၂၀၀၈ ဖွဲ့စည်းပုံစည်းဘောင်အပြင်မှ ၂၀၀၈ ကို ချဲ့ထွင်ခြင်း

မြန်မာနိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်ရင် နိုင်ငံကို စစ်တပ်အုပ်ချုပ်ခဲ့တာက ခပ်များများ၊ ပြည်သူတွေ လွတ်လပ်စွာ ရွေးချယ်တဲ့ အရပ်သားစစ်စစ် အစိုးရ အုပ်ချုပ်နိုင်မှု သက်တမ်းဟာ အနည်းငယ်ပဲရှိခဲ့တယ်။ ဒီအထဲမှာတောင် စစ်တပ်နောက်ခံပြုတဲ့ အရပ်သားအုပ်ချုပ်မှုက ပါနေသေးတယ်။ မြန်မာနိုင်ငံဟာ ကိုလိုနီဘဝမှ လွတ်မြောက်ခဲ့တာ (၇၃) နှစ်ရှိခဲ့ပါပြီ။ ဒါပေမယ့် ပြည်သူက ရွေးချယ်တဲ့ အရပ်သားစစ်စစ် အုပ်ချုပ်တဲ့ အချိန်ဟာ (၁၇) နှစ်ပဲ ရှိခဲ့တယ်။ ဒါတောင်ဟိုတစ်စ ဒီတစ်စ လိုက်ပေါင်းထားတာ၊ တစ်ဆက်တည်းမဟုတ်ဘူး။ စစ်တပ်နောက်ခံပြုထားတဲ့ အရပ်သား အုပ်ချုပ်မှုက (၁၉) နှစ်၊ စစ်တပ်က နိုင်ငံကို တိုက်ရိုက် အုပ်ချုပ်ခဲ့တဲ့ အချိန်က စုစုပေါင်း (၃၆) နှစ် နီးပါးဆိုတော့၊ စစ်တပ်အုပ်ချုပ်မှုကအများဆုံးပဲ။ ဒါတောင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်က အာဏာပြန်သိမ်းပြီး အုပ်ချုပ်နေတာ ထည့်မပေါင်းထားရသေးဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ (၂နှစ် ၆လ) စစ်တပ်က အုပ်ချုပ်ပြီးရင် ရွေးကောက်ခံအရပ်သားအစိုးရကို အာဏာပြန်လွှဲမယ်လို့ ပြောပါတယ်။ ဒီအပြောကို လူအများစုက မယုံပါဘူး။ ရွေးကောက်ခံရသူတွေဆိုတာကလည်း သူဦးစီးကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရမယ့် သူတွေကိုပြောတာ။ အဲီလိုမျိုးနဲ့ ပေါ်လာတဲ့ အစိုးရဟာ စစ်တပ်ကျောထောက်နောက်ခံပြု အရပ်သား အစိုးရပဲ ဖြစ်မှာပါ။ ဒါတောင် အာဏာသိမ်း စစ်အုပ်စုက စိတ်ပြောင်းသွားပြီး ရွေးကောက်ပွဲမလုပ်ဘဲ ဆက်ပြီး အုပ်ချုပ်သွားရင် အဲဒီလို အစိုးရမျိုးကိုတောင် မြင်ရမှာမဟုတ်ဘူး။

ဘာကြောင့် အာဏာသိမ်းတာလဲ?
စစ်ခေါင်းဆောင်တွေက ‘ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ်။ စစ်တပ်အနေနဲ့ ဒီပြဿနာကို တာဝန်ရှိသူတွေ ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက မျက်ကွယ်ပြုပြီး လွှတ်တော်ခေါ်ဖို့ကို ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခန်း(၁၁)၊ ပုဒ်မ (၄၁၇) ပြဌာန်းချက်အရ အရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ်က အာဏာရယူရတယ်’ ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားအစိုးရဆီက အာဏာသိမ်းခဲ့တယ်။

ဖွဲ့စည်းပုံနဲ့ ညီရဲ့လား?
စစ်တပ်ရဲ့ အာဏာရယူခြင်းဟာ သူတို့ပြောသလို ဖွဲ့စည်းပုံနဲ့အညီ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံပါ ပြဌာန်းချက်ကို အတင်းကိုက်ညီအောင် အတင်းလုပ်ကြံဖန်တီး ယူခဲ့တယ်ဆိုတာလည်း အားလုံးက သိနေကြတယ်။ ဒ့အပြင် အာဏာသိမ်း (၆) လ ပြည့်တဲ့နေ့မှာ စစ်ခေါင်းဆောင်က အိမ်စောင့်အစိုးရ ထပ်မံ ဖွဲ့စည်းကြောင်း ကြေညာပြီး သူကိုယ်တိုင်လည်း ဝန်ကြီးချုပ်နေရာကို ထပ်မံရယူလိုက်တယ်။ ပြီးတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လ အထိ အာဏာကို ရယူထားမယ်လို့လည်း တရားဝင် ထုတ်ပြောလိုက်ပါသေးတယ်။ မဲစာရင်းမှားယွင်းမှုကနေ နောက်ဆုံး အိမ်စောင့်အစိုးရ ဖွဲ့စည်းတာ၊ အာဏာပြန်လည်လွှဲပြောင်းပေးမယ့် အချိန်သတ်မှတ်တာစတဲ့ အချက်အားလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံပြဌာန်းချက်များနဲ့ လုံးဝ ကိုက်ညီခြင်းမရှိဘူးဆိုတာကို တွေ့ရတယ်။ ဒါကို အားလုံးသိသလို စစ်ကောင်စီကိုယ်တိုင်လည်း ကောင်းကောင်းသိတယ်၊ ဒါဆိုဘာလို့ စစ်ကောင်စီက ၂၀၀၈ ကို အကြောင်းပြပြပြီး ဆောင်ရွက်နေရတာလဲ?

၂၀၀၈ ဖွဲ့စည်းပုံ နဲ့ စစ်တပ်၏ အခွင့်အရေး
၂၀၀၈ ဖွဲ့စည်းပုံဆိုတာ စစ်တပ်က နိုင်ငံကို စဉ်ဆက်မပြတ် ထိန်းချုပ်လို့ ရအောင် အချိန်ယူပြီး ရေးဆွဲခဲ့တဲ့ ဥပဒေ ဖြစ်တယ်။ ဖွဲ့စည်းပုံအရ စစ်တပ်ကို ဘယ်သူကမှထိန်းချုပ်လို့မရဘူး၊ ဒါ့အပြင် လွှတ်တော်ထဲမှာလည်း စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသေးတယ်။ အုပ်ချုပ်ရေးမှာ ဒုတိယ သမ္မတ တစ်ဦး၊ ကာလုံ(၁၁) ဦးမှာ စစ်တပ်က (၆) ဦး စသဖြင့် ပြည့်စုံအောင်၊ ဟာကွက်မရှိအောင် စီစဉ်ခဲ့တယ်။ တရားစီရင်ရေးမှာတောင် တပ်မတော်သားတွေနဲ့ ပတ်သက်တဲ့ တရားစီရင်မှုကို စစ်တရားရုံးကပဲ ဆောင်ရွက်ခွင့်ရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်က နောက်ဆုံး အဆုံးအဖြတ် အယူခံဝင်ရသူဖြစ်တယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်အတွက် အားနည်းချက်ရှိနေသလား?
ဒါပေမဲ့ အထွေထွေ ရွေးကောက်ပွဲ (၃) ကြိမ် ကျင်းပပြီးချိန်မှာ စစ်တပ် သတိပြုမိသွားတာက လက်ရှိရွေးကောက်ပွဲစနစ်အရ ပါတီတစ်ခုအနေနဲ့ ရွေးကောက်ပွဲမှာ အပြတ် အသတ်အနိုင်ရနိုင်ပြီး လွှတ်တော်မှာ ၅၀% အထက် ကိုယ်စားလှယ် နေရာရသွားနိုင်တယ်။ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ (၃) ကြိမ်စလုံးမှာ အဲဒီ့ီ့တိုင်း ဖြစ်ခဲ့တယ်။ ပါတီတစ်ခုကသာ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာအများစု နိုင်သွားရင် လွှတ်တော်ထဲမှာရှိတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ % က ဖွဲ့စည်းပုံ မပြင်နိုင်အောင်ဘဲ ကန့်ကွက်နိုင်တော့မယ်။ ကျန် ဥပဒေပြု/ ပြင်/ ဖျက် ကိစ္စတွေမှာ သူတို့ သဘောထားက မထိရောက်တော့ဘူး။ ဥပမာဆိုရင် နိုင်ငံတော်အတိုင်ပင်ခံလို ရာထူးမျိုးအတွက် ဥပဒေ ပြဌာန်းတာမျိုးကို မတားဆီးနိုင်တာ၊ နောက်တစ်ခုက ဖွဲ့စည်းပုံအရ အနိုင်ရအစိုးရအနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို စိတ်တိုင်းကျ ဖွဲ့စည်းနိုင်တယ်၊ အဲဒီ့အတွက် အနိုင်ရပါတီဟာ နောက်ရွေးကောက်ပွဲမှာလည်း နိုင်ဖို့ အလားအလာ ကောင်းသွားနိုင်တယ်၊ စစ်တပ်အနေနဲ့ သူတို့နဲ့ သဘောထားမတိုက်ဆိုင်တဲ့ပါတီ (ဥပမာ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) တစ်ခုကသာ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ခဲ့ရင် နောက်တစ်ကြိမ်လုပ်မဲ့ အထွေထွေ ရွေးကောက်ပွဲမှာလည်း အဲဒီ့ပါတီပဲ အနိုင်ရပြီး တဖြည်းဖြည်းနဲ့ စစ်တပ်က နိုင်ငံရေးမှာ လွှမ်းမိုးထားတာ ပျက်သွားနိုင်တယ်ဆိုတဲ့ အတွေးမျိုး ရသွားတယ် ထင်တယ်။ လက်တွေ့အရလည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးမှာ စစ်တပ်ရဲ့ သဘောထားကို အာဏာရအစိုးရက သိပ်ဂရုမစိုက်ဘူးဆိုတာကို ဖြစ်စဉ်တွေအရ မြင်သွားတာလည်း ပါမယ်ထင်တယ်။ အဲ့ဒီတော့ သူတို့ မစဉ်းစားမိခဲ့တဲ့ ၂၀၀၈ ရဲ့ အားနည်းချက်တွေကို ရွေးကောက်ပွဲကော်မရှင်ရဲ့ ညံ့ဖျင်းမှုအပေါ် အသုံးချပြီး ထပ်ပြင်ဆင်ဖို့ လုပ်တာပါပဲ။ ဥပမာ- အခု ကော်မရှင်က အသံထွက်လာတဲ့ ရွေးကောက်ပွဲစနစ်၊ တကယ်လို့ အခုအသံတွေ ထွက်နေတဲ့အတိုင်း ရွေးကောက်ပွဲစနစ်ကို (PR) စနစ် ပြောင်းလဲမယ်ဆိုရင် လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ၅၀ %ကျော် အရေအတွက်ကို ပါတီတစ်ခုထဲကရဖို့ခက်ခဲသွားနိုင်တယ်။ ဒီအခြေအနေမျိုးဖြစ်လာရင် စစ်တပ်ကိုယ်စားလှယ် ၂၅ % ဟာ အစိုးရ ဖွဲ့ချင်တဲ့ ပါတီတွေအတွက် အကြိုက်ပေးစည်းရုံးရမယ့် လွှတ်တော်ထဲက အစုအဖွဲ့တစ်ခုဖြစ်လာလိမ့်မယ်။ ဒါမျိုးဖြစ်လာရင် စစ်တပ်က နိုင်ငံတော်အာဏာကို အခြေခံဥပဒေအရ အပြည့်အဝ ထိန်းသိမ်းတဲ့အဆင့်ကို အလိုလို ရောက်သွားပါမယ်။ အခုအာဏာသိမ်း ဆောင်ရွက်မှုဟာ လူတွေပြောနေသလို လက်ရှိ စစ်ခေါင်းဆောင်ကြီးတစ်ဦးက စိတ်ရူးပေါက် ဆောင်ရွက်နေတဲ့ အခြေအနေ မဟုတ်ဘူးလို့ထင်တယ်။ စစ်တပ် အင်စတီကျုးရှင်းတစ်ခုအနေနဲ့ အာဏာမသိမ်းဘဲ လူထုရွေးကောက်တဲ့ ဒီမိုကရေစီအစိုးရကို ဖွဲ့စည်းပုံအရ အနာဂါတ်မှာ အပြည့်အဝ ချုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်နေတဲ့ စီမံကိန်းပါ။ ဒါကြောင့်လည်း ဒုတိယတန်းအဆင့် စစ်တပ်ခေါင်းဆောင်တွေကိုယ်တိုင် လက်ခံပါဝင်နေတဲ့ သဘောတွေ့နေရတာပါ။ ဒီနေရာမှာ တိုင်းရင်းသားတွေဘက်ကို ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို ခန့်အပ်တဲ့ ပုဒ်မ ဖြစ်တဲ့ (၂၆၁) ကို ပြင်ပေးမယ်ဆိုတဲ့ အရိပ်အယောင်ပြတဲ့ အခြေအနေမျိုးနဲ့ စည်းရုံးထားတယ်။ နောက် တစ်ဘက်မှာလည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ USDP ပါတီအပြင် အခြား ဒီမိုကရက်တစ်ပါတီတွေ အားလုံးကိုလည်း (PR) စနစ်ပြောင်းလိုက်ရင် ခင်ဗျားတို့လည်း အချိုးကျနေရာ ရနိုင်တယ်ဆိုတဲ့ အတွေးမျိုးကို အာဏာသိမ်းစစ်တပ်က သူတို့ထဲကို ရိုက်သွင်းထားလိုက်ပြန်တယ်။ အဲဒါမှ သူ့ရဲ့ ရန်သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ တစ်ခုထဲ ဖြစ်မှာလေ။

ဒါပေမယ့် အခြားနိုင်ငံရေးပါတီတွေ အနေနဲ့ မစဉ်းစားမိတာလား ဒါမှမဟုတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အာဏာမရရင်ပြီးရောဆိုတဲ့ သဘောထားမျိုးများ ရှိနေတာလားတော့ မသိဘူး၊ အခုအာဏာသိမ်းမှုကို နိုင်ငံရေးပါတီ အများစုက အသံထွက်ထောက်ခံ ပူးပေါင်းတာမျိုးတွေ၊ ဒါမှမဟုတ် လူသိထင်ရှားတော့ မပူးပေါင်းဘူး။ ဒါပေမယ့် အာဏာသိမ်းတာပဲ မှန်သလိုလိုမျိုး၊ စစ်တပ်နဲ့ ဆွေနွေးညှိနှိုင်းပြောဆိုဖို့ လိုအပ်တယ်ဆိုတာမျိုးကို ပြောဆိုနေတဲ့ ပါတီတွေကို တွေ့နေရပါတယ်။ နောက်ဆုံး NLD ကလွဲရင် ဒီမိုကရက်တစ်ပါတီထဲမှာ ကိုယ်စားလှယ် အများဆုံး အနိုင်ရတဲ့ တိုင်းရင်းသားပါတီကြီး (၂) ခုတောင် ဒီပြဿနာဟာ ဗမာလူမျိုးများရဲ့ ပြဿနာလိုမျိုး ရှုမြင်နေတာကို တွေ့နေရတယ်။

တကယ်တော့ အခု စစ်တပ်က အာဏာသိမ်းတာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ အပြတ်အသတ် အနိုင်ရလို့ အကြောင်းရှာအာဏာသိမ်းတာမဟုတ်ဘဲ ဒီမိုကရက်တစ်ပါတီ တစ်ခုက အပြတ်အသတ်အနိုင်ရလို့ အာဏာသိမ်းခြင်းပါ။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်အရ အခုလို ပါတီတစ်ခုကသာ အပြတ်အသတ်နိုင်နေရင် စစ်တပ်ရဲ့ နိုင်ငံရေးဩဇာအာဏာဟာ ကျဆင်းသွားတယ် ဆိုတာကို လက်တွေ့မြင်တွေ့လိုက်ရလို့ ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အပြင် ကနေ ၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်အာဏာအတွက် ထပ်မံချဲ့ထွင်ပြင်ဆင်ဖို့ အာဏာသိမ်းခြင်းသာ ဖြစ်တယ်လို့ ရှုမြင်သုံးသပ် လိုက်ရပါတယ်။
ဒီအခြေအနေကို နိုင်ငံရေးပါတီများ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးက တစ်ညီတစ်ညွတ်ထဲ လက်ခံမှသာ အနာဂတ်မှာ နိုင်ငံတော် အာဏာကို စစ်အာဏာရှင်ရဲ့အလုံးစုံ လွှမ်းမိုးမယ့်အန္တရာယ်မှ ကာကွယ်သွားနိုင်မယ်လို့ ထင်မြင်မိပါတယ်။

အညာသား