အခြေခံအဆောက်အဦးကို တည်ဆောက်ခြင်း

ဗြိတိသျှတို့ဟာ (၁၉) ရာစု အစောပိုင်းလောက်ကစပြီး အိန္ဒိယအင်ပါယာကို စနစ်တကျ ထူထောင်ပါတယ်။ ပုန်ကန် ထကြွနေကြတဲ့ တိုင်းရင်းသားတွေကို နှိမ်နင်းတယ်။ မရပ်သာ (Maratha) တွေကို (၁၈၁၈) မှာ၊ ဂေါ်ရခါးနယ်ကို (၁၈၁၆) မှာ၊ ဆစ်ခ်လူမျိုးတွေကို (၁၈၄၉) မှာ အပြတ်အသတ်နှိမ်နင်းပြီး စစ်သွေးကြွနေတဲ့ ဂေါ်ရခါးတွေနဲ့ ဆစ်ခ်တွေကို ဗြိတိသျှတပ်မတော်ထဲ ဝင်ပြီး စစ်မှုထမ်းခွင့် ပြုလိုက်လိုက်တယ်။ ဒီလိုစစ်သားစုဆောင်းနည်းကို နောက်ပိုင်းမှာ ဗမာပြည်မှာလည်း သူတို့ကျင့်သုံးလာတာကို တွေ့ရမယ်။ လူများစု ဟိန္ဒူ၊ မူစလင်၊ ဗမာတွေကို တော့စစ်သားအဖြစ် မစုဆောင်းဘူး။

(၁၈၅၂) မှာ အောက်မြန်မာြပည် (ဧရာဝတီနဲ့ ပဲခူးတိုင်း)ကို သိမ်းတယ်။ (၁၈၁၉) ကတည်းက စင်္ကာပူကို ထူထောင် ပြီး ပီနန်၊ မလက္ကာ၊ စင်္ကာပူဆိပ်ကမ်း သုံးမြို့ကို တစ်ပေါင်းတည်း ရေလက်ကြားဒေသ (Straits Settlements) အဖြစ် ထူထောင်လိုက်တယ်။ ကာလကတ္တား၊ ရန်ကုန်၊ စင်္ကာပူရေလမ်းကို ဗြိတိသျှတို့ စိုးမိုးသွားပြီ။ (၁၈၆၉) မှာ စုအက် တူးမြောင်းဖွင့်တော့ ဟောင်ကောင်ကနေ လန်ဒန်အထိ ဗြိတိသျှတို့ရဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေ ပွင့်သွားတာပဲ။ ဒီလမ်းမပေါ်က ဗြိတိသျှပိုင်ဆိပ်ကမ်းမြို့တွေဟာ ဗြိတိသျှကုန်သွယ်ရေးလမ်းမပေါ်က ကြားစခန်း (Outposts) တွေ ဖြစ်လာတယ်။

မြန်မာနိုင်ငံအပါအဝင် အိန္ဒိယအင်ပါယာတစ်ခုလုံးရဲ့ လယ်ယာစီးပွားရေးကို ကမ္ဘာ့ဈေးကွက်ရဲ့ တောင်းဆိုမှုကို ဖြည့်စွမ်းပေးနိုင်အောင် အသွင်ပြောင်းယူတယ်။ (၁၉) ရာစုအကုန်လောက်မှာ မြန်မာဟာ အခြားအရှေ့တောင်အာရှ နိုင်ငံတွေလို စက်မှုကမ္ဘာအတွက် လိုအပ်တဲ့ ကုန်ကြမ်းနဲ့ စားသောက်ကုန်တွေ ထုတ်လုပ်ပေးရပြီး ဥရောပစက်ရုံ အလုပ်ရုံတွေက ထုတ်လုပ်လိုက်တဲ့ ကုန်ချောကို ဝယ်ယူတင်သွင်းတဲ့ ဈေးကွက်တစ်ခုဖြစ်လာပြီ။

အိန္ဒိယ၊ တရုတ်နဲ့ ကုန်းလမ်း၊ ရေလမ်းအရ တိုက်ရိုက်ကုန်သွယ်မှု ရှိလာပြီ။ အိန္ဒိယက ငွေအရင်းအနှီးနဲ့ လူသား အရင်းအမြစ်တွေ ဝင်တယ်။ တရုတ်ပြည်က လူသားအရင်းအမြစ်နဲ့ အတတ်ပညာဝင်တယ်။စုအက်တူးမြောင်းပွင့်ပြီးကတည်းက ကမ္ဘာ့စီးပွားရေးဟာ တဟုန်ထိုး တိုးတက်လာတယ်။ အာရှနိုင်ငံတွေကတော့ ဥရောပက စက်ရုံကြီးတွေလည်ပတ်နိုင်အောင် ကုန်ကြမ်းတွေကို ပိုပြီးထုတ်ပေးလာရတယ်။ ဒီလိုကမ္ဘာ့စီးပွားရေး အလျင်အမြန်တိုးတက်လာစေတဲ့ အကြောင်းတစ်ရပ်ကတော့ မီးသင်္ဘောကို အသုံးပြုလာကြလို့ပါ။ (၁၈၇၀) ကနေ (၁၉၁၀) အတွင်းမှာ ဥရောပရဲ့ ပင်လယ်ကူးသင်္ဘောတန်ချိန်ဟာ (၁.၅) သန်းကနေ (၁၉) သန်းအထိ တိုးတက်လာ တယ်။ အင်္ဂလိမ်ကုမ္ပဏီပိုင် သင်္ဘောတွေဟာ မြန်မာ့ဆိပ်ကမ်းတွေက ဆန်နဲ့ ကျွန်းသစ်ကို ဥရောပကို တင်ပို့ပေးနေ ကြပါပြီ။

နိုင်ငံတကာဈေးကွက် ကျယ်ပြန့်လာသလို ပြည်တွင်းဈေးကွက်ကလည်း ကျယ်ပြန့်လာရတယ်။ မြန်မာဘုရင်ခေတ် ကလို ကောက်ပဲသီးနှံကို ဝမ်းစာအတွက် ဖူလုံရုံလောက်စိုက်ပျိုးတာ မဟုတ်တော့ဘူး။ ပြည်ပက ဈေးကွက်တွေရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းဖို့ ထုတ်လုပ်လာြကတာဖြစ်တယ်။ တောင်သူလယ်သမားတွေရဲ့ ဝင်ငွေ တိုးလာတယ်။ ဒါပေမယ့် တောင်သူလယ်သမားတွေ အတွက်က ငွေအရင်းအနှီးစုပုံမှုနဲ့ ကျယ်သည်ထက်ကျယ်ပြန့် လာတဲ့ နိုင်ငံတကာဈေးကွက်ရဲ့လိုအပ်ချက်ကို အလျင်မီအောင်ဖြည့်စွမ်းဖို့ရာ ငွေအရင်းအနှီးမတတ်နိုင်ကြဘူး။ မြေဒီတော့ ထုတ်လုပ် မှု ချောမွေ့လာအောင် အိန္ဒိယသားတွေက ကြားပွဲစားအဖြစ်‌‌ရောက်လာတယ်။ မြန်မာလယ်သမားတွေကို သူတို့က စိုက်ပျိုးစရိတ် ထုတ်ချေးတယ်။ ရာသီဉတုဖောက်ပြန်လို့ သီးနှံမအောင်မြင်ရင် လယ်သမားက သူ့ပိုင်လယ်မြေကို ထိုးအပ်ရတော့တာပဲ။ ဒါ့ကြောင့် အဝေးရောက်မြေရှင်စနစ် (Absentee Land ownership) ဆိုတာ ပေါ်လာရတယ်။ တကယ်တော့ တိုင်းရင်းသားဓနရှင်လူတန်းစားဖွံ့ဖြိုးမလာလို့ ဒီလိုဖြစ်ရတယ်။ ဒီနေရာမှာ အကောင်းဆုံးသာဓက အဖြစ် ရခိုင်ပြည်နယ်ကို ပြလို့ရတယ်။ ရခိုင်မှာ ဦးရဲကျော်သူကုမ္ပဏီလို တိုင်းရင်းသားဓနရှင်ကြီးတွေက သူ့နယ်က လယ်သမားတွေကို ကာကွယ်ပေးတယ်။ ချစ်တီးတွေ ထိုးဖောက်လို့မရအောင် ကာကွယ်ထားတာတွေ့ရတယ်။

(၁၉) ရာစုနှောင်းနဲ့ (၂၀) ရာစု အစောပိုင်းမြန်မာပြည် လူမှုစီးပွားရေးဘဝမှာ အထင်ရှားဆုံး လက္ခဏာတစ်ရပ် ကတော့ လူသားအရင်းအမြစ်ရွေ့လျားခြင်း (Mobilization of Human Resources) ဖြစ်တယ်။ လမ်းပန်း ဆက်သွယ်‌ရေးတိုးတက်လာတာနဲ့အမျှ စီးပွားရေးအရင်းအမြစ်တွေရဲ့ ရွေ့ပြောင်းမှုဟာလည်း လွယ်ကူလျှင်မြန်လာ တယ်။ မြန်မာဘုရင်ခေတ်က ရန်ကုန်က မန္တလေးကို ဧရာဝတီမြစ်အတိုင်း ဆန်တက်ရင် သုံးလကြာတယ်။ ဧရာဝတီ ဖလိုတီလာ (Irrawaddy Flotilla) ကုမ္ပဏီကို (၁၈၆၀) ပြည့်လွန်နှစ်တွေမှာ ထူထောင်တယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံးရေကြောင်းဆက်သွယ်ရေးကုမ္ပဏီဖြစ်တယ်။ သင်္ဘောပေါင်းများစွာကို ဝယ်ယူပြီးတော့ သင်္ဘောကျင်း များစွာကိုလည်း တည်ဆောက်တယ်။ ဧရာဝတီနဲ့ ပဲခူးတိုင်းမှာလယ်ယာလုပ်ငန်းအတွက် လိုအပ်နေတဲ့ လုပ်အားကို ဖြည့်ဆည်းနိုင်ဖို့ အထက်မြန်မာပြည်က လယ်သမားတွေကို ထောင်နဲ့ သောင်းနဲ့ချီပြီး ပို့ဆောင်ပေးခဲ့တယ်။ အင်္ဂလိပ်ပိုင် အောက်မြန်မာပြည်မှာ ဧရာဝတီနဲ့ မျဉ်းပြိုင် ရန်ကုန်-ပြည် ရထားလမ်း (၁၈၇၇)၊ စစ်တောင်းမြစ်ဝှမ်းမှာ ရန်ကုန်-တောင်ငူ ရထားလမ်း (၁၈၈၅) ကို ဖောက်လုပ်တယ်။ အညာကလယ်သမားတွေကို မီးသင်္ဘော၊ မီးရထားတွေနဲ့ အောက်ပြည်ကို ပို့ဆောင်ပေးခဲ့တယ်။ ဆန်စပါးတန်ချိန် သိန်းပေါင်းများစွာကို ရန်ကုန်နဲ့ ပုသိမ်လို မြို့ကြီးတွေက ဆန်စက်တွေမှာ ကြိတ်ခွဲဖို့ ပို့ဆောင်ပေးနိုင်ခဲ့တယ်။ အထက်မှာ တရုတ်နယ်စပ် ဗန်းမော်ကနေ ရန်ကုန်ဆိပ်ကမ်းနဲ့ ပင်လယ်အထိ သင်္ဘောဆန်တက်ခုတ်မောင်းနိုင်တဲ့ ဧရာဝတီမြစ်ဟာ မြန်မာ့စီးပွားရေးရဲ့ အသက်သွေးကြောဖြစ်လာတယ်။

အောက်မြန်မာပြည်ရဲ့ စပါးစိုက်ဧကဟာ (၁၈၇၀) အထိ ခုနှစ်သိန်းလေးသောင်းပဲရှိတယ်။ (၁၉၀၀) ခုနှစ်မှာ တစ်သန်းလေးသိန်းအထိ တိုးလာတယ်။ တောင်သူလယ်သမားအရေးတော်ပုံဖြစ်တဲ့ (၁၉၃၀) မှာတော့ ဆယ်သန်းအထိ ရှိနေပြီ။ ဉရောပက အတတ်ပညာနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ယဉ်ပါးအောင် လုပ်နိုင်တာရယ်၊ စစ်တောင်းမြစ်ဝှမ်းနဲ့ သံလွင်မြစ်ဝှမ်းမှာပါ စပါးစိုက်ဧကတွေ တိုးလာလို့ပါပဲ။ ဒီလိုတိုးလာရတာက အထက် မြန်မာပြည်က လုံ့လဝိရိယရှိပြီး အတွေ့အကြုံများတဲ့ လယ်သမားတွေ ပြောင်းရွှေ့လာတာကြောင့်လဲတစ်ကြောင်းပါတယ်။ အိန္ဒိယက ချစ်တီးတွေဝင်လာတယ်။ ငွေရင်းဝင်လာတယ်။ လုပ်အားပါဝင်လာတော့ တွန်းအားတွေ ဖြစ်လာတာပေါ့။ အိန္ဒိယက ဝင်လာတဲ့ လုပ်အားဟာ မြစ်ဝကျွန်းပေါ်မှာ တာတမံတွေ ဆောက်လုပ်တဲ့ လုပ်ငန်း၊ မီးရထားလမ်းဖောက်လုပ်ရေးနဲ့ ပြည်တွင်းရေကြောင်း သင်္ဘောလမ်းတွေ ပြေးဆွဲရာမှာ အခရာကျကျ အသုံးတော်ခံခဲ့ကြတယ်။

၁၉၇၆ မှာ ပြဌာန်းတဲ့ မြေခွန်ဉပဒေဟာလည်း အောက်မြန်မာပြည်စိုက်ပျိုးရေးအဝွက် လိုအပ်တဲ့ လုပ်အားကို ဖြည့်ဆည်းပေးနိုင်ခဲ့တာ တွေ့ရမယ်။ မြေခွန်ကို (၁၂) နှစ် တိတိ ပေးဆောင်ပြီးရင် မြေကွက်ကို ပိုင်ဆိုင်ခွင့် အမည်ပေါက်တယ်။ မြေခွန်တစ်နှစ်အတွက် ပေးဆောင်ရင်ပဲ လက်ဝယ်ပိုင်ဆိုင်ထားပြီဖြစ်လို့ စိုက်ပျိုးစရိတ်ကို ချေးယူခွင့်ရသွားပြီ။ ဒါ့ကြောင့် အထက်မြန်မာပြည်က ရွှေ့ပြောင်းလယ်သမားတွေနဲ့ အိန္ဒိယ လယ်သမားတွေဟာ ဒါးမဉီးချမြေတွေ ဖော်ထုတ်လာကြပြီး အခြေချနေထိုင်လာကြတယ်။ အောက်မြန်မာပြည်ဟာ မြန်မာဘုရင် လက်ထက်မှာ ရာစုနှစ် ၂ခုကျော်လောက် လူနေအိမ်ခြေ ဆုတ်ယုတ်နေခဲ့ရာက ပြန်လည်စည်ပင်လာတယ်။ ဉပဒေ ပြုရာမှာ ဗြိတိသျှအစိုးရဟာ ဘယ်လိုရေရှည်မြင်တတ်သလဲဆိုတာ ဒီမှာပေါ်တယ်။ ထွက်တဲ့ဆန်အားလုံးရဲ့ သုံးပုံ နှစ်ပုံကို နိုင်ငံခြားကို တင်ပို့တယ်။ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကတော့ အင်္ဂလန်က တင်သွင်းရတယ်။

ရေကြောင်းပို့ဆောင်ရေးနဲ့ မီးရထားလုပ်ငန်းပြီးရင် ဗြိတိသျှတို့ ငွေလုံးငွေရင်း အများဆုံး မြှုပ်နှံတာက ရေနံတူးဖော် ရေးပါ။ ဘီအိုစီကုမ္ပဏီကို (၁၈၈၆) မှာ စတင်ထူထောင်တယ်။ (၁၉၀၄) ကစပြီး လုပ်ငန်းကျွမ်းကျင်တဲ့ အမေရိကန် အင်ဂျင်နီယာတွေကို ငှားရမ်းပြီး လုပ်ငန်းကို တိုးချဲ့တယ်။ (၁၉၀၈) မှာ ရေနံချောင်းနဲ့ ချောက်မှာ ထွက်တဲ့ ရေနံစိမ်း တွေကို သံလျင်ရေနံချက်စက်ရုံအထိ ပို့ဆောင်ပေးမယ့် ပိုက်လိုင်းကို သွယ်တန်းလိုက်တယ်။ မြန်မာအလုပ်သမား အများအပြားအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တယ်။ (၂၀) ရာစုဆန်းမှာ ခဲမဖြူ၊ သွပ်နဲ့ ဘော်တွင်းလုပ်ငန်းတွေ စတင်တယ်။ ပထမကမ္ဘာစစ်အပြီးမှာ ရှမ်းပြည်က နမ္မတူက ဘော်တွင်းစတင်တယ်။ ကရင်နီပြည်နယ် မော်ချီးက အဖြိုက်နက် (Tungsten) သတ္တုတွင်း၊ တနင်္သာရီက သံဖြူမိုင်းတွင်းနဲ့ ရာဘာစိုက်ခင်း တွေလည်း အလျှိုလျှို အကောင်အထည်ပေါ်လာတယ်။ ကမ္ဘာစစ်နှစ်ခုအကြား  (၁၉၁၄-၁၉၄၂) မှာ ဗြိတိသျှငွေရင်း မြှုပ်နှံမှု သုံးဆအထိ တိုးလာတယ်။

မြန်မာတစ်မျိုးသားလုံး မှီခိုနေရတဲ့ လယ်ယာစိုက်ပျိုးရေးကို ပြန်ကြည့်ကြမယ်။ အရောင်းအဝယ်ကောင်းလာတာနဲ့ အမျှ လယ်ယာကမှာ ငွေရင်းရဲ့ ထိုးစစ်ကို တောင်သူလယ်သမားတွေ အလူးအလှိမ့် ခံလာကြရတယ်။ လယ်သမားက အကြွေးတင်တော့  လယ်ယာမြေက လက်ပြောင်းလက်လွှဲဖြစ်လာတာကို ပြောခဲ့ပြီ။ အိန္ဒိယက ချစ်တီးတွေ မြန်မာပြည်ကို ဝင်လာရတာ ဗြိတိသျှအစိုးရကို အပြစ်တင်ရမှာ အမှန်ပါ။ ဒါပေမယ့် ဈေးကွက် စီးပွားရေးက လိုအပ်နေတဲ့ လစ်ဟာမှုကို သူမဖြည့်ပေးနိုင်ဘူး။ သူက ကျေးလက်အထိဆင်းပြီး လုပ်နိုင်အောင် လက်တံ မရှည်ဘူး။ ဒီနေရာကို တိုင်းရင်းသားမြန်မာတွေလည်း ဝင်လာဖို့ အဆင်သင့်မဖြစ်ဘူး။ ချစ်တီးတွေက အိန္ဒိယပြည်မှာ ဉရောပငွေကြေးလုပ်ငန်းပုံစံအတိုင်း လည်ပတ်နေတဲ့ ဘဏ်လုပ်ငန်းတွေကို ကောင်းကောင်း နားလည်ကြတယ်။ မြန်မာလယ်သမားတွေအတွက် လိုအပ်တဲ့ စိုက်ပျိုးစရိတ်ထက် ပိုပြီးလဲ ထုတ်ချေးတတ် ကြတယ်။ သီးနှံအထွက်မကောင်းတဲ့နှစ်၊ ကမ္ဘာ့ဆန်ဈေးထိုးကျတဲ့နှစ်၊ ကျန်းမာရေးမကောင်းလို့ အလုပ်အကိုင် မကောင်းတဲ့နှစ်၊ ကျွဲနွားအသေအပျောက်များတဲ့နှစ်တွေမှာ အကြွေးသံသရာလည်ရာက မြေယာကို မြီရှင် လက်ထဲ ထိုးအပ်လိုက်ရတာပဲ။

အစောပိုင်းမှာတော့မြန်မာလယ်သမားဆိုတာ ကိုယ့်ရွာမှာ ကိုယ်နေပြီး စိုက်ပျိုးရေးလုပ်မယ်။ စောစောပိုင်းမှာရွာပြင်ထွက်ပြီး အပိုဝင်ငွေရမယ့် အလုပ်တွေ ဘာတွေ သူတို့စိတ်မဝင်စားကြဘူး။ မြို့ပြဆိုတာလည်း သူတို့နဲ့ စိမ်းတယ်။ ဒီတော့ မြို့ပြနဲ့ ကျေးလက်ကြားမှာ ဆက်သွယ်ပေးဖို့ နောက်ထပ်ကြားလူတစ်မျိုး ဝင်လာတယ်။ တရုတ်တွေပဲ။ တရုတ်ကုန်သည်တွေက လယ်သမား တွေဆီက ပိုလျှံတဲ့ သီးနှံကို ဈေးကွက်ကို ဖြန့်ပေးလာကြတယ်။ မြို့ငယ်တွေမှာ ကုန်စုံဆိုင်ဖွင့်တယ်။ အရက်ချက် တယ်။ ဘိန်းခန်းဖွင့်တယ်။ မြို့ပြထူထောင်မျု အရှိန်အဟုန်မြင့်လာတော့ လိုအပ်တဲ့ ဆောက်လုပ်ရေးလုပ်သားတွေ အဖြစ် အိန္ဒိယသားတွေနဲ့အတူ ဝင်ပြီးလုပ်ကိုင်လာကြတယ်။ သင်္ဘောကျင်းတွေ၊ ဆန်စက်တွေ၊ ရထားလမ်း ဖောက်လုပ်ရေး လုပ်သားတွေအဖြစ်လည်း တွေ့ကြရမယ်။ နိုင်ငံခြားသားတွေ ဝင်ရောက်နေထိုင်ကြပုံကို မြို့ပြနဲ့ ကျေးလက် လူနေမှုဘဝကို ရေးတဲ့အခါ အသေးစိတ်ဖော်ပြပါမယ်။

မြန်မာပြည်ရဲ့ ဆန်စပါး ထုတ်လုပ်မှုကို သုံးပိုင်းခွဲပြီး ကြည့်နိုင်တယ်။

(၁)      ၁၈၅၀ – ၁၉၀၀ ဖွံ့ဖြိုးစကာလ

(၂)      ၁၉၀၀ – ၁၉၂၉  တည်ငြိမ်တဲ့ကာလ

(၃)      ၁၉၃၀ – ၁၉၄၀ စီးပွားပျက်ကပ်နဲ့ လူမှုရေးပဋိပက္ခများ

ပထမအဆင့်မှာတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်တစ်ခုလုံးနဲ့ ပဲခူးတိုင်းမှာ ကျယ်ပြောတဲ့ စပါးစိုက်ခင်းတွေ ပေါ်ပေါက် လာတယ်။ ဒီစိုက်ခင်းတွေကို လွတ်လပ်တဲ့ တောင်သူလယ်သမားငယ်တွေက ပိုင်ဆိုင်တယ်။ ကမ္ဘာ့ဆန်ဈေးကွက်ရဲ့ တောင်းဆိုမှု မြင့်မားလာတာနဲ့အမျှ ဗြိတိသျှ ရောင်းဝယ်ရေးကုမ္ပဏီကြီးတွေ၊ မြို့ပေါ်က ဆန်စက်ပိုင်ရှင်တွေ၊ စပါး/ ဆန် ပွဲစားတွေက ဆိပ်ကမ်းမြို့တွေမှာ ဈေးပိုပေးပြီးတော့ ဝယ်ကြတော့ ဆန်းဈေးက တရိပ်ရိပ်နဲ့ တက်လာတယ်။

ဆန်စပါးဈေးကောင်းလာတော့ အောက်မြန်မာြပည်မှာ အထက်အညာနဲ့ အိန္ဒိယတိုင်းသားတွေ ပါ ပြောင်းရွှေ့နေထိုင်ကြတော့လူဦးရေတိုးသလို လုပ်အားလည်း တိုးလာတယ်။ မြေလွတ်မြေရိုင်းတွေကို ခုတ်ထွင် ရှင်းလင်းပြီး လယ်ယာမြေတွေ ဖော်ထုတ်ရင် ဧက (၅၀) အထိ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာ လယ်မဲ့ယာမဲ့တွေအတွက် မက်လုံးကြီး တစ်ခုပါ။ ဒီမြေဧက (၅၀) ဆိုတာ မြန်မာလယ်သမားမိသားစု တစ်ခုအတွက် မတန်တဆ ပိုနေတယ်။ ဒီတော့ ဖော်ထုတ်ထားတဲ့ လယ်ယာမြေတွေကို စိုက်ပျိုးပေးဖို့ လုပ်အားလိုတယ်။ ဒါ့ကြောင့် အိန္ဒိယသားတွေကိုပါ လက်ခံကြရတာပါပဲ။ ငွေချေးလုပ်ငန်းကို အိန္ဒိယသားချစ်တီးတွေ၊ တရုတ်လူမျိုးတချို့နဲ့ ဗမာတွေလည်း အနည်းအကျဉ်း ဝင်လုပ်ကြတယ်။ မြန်မာလယ်သမားတွေက ငွေအမြဲချေးငှားဖို့လိုတယ်။ ရာသီအလိုက် လာရောက် လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းလယ်သမားတွေကို လုပ်အားခကိုအလျင်မီအောင် ရှင်းပေးရတယ်။ ငွေစလေးရွှင်လာတော့ မင်္ဂလာဆောင်၊ ရှင်ပြုစတဲ့ ပွဲလမ်းသဘင်တွေကို ခြိမ့်ခြိမ့်သဲ ကျင်းပတဲ့ ဓလေ့တွေ အောက်မြန်မာပြည်မှာ ပေါ်လာတယ်။

မြန်မာ့လယ်ယာစီးပွားရေးမှာ ငွေကြေးလုပ်ငန်းကို ကျွမ်းကျင်ကြတဲ့ ချစ်တီးတွေအပြင် အိန္ဒိယတောင်ပိုင်းသား တေလဂူ (Telugu) ရာသီလုပ်သားတွေလည်း အဓိက အခန်းကပါလာခဲ့တယ်။ တရုတ်တွေကတော့ ကြိုတင်ငွေပေး ပြီး ရိပ်သိမ်းချိန်မှာ သီးနှံနဲ့ ပြန်ဆပ်ခိုင်းတာပါပဲ။ မြစ်ဝကျွန်းပေါ်က ဗမာပွဲစားတွေရဲ့ အခန်းကကလည်း လျှော့တွက်လို့တော့ မရဘူး။ ဒီရွာက စပါး ဆယ်တင်း တင်းနှစ်ဆယ်၊ ဟိုဖက်ရွာက တင်းတစ်ရာ အားလုံးစုပြီး ကြိတ်ခွဲ စက်တွေကို ပို့လိုက်တော့ စပါးတန်ချိန် သောင်းကျော်သွားတာဟာဗမာပွဲစားတွရဲ့စွမ်းဆောင်မှုပါ။ တကယ်တမ်း ချစ်တီးတွေဟာ မြန်မာလယ်သမားတွေနဲ့တိုက်ရိုက်ထိတွေ့မှုကိုရှောင်လိုကြတယ်။လယ်သိမ်းယာသိမ်းဆိုတာတွေသိပ်မလုပ်ချင်ကြဘူး။သူ့လက်ထဲရောက်လာတဲ့လယ်ယာကိုသီးစားပြန်ချရမဲ့အလုပ်ပိုတွေမလုပ်ချင်ဘူး။သူ့ချေးငွေပြန်ဆပ်တာပဲလိုချင်ကြတာ။ ဒီတော့ကြားမှာ တရုတ် နဲ့ ဗမာပွဲစားတွေကို နေရာဖယ်ပေးထားသလို မြင်ရတယ်။ လယ်သမားနဲ့ တိုက်ရိုက်ထိတွေ့ရတာကတော့ ဗမာ ပွဲစားပါပဲ။ ထွက်တဲ့စပါးကို လိုက်သိမ်းတဲ့အခါ သူ့ပါမှ ဖြစ်တဲ့အခြေအနေပါ။

သက္ကရာဇ် ၁၉၀၀ ကနေ ၁၉၃၀ လောက်အထိ ဒုတိယကာလကတော့ မြန်မာ့ဆန်ရဲ့ ရွှေခေတ်ပါပဲ။ မြန်မာ မြစ်ဝကျွန်းပေါ်ရဲ့ စီးပွားရေးဟာ တည်ငြိမ်မှုနဲ့အတူ နည်းစံနစ်အားဖြင့်လည်းအားဖြင့်လည်း ပြောင်းလဲတိုးတက်လာတယ်။ စိုက်ဧကကလည်း ဆယ်သန်းအထိ တိုးလာပြီ။ ပြည်ပကို တင်ပို့တဲ့ စပါးတန်ချိန်ပေါင်းကလည်း နှစ်သန်းကနေ သုံးသန်းအထိ တိုးလာခဲ့တယ်။ စပါးဈေးကလည်း နှစ်ဆကျော်အထိ မြင့်တက်လာတယ်။ အနှစ်သုံးဆယ်အတွင်းမှာ အိန္ဒိယလုပ်သားဝင်ရောက်လာမှုကလည်း တစ်နှစ်တစ်နှစ်မှာ သုံးသိန်း ပတ်ဝန်းကျင်က ရှစ်သိန်း ပတ်ဝန်းကျင် အထိ တိုးလာတယ်။

ဒီလိုကုံလုံတဲ့ ဘဝတစ်ခုက ရုတ်တရက် ကပ်ကြီးဆိုက်ပြီး ဒုက္ခရောက်ရမယ်ဆိုတာ မြန်မာလယ်သမားတွေ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ မြန်မာလယ်သမားရယ်မဟုတ်ပါဘူး။ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ ဘောဂဗေဒ ဆရာကြီးတွေတောင် ဒီလိုစီးပွားရေး ပျက်ကပ်ကြီး ဘာကြောင့်ဆိုက်ရသလဲဆိုတာ ရှင်းမပြနိုင်ကြပါဘူး။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာပြည်ဟာ ဈေးကွက်စီးပွားရေးနဲ့အတူ ကမ္ဘာ့စီးပွားရေးရဲ့ အတက်အကျကို တိုက်ရိုက်ထိတွေ့လာရတဲ့ အခြေအနေကို ရောက်နေပြီ။ ကမ္ဘာ့စပါးဈေးထိုးကျမှု၊ လယ်ယာသုံး တိရစ္ဆာန်တွေ သေဆုံးမှု စတဲ့ အကြောင်းတွေကြောင့် လယ်သမားဟာ လက်ကျန်အကြွေးကို မဆပ်နိုင်တော့ဘူး။ အရင်ကလည်း ဒါမျိုးတော့ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် လူဉီးရေက သိပ်မထူထပ်သေးဘူး။ မြေလွတ်မြေရိုင်းကလည်း ပေါသေးတယ်။ ဒါ့ကြောင့် မြေယာတိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ဒီပြဿနာကို ဖြေရှင်းနိုင်တယ်။ နောက်ဆုံးတော့ ကြွေးမဆပ်နိုင်တဲ့ လယ်သမားက သူရင်းငှားဘဝရောက်ရတော့တာပဲ။စာရင်းဇယားတွေအရ တွက်ချက်ကြည့်ရင် ၂၀ ရာစုဆန်းအထိ မြစ်ဝကျွန်းပေါ်က လယ်ယာမြေ ၂၅ ရာခိုင်နှုန်းဟာ လွတ်လပ်တဲ့ သီးစားလုပ်တဲ့ လယ်သမားငယ်တွေရဲ့ လက်ထဲမှာရှိတယ်။ မြေငှားခကလည်း သင့်တင့်တဲ့ဈေးပါပဲ။ ၁၉၂၈ ခုနှစ်မှာ မြေယာလက်ဝယ်ရှိတဲ့ လယ်သမားဉီးရေဟာ ၄၂ ရာခိုင်နှုန်းအထိ တိုးလာတယ်။ မြေငှားခကလည်း တက်လာတယ်။ မြေငှားခ များများပေးတဲ့သီးစားကို ချထားပေးတဲ့ ဓလေ့ဖြစ်ပေါ်လာတယ်။ ဗမာလယ်သမားငယ်တွေ ဆုံးရှုံးသွားတဲ့ မြေယာတွေဟာ ချစ်တီးတွေနဲ့ တရုတ်ကုန်သည်တွေလက်ထဲကို ရောက်သွားတယ်ဆိုပေမယ့် အများစုကတေ့ အသစ်ပေါ်လာတဲ့ ဗမာမြေရှင်တွေ လက်ထဲရောက်ကုန်တာပါပဲ။ ဒီဗမာမြေရှင်လူတန်းစားဆိုတာ အလွှာပေါင်းစုံက ပါတယ်။ အပေါင်ဆိုင်ဖွင့်တဲ့လူတွေ၊ အရင်က မြေရှင်အသေးစားတွေ၊ မြို့ပေါ်က အရာရှိကြီးတွေ၊ ကြိတ်ခွဲစက်အသေးစား ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်တွေ စသဖြင့်ပေါ့။ နိုင်ငံခြားသား မြေရှင်ရော၊ ဗမာမြေရှင်ပါ အားလုံး အဝေးရောက်မြေရှင်တွေပဲ ဖြစ်လာကြတယ်။

၂၀ ရာစုအစောပိုင်းအထိ အထက်ကပြောခဲ့တဲ့ပြဿနာတွေက မြန်မာ့စီးပွားရေးကို လှုပ်ခတ်နိုင်စွမ်း မရှိသေးဘူး။ လယ်ယာမြေ အားလုံးရဲ့ ထက်ဝက်ကျော်က ဗမာလယ်သမားငယ်တွေ လက်ထဲမှာ ရှိနေခဲ့တာ။ ဗမာမြေရှင်တွေထဲမှာ သူတို့ပိုင် မြေယာမှာ အခြေချနေထိုင်သူပဲ ရှိခဲ့တယ်။ သူတို့တွေက သူတို့လယ်မြေကို ထွန်ယက်တဲ့ လယ်သမားတွေနဲ့ နွေးထွေးနဲ့ ဆက်ဆံရေးရှိခဲ့တယ်။ အဝေးရောက်တွေလိုမဟုတ်ဘူး။ဒါပေမယ့်မကြာပါဘူး လယ်ယာစီးပွားရေးကို အခြေပြုထားတဲ့ လူမှုဆက်ဆံရေး ပုံစံက ပြောင်းလဲလာတယ်။ လူလူချင်း ဆက်ဆံရေးကလည်း ကြဲလာတယ်။ လယ်ဧက အနည်းငယ်ပိုင်တဲ့ (၁၉) ရာစု နှောင်းက လယ်သမားငယ်တွေဟာ ဈေးကွက်၊ စိုက်ပျိုးစရိတ်ချေးငွေ၊ သူရင်းငှား စသဖြင့် အမျိုးမျိုး ပတ်သက်ဆက်ဆံနေခဲ့ ရပေမယ့် ထိရောက်တဲ့ အင်အားစုတစ်ခု ဖြစ်ခဲ့တယ်။ အခုကတော့ သူတို့ရဲ့ အခန်းကက တဖြည်းဖြည်း မှေးမှိန် လာတော့တယ်။

ဒီလိုမလိုလားအပ်တဲ့ ပြဿနာတွေစဝင်လာပြီဆိုပေမယ့် ကမ္ဘာ့စီးပွားရေး ပျက်ကပ်ဆိုက်တဲ့ ၁၉၂၉ – ၃၀ အထိ မြန်မာပြည်အောက်ပိုင်းဟာ စပါးကို တောင်ပုံရာပုံ ထုတ်လုပ်ပေးနေဆဲပါ။ ဂျပန်ဝင်တဲ့အထိ ကြံ့ကြံ့ခံပြီး လုပ်ကိုင် ပေးကြခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၀ နှစ်အတွင်း အရင်က လူမှုစီးပွားရေးဘဝဟာ ပြောင်းလဲသွားတယ်။ စပါးဈေးကျတယ်။ နိုင်ငံခြားကို တင်ပို့မှုလည်း ကျသွားတယ်။ ရန်ကုန်က အင်္ဂလိပ်ဘုရင်ခံနဲ့ အပေါင်းအပါတွေဟာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့နည်းလမ်းရှာမတွေ့နိုင်ဖြစ်နေတယ်။ မြေရှင်လက်ထဲရောက်သွားတဲ့ လယ်မြေက ၁၉၂၈ မှာ ၄၃ ရာခိုင်နှုန်း ရှိပေမယ့် ၁၉၃၅ မှာ ၅၈ ရာခိုင်နှုန်းအထိ ရှိလာတယ်။ စပါးဈေးကျရတဲ့ အကြောင်းစုံစမ်းဖို့ ကော်မရှင်တွေ ဖွဲ့တယ်။ သူတို့တင်ပြလာတာကိုလည်း အရေးတယူ မရှိဘူး။ ကမ္ဘာကြီးကိုပဲ လက်ညှိုးထိုးပြီး အပြစ်တင်ကြတာပဲ။

စီးပွားပျက်ကပ်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေက အများကြီးပါ။ သီးစားခအများဆုံးပေးတဲ့ လယ်သမားကို သီးစားချပေးတယ်။ သူရင်းငှားတွေက ဂိုဏ်းဖွဲ့ပြီး ရပ်တည်လာကြတယ်။ အဆိုးဆုံးကတော့ အိန္ဒိယသားဆန့်ကျင် ရေးနဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ စတင်လာခြင်းဖြစ်တယ်။ ဆရာစံသူပုန်ဟာ ဒီအခြေအနေတွေကို အများကြီး ထင်ဟပ်တယ်။ ကိုလိုနီဆန့်ကျင်ရေးစိတ်ဓာတ်က ကုလားဆန့်ကျင်ရေးကို ပိုပြီး နှိုးဆွပေးတယ်။ အိန္ဒိယသားတွေ ဝင်ရောက်လာမှုကလည်း ကျဆင်းသွားတယ်။ ကိန်းဂဏန်းအရ ၁၉၂၉ မှာ ၇၇၇,၀၀၀ ရှိခဲ့ပေမယ့် ၁၉၃၃ – ၃၈ မှာ ၄၈၃,၀၀၀ ပဲ ရှိတော့တယ်။

တတိယကာလ (၁၉၃၀ – ၁၉၄၀) မှာကတော့ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် အထိနာခဲ့တဲ့ ဒါဏ်ရာဒါဏ်ချက် တွေကို ကုစားရင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်း အသစ်တစ်ခုကို မြည်းစမ်းခွင့်ရလာကြတယ်။ ဒိုင်အာခီ ခေတ်ကတည်းက ဗမာတွေ တစိုက်မတ်မတ် တောင်းဆိုကြတဲ့ ဟုမ္မရူးရဲ့ အရသာကို မြည်းစမ်းခွင့်ရလာြကတယ်။ ဂျပန်တွေ ဝင်လာတော့ မြစ်ဝကျွန်းပေါ်က အိန္ဒိယသားတွေ အတော်များများ မူလွတ်ကို ပြန်ကြတယ်။ ဂျပန်စစ် အုပ်ချုပ်ရေးအောက်မှာ နိုင်ငံခြားကို ဆန်တင်ပို့လို့ကလည်း မရတော့ အိန္ဒိယလူမျိုးတွေ ပြည်တော်ပြန်တာက ပြဿနာကြီးတစ်ခုတော့ မဟုတ်လှဘူး။ ဒါပေမယ့် စစ်ပြီးခေတ်မှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံတော် အစိုးရအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ခဲ့လာခဲ့တယ်။

မြန်မာနိုင်ငံကလွဲလို့ အရှေ့တောင်အာရှမှာ ဆန်စပါးအကြီးအကျယ် ထုတ်လုပ်တဲ့ဒေသကြီး ၂ ခုရှိတယ်။ ထိုင်းက ကျောက်ဖျမြစ်ဝှမ်းနဲ့ ဗီယက်နမ်က မဲခေါင်မြစ်ဝကျွန်းပေါ်ဖြစ်တယ်။ ဒီဒေသတွေက ထွက်တဲ့ဆန်ဟာ မြန်မာ ပြည်က ထွတ်တဲ့ဆန်ရဲ့ ပမာဏအားဖြင့် တစ်ဝက်စီလောက်ပဲရှိပါတယ်။ ဒီဒေသနှစ်ခုစလုံးက ၂၀ ရာစု အစောပိုင်းကစလို့ မြန်မာရဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ကို အတုယူပြီး ဖွံ့ဖြိုးတိုးတက်လာကြတာြဖစ်တယ်။ ထိုင်းနိုင်ငံရဲ့ တိုးတက်မှုက မှတ်သားလောက်ပါတယ်။ ၁၉ ရာစုဆန်းလောက်အထိဗီ,က်နမ်က မဲခေါင်မြစ်ဝကျွန်းပေါ်က ဧရာဝတီတိုင်းလိုပဲ လူနေအလွန်ကြဲတဲ့ဒေသဖြစ်တယ်။ အရှေ့ပိုင်းက ဆိုင်ဂုံမြို့ တဝိုက်လောက်သာ ကျေးရွာအိမ် ခြေ အနည်းအကျဉ်းလောက်ရှိတာပါ။ ၁၈၅၈ – ၁၈၆၇ မှာ ပြင်သစ်တွေက သိမ်းယူပြီးတဲ့နောက် ဆန်ကိုစပြီး နိုင်ငံခြားဈေးကွက်ကို တင်ပို့တယ်။ များများစားစားမဟုတ်ဘူး။ ဟွေး (Hue) မြို့တဝိုက်က ပိုလျှံတဲ့ ဆန်စပါး နည်းနည်းပါးပါးလောက်ပဲ တင်ပို့နိုင်တာပါ။ ၁၀ စုနှစ် ၃ ခုလောက်အတွင်းမှာ မြန်မာပြည်မှာလိုပဲ မြောက်ပိုင်းသား တွေ မဲခေါင်မြစ်ဝကျွန်းပေါ်တစ်ခုလုံးကို ဝင်ရောက်လာပြီး စပါးစိုက်တဲ့ မြေယာတွေကို ချဲ့ထွင်လာခဲ့ကြတယ်။ ဒါပေမဲ့ကိုချင်ချိုင်းနား (တောင်ဗီယက်နမ်) မှာကတော့ မြန်မာပြည်လို လူမှုရေး ရှုပ်ထွေးမှုမရှိဘူး။ ကြားလူအဖြစ် ဝင်လာတာက တရုတ်လူမျိုးတစ်မျိုးပဲရှိတယ်။ ပြင်သစ်စီးပွားရေးသမားကြီးတွေကတော့ ဆိုင်ဂုံမှာ ကြိတ်ခွဲစက် တွေ ထောင်ထားကြတယ်။ သင်္ဘောကုမ္ပဏီတွေ ထောင်ပြီး ပို့ဆောင်ရေးနဲ့ နိုင်ငံခြားတင်ပို့ဖို့ ကိစ္စတွေလောက်ကိုပဲ စိတ်ဝင်စားကြတယ်။ ဒါ့ကြောင့် တလင်းထဲက စပါး၊ ကြိတ်ခွဲစက်အရောက်၊ သင်္ဘောပေါ်အရောက်လုပ်ငန်းအားလုံး ဟာ တရုတ်တွေလက်ထဲမှာ ရှိနေတယ်။ မြန်မာပြည်နဲ့ ဗီယက်နမ်တို့နဲ မတူညီတဲ့အချက်ကတော့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ဈေးကွက်ကို စစ်ရှုံးကိုလိုနီနိုင်ငံတစ်ခုအဖြစ် ဝင်လာခဲ့တာမဟုတ်ဘူး။ ၁၈၅၅ ခုနှစ် ဗြိတိန်နဲ့ စာချုပ်အရ အင်္ဂလိပ်အကြံပေးအရာရှိတွေရဲ့ လမ်းထွင်ပေးမှုနဲ့ စနစ်ဟောင်းကို ဖက်တွယ်ထားလိုပေမယ့် ခေတ်မီတိုးတက်ရေး ကို လိုလားတဲ့ ထိုင်းမင်းမျိုးမင်းနွယ်တွေရဲ့ ကြိုးပမ်းမှုတွေကြောင့် ပြောင်းလဲတိုးတက်လာခြင်း ဖြစ်တယ်။ ထိုင်းသူကောင်းမျိုးတွေကို ချီးကျူး သင့်တဲ့အချက်က မိမိတို့လည်းချမ်းသာ တိုင်းပြည်လည်းကောင်းစား ဆိုတဲ့မူကို ကိုင်ဆောင်ထားကြလို့ပါပဲ။ ထိုင်းမှာလည်းပဲ ကြားပွဲစားအဖြစ် တရုတ်ကုန်သည်တွေက တွင်ကျယ်ခဲ့ကြတာပါ။ ဘန်ကောက်မှာ ကြိတ်ခွဲစက်တွေ စထောင်တာ ဉရောပတိုက်သားတွေပါ။ ဒါပေမယ့် တဖြည်းဖြည်း တရုတ်တွေလက်ထဲ ရောက်ကုန်တယ်။ ၁၈၉၀ နောက်ပိုင်းမှာ တရုတ်ဆန်စက်တွေက တရုတ်လုပ်သားတွေကို သုံးပြီး ဆန်ရောင်းဝယ်ရေးလောက တစ်ခုလုံးကို ချုပ်ကိုင်လာကြတော့မှ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေစပြီး ပေါ်လာတယ်။

ဒီလိုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာတော့ ဗမာလယ်သမားတွေရဲ့ ဘဝဘာတွေပြောင်းလဲလာသလဲ။ အသိသာဆုံး ပြောင်းလဲချက်ကတော့ အရင်က ပစ္စည်းချင်းလဲတဲ့ ကုန်ဖလှယ်မှုနေရာမှာ ငွေကြေးဆိုတာက ဝင်ပြီးနေရာယူလာ တယ်။ ကိုယ့်ရှိတာကို လွယ်လွယ်ရောင်းနိုင်တယ်။ ကိုယ်လိုချင်တာကို လွယ်လွယ်ဝယ်လို့ရတယ်။ ကိုလိုနီခေတ်သုံး ငွေကြေးက ခိုင်မာတယ်။ ကိုယ့်ဖာသာကိုယ် ကြိုက်သလောက် သိမ်းထားနိုင်တယ်။ မြန်မာဘုရင်တွေ ခေတ်ကလို ဘယ်အဆင့်က ဘယ်လိုပစ္စည်းမသုံးရဘူး။ ဘယ်လိုအသုံးအဆောင်တွေ မပိုင်ဆိုင်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ မရှိဘူး။ ငွေရှိရင် ကိုယ့်ဘဝကိုယ် သဘောကျဖန်တီးလို့ရတယ်။ လယ်သမားတွေဟာ သူတို့နေထိုင်ရာ ကျေးလက်ရဲ့ ပြင်ပက ကမ္ဘာနဲ့ပါ ထိတွေ့လာရတယ်။ မြို့ကိုတက်ပြီး အခွန်ဆောင်လာရတယ်။ နိုင်ငံရပ်ခြားက တင်သွင်းလာတဲ့ အသုံးအဆောင်တွေရဲ့ ဆွဲဆောင်မှုကို သူတို့ခံလာရတယ်။ မြန်မာပြည်အခြားဒေသက အစားအသောက်၊ အဝတ် အထည်တွေကို နှစ်သက်လာကြတယ်။ ဒါတွေအားလုံး ပိုက်ဆံရှိရင်ဝယ်လို့ရနေတယ်။ အစားအသောက်၊ အနေအထိုင်ဓလေ့တွေပါ ပြောင်းလဲတာတယ်။ မြစ်ဝကျွန်းပေါ်က အိမ်ရှင်မအတွက် အထက်မြန်မာပြည်က ပဲဆီ၊ နှမ်းဆီက မရှိမဖြစ် လိုအပ်လာတယ်။ ထန်းလျက်ခဲ၊ နှမ်းယို မြေပဲပဲယိုဆိုတဲ့ သွားရေစာတွေကိုလည်း ကြိုက်တတ်လာ ကြတယ်။ ဒါတွေကို ဈေးမှာတင်ရောင်းတော့ မြို့တွေ ရွာတွေဟာ ဈေးဆိုင်ကဏ္ဏားတွေနဲ့ စည်ကားလာကြတယ်။

အရင်က တစ်နေရာတည်းမှာ အခြေတကျနေထိုင်တဲ့ လယ်သမားဘဝဟာ အားလုံးမဟုတ်သည့်တိုင်အောင် သက်ဝင်လှုပ်ရှားလာတာကို တွေ့ရမယ်။ အထူးသဖြင့် ရာသီအလိုက် အလုပ်အကိုင်အဆင်ပြေရာကို ပြောင်းရွှေ့ လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလယ်ယာလုပ်သားတွေ ပေါ်လာတယ်။ ရိပ်သိမ်းချိန်မှာ အများဆုံးတွေ့ရပြီး ထွန်ယက်ချိန် မှာလည်း တချို့ဒေသတွေမှာ တွေ့ရတတ်တယ်။ ရွှေ့ပြောင်းလုပ်သားတွေထဲမှာ အတင်းအကျပ်စေခိုင်းတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အများစုကတော့ မိမိဆန္ဒသဘောအလျောက် ပါဝင်လာကြတာပါ။ ရွှေ့ပြောင်းလုပ်သား တွေဟာ သူတို့လာရောက်လုပ်ကိုင်ကြတဲ့နေရာတွေမှာ စားသောက်နေထိုင်ရေးအဆင်ပြေရင် ဇာတိရပ်ရွာကို မပြန်တော့ဘဲ နောက်ရာသီတွေမှာ အလုပ်ဆက်လုပ်ဖို့ ရရာ ကျပန်းအလုပ်တွေကို လုပ်ပြီးစောင့်ဆိုင်းကြရာမှ အခြေချနေထိုင်မှုတွေ ဖြစ်လာတယ်။ မြန်မာပြည်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း လုပ်သားတွေရှိတယ်။ အိန္ဒိယတောင်ပိုင်းက မြစ်ဝကျွန်းပေါ်ကို လာကြတယ်။ အရှေ့ဘက်ဘင်္ဂလားက ရခိုင်မြောက် ပိုင်းကို လာကြတယ်။ ၁၉၃၉ မှာ စစ်တွေခရိုင်မှာ လူဉီးရေ တစ်သိန်းငါးသောင်းလောက်ရှိတဲ့အနက် လေးသောင်း လောက်က စစ်တကောင်းနယ်မှာ မွေးဖွားသူတွေဖြစ်ကြောင်း သန်းခေါင်စာရင်းအရ သိရတယ်။ (၂၀) ရာစု အစောပိုင်းကျတော့ လယ်ယာလုပ်ငန်းသာမက မြို့ပေါ်က မြန်မာတွေ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ကိုင်ဖို့ အိန္ဒိယတိုင်းသားနဲ့ တရုတ်လူမျိုးတွေ ဝင်ရောက်လာကြတယ်။ အစေခံ၊ ဆိုက်ကားနဲ့ လံချားသမား၊ ရုံးအကူ၊ သန့်ရှင်းရေး၊ လမ်းဘေးဈေးသည်အဖြစ် ဝင်ရောက်လုပ်ကိုင်ကြတယ်။ တရုတ်နဲ့ အိန္ဒိယသားတွေက သင်္ဘောကျင်း နဲ့ စက်ရုံလုပ်သားတွေအဖြစ် ဝင်လုပ်ကြတယ်။ ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်ငန်းတွေကတော့ အိန္ဒိယသားတွေပဲ စောစောပိုင်းမှာ အလုပ်များကြတယ်။ ဗဟုလူ့အဖွဲ့အစည်း (Plural Society) ရဲ့ လက္ခဏာတွေ စတင်ပေါ်ပေါက် လာခြင်းပါပဲ။ ဒေသခံနဲ့ နိုင်ငံခြားသားတွေကြားထဲ အလုပ်အကိုင်အခွင့်အရေးအတွက် ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာတယ်။ ၁၉၃၀ ပြည်လွန်နှစ်တွေက ရန်ကုန်မြို့က လူမျိုးစုချင်း ပဋိပက္ခတွေဟာ ဒီသဘောကို ဆောင်တယ်။

မြန်မာကျေးလက်က လယ်ယာမဲ့တွေက အရင်ကလို ရွာကို သံယောဇဉ်တွယ်ပြီး ထွက်သွားရမှာ ဝန်မလေးကြတော့ ဘူး။ ပင်ပန်းတာချင်းအတူတူ မြို့ပေါ်တက်ပြီး ဝင်ငွေမှန်မှန်ရတဲ့ အလုပ်တစ်ခုရှာမယ်။ မြို့ပြရဲ့ အခြေခံလူတန်းစား ဆိုတာ ဖြစ်လာတယ်။နောက်ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုကတော့ အရင်က ဗမာလယ်သမားတွေဟာ စပါးပဲစိုက်တယ်။ ကိုလိုနီခေတ် ရောက်တော့ ကမ္ဘာ့တစ်ခြားဒေသက သီးနှံတွေဝင်လာတယ်။ ဉပမာ မြေပဲ၊ ပီလောပီနံ၊ ပြောင်း၊ အာလူး စသဖြင့်ပေါ့။ စပါးရိတ်သိမ်းပြီးရင် ဈေးကွက်မှာ ဝယ်အားကောင်းတဲ့ သီးနှံတစ်မျိုးမျိုးကို စိုက်မယ်။ အပိုဝင်ငွေတော့ ရှာတတ်လာကြတယ်။ ဒါက ကျယ်ပြန့်လာတဲ့ ဈေးကွက်စီးပွားရေးရဲ့ အကျိုးကျေးဇူးတွေပါပဲ။ အရှေ့တောင် အာရှမှာ မြန်မာဟာ ဈေးကွက်စီးပွားရေးစနစ်ထဲကို အခြားနိုင်ငံတွေထက် နှာတစ်ဖျားအသာနဲ့ ဝင်လာခဲ့တယ် ဆိုတာ အမှန်ပါ။စစ်အတွင်းမှာတော့ လယ်သမားတွေ အခက်ကြုံရတယ်။ ၁၉၄၁ – ၄၂ စပါးစိုက်ရာသီမှာ ပုံမှန်အတိုင်း စိုက်ပျိုးလို့ ထွက်လာတဲ့ သီးနှံတွေက အလျှံအပါယ်ဖြစ်နေတယ်။ စပါးဈေးကွကပျက်သွားပြီ။ ဒီတော့ ဗမာလယ်သမားတွေက နောက်ရာသီတွေမှာ သူတို့စားလောက်ရုံပဲ စိုက်ပျိုးမယ်ဆိုရင် မြန်မာ့စစ်မျက်နှာပြင်က ဂျပန်စစ်သားတွေအတွက် ခက်မယ်။ ဒါ့ကြောင့် ၁၉၄၃ ခုနှစ် စိုက်ပျိုးရာသီမစခင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းက ပိုလျှံတဲ့ စပါးအားလုံးကို အစိုးရက ဝယ်ယူပါမယ်ဆိုပြီး စပါးအထွက်များတဲ့ ခရိုင်ပေါင်း (၁၃) ခုက စပါးတွေကို ဝယ်ဖို့ အစီအစဉ်ကို ကြေညာတယ်။ ဝန်ထမ်း (၁၆၀) ဉီးကို တစ်ရက်သင်တန်းပေးပြီး စပါးဝယ်ဖို့ စီစဉ်တယ်။ ဒီအစီအစဉ်က ဘာမှ အရာမထင်ဘဲ နောက်ဆုံးတော့ လေထဲဆောက်တဲ့ စီမံကိန်းတစ်ခုပဲ ဖြစ်သွားတော့တယ်။

တကယ်တမ်းမှာ စစ်ကြိုခေတ်က စီးပွားရေးအခြေခံဟာ စစ်အတွင်းမှာ ကြံ့ကြံ့ခံနိုင်ခဲ့တာတွေ့ရတယ်။ စိုက်ဧကမှာ စစ်ကြိုခေတ်ကို မမီပေမယ့် တမဟုတ်ချင်း နလံပြန်ထူလာခဲ့တယ်။ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံ အဆောက်အဉီးတွေက စစ်အတွင်းမှာ ပျက်စီးဆုံးရှုံးခဲ့တာတွေက များတယ်။ လွတ်လပ်တဲ့ နိုင်ငံတော်အစိုးရဟာ လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာအောင် ဆယ်စုနှစ် တစ်ခု လောက်အတွင်းမှာ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တာတွေ့ရတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာကတော့ ကမ္ဘာ့ဆန် ဈေးကွက်က မြန်မာ့ဆန်ကို ပြန်ပြီးတောင်းဆိုလာတယ်။ ကိုရီးယားစစ်ပွဲဖြစ်တော့ ဆန်ပေါက်ဈေးက တက်ပြီးရင်း တက်လာတယ်။ ကမ္ဘာ့ဆန်ဈေးကွက်မှာ မြန်မာနိုင်ငံဟာ စစ်ကြိုခေတ်က အနေအထားကို ပြန်ပြီး ရောက်လာပါတယ်။ ကျယ်ပြန့်လာတဲ့ ဈေးကွက်စီးပွားရေးရဲ့ အကျိုးကျေးဇူးတွေပါပဲ။ အရှေ့တောင် အာရှမှာ မြန်မာဟာ ဈေးကွက်စီးပွားရေးစနစ်ထဲကို အခြားနိုင်ငံတွေထက် နှာတစ်ဖျားအသာနဲ့ ဝင်လာခဲ့တယ် ဆိုတာ အမှန်ပါ။ အစကောင်းခဲ့တာအမှန်ပါ။

သံဝှန်ဖြိုး