အာဏာသိမ်းကာလအလွန် ထိုင်းအစိုးရများ၏ ပညာရေးအတွက် ဆောင်ရွက်မှုများနှင့် မြန်မာ့ပညာရေးနှိုင်းယှဉ်ချက်

အာဏာသိမ်းလျှင် တိုင်းပြည်ထိခိုက်မည့်အရေး ကြိုတွေးလျက် ၁၉၅၈ခုနှစ်ကဝန်ကြီးချုပ်ဦးနုသည် တိုင်းပြည် အာဏာကို စစ်တပ်၏ လက်ထဲသို့ အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းပုံနှင့်အညီ ထည့်ပေးခဲ့သည်။ အာဏာ၏ အရသာကို သိရှိသွားသောစစ်တပ်သည်ထို အချိန်မှစ၍ အာဏာသိမ်းခြင်းအမှုကိုအခါသင့်တိုင်း ဆောင်ရွက် တော့သည်။ ၁၉၆၂ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်တပ်က ပထမဆုံးအကြိမ်အာဏာ သိမ်းခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်ဖြင့် ၂၆နှစ်အုပ်ချုပ်ခဲ့သည်။ ၁၉၈၈ခုနှစ်လူထုအုံကြွမှု ဖြစ်ပြီးနောက် ဗိုလ်ချုပ်စောမောင်ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမည်ဖြင့် ဒုတိယအကြိမ် အာဏာသိမ်းခဲ့သည်။ တိုင်းပြည်၏အာဏာကို စစ်တပ်ကရေရှည်ထိမ်းသိမ်းနိုင်ရန် ရည်စူး၍ ၂၀၀၈ဖွဲ့စည်းပုံကို ရေးဆွဲခဲ့ပြီး ၂၀၁၀ခုနှစ်တွင် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးခဲ့သည်။

၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်  NLDပါတီမှ လစ်လပ်နေရာ အားလုံးနီးပါးတွင် အနိုင်ရခဲ့သောအခါ ၎င်းတို့၏ နိုင်ငံရေးအာဏာအတွက် ပြန်လည်စိုးရိမ်လာခဲ့သည်။ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLDပါတီမှ အစိုးရဖွဲ့နိုင်သည့် မဲအရေအတွက်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ စစ်တပ်အနေဖြင့်အာဏာသိမ်းရန် ကြိုတင်ပြင်ဆင်လာခဲ့ပုံရသည်။ ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLDပါတီကတောင်ပြိုကမ်းပြိုအနိုင်ရ ပြီးအစိုးရဖွဲ့ရန် ပြင်ဆင်သည့်အချိန်တွင် စစ်တပ်က တတိယအကြိမ် အာဏာသိမ်းခဲ့တော့သည်။

ဤသို့အာဏာသိမ်းပြီးသည့် အချိန်တိုင်းတွင် တိုင်းပြည်၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေးစသော အရေးကြီး သည့် ကဏ္ဍတို့တွင် ကြီးကြီးမားမား ဆုတ်ယုတ်သွားခဲ့သည်။   အထူးသဖြင့်ပညာရေးနယ်ပယ်၏ ဆုတ်ယုတ်မှုက တိုင်းပြည်၏ဖွံဖြိုးမှုတွင် ကြီးစွာသောအတားအဆီးဖြစ်လာခဲ့သည်။ သုံးကြိမ်မြောက်အာဏာသိမ်းပြီးနောက်တွင် ပညာရေးနယ်ပယ်သည် အလုံးစုံပျက်သုန်းခဲ့တော့သည်။ ဤနေရာတွင် အိမ်နီးချင်းထိုင်းနိုင်ငံ၏ အခြေအနေနှင့် နှိုင်းယှဉ် ကြည့်နိုင်ပါသည်။ ထိုင်းနိုင်ငံသည်(၁၉၃၅)ခုနှစ်မှစ၍ အာဏာသိမ်းမှု(၁၈)ကြိမ် ဖြစ်ပွားခဲ့သည်။ အောင်မြင်သည့် အာဏာသိမ်းမှုက(၁၁)ကြိမ်နှင့် မအောင်မြင်သည့် အာဏာသိမ်းမှုက (၇)ကြိမ် ဖြစ်ပွားခဲ့သည်။ အာဏာသိမ်းမှုများကြောင့် ထိုင်းနိင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး နယ်ပယ်များတွင် ဆုတ်ယုတ်မှု၊ နှောင့်နှေးမှုများကတော့ ရှိခဲ့သည်။ သို့သော် မြန်မာပြည်၏ အာဏာသိမ်းလွန်ခေတ် ကာလများ၏ နှောင့်နှေးမှုများ နှင့်နှိုင်းယှဉ်လျှင် အတော်ကွာခြားသည်။ စီးပွားရေးနှင့် ပညာရေးနယ်ပယ်များ၏    ဖွံ့ဖြိုးမှုက မြန်မာနိုင်ငံထက် သာလွန်သည်။ အထူးသဖြင့် ပညာရေးနယ်ပယ်တွင် အလွန်ကွာခြားသည်။   လွတ်လပ်ရေးရပြီးချိန် ၁၉၄၈ခုနှစ်မှ ၁၉၅၈ခုနှစ်ကာလအတွင်း မြန်မာ့ပညာရေးသည် အရှေ့တောင်အာရှတွင်  ထိပ်တန်းစာရင်း ဝင်ခဲ့သည်။ ထိုကာလက ရန်ကုန်တက္ကသိုလ်သည် အခြားနိုင်ငံများမှ ကျောင်းသားများပင်လာရောက် သင်ယူခဲ့ရသော အဆင့်မြင့်တက္ကသိုလ်ကြီး ဖြစ်ခဲ့သည်။ ၁၉၆၂ခုနှစ်နောက်ပိုင်းတွင် မြန်မာ့ပညာရေးသည် မဖွံဖြိုးသော်လည်းဆိုး ဝါးသောအခြေအနေသို့ မရောက်ရှိသေးပေဟု ဆိုနိုင်သည်။ ပညာရေးအတွက် အစိုးရ၏အသုံးစရိတ်သည် မများလှသော်လည်း ကိုလိုနီနောက်ပိုင်းနှင့် ပြည်သူ့အစိုးရခေတ်၏ အမွေအနှစ်ပညာတတ်များနှင့် အကျိုး ဆက်များက ကျန်ရှိနေသေးသည်။ တံခါးပိတ်ဝါဒ ခေတ်တစ်လျှောက်လုံးတွင် သင်ကြားမှု၊သင်ယူမှုများက ခေတ်မမှီသော်လည်း ပညာရေးအဆင့်သည် အလွန်အမင်းနှိမ့်ကျသည့် အခြေအနေသို့မရောက်သေးပေ။ ၁၉၈၈ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် မြန်မာ့ပညာရေးသည်အဆိုးဆုံးဖြစ်သွားခဲ့သည်။

သင်ကြားမှု၊ သင်ယူမှုပုံစံက ဆရာဗဟိုပြုသင်ကြားမှုဖြစ်ခဲ့ပြီး စာမေးပွဲ ဦးတည်သင်ကြားရေး သက်သက် သာဖြစ်ခဲ့သည်။ အစိုးရ၏ပညာရေးအတွက် အသုံးစရိတ်က ကာကွယ်ရေး အသုံးစရိတ်၏ အစွန်းထွက်မျှသာ။

၁၉၆၂ ခုနှစ်နှောင်းပိုင်းနှင့် ၁၉၈၈နောက်ပိုင်းကာလများတွင် ပညာရေး စံနစ်မတည်ငြိမ်မှုများကလည်း အလွန်ဆိုးရွားသည်။ အခြေခံပညာအထက်တန်းအဆင့်တွင် ဘာသာရပ်အားလုံး အင်္ဂလိပ်စာဘာသာရပ်မှလွဲ၍ မိခင်ဘာသာစကားနှင့် သင်ကြားခဲ့သည့်ကာလများ ရှိသလိုမြန်မာစာမှလွဲ၍ အင်္ဂလိပ်လိုသင်ကြားရသောကာလ များလည်းရှိခဲ့သည်။ ကြားခံဘာသာစကား၏ အခက်ခဲကြောင့် ကျောင်းသားကျောင်းသူများအတွက် နုတ်တိုက်အလွတ်ကျက်    ပညာရေးသာ ဖြစ်ခဲ့သည်။ ၂၀၁၅ခုနှစ် NLDပါတီရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ပညာရေးပြုပြင်ပြောင်းလဲရန် ကြိုးစားလာခဲ့သည်။ သို့သော်ပညာရေးအတွက် အသုံးစရိတ်က ထူးထူးခြားခြား မတိုးတက်ခဲ့ပါ။ ထို့ပြင် NLD အစိုးရရွေးချယ်ခဲ့သော ပညာရေးဝန်ကြီး၏ လုပ်ဆောင်ချက် အလွဲများကလည်း ပညာရေး ဖွံဖြိုးမှုအတွက် အတားအဆီးများ ဖြစ်ခဲ့သည်။ ကြားခံဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာအတွက် (Native Speaker)များကို အချို့သောဒေသများတွင် (ဥပမာမကွေးတိုင်း) လက်ခံ၍သင်ကြားစေရန် ကြိုးပမ်းမှုများ ရှိလာခဲ့သည်။ ဤကြိုးပမ်းမှုသည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ကောင်းသော လုပ်ဆောင်ချက်ပင် ဖြစ်သည်။ သို့သော် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ (၁)ရက်အာဏာသိမ်းမှုမှစ၍ မြန်မာ့ပညာရေးသည် လုံးဝရပ်ဆိုင်း၍ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ (ဤသည်ကသုံးကြိမ်မြောက် အာဏာသိမ်းပြီးနောက် မြန်မာ့ပညာရေးအခြေအနေ ဖြစ်သည်။)

ထိုင်းနိုင်ငံတွင်၁၉၃၂ခုနှစ်က ၆လကြာ နိုင်ငံရေးအကြပ်အတည်းများ ဖြစ်ပွားပြီးနောက် ပထမဦးဆုံးအကြိမ် အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။ အနောက်တိုင်းပုံစံ စည်းမျဉ်းခံဘုရင်စံနစ်ကို ၁၉၃၂ခုနှစ်တွင် စတင် ကျင့်သုံး ခဲ့သည့် အချိန်မှစ၍ တော်ဝင်ထိုင်းဘုရင်တပ်မတော်က အာဏာသိမ်းမှုကို ကြိုးပမ်းလာခဲ့သည်မှာ ယခုဆိုလျှင် (၁၈)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။ ဗိုလ်ချုပ် ပရာရွတ်ချန်အိုချာ ဦးဆောင်သော ထိုင်းတော်ဝင်ဘုရင့် တပ်မတော်(RTA)က ၂၀၁၄ခုနှစ်မေလ ၂၂ရက်နေ့တွင် (၁၈) ကြိမ်မြောက် အာဏာသိမ်းမှုကို ပြုလုပ်ခဲ့သည်။ အာဏာသိမ်းမှုဖြင့်စတင်ခဲ့သော ထိုင်းဒီမိုကရေစီသည် အမည်ခံမှုသာဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံ၏နိုင်ငံရေးသည် စစ်ဗိုလ်ချုပ်များ၊ ဗျူရိုကရက်များနှင့် အခွင့်ထူးခံလူတန်းစားအသစ် အဟောင်းတို့အကြား တိုက်ခိုက်ကြသော ကြိုးဝိုင်းတစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့သည်။စစ်တပ်သည် နိုင်ငံရေးတည်ငြိမ်မှုအတွက် အသုံးချသည့် လက်နက် တစ်ခုဖြစ်လာခဲ့သည်။ နိုင်ငံရေးသမားများ၊ဗျူရိုကရက်များ၊ သြဇာရှိသောကုန်သည်များ၊ ညှိနှိုင်းရေးခေါင်းဆောင်များ၊ စစ်တပ်အကြီးအကဲများအကြား စေ့စပ်ညှိနှိုင်းခြင်းသည် အာဏာသိမ်းပြီးနောက် ယာယီနိုင်ငံရေး တည်ငြိမ်မှုကို ပြန်လည်တည်ဆောက်ရန် လုပ်ငန်းစဉ်တစ်ခုဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း စစ်တပ်က အာဏာသိမ်းပြီးတိုင်း ယင်းကဲ့သို့ အမည်ခံစေ့စပ်ညှိနှိုင်းရေးမျိုး လုပ်ဆောင်ခဲ့သည်။ ပြီးလျှင် ညှိနှိုင်းရေး ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများကို ဘေးဖယ်ထားခဲ့ကြသည်။ သို့သော် တိုင်းပြည်၏အချိန်အများစုသည် စစ်အစိုးရ၏အုပ်ချုပ်မှုကို ခံခဲ့ရသည်။ ယခုအချိန်အထိ ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၈)ခုရှိခဲ့သည်။ သို့သော်အစိုးရအဖွဲ့၏ အခြေခံတည်ဆောင်မှု ပုံသဏ္ဍန်က မပြောင်းလဲခဲ့ပဲ ကျန်ရှိခဲ့သည်။ သို့သော်လည်း များစွာသော အာရှတိုင်းပြည်များနှင့်ယှဉ်လျှင် ထိုင်းနိုင်ငံသည် တည်ငြိမ်သောဘဏ်စံနစ်၊ ခေတ်မှီ ကိုယ်ပိုင် စက်ရုံများ၊ အောင်မြင်ဖြစ်ထွန်းသောခရီးသွားလုပ်ငန်း၊ ပညာတတ် တိုးတက်သောလူတန်းစား များ၊အောင်မြင်သောဒီမိုကရေစီ တည်ဆောက်ရေးဖန်တီးရှင်များနှင့် အတူနှိုင်းယှဉ်ချက်အရ ချမ်းသာသော နိုင်ငံ တစ်ခုဖြစ်ခဲ့သည်။ အကြိမ်များစွာ အာဏာသိမ်းမှုများ နောက်ပိုင်းတွင် ထိုင်းပညာရေးသည် ဆုတ်ယုတ်မသွားပဲ တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ မြန်မာ့ပညာရေး၏ဖွံဖြိုးတိုးတက်မှုနှင့် ပြောင်းပြန်ဖြစ်ခဲ့သည်။ တည်ငြိမ်သော ဘဏ်စံနစ်နှင့် ဖွံဖြိုးသောစီးပွားရေးအောက်တွင် ထိုင်းပညာရေးသည် မရပ်တန့်ခဲ့။အစဉ်အဆက်အုပ်ချုပ်ခဲ့သော အာဏာသိမ်းအစိုးရများ၊ ရွေးကောက်ခံအစိုးရများသည် ပညာရေးအတွက် အသုံးစရိတ်ကို မလျော့ချခဲ့ကြ။

အထူးသဖြင့် ထိုင်းဘုရင်အစဉ်အဆက်နှင့် အာဏာသိမ်းစစ်တပ်တို့သည် ပညာရေးအပေါ်တွင် အလေးထား ဆောင်ရွက်ခဲ့သည့်ရာဇဝင်ရှိသည်။ (1800)ခုနှစ်(နှောင်းပိုင်းကာလ)များက အမြော်အမြင်ရှိသော ထိုင်းဘုရင် ချူလောင်လာကွန်းစတင်လုပ်ဆောင်ခဲ့သော အလုံးစုံပညာရေးပြုပြင်ပြောင်းလဲရေး ပုံဖော်သကဲ့သို့ထိုင်းနိုင်ငံ နိုင်ငံရေးသည်ပညာရေးအပေါ်တွင် အလွန်လွမ်းမိုးမှုရှိခဲ့သည်။ သည့်နောက်ပိုင်း အာဏာသိမ်းမှုများတွင်လည်း အာဏာသိမ်းစစ်တပ်တို့၏ ထုံးစံအတိုင်းရုပ်ရှင်နှင့်ရုပ်မြင်သံကြားတို့တွင် စစ်တပ်ထောက်ခံသည့်အကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့် ပြသခဲ့ကြသည်။ ကျောင်းသင်ရိုးများတွင်လည်းစစ်တပ်ကြွေးကြော်သံ များထည့်သွင်းခဲ့ကြသည်။ သို့သော်ပညာရေးနယ်ပယ်ကို လျစ်လျူမရှုခဲ့ကြ။ပညာရေးအသုံးစရိတ်ကို မလျော့ခဲ့ကြပေ။ သည်နေရာတွင် အလျင်းသင့်၍မြန်မာ့ပညာရေးအတွက် အသုံးစရိတ်ကို ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံအချို့၏ အသုံးစရိတ်နှင့်နှိုင်းယှဉ်ပြပါမည်။

(၁)          မြန်မာ (၂၀၁၉ခုနှစ်)                        10.46%  (အစိုးရအသုံးစရိတ်တစ်ခုလုံး၏)

(၂)           သြစတေးလျ (၂၀၁၇ခုနှစ်)                13.6%                   (    ။    )

(၃)          တရုတ် (၂၀၁၉ခုနှစ်)                        14.6%               (    ။    )

(၄)          အာဖဂန်နစ္စတန်   (၂၀၁၇ခုနှစ်)             15.7%                 (    ။    )

(၅)          ဘူတန် (၂၀၁၈ခုနှစ်)                        22.8%               (    ။    )

(၆)          အီသီယိုးပီးယား   (၂၀၁၅ခုနှစ်)           27.1%            (    ။    )

(၇)          အိန္ဒိယ (၂၀၁၃ခုနှစ်)                         14.1%                   (    ။    )

(၈)          အင်ဒိုနီးရှား (၂၀၁၅ခုနှစ်)                   20.5%                   (    ။    )

(၉)          စင်္ကာပူ  (၂၀၁၃ခုနှစ်)                        28.8%                   (    ။    )

(၁၀)       ထိုင်း (၂၀၁၃ခုနှစ်)                          19.1%                   (    ။    )

သြစတေးလျနိုင်ငံကဲ့သို့သော ဖွံဖြိုးပြီးနိုင်ငံကြီးများ၏ အသုံးစရိတ်သည် နည်းသည်ဟုထင်ရသော်လည်း ၎င်းနိုင်ငံတို့၏ ပုဂ္ဂလိက ပညာရေး၏ အခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်လှပါသည်။ အလွန်ခိုင်မာသည့် မိမိအိမ်နီးချင်း တရုပ်၊အိန္ဒိယ၊အင်ဒိုနီးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့၏ ပညာရေးအသုံးစရိတ်များနှင့် နှိုင်းယှဉ်လျှင် မြန်မာ့ပညာရေးအသုံးစရိတ်သည် အလွန်နည်းပါးသည်ကိုတွေ့ရသည်။ ထို့ပြင်(budget)ဘတ်ဂျက် စီးဆင်းမှုသည်လည်း ခြစားမှုကြောင့်အောက်ခြေအဆင့်သို့လက်တွေ့ရောက်ရှိလာသည့် ပမာဏာမှာအလွန် နည်းသည်။ ရရှိလာသည့် ဘက်ဂျက်ကိုသုံးစွဲရာတွင်လည်း ခြစားမှုကိုရင်ဆိုင်ရပြန်သည်။ ဥပမာ-ရင်းနှီးသည့် ကျောင်းဆရာတစ်ဦး၏ ပြောချက်အရ, ၎င်းတို့အထက်တန်းကျောင်းလေး၏ အသုံးစရိတ်ဝေစုမှာ တစ်နှစ်အတွက် သိန်း၇၀၀ ရရှိသည်။ ကျောင်းအုပ်ဆရာမကြီးက ပညာသင်နှစ်အစတွင် သင်ထောက်ကူပစ္စည်းများ အမှိုက်ပုံး၊ မှင်အိုး၊ မာကာပင်၊ စသည့်ကျောင်းသုံးပစ္စည်းများကို ပေးခဲ့ပြီး ဒုတိယလတွင် အမှိုက်ပုံးအပါအဝင် ပစ္စည်းများကို ရုံးခန်းစတိုထဲတွင် ပြန်လည်သိမ်းဆည်းထားခဲ့သည်။ စာသင်ခန်းအတွက် လိုအပ်ချက်များအားလုံးကို ကျောင်းသူ၊ ကျောင်းသားများထံမှ ကောက်ခံဝယ်ယူစေခဲ့သည်။ သို့သော် အသုံးစရိတ်စာရင်းတွင် ၎င်းကုန်ကျငွေကို လစဉ်ထည့်သွင်း ရေးဆွဲခဲ့သည်ဟု ဆိုသည်။ ခြစားမှုသည် မြန်မာနိုင်ငံနည်းတူ ထိုင်းနိုင်ငံတွင်လည်း ရှိကောင်း ရှိနိုင်ပါသည်။သို့သော် ပညာရေးနှင့်ဆိုင်သော ဘဏ္ဍာရေးသတ်မှတ်ချက်အရ ထိုင်းနိုင်ငံသည် GDPနှင့်အစိုးရ ဘတ်ဂျက်နှစ်ခုစလုံး၏ အံ့သြစရာကောင်းသော ပမာဏကို ပညာရေးအတွက် အမှန်တကယ် သုံးစွဲခဲ့ကြသည်။ ပညာရေးအတွက် ရန်ပုံငွေအများစုဟာ အစိုးရဘတ်ဂျက်မှ စီးဆင်းနေစဉ်အတောအတွင်းမှာပဲ များပြားသော ပမာဏဖြစ်သည့် ဒေသဆိုင်ရာ ရန်ပုံငွေများဟာလည်း ပညာရေးကို ထောက်ပံ့ဖို့ရရှိလာခဲ့သည်။ တစ်ဖက်မှာလည်းပညာရေးကို ထိုင်းအစိုးရများ၏ ကိုင်တွယ်ပုံကအားကောင်းလှသည်။ 1980 ခုနှစ်မတိုင်မှီကပင် ပညာရေးကိုကိုင်တွယ်ရန် ဝန်ကြီးဋ္ဌာန(၃)ခု ခွဲခြားထားခဲ့သည်။ အခြေခံပညာ မူလတန်းအဆင့်ဝန်ကြီး၊ အခြေခံ ပညာအထက်တန်းအဆင့်နှင့် ထက်လွန်ပညာရေးဝန်ကြီးနှင့် တက္ကသိုလ်ပညာရေးဝန်ကြီး (အထက်တန်း ပညာရေး အဖွဲ့အစည်းများကို တာဝန်ခံ)။ အခြေခံပညာ မူလတန်းအတွက် ဘတ်ဂျက်က နိုင်ငံအဆင့်ဘတ်ဂျက်၏ ခန့်မှန်းခြေအားဖြင့် ၁၀ ရာခိုင်နှုန်းခန့် ကိုယ်စားပြုတဲ့အတွက်ကြောင့် ပညာရေးမှာ တည်ဆောက်မှုပုံသဏ္ဍန် ပြောင်းလဲရေးအတွက် အလားအလာကောင်းသော မှတ်မှတ်သားသား ဥပမာတစ်ခု ဖြစ်ခဲ့သည်။

ဆရာ၊ ဆရာမများအတွက် ပြင်ဆင်ပေးတဲ့နေရာမှာလည်း တက္ကသိုလ်အဆင့်ဝန်ကြီးနဲ့ ပညာရေးဝန်ကြီးတွေဟာ တက်တက်ကြွကြွနဲ့ပါဝင်ခဲ့ကြသည်။

မတူကွဲပြားသော အေဂျင်စီကိုးခုဟာလည်း အခြေခံပညာရေးကို ထောက်ပံ့ပေးတဲ့နေရာမှာ ပါဝင်ခဲ့ပါသည်။ သည်အချက်များဟာ မြန်မာ့ပညာရေး ပြန်လည်ဖွံဖြိုးမှုအတွက် အတုယူစရာများဖြစ်ခဲ့သည်။ ပညာရေးအတွက် အရေးကြီးဆုံးဖြစ်သည့် သုတေသန အလုပ်ကိုလည်း ထိုင်းအစိုးရများအစဉ်အစိုက် အားစိုက်ကာပြုလုပ်ခဲ့ကြသည်။မကြာသေးသော ဆယ်စုနှစ်ကာလများက ပညာရေးဆိုင်ရာ သုတေသနပြုချက် တစ်ထောင်ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ဖူးသည်။ ဤသုတေသနအလုပ်မျိုးက မြန်မာ့ပညာရေးတွင် မတွေ့ရသလောက်ပင်။ စာရွက်ပေါ် တွင်တော့ မြင်တွေ့ကောင်း မြင်တွေ့နိုင်ပါလိမ့်မည်။

ဤလုပ်ဆောင်ချက်များကြောင့် ဒီနေ့ခေတ်ထိုင်းပညာရေးသည် ဖွံဖြိုးတိုးတက်နေဆဲ ဖြစ်သည်။ ပညာရေး ဖွံဖြိုးမှုကြောင့် ထိုင်း၏အခြားသော ကဏ္ဍများလည်း ဟန်ချက်ညီဖွံဖြိုးတိုးတက်လာခဲ့သည်။အကြိမ်ကြိမ် အာဏာသိမ်းခဲ့ပြီး ဖွဲ့စညိးပုံအခြေခံ ဥပဒေများလှသော်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် အခြားဆက်နွယ်သော ကဏ္ဍများသည် အာဏာသိမ်းအလွန်ကာလရောက်လာသည်နှင့် ဟန်ချက်ညီလည်ပတ်သည့် အဆင့်သို့ပြန်လည်ရောက်ရှိခဲ့သည်။ ထိုင်းဘဏ်လုပ်ငန်းများသည် လွန်ခဲ့သောဆယ်စုနှစ် သုံးစုခန့်အချိန်က ကမ္ဘာကျော်သူဋ္ဌေးကြီး ဂျော့ဆိုးရော့(ခ)ကြောင့် ပရမ်းပတာဖြစ်ခဲ့ဖူးသည်။သို့သော်အာဏာသိမ်းခဲ့သည့် အစဉ်အဆက်မှ ာတည်ငြိမ်ခဲ့သည်။ ပညာရေးကဏ္ဍ တိုးတက်မှုက တိုင်းပြည်ဖွံဖြိုးတိုးတက်မှုအတွက် အားကောင်းသော ဒေါက်တိုင်ဖြစ်ခဲ့သည်။ ဤသည်က မြန်မာပြည်တွင် အာဏာသိမ်းကာလ လွန်မြောက်ပြီး တိုင်းပြည်ပြန်လည်ထူထောင်ချိန်တွင် အတုယူသင့်သည့် လုပ်ဆောင်ချက်များ ဖြစ်သည်။

မိမိတိုင်းပြည်အခြေအနေအရ ကလေးငယ်တိုင်း အခြေခံပညာကို အခမဲ့သင်ယူနိုင်ခွင့်ကို ဖန်တီးပေးပြီး သင်ကြားပေးသည့် ဆရာ၊ ဆရာမများ၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့ လိုအပ်သည်။ တစ်ချိန်တည်းမှာ ၎င်းဆရာ၊ ဆရာမများ၏ အခြေခံလစာနေစရာနှင့် သင်ကြားရေးထောက်ကူပစ္စည်းများကို ပြည့်မှီအောင် ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ အချို့သောတိုင်းရင်းသားလူမျိုးစုများနှင့် အောက်ခြေလူတန်းစားတို့တွင် အခြေခံပညာကို ကလေးငယ်များ မသင်ယူနိုင်အောင် ပိတ်ဆို့ထားသည့် အတားအဆီးက ရှိနေသေးသည်။ ဆင်းရဲမွဲတေမှု၊ အစိုးရနှင့် တိုင်းရင်းသား လူမျိုးစုကြားပဋိပက္ခ၊ ဘာသာစကားအတားအဆီး စသည့်အခက်အခဲများကို ကျော်လွှားနိုင်ရန် အာဏာရ အစိုးရအနေဖြင့် ကြိုးပမ်းရပေမည်။ ပညာရေးအတွက် ခွင့်ပြုသည့် ဘတ်ဂျက်ကို စနစ်တကျသုံးစွဲ၍ ထိုင်းနိုင်ငံကဲ့သို့သော အခြားသောနိုင်ငံများ၏ ပညာရေးအတွက် ဆောင်ရွက်ချက်များကို လေ့လာလျက် အာဏာသိမ်းကာလအလွန် မြန်မာ့ပညာရေးကို ကုစားနိုင်ရန် လိုအပ်ပါကြောင်း……………………

                                                                                                                                                                              ဒီသစ်