ယုံကြည်မှုလေး ငါးဆယ်ဖိုးလောက်

တစ်နေ့ ။ အသိတစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်ရင်း ပညာရေးအကြောင်းပြောဖြစ်ကြတယ်။ သူက အတော်ပဲ ဆရာရေ ။ ဆရာနဲ့တိုင်ပင်ရဦးမယ်။ ကျွန်တော့် သမီးက အခုပြဿနာတက်နေတယ်ဆရာ။ သမီးက ကျောင်းရယ် ၊ ကျူရှင်ရယ် ၊ ဂိုက် (Guide) ရယ် သုံးယောက်ကြားမှာ ဗျာများနေတယ်။ ကျောင်းက ဆရာမက တစ်မျိုးသင်တယ်။ အဲ့ဒီဆရာမဆီမှာပဲ ကျူရှင်ပြန်တက်တော့ ဆရာမက ကျောင်းထက်ကျောအောင် နောက်တစ်မျိုးကို ကြိုသင်တယ်။ အိမ်ကိုရောက်တော့ သူ့ဂိုက်က ကျောင်းနဲ့ ကျူရှင်ထက်သာအောင် ထပ်သင်တယ်။ ကျောင်းကသင်တဲ့စာရယ် ၊ ကျူရှင်ကပေးတဲ့စာရယ် ၊ ဂိုက်ကပေးတဲ့စာရယ် လုံးလည်ချာလည် လိုက်နေတယ်ဆရာရယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲတဲ့ ။

ကျွန်တော်လည်း စဉ်းစားရအတော်ကြပ်သွားတယ်။ အစ်ကိုပြောတဲ့အတိုင်းဆို တစ်ခုခုကို ဖြုတ်မှရမယ်ဗျ။ နို့မို့ဆို ကြာရင်ကလေး ဒုက္ခရောက်သွားလိမ့်မယ်။ ဆယ်တန်းဆိုတာ အဲ့လောက်ဗျာများရင် ဆရာများသားသေ ဖြစ်သွားတတ်တယ်ဗျဆိုတော့ သူပြန်ပြောတဲ့စကား ကျွန်တော် လန့်သွားတယ်။ ဆယ်တန်းမဟုတ်ဘူးဆရာ ။သူငယ်တန်းပါတဲ့။

ဝန်နဲ့အား ၊လေးနဲ့မြားဆိုတဲ့စကား ကျွန်တော်တို့ မြန်မာစကားမှာရှိပါတယ်။ သူ့အတန်းနဲ့သူ့အရွယ် ၊ သူ့အိုးနဲ့သူ့ဆန် တန်ခါမှပေါ့။ အတန်းကသာ မူလတန်း ။ ရေးစရာ အိမ်စာတွေကများ၊ ကျက်စရာစာတွေက တက္ကသိုလ်ဝင်တန်းပုံစံ။ ဘယ်မှာလဲ ကလေးတွေအတွက် ဗလငါးတန်။ မျက်စိနှစ်လုံး စပွင့်ကတည်းက ကျောင်း ၊ ကျူရှင်။ ကြာတော့ ကလေးရဲ့အိမ်စာကို မိဘက ဝိုင်းရေးပေးရတဲ့ အခြေအနေတွေ ရောက်ကုန်ရော။

ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးအခြေအနေဟာ အဲ့ဒီလို အခြေအနေမှာရောက်နေပါပြီ။ တစ်ခါတစ်ရံ ရှိတတ်ပါသေးတယ်။ ကျောင်းကအတန်းပိုင်ဆရာမနဲ့ လက်ကြိတ်ထိုးပြီး အဆင့်တစ်ကို လုယူနေကြတာတွေ။ တောဆိုလည်း တောကျောင်းအလျောက် ၊ မြို့ဆိုလည်း မြို့ကျောင်းအလျောက် လက်ဆောင်ပဏ္ဏာတွေပေးပြီး အဆင့်တစ်ကို လုနေလိုက်ကြတာ။ တစ်ခါတလေ အံ့သြစရာကောင်းတာက စာသင်ခန်းတစ်ခန်းထဲမှာ အဆင့်တစ်က နှစ်ယောက်ဖြစ်နေတော့တာပါပဲ။

ကျွန်တော်တို့နိုင်ငံက မိဘတွေပညာရေးကိုအားပေးတာတော့ ကိုးရီးယားနိုင်ငံနဲ့ခပ်ဆင်ဆင်တူပါတယ်။ ကိုရီးယားနိုင်ငံဟာ အခြားနိုင်ငံတွေထက် စာသင်ရတာ ပိုများပါတယ်။ မိဘတွေဟာ သားသမီး ပညာရေးအတွက် သူတို့ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်း ၊ ၂၅ ရာခိုင်နှုန်းလောက် သုံးကြပါတယ်။ ပညာရေးနဲ့ ပတ်သက်တာကို မိဘက အစစအရာရာ လုပ်ဆောင်ပေးတယ်။ ကျောင်းချိန်တွေကလည်း မနက် (၉) ညနေ (၅) အထိသင် ။ ပြီးရင် ဟတ်ဝမ်လို့ခေါ်တဲ့ ကျူရှင်ကို ၅နာရီကနေ ၁၀နာရီအထိ ထပ်တက်ရပြန်တယ်။ ဒီအချက်တွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံက မိဘတွေလုပ်ကိုင်တဲ့ပုံစံနဲ့ အတော့်ကို တူပါတယ်။
မတူတာက ရလဒ်နဲ့ အခွင့်အလမ်းပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ ဆယ်တန်းဆိုအတန်းဟာ စာအလွန်ကျက်ရတဲ့ အတန်းပါ။ ဒါပေမဲ့ ခပ်သာခပ် ရေမပါ ။ ကျက်သာကျက် မရေရာဆိုသလိုပါပဲ။ စာမေးပွဲအောင်စာရင်းထွက်လာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့မှ ၃၅ – ၃၆ ရာခိုင်နှုန်းကို ဖျစ်ဖျစ်မြည်ပါ။ ဒါတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပြောတာပါ။ အားမနာတမ်းပြောရရင် အောင်ချက်(ဝ%)ကျောင်းတွေတောင် ရန်ကုန်မြို့ပေါ်မှာ ရှိနေပါသေးတယ် ။ ပြည်နယ်တွေဆို စဉ်းစားသာကြည့်ပါတော့လေ။

ဘွဲ့ရတော့လည်း အလုပ်အကိုင်က ရတဲ့ဘွဲ့နဲ့လုပ်တဲ့အလုပ်နဲ့က တစ်ခြားစီ။ အင်ဂျင်နီယာက ဗေဒင်ဆရာဖြစ်၊ ဆရာဝန်က ကျူရှင်ဆရာဖြစ်နဲ့ ဘယ်မှာလဲ သင်ယူထားတဲ့ပညာနဲ့ ရလာတဲ့ အလုပ်အကိုင် အခွင့်အလမ်း။ စာပြန်သင်နေပါတယ်ဆိုတဲ့ ကျောင်းဆရာ ၊ ဆရာမတွေတောင် ရထားတဲ့အထူးပြုဘွဲ့က ဓာတုဗေဒ ။ ကျောင်းမှာတကယ်သင်နေရတာက ဘောဂဗေဒ။ ဘယ်မှာလဲ တတ်ထားတဲ့ပညာနဲ့ လုပ်စားရမဲ့ အခွင့်အလမ်း။

ပညာတတ်ဆိုတာကြီးကို တစ်ခါတစ်ရံ ဝင်ငွေနဲ့ချိန်ထိုးကြည့်တဲ့အခါ တကယ့်ကိုရီစရာပါ။ ကျောင်းဆရာ ၊ ဆရာမတစ်ယောက်ရဲ့ လစာဟာ သာမန်အလုပ်ကြမ်းသမားတစ်ယောက်ရဲ့ ဝင်ငွေကို မမီပါဘူး။ ဒါဆို ပညာနဲ့လုပ်စားပြီး ကြီးပွားချမ်းသာနေသူတွေ မရှိကြဘူးလားဆိုရင် ရှိပါတယ်။ ဒါပေမဲ့ ရတဲ့ဘွဲ့နဲ့ လုပ်စားသူအရေအတွက်ဟာ မပြောပလောက်ပါဘူး။ ပညာဆိုတာ ဆင်းရဲသားတို့အတွက်ထွက်ပေါက် ၊ ချမ်းသာသူတို့အတွက်အုတ်မြစ်ပါ။ ဒါဟာလည်းတစ်ကမ္ဘာလုံးနဲ့ယှဉ်ကြည့်ရင်မှန်ပါတယ်။ ကျွန်တော်တို့တစ်နိုင်ငံထဲကြည့်ရင်တော့ မေးစရာမေးခွန်းတွေ မြောက်မြားစွာရှိနေမှာ အသေအချာပါ။

အချို့မိသားစုတွေမှာဆို ဘွဲ့မရသေးလို့ ကျောင်းထားပေးနေရတဲ့ကျောင်းသားရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရတဲ့အပြင် ဘွဲ့ရ အလုပ်မရှိတွေကိုပါ တင်ကျွေးထားရပါသေးတယ်။ကျောင်းလေးပြီးလို့ အားကိုးရမလားမှတ်တယ်။ အလုပ်ကမရှိ။ ရှေ့လူက ဘွဲ့ရအလုပ်မရှိဖြစ်နေတော့ နောက်လူကိုလည်း ကျောင်းသာထားနေရတာ မျှော်လင့်ချက်က ခပ်ရေးရေး။ ပညာတတ်မှ ဖြစ်မယ်ဆိုတဲ့စကားကိုတောင် ဥပမာဆောင်ပြီး ခပ်ရဲရဲ မပြောရဲတဲ့ အခြေအနေ။ မိဘတွေနေရာက ခံစားကြည့်ပြန်တော့လည်း ရင်းနှီးထားတဲ့ငွေကြေးတွေက တောင်လိုပုံနေပြီး မျှော်လင့်ချက်ကျတော့ ပင်လယ်ပြင်လို ကမ်းမမြင် လမ်းမမြင်ပါပဲ။ ဒါပေမဲ့ ပညာတတ်မှ ဖြစ်မယ်ဆိုတဲ့ အသိစိတ်ကိုလည်း ဘယ်မိဘမှ မတွန်းလှန်နိုင်ပါဘူး။ နောက်ဆုံးတော့ ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးကို မိဘတော်တော်များများက မယုံရဲတော့ပါဘူး။ ပညာရေးစနစ်ပြိုလဲခြင်းအစလို့တောင်ဆိုနိုင်ပါတယ်။

ပညာရေးစနစ်ပြိုလဲခြင်းအစလို့ဘာကြောင့်ပြောနိုင်သလဲဆို မြန်မာနိုင်ငံကရတဲ့အချို့သောဘွဲ့တွေကို နိုင်ငံတော်တော်များများက အသိအမှတ်မပြုတော့ပါဘူး။ မြန်မာနိုင်ငံမှာ 1 to 10 ဝင်တဲ့ကလေးတွေဟာ သူတို့တက်ချင်တဲ့ နိုင်ငံခြားတက္ကသိုလ်တွေကိုဝင်ခွင့်ရဖို့မလွယ်ကူပါဘူး။ ဘွ့ဲရ အလုပ်လက်မဲ့ ပြဿနာ၊ ဘွဲ့သာရသွားပြီး ပထဝီနဲ့ပတ်သက်ပြီး တစ်လုံးမှမသိ ၊ သမိုင်းနဲ့ပတ်သက်ပြီး တစ်ပဒမှ မပြောနိုင်တဲ့ ဘွဲ့ရ ၊ ဒီကိစ္စတွေအားလုံးဟာ အမှိုက်ကစ ပြဿဒ်မီးလောင်ခြင်းပါပဲ။

ကျွန်တော်တို့နိုင်ငံက သမ္မတကြီးတစ်ယောက်ပြောသွားဖူးပါတယ်။ ပညာရေးဆိုတာ ပြန်မရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုပါတဲ့။ ဒီစကားဟာ ယုံကြည်မှုနည်းနေတဲ့မိဘတွေကို ယုံကြည်မှုမဲ့သွားအောင်၊ ကျောင်းသားတွေကိုကျတော့ ပညာရေးကို လုံးဝစိတ်မဝင်စားအောင် လုပ်လိုက်တာပါပဲ။ တကယ်တော့ ပြန်မရနိုင်တဲ့ ရင်းနှီးမြှပ်နှံမှုလို့ပြောခဲ့သူတွေကပဲ ဒီပညာရေးကို စနစ်တကျဖျက်ဆီးခဲ့တာပါ။ စာပေသင်ကြားခြင်းဟာ အသုံးမဝင်ဘူးဆိုတဲ့ပုံပေါက်အောင် နှစ်ပေါင်းများစွာ ဖန်တီးထားခဲ့တဲ့ အကျိုးဆက်က ကိုယ့်နိုင်ငံရ့ဲ လူသားအရင်းအမြစ်ကိုသင်းသတ်လိုက်တာပါပဲ။

အခုလာပြန်ပါပြီ KG+12 ပညာရေးစနစ်။ နောက်ဆုံး Grade 12 ပြီးဆုံးသွားရင် ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို ဝင်ခွင့်ဖြေပြီး တက်ရပါမယ်။ ဒါတောင်G 10,11,12 သုံးတန်းစလုံး Grade A ရဦးမှပါ။ ပညာရေးစနစ်တစ်ခုပြောင်းတိုင်း ပြောင်းတိုင်း ကျောင်းသားတွေဟာ အစမ်းသပ်ခံတွေပါပဲ။ စာမေးပွဲ ရှိတယ် မရှိဘူးဆိုတဲ့ ပြဿနာ ။ ငါတို့က အသက်အရွယ်ရပြီ ၊ ခုမှသင်နည်း မပြောင်းနိုင်တော့ဘူးဆိုတဲ့ ပင်စင်နီး ဆရာကြီး ၊ ဆရာမကြီးတွေကိစ္စ ။ KG ကလေးတွေထားဖို့ နေရာထိုင်ခင်း ၊ ကျောင်းသား ပမာဏနဲ့ ဆရာ ၊ဆရာမ အရေအတွက် တွေ လောက်ငှ နေပါပြီလား။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ ထဲထဲဝင်ဝင် မြင်စေ သိစေချင်ပါတယ်။ ဆင်သွားရင်လမ်းဖြစ်တာပဲဆိုတဲ့ အကျင့်တွေကိုဖယ်ပြီး ပကတိမြေပြင်အခြေအနေတွေကို သိကိုသိနေရပါမယ်။ ဒါမှသာ ပညာရေးစနစ်ပြောင်းလဲသွားသလို ကျောင်းသားတွေရဲ့ အရည်အသွေးလည်း ပြောင်းလဲသွားမှာပါ။ လူကြီးမင်းတို့ ပညာရေးစနစ်ကြီး အောင်မြင်ဖို့ဆို ပြုစုပျိုးထောင်ပေးနေရတဲ့ မိဘတွေရဲ့ ရင်ထဲကိုလည်း ယုံကြည်မှုလေးနည်းနည်းလောက်ထည့်ပေးစေချင်ပါသေးတယ်ခင်ဗျာ။

တက်လူအိမ်