ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး

ဒီဇင်ဘာ ၁၀ရက်နေ့ဟာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီရှင်သန်ရေး အတွက် အကြမ်းဖက် စစ်အာဏာရှင်ကို ခုခံနေရပါတယ်။ လူသားတိုင်းဟာ သူတို့ရဲ့ မွေးရာပါ လူ့အခွင့်အရေးကို ခံစားခွင့်ရှိပေမယ့် မြန်မာပြည်သူမျာကတော့ ဆယ်စုနှစ်ပေါင်းများစွာ ဆုံးရှုံးနေခဲ့ရပါတယ်။ ဒီဇင်ဘာ၁၀ရက်ဟာ မြန်မာနိုင်ငံအတွက် နေ့ထူးနေ့မြတ်လည်း ဖြစ်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ၊စစ်တပ်ဟာ လူထုကို ဖိနှိပ်ထားချိန်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများနဲ့ လူငယ်များက ရုန်းထပြီး လူထုကိုယ်စား နိုဘယ်ဆုရှင်အား ချီးမြှောက် ဂုဏ်ပြုခဲတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အတွက် တောင်းဆိုခဲ့တယ်။အဲဒီတုန်းက ကျောင်းသားလူငယ် လှုပ်ရှားမှုကို စစ်တပ်က ချိုးနှိမ်ဖျက်ဆီးခဲ့ကြပါတယ်။ လူထုပါဝင်တဲ့ နိုင်ငံရေးနည်းလမ်းတွေထဲမှာတော့ Silent Strike ဟာ အမြင့်ဆုံးနဲ့ အခက်ခဲဆုံးဆိုတာ အားလုံး သိထားကြပါတယ်။အလွန်ကြီးမားတဲ့စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။ဒါကြောင့်ပဲ Call ခေါ်ဖို့ ခေါင်းဆောင်တိုင်း လက်တွန့်ကြပါတယ်။စစ်အာဏာရှင်ရဲ့ ကြမ်းတမ်းတဲ့ ဖိနှိပ်မှုတွေကလည်းရှိနေပြန်ပါတယ်။
Silent Strike ဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။မတ်လတုန်းကလည်း တစ်ကြိမ်လုပ်ခဲ့ပါသေးတယ်။အဲဒီအချိန်က နိုင်ငံရေးရေချိန်တက်ကြွနေတဲ့အတွက် သိပ်ပြဿနာမရှိခဲ့ပါဘူး။ အခုအကြိမ်မှာတော့ နိုင်ငံရေးအသိုင်းဝိုင်းရော၊ ကမ္ဘာ့နိုင်ငံများကပါ လူထုရဲ့ပါဝင်မှု စိတ်ဆန္ဒကို အံ့အားသင့်စေခဲ့ပါတယ်။ စစ်အာဏာသိမ်း ၁၀လကျော် ကာလ တစ်လျှောက်လုံးမှာ လူမဆန်တဲ့ဖိနှိပ်မှုတွေကို ခါးစည်းခံရလို့ပါပဲ။ Silent Day မတိုင်ခင် စစ်အာဏာရှင်က နည်းမျိုးစုံနဲ့ ဖိနှိပ်ကန့်သတ်ပါတယ်။ ဒါပေမယ့် လူထုရဲ့ ဆန္ဒကို မတားဆီးနိုင်ခဲ့ပါဘူး။ နံနက် ၁၀နာရီကနေ ညနေ၄နာရီအထိ အိမ်တွေထဲမှာပဲ နေကြပါတယ်။ ရုံးမသွားဘူး။ ကျောင်းမသွားဘူး။ စျေးတွေပိတ် ယာဉ်ရထားဂိတ်တွေပိတ်ပြီး တစ်တိုင်းပြည်လုံး မီးခိုးတိတ် ငြိမ်သက်ပြခဲ့ပါတယ်။
မြို့ကြီးတွေ ခြောက်ကပ်သွားတယ်။အမြဲစည်ကားနေတဲ့ လမ်းမကြီးတွေ တစပြင်လို တိတ်ဆိတ်သွားတယ်။ ညနေလေးနာရီထိုးတာနဲ့ အောင်မြင်ခြင်း အထိမ်းအမှတ် အနေနဲ့ လက်ခုပ်သံတွေ တစ်ပြည်လုံး မြည်ဟည်းသွားခဲ့ပါတယ်။   သတင်းဆိုးတွေကတော့ ဆက်တိုက်ဆိုသလို တက်လာပါတော့တယ်။အားလုံးငြိမ်သက်နေကြစဥ်မှာပဲ ဆိုင်းခန်းတွေ လမ်းဘေးဆိုင်လေးတွေ ဖျက်ဆီးခံရပါတယ်။ အခုလိုအောင်မြင်မှုမှာ စံပြအဖြစ်ချီးကျူးထိုက်သူများကတော့ လက်လုပ် လက်စားနဲ့ ခေါင်းရွက်စျေးသည်လေးတွေ ၊ လမ်းဘေးစျေးဆိုင်လေးတွေပဲဖြစ်ပါတယ်။ တစ်နေ့ဝမ်းရေးအတွက် သူတို့တွေ ပါဝင်ဖို့ ခက်ကြလိမ့်မယ်လို့ တွေးထင်ထားသမျှ တက်တက်စင် လွဲခဲ့ပါတယ်။ သူတို့တွေက တက်ကြွစွာပဲ ပူးပေါင်းခဲ့ကြပါတယ်။ လူထုအောင်ပွဲကို မနှစ်မြို့တာကတော့ စစ်ကောင်စီနဲ့ နောက်လိုက်နောက်ပါများပဲ ဖြစ်ပါတယ်။ လမ်းပေါ်ပြန်ထွက်လာသူတွေကို သေနတ်ဖေါက်ပြီး အိမ်ထဲပြန်ဝင်ခိုင်းတယ်။ အနှေးယာဥ် (ဆိုက်ကား) သမားတွေကို အခုမှထွက်ရကောင်းလား ဆိုပြီး စစ်သားတွေ က ပါးရိုက်ကြပါတယ်။ ပြန်ဖွင့်ကြတဲ့ဆိုင်တွေကိုလည်း အတင်းပြန်ပိတ်ခိုင်းသလို ဖျက်ဆီးမှုတွေလည်း ပြုလုပ်ကြပါတယ်။ နောက်နေ့အထိ ဒီကိစ္စက မပြီးသေးပါဘူး။ ပုံမှန်ပြန် ဖွင့်ကြတဲ့ စျေးတွေကို အတင်းပြန်ပိတ်ခိုင်းပါတယ်။ အချို့မြို့တွေမှာ ကိုဗစ်အကြောင်းပြပြီး စျေးတွေကို ရက်ရှည်ပိတ်ပစ်ပါတယ်။
ရန်ကုန်နဲ့မဝေးတဲ့ တွံတေးမှာဆိုရင် စျေးတွေကို ပြန်ပိတ်ခိုင်းသလို ၊အလုပ်သွားတဲ့သူတွေကိုလည်း သေနတ်ပစ်ဖေါက်ပြီး အားလုံးအိမ်ထဲမှာနေကြ ထွက်လာရင် ပစ်သတ်လို့ ဖိနှိပ်ပါတယ်။ ရန်ကုန်ကစျေးတွေ၊ ရေနံချောင်း၊ မုံရွာ ၊ မန္တလေး နေရာအနှံ့ အငြိုးနဲ့ ဖိနှိပ်ကြပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ မွေးရာပါ လူ့အခွင့်အရေး ဆုံးရှုံးနေတာကို အားလုံးအလွယ်တကူသိနိုင်ပါတယ်။   စစ်အုပ်စုကို လက်မခံတဲ့ မြန်မာပြည်သူလူထုအနေနဲ့ ရရာလက်နက်ဆွဲကိုင်ပြီး  ဘာကြောင့် ခုခံကာကွယ်ရသလဲ ဆိုတာကို ရှင်းပြဖို့လိုမယ် မထင်တော့ပါဘူး။ ပြည်သူနဲ့အတူ ထောင်တွင်းက မတရားဖမ်းဆီးခြင်းခံရသူများကလည်း Silent Strike မှာ ပါဝင်ခဲ့ကြပါတယ်။ အဖိနှိပ်ခံရမယ်ဆိုတာသိပေမယ့် ပါဝင်ခဲ့ကြတာပါ။ သွေးသစ္စာသီချင်းကို စုပေါင်းဆိုကြတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ခြင်းကို ခံရပါတယ်။ ထောင်တွင်း သတင်းကို အမှောင်ချထားပါတယ်။ ထောင်ဝင်စာတွေ့ခွင့်တွေလည်း ရပ်ဆိုင်းပစ်ပါတယ်။ အင်းစိန်ထောင်အတွင်း  Silent Strike မှာ ပါဝင်သလို အစာငတ်ခံဆန္ဒပြတဲ့သူတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။အင်းစိန်ထောင်ပိုင်ဟာ မကြာမီက စစ်တပ် ကနေ အသွင်ပြောင်းရောက်လာခဲ့သူ ဖြစ်တော့ ပိုပြီးကြမ်းရမ်းပါတယ်။ လူပေါင်း (၁၀၀)နီးပါး သေလုမြောပါး အရိုက်ခံထားရပါတယ်။ ဦးဆောင်သူအချို့ကိုလည်း တိုက်ပိတ်ထားကြောင်းကြားသိရပါတယ်။ ကမ္ဘာ့လူ့အခွင့်ရေးနေ့မှာပဲ မြန်မာပြည်သူတွေလက်တွေ့ ခံစားခဲ့ရတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ” ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်ပိုက်ကြ ” လို့ ကြွေးကြော်တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

         ( လက်ရုံးညီ )