စစ်ရာဇဝတ်မှုများကြားက ဓားစာခံဘဝများ

ဖေဖော်ဝါရီ၁ရက် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီလက်ချက်နဲ့ အသက်ဆုံးခဲ့ရသူပေါင်း ၁၃၀၀ဦး ရှိခဲ့ပါတယ်။ ဒီအထဲမှာ အမျိုးသမီးနဲ့ကလေးငယ်ပေါင်း ၉၀ဦးအထိ ပါဝင်နေပါတယ်။စစ်ကိုင်း၊မကွေး၊ချင်းနဲ့ကယားဒေသတွေမှာ နေရပ်တွေစွန့်ခွာပြီး ရှောင်တိမ်းနေရတဲ့ စစ်ဘေးဒုက္ခသည်များဟာလည်း ၂သိန်း၃သောင်းကျော် ရှိနေပြီဖြစ်ပါတယ်။ချင်းပြည် နယ် ထန်တလန်ဆိုရင် ၃ကြိမ်မက မီးလောင်တိုက်သွင်းခံရပြီး အထင်ကရ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်း ပြာကျခဲ့ပါတယ်။ ကယားဒေသ ဖယ်ခုံမှာဆိုရင် လက်နက်ကြီးများကျရောက်ပေါက်ကွဲမှုကြောင့် ကက်သလစ်ဘုရားကျောင်း ၆ကျောင်းနဲ့ နှစ်ခြင်းခရစ်ယာန်ကျောင်း ၁ကျောင်း ဖျက်စီးခံရပါတယ်။ လွိုင်ကော်သာသနာပြု ဖွင့်လှစ်ထားတဲ့ ကရုဏာဆေးခန်းဟာ လူမျိုးဘာသာမရွေးကို ဆေးကုသပေးနေတာပါ။ PDF များကို ဆေးကုသပေးတယ်ဆိုပြီး ဆေးခန်းကို ဝင်စီးပါတယ်။လူနာတွေကိုလည်း အတင်းအကျပ်ရွှေ့ပြောင်းစေပါတယ်။ ဘုန်းတော်ကြီးနဲ့တကွ စစ္စတာများ၊ဆရာဝန်နဲ့ သူနာပြုများကိုပါ စစ်ကောင်စီ မတရားဖမ်းဆီးပါတယ်။
ချင်းပြည်နယ် မတူပီ ငလိုင်ကျေးရွာက ရက်စက်ကြမ်းကြုတ်မှုကတော့ အသက်ပါဆုံးခဲ့ပါတယ်။ ညီအစ်ကိုအသင်းတော်က ခရစ်ယာန်ဓမ္မဆရာ ဦးငိုင်ကုန်းနဲ့ ရွာသားတွေကို စစ်တပ်က ဖမ်းဆီးပါတယ်။ ရွာသားအချို့ပြန်လွတ်လာပေမယ့် ဓမ္မဆရာကိုတော့ သတ်ပစ်လိုက်ကြပါတယ်။ ဖမ်းသွားပြီး၂လကျော်ကြာမှ သေဆုံးသွားပြီ ဖြစ်ကြောင်း အကြောင်းကြားပါတယ်။ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ ကြားမှာပဲ ပြည်သူတွေ ဘဝပျက်ခဲ့သလို အသက်တွေလည်း ဆုံးရှုံးခဲ့ပါတယ်။ ဒီအထဲမှာတော့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ဓားစာခံဖြစ်ကြရပါတယ်။ နေပြည်တော် ရဲတပ်ဖွဲ့ရဲ့ ရဲအုပ်တစ်ဦးဟာ CDM လုပ်ပါတယ်။ ဒီအတွက်ကြောင့်ပဲ ဇနီးဖြစ်သူနဲ့ (၉)နှစ်အရွယ်သမီးငယ်ကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးပါတယ်။ ဘယ်မှာရှိနေမှန်း သတင်းအစအနတောင် မရပါဘူး။ အင်းစိန်အကျဥ်ထောင်အတွင်းမှာလည်း ယောကျ်ားဖြစ်သူစည်ပင်ဝန်ထမ်း CDMလုပ်တဲ့အတွက် ဇနီးဖြစ်သူနဲ့ လူမမယ်၂နှစ်သမီးလေးကိုဖမ်းထည့်ထားပါတယ်။
CDM ဝန်ထမ်းရဲ့မိခင်ဖြစ်သူပါ ပါဝင်ပါတယ်။ (၂) ကြိမ်တိုင်တိုင်လွတ်ငြိမ်းခွင့်ပြုခဲ့ပေမယ့် သူတို့တွေဟာ လွတ်မြောက်လာခဲ့ခြင်း မရှိသေးပါဘူး။
ရန်ကုန်မြို့က သတင်းသမား မထက်ထက်ကို ဖမ်းဆီးရာမှာလည်း (၇) နှစ်အရွယ်သမီးငယ်လေးကို အလွတ်မပေးခဲ့ပါဘူး။ဖမ်းဆီးရုံမက ခြိမ်းခြောက်စစ်ကြော မေးမြန်းမှုတွေပါ ပြုခဲ့ကြပါတယ်။ စစ်သားတွေသာ အကြမ်းဖက်ကြတာမဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပတ်သက်ကြပါတယ်။ မအူပင်မြို့ရဲ့ ထွေအုပ်ဦးစီးမှူးအိမ်မှာ ရွှေထည်တွေပျောက်ဆုံးလို့ စည်ပင်ဝန်ထမ်းနဲ့ ဇနီးကို မသင်္ကာဖြစ်ပြီး ခေါ်မေးပါတယ်။ စည်ပင်ဝန်ထမ်းရဲ့ ဇနီးသည်ဟာ ကိုယ်ဝန်လွယ်ထားရသူပါ။ ရိုက်နှက်စစ်ဆေးရင်းကပဲ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ သေဆုံးသွားပါတယ်။ စစ်ကောင်စီလက်အောက်မှာ အမျိုးသမီးတွေဟာလိင်အကြမ်းဖက်မှုရဲ့သားကောင်တွေ ဖြစ်ခဲ့ပါတယ်။ ငယ်သူဖြစ်စေ ကြီးသူဖြစ်စေ မုဒိမ်းကျင့်တာခံရပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြိုနယ် နွယ်လန်းကျေးရွာက အမျိုးသမီးဆိုရင် အသက် (၅၅) နှစ်အ ရွယ်ပါ။ ရမ္မက်ဇောကပ်နေတဲ့ စစ်သားသုံးဦးဟာ အဓမ္မပြုကျင့်ရုံတင် မကပါဘူး။ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ပါတယ်။
ချင်းပြည်နယ် တီးတိန် အပ်လွယ်ကျေးရွာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုမှာတော့ ချင်းအမျိုးသမီးဟာ မီးဖွားပြီးလို့ တစ်လခွဲသာ ရှိပါသေးတယ်။ စစ်သားတွေဟာ သွေးနုသားနု အမျိုးသမီးကို အကြိမ်ကြိမ် အဓမ္မပြု ကျင့်ကြပါတယ်။ ယောက်ျားဖြစ်သူကို ရိုက်နှက်ရုံမက ရွှေထည်ပစ္စည်းများကိုပါ ယူဆောင်သွားပါတယ်။
ကလေး PDF က ဆေးတပ်ဖွဲ့ဝင် အမျိုးသမီးငယ်လေးများ အဖမ်းခံရပါတယ်။ ဖမ်းခံရတာ ၁၀ဦးဖြစ်သော်လည်း ၉ဦးရဲ့ဓာတ်ပုံတွေသာ လူမှုကွန်ရက်မှာ ပျံ့ခဲ့ပါတယ်။အသက်၂၀သာရှိသေးတဲ့ မိန်းမပျိုလေးကို စစ်သားတွေက အဓမ္မပြုကျင့်ကြတယ်။ ပြီးမှ နားထင်ကိုသေနတ်နဲ့တေ့ပြီးပစ်သတ်ပါတယ်။ အလောင်းကိုလည်း စောင်နှစ်ထပ်အုပ်ပြီး ဖျောက်ဖျက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုရက်ပိုင်းတွေမှာ အမျိုးသမီးငယ်တွေ ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါပြီ။မသင်္ကာလို့ပဲဖမ်းလေသလား။ စစ်သားတွေကပဲ အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး အစဖျောက်လေသလားဆိုတာ ဘယ်သူမှ တိတိ ကျကျ မပြောနိုင်ကြပါဘူး။
မန္တလေးတိုင်း မိုးကုတ်မြို့က အဖြစ်ကတော့ လူမှုကွန်ရက်မှာ သတင်းတက်ပါတယ်။ ၁၆အရွယ် ဆယ်တန်းကျောင်းသူဟာ သူငယ်ချင်းယောက်ျားလေးနဲ့ အတူရှိနေစဥ်မှာ အဖမ်းခံလိုက်ရပါတယ်။ ယောက်ျားလေးဖြစ်သူကိုတော့ ထိုးကြိတ်ပြီး ပြန်လွှတ်ပေးပါတယ်။ မိန်းမပျိုလေးကိုတော့ သူတို့ကိုယ်တိုင်အိမ်ပြန်ပို့ပေးမယ်ဆိုပြီး စစ်သားတွေက တောလမ်းထဲ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ စုံးစမ်းမေးမြန်းတာလည်း မရဘူးလို့ပြောပါတယ်။ အားကိုးရာမဲ့နေကြတဲ့ အချိန်အခါမှာပဲ စစ်ကောင်စီရဲ့ အမျိုးသမီးများအပေါ် ညှဉ်းပန်းနှိပ်စက်တဲ့ အမှုကိစ္စအားလုံးကို အရေးယူတော့မယ်လို့ UK သံရုံးက ထုတ်ပြန်လာပါတယ်။ အာဏာသိမ်းချ်န်ကစပြီး မိန်းမငယ် ၈၅ယောက်ဟာ အကြောင်းအမျိုးမျိုးနဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့လည်း ပြောထားပါတယ်။ အမျိုးသမီးများအပေါ် ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ပတ်သက်တဲ့ အစီအရင်ခံစာ အများအပြားကို ရရှိထားပြီးဖြစ်သလို၊ ကျူးလွန်မှုတွေ အတွက်လည်း မိတ်ဖက်နိုင်ငံများနဲ့ ပူးပေါင်းကာ  အရေးယူတော့မှာဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ မှာပဲ UK သံရုံးကနေ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

              ( လက်ျာဧ )