ပထမကိုဗစ်ကာလ(၂၀၁၉ခုနှစ်နောက်ပိုင်းကာလများ) မှအစပြု၍ ဒုတိယကိုဗစ်ကာလအထိ စာသင်ကျောင်းများပိတ်ထားရပြီးနောက်ပိုင်း ရက်သတ္တပတ်ခြား သို့မဟုတ် ၂ရက်တက်(၁၁)ရက်နားစသည့် ရက်ခြား ကျောင်းတက်ရသည့် အစီအစဉ်များ၊ (online) သင်ကြားမှုအစီအစဉ်များဖြင့် ပညာရေးလောကကြီးနှင့် ကျောင်းသူ၊ ကျောင်းသား များ၏အနာဂတ်သည်မရေမရာဝေ ဝါးလာခဲ့သည်။ ၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီ(၁)ရက် စစ်တပ်အာဏာသိမ်မှုဖြစ်ပြီး နောက်ပိုင်းကစ၍ လိမ်ဖယ်လိမ်ဖယ် ဖြစ်နေသော ပညာရေးသည် အဟောသိကံ ဖြစ်ခဲ့တော့သည်။
ကိုဗစ်ကပ်ရောဂါကြီး (covid pandemic) နှင့်စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်၏ ဖွံဖြိုးတိုးတက်စ ပြုနေသော စီးပွားရေး၊ကျန်းမာရေး၊ပညာရေးစသောနယ်ပယ်အသီးသီးတွင်ဆုတ်ယုတ်မှုများကဒုနဲ့ဒေး၊အကယ်၍ ပြည်သူတင်မြောက် သောအစိုးရကာလ ပြည်လည်ရောက်ရှိချိန်တွင် စီမန်ခန့်ခွဲမှု ကောင်းကောင်းဖြင့်ကုစားလျှင် အချိန်တိုအတွင်းစီးပွားရေးနှင့် ဖွံဖြိုးတိုးတက်မှုများ နယ်ပယ်များက နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်သည်။သို့သော် ပညာရေးနယ်ပယ်ကမူ လွယ်လင့်တကူ ကောင်းမွန်သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ အတော်မလွယ်ကူသော အလုပ်ဖြစ်သည်။
မြန်မာပြည်ပညာရေးသည်၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီ အမည်ခံ(စစ်အစိုးရ)၏ အာဏာသိမ်းမှု နောက်ပိုင်းကာလများမှ အစပြုရျ် ယိုယွင်းလာခဲ့သည်မှာ ၁၉၈၈ ဒုတိယအကြိမ် အာဏာသိမ်းပြီးသည့်အချိန်တွင် အလုံးစုံပျက်စီးခဲ့ဖူးသည်။ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပပြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကိုယ်ပိုင်ကျောင်းဥပဒေများ ပြဋ္ဌာန်းခဲ့ ၍ ကိုယ်ပိုင်ကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ယင်းကာလမှစ၍ပညာရေးလောကသည် အနည်းငယ် ကောင်းမွန်သည့် ဘက်သို့ ဦးတည်လာခဲ့သည်။သို့သော် စာမေးပွဲဦးတည်သင်ကြားရေး (Exam Focus) နှင့် အလွတ်ကျက်သင်ယူမှု (Parrot Learning) ကတော့ မလွတ်မြောက်သေးပေ။ ၂၀၁၅ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရလက်ထက်တွင် ပညာရေး နယ်ပယ်ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းမှုများ ပြုလုပ်လာခဲ့သည်။ သို့သော် ပညာရေးဝန်ကြီးကို စစ်အစိုးရ တစ်ပိုင်းဖြစ် ခဲ့သော ဦးသိန်းစိန် အစိုးရလက်ထက် ဝန်ကြီး ဦးမျိုးသိမ်းကြီးအား ဆက်လက်တာဝန်ပေးခဲ့ခြင်းက NLD၏ ကြီးမားလှသော အမှားကြီး တစ်ခု ဖြစ်ခဲ့သည်။
၎င်းကဟန်ပြ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲများကို မြေပြင်သင်ကြားရေး ဆရာ၊ဆရာမ (အစိုးရဝန်ထမ်း) အနည်းငယ်နှင့် တက္ကသိုလ်ဘာသာရပ်ဆိုင်ရာ ဋ္ဌာနမှူးအဆင့်ရှိသူများနှင့်သာ ကျင်းပခဲ့ပြီး မူဝါဒများချမှတ်ခဲ့သည်။ အလွတ်သင် ပညာရေး နယ်ပယ်မှ ဆရာ၊ ဆရာမများ မပါဝင်ခဲ့ပေ။ ယင်းနောက် သက်ဆိုင်ရာ ဘာသာရပ်ဋ္ဌာနများမှ ဋ္ဌာနမှူးများ ဦးဆောင် ၍ အခြေခံ ပညာသင်ရိုးညွှန်းတန်းနှင့် သင်ရိုးမာတိကာတို့ကို ရေးဆွဲစေခဲ့သည်။(စကားချပ်-ရင်းနှီးသည့်ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးများ၏ ပြောစကားအရဆိုလျှင် ၎င်းရေးဆွဲသူအများစုသည် ဋ္ဌာနတွင်စာသင်ရာမှာလည်း မထူးချွန်၊ အတွေ့အကြုံမရှိ၊ အထက်အဆင့်ကို အလိုက်သင့်ဆက်ဆံ၊ ဖော်လံဖားနှင့်ရာထူးအဆင့်ဆင့်တိုးကာ နေရာရလာသူများဖြစ်သည်ဟုဆိုသည်။ ထိုသူများရေးဆွဲသော သင်ရိုးညွှန်းတန်းများနှင့် ကျောင်းသုံးစာအုပ်များကို အောက်ခြေဆရာ၊ဆရာမများအား မြေပြင်နှင့် ကုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ မဖြစ်မနေ သင်တန်းများပေး၍ သင်ကြားစေခဲ့သည့် စံနစ်သစ်ပညာရေး ဖြစ်သည်။ အခက်ခဲများနှင့် ပြဿနာများကတော့ အနမတဂ္ဂ။ စာသင်ခန်းတစ်ခန်း ကျောင်းသား(၆၀)ခန့်နှင့် ဆရာမတစ်ယောက်။ လုပ်ဆောင်သင်ကြားရမည့် လှုပ်ရှားမှုသင်ခန်းစာ (activities) များအတွက် ပရိုဂျက်တာ၊ကွန်ပျူတာ၊ ပုံ၊ ပန်းချီ၊စာအုပ်စာတမ်း စာကြည့်တိုက် စသည့်သင်ထောက်ကူ ပစ္စည်းများကမရှိ။ ဘတ်ဂျက်မရှိ။ ဆရာ၊ဆရာမများ လစာငွေမှ စိုက်သုံးစွဲနေရ။ အနိမ့်ဆုံး white board marker တောင်လုံလောက်အောင် မပေးနိုင်။ ကြိုးနီစနစ်နှင့်ခြစားမှုကလည်းအပြည့်၊ တချို့သော ကျောင်းအုပ်ကြီးများဆိုလျှင် ဆရာ၊ ဆရာမများကို နှစ်စတွင်တစ်ကြိမ်သာလျှင် (markerpen) ပေးပြီး၎င်း၏အထက်ကို တင်ပြသည့်ရသုံးငွေစာရင်းတွင် ထည့်သွင်းထားသည်။ အစိုးရဝန်ထမ်းဆရာ၊ ဆရာမများကလည်း ကျောင်းပြင်ပတွင် စာသင်ဝိုင်းများ ဖွဲ့၍သင်ကြားနေသည်မှာ တရားဝင်ခွင့်ပြုချက်ရထားသည့်ပမာ။ ၎င်းကျောင်းပြင်ပ စာသင်ဝိုင်းများသည် လှေကြီးပေါ်လှေငယ်ဆင့်နေသည့် မြန်မာပြည်ပညာရေးကိုဆက်လက် အသက်သွင်းပေးနေဆဲ ဖြစ်သည်။ ၎င်းစံနစ်ကို တောကျောင်းရော၊ မြို့ကျောင်းများပါကျင့်သုံးကြသည်။၁၉၈၂ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပညာရေးအက်ဥပဒေတွင် အစိုးရဝန်ထမ်းကျောင်းဆရာ၊ ဆရာမများ ကျူရှင်သင်လျှင် သို့မဟုတ် ပြသခွင့်လိုင်စင်မရှိဘဲ စာသင်ကြားလျှင် ဥပဒေအရထောင်ဒဏ် သုံးနှစ်နှင့် ဒဏ်ငွေသုံးသောင်း ပေးဆောင်ရန် ချမှတ်ထားသည်။ ၁၉၈၅ခုနှစ်ခန့်က ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦးအား ၎င်းဥပဒေဖြင့် အရေးယူခဲ့ဖူးသည်။ ၁၉၉၁ခုနှစ် နှောင်းပိုင်းတွင်လည်း ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် နိုင်ငံရေးလှုပ်ရှားသည့် ကျူရှင်ဆရာများကို ၎င်းဥပဒေဖြင့် အရေးယူခဲ့ဖူးသည်။ သို့သော် အစိုးရလစာစား၍ ကျောင်းပြင်ပတွင် မိမိစာသင်ခန်းမှ တပည့်များကို စာသင်ဝိုင်းဖွဲ့ကာ အခကြေးငွေယူ၍ အကြီးအကျယ် သင်ကြားနေသော ဆရာ၊ ဆရာမများကို NLD အစိုးရ လက်ထက်အထိ ပညာရေးဋ္ဌာနမှ ထိထိရောက်ရောက် အရေးယူမှုမရှိခဲ့ပေ။ သင်ကြားရေးတွင်လည်း ဆရာဗဟိုပြုသင်ကြားရေးအတိုင်းသာ သွားနေခဲ့သည်။ မည်သို့ပေဖြစ်စေကာမူ ပြည်သူ့အစိုးရအနေနှင့် ပညာရေးကိုအာရုံစိုက်လုပ်ဆောင်နေသည့်အတွက် အကောင်းဘက်သို့ဦးတည်နေသည့် သဘောတော့ရှိသည်။စာနယ်ဇင်းများကလည်း လွတ်လပ်စွာဝေဖန်ရေးသားခွင့်တစ်စိတ်တစ်ပိုင်းရှိနေသေး၍ ပညာရေးစံနစ်အပေါ်ဝေဖန် ထောက်ပြမှုများ ရှိနေသေးသည်။ ဤအပြုသဘောဆောင်သော လုပ်ရပ်များကပညာရေးစနစ်ကို အကောင်းဘက်သို့ ဦးတည်လှုပ်ရှားစေခဲ့သည်။ ဤလုပ်ဆောင်ချက်အားလုံးသည် ၂၀၂၁ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစ၍ အလုံးစုံပျက်သုန်းခြင်းသို့ ဆိုက်ရောက်တော့သည်။ ၁၉၈၈ခုနှစ် အာဏာသိမ်းစဉ်က ရပ်တန့်နေသောပညာရေးကို ၎င်းအဖွဲ့၏ အတွင်းရေးမှူး(၁)ဆိုသူ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ပြုပြင်ရန် ကြိုးစားခဲ့ဖူးသည်။ ၁၉၈၈ခုနှစ်က ရပ်တန့်နေခဲ့သော တက္ကသိုလ်ကျောင်းများ ၁၉၉၁ခုနှစ် စက်တင်ဘာလတွင် ပြန်လည်ဖွင့်လှစ်ကာ ၃လနှင့်စာမေးပွဲစစ်ကာ အတန်းတင်ပေးခဲ့သည်။အခြေခံပညာ အထက်တန်းကျောင်းများ ကိုလည်း ထိုကဲ့သို့ပင် အတန်းတင်ပေးခဲ့သည်။သို့သော် ၎င်းနှစ်ဒီဇင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရသည့်အပေါ် ရန်ကုန်တက္ကသိုလ်မှထောက်ခံဆန္ဒပြသည့်အတွက်ကျောင်းများပြန်ပိတ်ခဲ့ရသည်။ ၎င်းနောက်ပိုင်းအချိန်မှစ၍ ဗိုလ်ချူပ်ကြီးခင်ညွှန့်က ကျောင်းသားလှုပ်ရှားမှု မပေါ်ပေါက်ရေးအတွက် ပညာရေးစနစ်ကို အကွက်ကျကျစတင် ဖျက်ဆီးတော့သည်။ တက္ကသိုလ်ကျောင်းများကို မြို့ပြင်ထုတ်၊ ၎င်းတို့ကိုမဆန့်ကျင်လျှင်တတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ အတန်းတင်ပေးနှင့်ပညာမတတ် ဘွဲ့ရများဖြစ်အောင်ဖန်တီးခဲ့သည်။တက္ကသိုလ်ဝင်တန်း ကျောင်းသားအများစုသည် ပုံမှန်ဖတ်စရာမလို စာမေးပွဲနီးလျှင် ဘာသာရပ်ခြောက်ခုစလုံးအတွက် သေးငယ်သောစာလုံးများဖြင့် ရိုက်ထားသည့်(micro copy) ခေါ်ဘာဂျာခေါက်ပြုလုပ်နိုင်သည့် စာရွက်များကိုအစုံလိုက် ဝယ်ယူရရှိနိုင်သည်။ ၎င်းတို့ကို စာမေးပွဲခန်းထဲသို့ရောက်အောင် သွင်း၍ ကူးချကြသည်။ စာမေးပွဲပြီးချိန်တွင် ကျောင်းပတ်ဝန်းကျင် လမ်းမများထက်တွင် ဘာဂျာခေါက်စာရွက်များဖွေးဖွေး လှုပ်နေခဲ့သည်။ ရှက်ဖွယ်ကောင်းလှသည့် ပညာရေးစနစ်ကြီးဖြစ်ခဲ့ရသည်။ ပညာရေးလောကကြီးသည် ဘဘဗိုလ်ချုပ်ကြီး၏ လက်ညိုးထိုးဖျက်ဆီးချင်းကို ခံခဲ့ရသည်။၎င်းနောက်ပိုင်းမှစ၍ မြန်မာပြည်၏တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ပညာရေးတို့သည် အလုံးစုံ ပျက်သုန်းခဲ့တော့သည်။
“ဒါသင်၊ ဒါကျက်၊ ဒါမေး”ကြက်တူရွေးနှုတ်တိုက် ပညာရေး ဖြစ်ခဲ့သည်။ အတွေးအခေါ်၊ အသိပညာ၊ ဝေဖန်ဆန်းစစ်မှုတို့ ကွယ်ပျောက်ကာ “သည်။၏” မရွေးအလွတ်ကျက်ပညာရေး ဖြစ်ခဲ့သည်။ ပညာရေးနှင့် ပက်သက်သည့်ဥပဒေ နည်းဥပဒေများမည်သို့ပင်ရှိရှိ စစ်အစိုးရကို မဆန့်ကျင်လျှင် ဤဥပဒေများ အသက်မဝင်။ ဆန့်ကျင်လျှင်တော့ ကျောင်းသားဖြစ်စေ၊ဆရာ၊ ဆရာမဖြစ်စေ ဤဥပဒေများဖြင့် ငြိစွန်းတော့သည်။ ၁၉၉၃(ခန့်မှန်း)ခုနှစ်ခန့်က တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေစဉ် အင်းစိန်မြို့နယ်မှ ကျောင်းသားတစ်ဦး အဖြေလွှာပေါ်တွင် အစိုးရနှင့်ငြိစွန်းသော အချက်အလက်များ ရေးသားခဲ့သည့်အတွက် အင်းစိန်ထောင်သို့ပို့ကာ အကျဉ်းချခဲ့ဖူးသည်။ အသက်မပြည့်သေးသည့် အထက်တန်းကျောင်းသားတစ်ဦးကို ပညာရေးနှင့် သက်ဆိုင်သည့်ဥပဒေ၊ စည်းကမ်းများနှင့် အရေးမယူဘဲ ဖမ်းဆီးထောင်ချခြင်းသည် ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်ပင် ဖြစ်သည်။
ယခုလည်း ဤခေတ်ကာလမျိုးသို့ ပြန်လည် ရောက်ရှိရန် တာစူနေသည့်အချိန် ဖြစ်လာခဲ့ပြီ။ပထမ ကိုဗစ်ကာလမှစတင်ကာ စစ်အာဏာသိမ်းခဲ့သည့် ယခုအချိန်ထိစာသင်ကျောင်းများ ပိတ်ထားရသည်။ ဤတွင်ပြဿနာကား မူလတန်းအောက်ဆင့်နှင့် မူကြိုကလေးများပင်ဖြစ်သည်။ အရွယ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုကိုလိုက်၍ တွေးခေါ်စဉ်းစားနိုင်မှု ညာဏ်ရည်၊ဆင်ခြင်သုံးသပ်နိုင်မှု ညာဏ်ရည်၊ အများနှင့်ပူးပေါင်းဆောင်ရွက်မှုများ စသည်တို့အတွက် သင်ကြားပြသမှု၊ လက်တွေ့ဆောင်ရွက်မှုများကို လုပ်ဆောင်ကြရသည်။ ဤမျိုးဆက်အတွက် အရွယ်လိုက်သင်ကြားမှု၊ သင်ယူမျုများ ပျောက်ကွယ်နေသည်မှာ နှစ်နှစ်ခန့်ပြည့်ရော့မည်။
အမြော်အမြင်ရှိသော ကုစားမှုမျိုး ပြုပြင်ပြောင်းလဲမှုမျိုး မပြုလုပ်နိုင်လျှင် ၎င်းတို့၏အနာဂတ်ကို ထိပါးပေတော့မည်။နဝတလက်ထက် ပညာရေး၏ ဆိုးကျိုးများကို ၎င်းမျိုးဆက်တို့ ခံစားခဲ့ရသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ အခြားသော နိုင်ငံများမှ ကလေးများနှင့်နှိုင်းယှဉ်လျှင် အရာရာနောက်ကျနေသော မျိုးဆက်များ ပေါ်ထွန်းလာခဲ့သည်။ ဤမျိုးဆက်တို့သည် အလွတ်ကျက် ပညာရေးနှင့် အသားကျကာ ဉာဏ်စမ်း (Concept ကို မိမိကိုယ်ပိုင်အသိနှင့် တွေးတောစေသည့်မေးခွန်း) များဆိုလျှင် ကြောက်လန့်နေသောသူများ ဖြစ်လာခဲ့သည်။ အတွေးအခေါ်နှင့် အသိပညာတို့အပေါ် မူတည်၍ ရှင်သန်ရသော ခေတ်ကြီးတွင် ဤမျိုးဆက်၏အနာဂတ်သည် မလှမပဖြစ်လာနိုင်သည်။ သည့်အတွက် တိုင်းပြည်ငြိမ်းချမ်း၍ ပြည့်သူ့အစိုးရ ပြန်လည်အုပ်ချုပ်သည့်အချိန်တွင် ပညာရေးကိုပြန်လည်ကောင်းမွန်အောင် ကုစားမည်ဆိုပါကသင်ကြားမှု လစ်ဟာခဲ့သော မူကြို(KG)နှင့် မူလတန်းအောက်အဆင့်မျိုးဆက်များ၏ပညာရေးအတွက် ဆောင်ရွက်ရမည့်အလုပ်သည် အလွန်အရေးပါလှပြီး ဦးစားပေးဆောင်ရွက်ရမည့် အလုပ်ဖြစ်ပေတော့သည်။
ဒီသစ်