၂၀၂၁ ဖေဖော်ဝါရီလ (၁)ရက်နေ့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တတိယမြောက် ကံဆိုးခဲ့ရတဲ့နေ့ ဖြစ်ပါတယ်။သက်တမ်းနုနု ရွှေရည်စိမ် ဒီမိုကရေစီကို အာဏာရှင်ငရဲမီးက တိုက်စားသိမ်းပိုက်လိုက်လို့ပါ။ ၁၉၆၂ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်မှာ တစ်ကြိမ် ၊ အခု ၂၀၂၁ ခုနှစ်မှာတစ်ကြိမ် အာဏာရှင်တွေဟာ သူတို့ရဲ့ အာဏာတည်မြဲဖို့အတွက် တိုင်းပြည်နဲ့ပြည်သူကို မကြည့်ဘဲ သူတို့ရဲ့ကိုယ်ကျိုးပဲကြည့်ခဲ့တဲ့အတွက် တိုင်းပြည်ဟာ ကံဆိုးမိုးမှောင်ကျခဲ့ရတယ်။
အာဏာသိမ်းယူခဲ့ခြင်းရဲ့ အကျိုးဆက်ကတော့ တိုင်းပြည် စုတ်ပြတ်သတ် မွဲတေသွားခြင်းပါပဲ။ ၁၉၆၂ မှာ ဦးနေဝင်းအာဏာသိမ်းတော့ အာရှတိုက်မှာ ဒုတိယအချမ်းသာဆုံး ၊ အရှေ့တောင်အာရှမှာအချမ်းသာဆုံး နိုင်ငံဟာ မှောက်လျက်ဟပ်ထိုး လဲကျခဲ့ရတယ်။ ၁၉၈၈မှာကျတော့ နိုင်ငံရဲ့ပုံရိပ်တွေ စီးပွားရေးတွေ တရိပ်ရိပ်ကျဆင်းနေတဲ့ နိုင်ငံဟာ ပညာရေးပါ အဆင့်နိမ့်ကျသွားခဲ့တယ်။ ဒါတင်မကပါဘူး ၁၉၈၇ ဒီဇင်ဘာ ၁၁ မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲမှာပါဝင်သွားခဲ့ရပါတယ် ။ ၂၀၂၁မှာကျတော့အသီးနုနု ဒီမိုကရေစီ အမွေးသတ်ခံလိုက် ရတာပါပဲ။
၁၉၆၂ခုနှစ်မှာ ဦးနေဝင်းက ၊ ၁၉၈၈ခုနှစ်မှာ ဗိုလ်ချုပ်စောမောင်က ၊အခု ၂၀၂၁ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိမ်းယူခဲ့ပါတယ်။ သိမ်းယူခဲ့တဲ့အခါတိုင်းမှာ သူတို့ဘက်က အကြောင်းပြချက်တွေ မျိုးစုံ ပေးထားပေမဲ့ ပြည်သူအများစု လက်ခံထားတာကတော့ တပ်နဲ့မိတ်ဖက်ပါတီတွေ မဲရှူံးခြင်းကြောင့်ပါပဲ။ ၁၉၆၀မှာ တပ်ရဲ့မိတ်ဖက်ပါတီဖြစ်တဲ့ တည်မြဲဖဆပလဟာ သန့်ရှင်းဖဆပလကို ရှူံးခဲ့တယ်။ ၁၉၉၀ခုနှစ်မှာကျတော့ အာဏာသိမ်းထားရင်း ရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ ဒီတစ်ခါမှာလည်း တပ်ရဲ့မိတ်ဖက်ပါတီဖြစ်တဲ့ တစည ပါတီဟာ အန်အယ်(လ်)ဒီ ပါတီကို ရှူံးပြန်တယ်။ အခုပူပူနွေးနွေးကတော့ တပ်ရဲ့အစွယ်အပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီဟာ အန်အယ်(လ်)ဒီပါတီကိုပဲ ဝက်ဝက်ကွဲ ထပ်ရှူံးပြန်တယ်။ တပ်မတော်ကသူတွေက သူတို့ အပြတ်အသတ် မနိုင်ဘူးဆိုတာသိတယ်။ ဒါပေမဲ့ သူတို့ရဲ့ မျှော်လင့်ချက်က သူတို့ကို ထောက်ခံတဲ့ပါတီတွေနဲ့ ပေါင်းလိုက်ရင် ညွန့်ပေါင်းအစိုးရလောက်တော့ ဖွဲ့နိုင်မယ်ထင်ခဲ့ပုံပေါ်တယ်။ ဒါပေမဲ့ မှန်းချက်နဲ့နှမ်းထွက် မကိုက်လေတော့ အာဏာသိမ်းခြင်းကိုသာအာသာငမ်းငမ်းဆောင်ရွက်ခဲ့ပြန်ပါတယ်။
အာဏာသိမ်းခြင်းရဲ့ အကျိုးဆက်တွေကတော့ အရှူံးချည်းပါပဲ။ ကိုဗစ်ကာကွယ်ဆေး ထိုးဖို့အစီအစဉ်တွေ အားလုံးပျက်ခဲ့ရတယ်။ ပထမအစိုးရ ချမှတ်လုပ်ဆောင်မဲ့ လုပ်ငန်းတွေ မှန်သမျှအကုန် ရပ်တန့်သွားခဲ့တယ်။ ငွေကြေးတန်ဖိုးတွေ ဆက်တိုက်ကျဆင်းခဲ့တယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု တော်တော်များများ ပြန်လည် ဆုတ်ခွာသွားခဲ့တယ်။ နိုင်ငံကို အထောက်အပံ့ပေးနေတဲ့ နိုင်ငံတကာINGO အဖွဲ့အစည်းအများစုလည်း ရပ်တန့် သွားခဲ့တယ်။ ပညာရေး ထင်သလောက် ခရီးမပေါက်ခဲ့ဘူး။ အုပ်ချုပ်ရေးပိုင်းကို ကြည့်တဲ့အခါမှာလည်း ရပ်ကျေး တောင် ပြည့်ပြည့်၀၀ မဖွဲ့နိုင်ဘူး။
အကာအကွယ်ပေးပါတယ်လို့ တစာစာ အော်နေခဲ့တဲ့ ရဲနဲ့စစ်သားကိုယ်တိုင်က ဥပဒေကို ချိုးဖောက်ချင်တိုင်းချိုးဖောက်နေခဲ့တယ်။သတ်တယ်၊ လုတယ်၊ ဖမ်းတယ်၊ နှိပ်စက်တယ်။ တပ်မစွဲရ နေရာတွေမှာ တပ်စွဲတယ်။ တပ်က လုပ်ချင်တိုင်းလုပ်ခွင့်ရတဲ့ ရုပ်သံနှစ်ခုမှာ ညာချင်တိုင်းညာနေခဲ့တယ်။ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေ ချိုးဖောက်တယ်။ နိုင်ငံတကာက လူရာမသွင်းတော့ လူရာသွင်းခံရအောင် အိမ်စောင့်အစိုးရ ဆိုပြီးပြောင်းတယ်။
ဗဟိုဘဏ်ကနေ ဒေါ်လာတွေ ထုတ်ရောင်းတယ်။ ဒေါ်လာဈေးဟာ အာဏာမသိမ်းခင်ကဆို ၁၃၂၈ကျပ်ပဲရှိတယ်။ အာဏာသိမ်းပြီးလေး ငါးလအတွင်းမှာ ဒေါ်လာဈေးက ၁၆၀၀ကျော်ဖြစ်သွားခဲ့တယ်။ အခြေခံလူတန်းစားတွေရဲ့ စားကုန်ဖြစ်တဲ့ ကန်စွန်းရွက် တစ်စည်း ၂၀၀ ကနေ ၄၀၀ ဖြစ်သွားခဲ့တယ်။ ကြက်ဥတစ်လုံးကို ၁၀၀ လောက်ကနေ ၂၀၀ လောက်ထိခုန်တက် သွားခဲ့တယ်။ တောင်သူလယ်သမားတွေအတွက် ဓာတ်မြေသြဇာဈေးတွေ နှစ်ဆလောက် ခုန်တက်သွားခဲ့တယ်။ အရင်က ယူရီးယား တစ်အိတ်ကို ၂၅၀၀၀ လောက်ပေးနေရာကနေ အခုဆိုတစ်အိတ်ကို ၅၀၀၀၀လောက်အထိပေါက်ဈေးရှိနေပြီ။ဓာတ်မြေသြဇာဈေးသာ တက်နေတာ အသီးအနှံ ရောင်းစရာဈေးကွက်ကမရှိ။ ကြက်သွန်တစ်ပိဿ ၁၈၀လောက်အထိ ထိုးကျသွားပြီး အချို့သီးနှံတွေဆို စွန့်ပစ်ရတာ အပုံအပင်ပါ။
ပညာရေးကိုလည်းကြည့်ပါဦး ။ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဇော်မင်းထွန်းက တစ်နှစ်ကို နှစ်တန်းတင်တဲ့စနစ်ကို ပေးမှာပါလို့ဆိုခဲ့ပါတယ်။ တက္ကသိုလ်တွေကို ၂၀၂၁ မေလ (၅) ရက်နေ့မှာ မဖြစ်မနေ ဖွင့်ခိုင်းခဲ့ပြီး တက်ရောက်သူ ၂၀ ရာခိုင်နှုန်းလောက်သာရှိခဲ့တယ်။ စာမေးပွဲကိုတော့ မအောင်မရှိ လုပ်ပေး လိုက်တယ်။ အခြေခံပညာကျောင်းတွေကိုလည်း ကိုဗစ်တတိယလှိုင်းအစမှာပဲ မဖြစ်မနေ ဖွင့်ခိုင်းခဲ့တယ်။ ကိုဗစ်ကြောင့်လူတွေသောက်သောက်လဲ သေတဲ့အထိ ကျောင်းတွေကို ပိတ်မခိုင်းဘဲ ဖွင့်ထားဖို့ ညွှန်ကြား ထားခဲ့တယ်။ ကျောင်းကဖွင့်တယ်ဆိုပေမဲ့လည်း တက်ရောက်သူ ကျောင်းသားဦးရေက ၁၀ ရာခိုင်နှုန်းလောက်ပဲ တက်ခဲ့တာပါ။ ဆရာ ၊ ဆရာမဦးရေမလုံလောက်လို့ ဆရာ၊ဆရာမအသစ်တွေကို ချက်ချင်းခေါ်ပြီး အစားထိုးခန့် ခဲ့ပါတယ်။ ကိုဗစ်လှိုင်းပြင်းထန်လာပြီး လူတွေထောင်ချီ သောင်းချီသေတော့မှ ကျောင်းတွေကို ပြန်ပိတ် ပေးခဲ့တာပါ။
စစ်ကောင်စီရဲ့ယုတ်မာမှုဟာ ပြောစရာမရှိအောင် ရက်စက်ယုတ်မာခဲ့တယ်။ အဆိုးဆုံးလုပ်ရပ်ကတော့ ကိုဗစ် တတိယလှိုင်းမှာ ရောဂါကို လက်နက်အဖြစ် အသုံးချသွားခဲ့တာပါပဲ။ အောက်ဆီဂျင်စက်ရုံတွေကို ကန့်သတ်ချက် တွေနဲ့ပိတ်ခိုင်းခဲ့တယ်။ ဆေးရုံဆေးခန်းတွေမှာ လက်နက်အပြည့်နဲ့ထိုင်စောင့်ပြီး ဝင်ခွင့်မပေးခဲ့တဲ့ မြောက်ဥက္ကလာ ဆေးရုံက အဖြစ်အပျက်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တယ်။တောင်ဒဂုံမှာဆို အောက်ဆီဂျင်တန်းစီနေတဲ့သူတွေကို ခြောက်လှန့်ပစ်ခတ်ပြီး လူစုခွဲခိုင်းခဲ့တယ်။ အချို့ဆေးဆိုင်တွေကို အတင်းပိတ်ခိုင်းခဲ့တယ်။ အကျိုးဆက်ကတော့ ပြည်သူတွေ မသေသင့်ဘဲ သေခဲ့ရခြင်းပါပဲ။ ရန်ကုန်မြို့ထဲက သင်္ချိူင်းလေးခုမှာဆို အလောင်းတွေဟာ တစ်နေ့ကို ထောင်ကျော်ရှိနေခဲ့တယ်။ အာဏာရှင်ကတော့ အာဏာရှင်ပီသစွာပဲ သူ့တစ်ယောက်အတွက်ပဲ ကြည့်ခဲ့ပါတယ်။ အောက်ခြေက တပ်မိသားစုတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ မပေးခဲ့ပါဘူး။ စစ်ကိုင်း ဘက်မှာ အောက်ခြေတပ်သားတစ်ယောက်ဟာ သူ့မိသားစု ကျန်းမာရေး ကုသခွင့်မရလို့ သူ့ကိုယ်သူ ပြန်ပစ် သတ်ခဲ့တဲ့ သတင်းကလည်း ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပါတယ်။
အုပ်ချုပ်ရေးစနစ်ကလည်း သူတို့ကသာ အော်ပြီးလိမ်နေပေမဲ့ လက်တွေ့မှာတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတောင် နေရာတိုင်း မခန့်နိုင်ပါဘူး။ မခန့်နိုင်တဲ့အပြင် အချို့ အုပ်ကြီးတွေ အလျှိူ အလျှိူ ထွက်နေကြတာ မြင်မကောင်းအောင်ပါပဲ။ တပ်ကအော်နေတဲ့ လေထဲကအစိုးရလို့ခေါ်တဲ့ CRPH နဲ့ NUG အစိုးရရဲ့ ခြေလှမ်းတွေကလည်း တဖြည်းဖြည်း စိပ်လာတော့ တပ်ဟာ မည်းမည်းမြင်ရာ ဖမ်းတော့တာပါပဲ။ Facebook ရဲ့ Profile မှာ နွေဦးတော်လှန်ရေးပုံ တင်လို့ဆိုပြီး ဖမ်းတယ်။ NUG ကရေဒီယို လွှင့်မယ်ဆိုတော့ ရေဒီယိုတွေ သိမ်းတယ်။ နွေဦးထီဆိုပြီး NUG ကရောင်းတော့ အချို့ဘဏ်တွေ ပိတ်မလိုတောင် အသံတွေ ထွက် လာပါတယ်။ ဒလန်သတင်းပေးတာနဲ့ တစ်ပြိုင်နက် ဝင်စီး ဝင်ရှာလုပ်ကြ။ တွေ့ကရာလူကိုဖမ်းတယ်။ လက်နက် တွေနဲ့ တွေ့တယ်ဆိုပြီး Photoshop တွေလုပ်ပြီး သတင်းအတုတွေ ကြေငြာတော့တာပါပဲ။ အာဏာရှင်ရဲ့ ရက်စက်မှုဒဏ်တွေကို မခံချင်လို့ တိုက်ပေါ်က ခုန်ချသွားတဲ့ ဗိုလ်တထောင်က လူငယ်ငါးယောက်ရဲ့ဖြစ်ရပ်ဟာ အာဏာရှင်တွေကို ဘယ်လိုမှ ခွင့်လွှတ်စရာ အကြောင်းမရှိပါဘူး။
တပ်က အာဏာသိမ်းခဲ့တာ အခုဆို ၈ လလောက်ရှိခဲ့ပါပြီ။ သူတို့ရဲ့စွမ်းဆောင်ရည်နဲ့ နိုင်ငံအကျိုးပြု တာတွေကို ကြည့်တဲ့အခါ မည်မည်ရရ ဘာမှမရှိပါဘူး။ CDM တွေကို မနိုင်ခဲ့ပါဘူး။ ပို့ဆောင်ဆက်သွယ်ရေးတွေ မထိန်းချုပ်နိုင်ခဲ့သလို ငွေကြေးဈေးကွက်ကိုလည်း မထိန်းနိုင်ပါဘူး။တပ်တွင်းကနေ ထွက်ပြေးနေသူတွေ ရှိနေသလို ရှေ့တန်းစစ်မျက်နှာမှာလည်း သတင်းဌာနများရဲ့တင်ပြချက်အရ အကျအဆုံးဟာ နေ့စဉ်ကို ရှိနေ ပါတယ်။ ငွေလွှဲငွေထုတ်ကိစ္စတွေ ရပ်ဆိုင်းမတတ်ဖြစ်နေပြီး ဘဏ်စနစ်တွေကလည်း ဘာလဲ ဘယ်လဲ မေးရမဲ့ အခြေအနေမျိုးပါ။ တက္ကသိုလ်တွေမဖွင့်နိုင်ခဲ့ပါဘူး။ အခြေခံကျောင်းတွေ မဖြစ်မနေ ဖွင့်ခိုင်းခဲ့ပေမဲ့ ပြန်ပိတ်ခဲ့ ရတာပါပဲ။ ကိုင်တွယ်မှုကောင်းရင် မျက်နှာကောင်းရနိုင်မဲ့ ကိုဗစ်တတိယလှိုင်းကို ပိုးစိုးပက်စက် ဥပေက္ခာပြု ရက်စက်ခဲ့တဲ့အတွက် ပြည်သူတွေသောင်းချီပြီးသေဆုံးခဲ့ရတယ်။ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်တဲ့သူတွေ များလာပြီး စားဝတ်နေရေး ခက်ခဲလာပါပြီ။ ကုလသမဂ္ဂက ခန့်မှန်းချက်အရ ဒီဇင်ဘာလလောက်ဆို ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အစားအစာငတ်ပြတ်သူ ၂သန်းခန့် ရှိလာနိုင်မယ်လို့ဆိုပါတယ်။ ဆင်းရဲတွင်းဟာ အဝီစိတွင်းထက် နက်နေတဲ့ တိုင်းသူပြည်သားတွေရဲ့ဘဝတွေကို အာဏာယစ်မူးရင်း ရွေဘုံပေါ်ကနေ ထိုင်ကြည့်နေကြရတာ ပျော်ကြပါရဲ့လားဗျာ။
တက်လူအိမ်