တိုင်းပြည်ကို အမြန်ကယ်တင်ကြပါစို့

၂၀၂၁ ကုန်ခါနီးလေ စစ်ရိပ်စစ်ယောင်ဟာ ပိုပြီး ကြီးထွားလို့ လာနေပါတယ်။ တိုင်းပြည်အတွက်တော့ ကောင်းတဲ့ အနေအထား မဟုတ်ပါဘူး။ တပ်မဟာ (၆) အပိုင် လေးကေကော်နယ်မြေထဲသို့ စစ်ကောင်စီတပ်များ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ လတ်တလော သတင်းတွေအရ လွှတ်တော်အမတ်တစ်ဦး အပါအဝင် တိမ်းရှောင်နေသူအချို့ကို လက်ရဖမ်းဆီးမှုတွေ ပြုလုပ်နေသလို အခြေအနေကလည်း ရှုပ်ထွေးလို့နေပါတယ်။ အထုပ်ပြင်သူတွေ ပြင်နေကြပြီဆိုတော့ စစ်ရေးတင်းမာလာတော့မယ့် အခြေအနေပါပဲ။ ကချင်၊ ချင်း၊ကယား၊ ရှမ်းမြောက်မှာလည်း စစ်ရိပ်ကမပြယ်သေးပါ။ စစ်ကိုင်းမကွေးမှာလည်း တိုက်ပွဲအရှိန်မြင့်နေပါတယ်။ ဒီကြားထဲ ရခိုင်မှာလည်း စစ်ရေးတင်းမာတော့မယ့်လက္ခဏာ ပြနေပါတယ်။
NUG အနေနဲ့ ခုခံကာကွယ်စစ် ကြေညာပြီးနောက်ပိုင်း တစ်လထက်တစ်လ တိုက်ပွဲတွေ အရှိန်မြင့်လာနေပါတယ်။ ရွာတွေ ပျက်စီးကုန်တယ်။ မြို့ကြီးပြကြီးတွေလည်း လုံခြုံစိတ်ချရမှု ကင်းမဲ့လို့နေတယ်။ စစ်ကောင်စီကလည်း လူသူလက်နက်အကုန် ထုတ်သုံးလာပါတယ်။ ပြည်သူတစ်ရပ်လုံးကလည်း နောက်ပြန်မလှည့်စတမ်း အဆုံးထိသွားပြီး ဖက်ဆစ်စစ်တပ်ကို လုံးဝအမြစ်ဖြတ်မယ်လို့ ကြွေးကြော်ထားပါတယ်။ အခြားနိုင်ငံများနည်းတူ ကပ်ရောဂါနှိပ်စက်လို့ မြန်မာပြည်လည်း စီးပွားရေးကျပါတယ်။ ဒီအခြေအနေမျိုးမှာ သူ့အာဏာတည်မြဲရေးအတွက်ပဲ ကြည့်ပြီး စစ်ကောင်စီက အာဏာသိမ်းလိုက်လေတော့ အားလုံး ခွေးဖြစ်ကုန်ပါတော့တယ်။
စစ်တမ်းတွေအရတော့ ကပ်ရောဂါနဲ့အတူ အာဏာသိမ်းမှုကြောင့်ပဲ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေ မှုဟာ နှစ်ဆမြင့်တက်လာပါတယ်။ လူဦးရေရဲ့တစ်ဝက်ခန့်မှာလည်း တစ်ရက်ကို တစ်ဒေါ်လာအောက် ဝင်ငွေနဲ့ မသေရုံရပ်တည်နေရမယ်လို့ ဆိုပါတယ်။ ၂၀၂၂ ရဲ့အစောပိုင်းလများမှာပဲ အဲဒီအကျိုးဆက်ကို ခံစားရပြီး လူတွေဟာ ဆင်းရဲမွဲတေမှုအောက်မှာ ရုန်းကန်ကြရမှာပါ။ အလယ်အလတ်လူတန်းစားတွေ ပျောက်ကွယ်သွားဖို့ ရှိနေတယ်လို့ UNDP က ခန့်မှန်းပါတယ်။ စစ်အာဏာ သိမ်းလိုက်ပြီး ၉လတာ အတွင်းမှာပဲ လူ(၂၅)သန်းကို ဆင်းရဲတွင်းထဲသို့ အတင်းတွန်းချလိုက်တဲ့ တရားခံကတော့ စစ်ကောင်စီပဲ ဖြစ်ပါတယ်။
၂၀၂၁ နှစ်ကုန်ခါနီး ဒီဇင်ဘာလထဲမှာပဲ လျှပ်စစ်မီးကို အလှည့်ကျပေးတော့မှာ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ပါတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူ့ကိုထောက်ခံသူတွေကြားမှာ လျှပ်စစ်ရထား စီမံကိန်းကို အောင်မြင်အောင်လုပ် ဆောင်မယ်လို့ ထုတ်ဖော်ကြွားဝါနေပါတယ်။ နိုင်ငံတကာကလည်း စစ်ကောင်စီဝင်များ၊ သူတိုနဲ့
ပတ်သက်နေတဲ့ စီးပွားရေး လုပ်ငန်းများအပေါ် ကန့်သတ်ပိတ်ဆို့မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ပြည်ပရင်းနှီးမြှပ်နှံ မှုပမာဏ ဟာ ၂၂% သာရှိပြီးဒေါ်လာ ၃.၈ ဘီလီယံ တန်ဖိုးသာရှိပါတော့တယ်။ ဒါကလည်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုက အများဆုံးပါဝင်ပါတယ်။ Londonနဲ့ Lucky Strike စီးကရက်တွေကို ထုတ်လုပ်ဖြန့်ချိတဲ့ BAT Myanmar ဟာ လုပ်ငန်းတွေကို ရပ်ဆိုင်းပစ်တယ်။ နော်ဝေ အခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီ ထွက်ခွာတယ်။ ဂျာမနီအခြေစိုက် Metro ကုမ္ပဏီရုပ်သိမ်းသွားတယ်။ အိန္ဒိယရဲ့ ကြီးမားတဲ့ အလုံဆိပ်ကမ်းစီမံကိန်း ပျက်ခဲ့သလို IT နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုတွေပေးနေတဲ့ စီမံကိန်းတွေကိုလည်း ရပ်တန့်ပစ်လိုက်ပါတယ်။ သီလ
ဝါစက်မှုဇုန်က ဂျပန်စက်ရုံတွေကလည်း ပိတ်သိမ်းဖို့ ဟန်ပြင်နေပါပြီ။YSH ဟာ စင်ကာပူ စတော့အိတ်ချိန်းရဲ့စာရင်းဝင်ကုမ္ပဏီဖြစ်သလို မြန်မာနိုင်ငံမှာ အိမ်ခြံမြေ၊ငွေကြေးဝန်ဆောင်မှု၊လူသုံးကုန်နဲ့ မော်တော်ယာဥ်ကဏ္ဍ တွေမှာ မဟာဗျူဟာမြောက် ရင်းနှီးမြှပ်နှံထားတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။

ရိုးမမဟာဗျူဟာဦးပိုင် ( YSH ) ရဲ့ တာဝန်ခံက သူတို့ပိုင်ဆိုင်မှုများ နဲ့လုပ်ငန်းများကို ရောင်းချနိုင်ဖွယ် ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။     ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြာမှု ဦးစီးဌာန ( DICA ) ရဲ့ စက်တင်ဘာလကုန်အထိ စာရင်းများအရ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စီမံကိန်းပေါင်း ( ၁၈၇၃) အထိထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ဆက်လက်ထွက်ခွာဖို့ ပြင်ဆင်နေတာတွေလည် းရှိနေပါတယ်။ ဒီအခြေအနေတွေက စစ်မီးမတောက်ခင်က အခြေအနေတွေပါ။ စစ်ကောင်စီအနေနဲ့ သူတို့ အနိုင်ရ လက်ဝါးကြီးအုပ်နိုင်ဖို့ စစ်ရေးနည်းနဲ့သာ ဖြေရှင်းမှာပါ။ ပြည်သူတွေကလည်း အားနဲ့အင်နဲ့ ပြန်လည်ခုခံဖို့ အသင့်အနေအထားဖြစ်နေပါပြီ။ အားလုံးက စစ်ပွဲအပေါ် အာရုံစိုက်နေကြတာမို့ စစ်လက်နက် ဝယ်ယူသုံးစွဲမှုတွေလည်း မြင့်တက်လို့ လာနေပါတယ်။ စစ်ကောင်စီ တစ်ရက်သက်ဆိုးရှည်တာနဲ့အမျှ တိုင်းပြည်ပိုပြီး ဒုက္ခရောက်ဖို့သာ များနေပါတော့တယ်။ တကယ်တမ်းစစ်ကောင်စီ အာဏာသိမ်းရတာကလည်း အင်အားတောင့်တင်းတဲ့ စစ်တပ်တစ်ခုတည်း
ကြောင့်မဟုတ်ပါဘူး။ စစ်ကောင်စီကို ထောက်ခံတဲ့ အင်အားစုတွေရှိနေလို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် တစ်သွေးတစ်သံတစ်မိန့် အောက်ကနေ ပြည်သူ့ဘက်ခိုဝင်လာတဲ့ စစ်သားနဲ့ရဲတွေ ထောင်ချီ ရှိနေပါပြီ။ စစ်ကောင်စီကတော့ ရှေ့ကို ဆက်ပြီးတိုးမိုက်တော့မှာပါ။ သူတို့လက်လွှတ်ရရင်တောင် တိုင်းပြည်ကို မီးလောင်တိုက် သွင်းခဲ့မှာပါ။ ဒီအခြေအနေ အရတော့ စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့အရာရှိ စစ်သည်များစွာကို စတေးပစ်မှာပါ။ စစ်ကောင်စီကို ထောက်ခံတဲ့အင်အားစုတွေရော၊ တပ်ရင်းတပ်ဖွဲ့ အရာရှိစစ်သည်တွေအားလုံး ပြည်သူနဲ့ အမြန်ပူးပေါင်းဖို့ လိုနေပါပြီ။ ဒီလိုမှ မဟုတ်ဘဲ
ပြည်သူနဲ့ ရေကုန်ရေခန်း တိုက်ကြခိုက်ကြမယ် ဆိုရင်တော့  မတွေးဝံ့စရာပါပဲ။

စစ်ကောင်စီအပေါ် ဆက်ပြီးသစ္စာမခံကြပါနဲ့။
အချိန်မီပါသေးတယ်။
အချိန်ရှိပါသေးတယ်။
ပြည်သူနဲ့အတူ ဓမ္မဘက်မှာ ရပ်တည်ပြီး စစ်အာဏာရှင်ဘက်ကို သေနတ်ပြောင်းပြန်လှည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

           ( လက်ျာဧ )