပါက နေစရာ နေရာပြန်ပေးမည် ဟု မက်လုံးပေးပြီး စည်းရုံးသိမ်းသွင်းတာမျိုးတွေလည်း ရှိနေသည်။
NUG ပြည်သူ့အစိုးရ လက်အောက်ခံ PDFများ၊ ဒေသခံ PDF များ၏ အင်အားမှာ ရက်ပိုင်းလပိုင်းအတွင်း သောင်းချီပြီး ရှိလာနေပြီ ဖြစ်သည်။ အချို့ဒေသများ၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်စပြုလာပြီး ပြည်သူကို ကာကွယ်စောင့် ရှောက်နေကြပြီဖြစ်သည်။ နိုင်ငံတကာကလည်း စစ်ကောင်စီအား အသိအမှတ် ပြုခြင်း မရှိသလို စစ်ကောင်စီကလည်း နိုင်ငံတကာ သဘောတူစာချုပ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိသည်။

တပ်ကတော့ပျက်လို့နေပြီ။ ပြိုလည်း ပြိုစ ပြုနေပြီဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ခိုးဆိုးလုယက် ဂိုဏ်းဆန်ဆန် ဖြစ်လို့လာနေပြီ။ သူတို့၏ နေဝင်ချိန်ကား မဝေးတော့ပြီ။

                      (လက်ရုံးညီ)