မြန်မာ့ရွေးကောက်ပွဲများသမိုင်း (၅)

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့ တွင် ကျင်းပသည်။

ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မှီ နောက်ခံ အခြေအနေ

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်  ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် နှင့်  လစ်လပ် မဲဆန္ဒနယ် (၄၅) နယ် ကို ကြေငြာခဲ့သည်။

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲမကျင်းပမီအချိန်အထိ ကော်မရှင်သို့ လျှောက်ထားခဲ့သော (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ပါတီ အပါအဝင်)  နိုင်ငံရေးပါတီ (၁၀) ပါတီကို မှတ်ပုံတင်ခွင့်ပြု ခဲ့ပါသည်။

၂၀၁၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ပါတီ သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် စင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေး ပါတီ (၁၂) ပါတီနှင့် ကြားဖြတ် ရွေးကောက်ပွဲမကျင်းပမှီ ကော်မရှင်မှ ထပ်မံခွင့်ပြုခဲ့သော နိုင်ငံရေးပါတီ (၅) ပါတီ စုစုပေါင်း (၁၇) ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြိုတင်ကြေငြာခဲ့သော လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၄၀) နယ်များမှာ- ကချင်ပြည်နယ် တွင်(ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း)၊ တနင်္သာရီတိုင်းဒေသကြီးတွင် (ကျွန်းစု၊ လောင်းလုံ)၊ ပဲခူးတိုင်းဒေသကြီးတွင် (တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံတန်း)၊ မကွေးတိုင်းဒေသကြီးတွင် (မကွေး၊ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ)၊မန္တလေးတိုင်းဒေသကြီးတွင် (ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက်ပန်းတောင်းနွားထိုးကြီး၊ မဟာအောင်မြေ၊ တံတားဦး၊ မိတ္ထီလာ၊ ပြင်ဦးလွင်)၊ မွန်ပြည်နယ်တွင်(မော်လမြိုင်)၊ ရန်ကုန်တိုင်းဒေသကြီးတွင် (ကော့မှူး၊ သုံးခွ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ မင်္ဂလာတောင်ညွန့်၊ လှည်းကူး၊ မရမ်းကုန်း)၊ ရှမ်းပြည်နယ်တွင်(ကလော)၊ ဧရာဝတီတိုင်းဒေသကြီးတွင် (ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ဝါးခယ်မ၊ မြန်အောင်) တို့ဖြစ်ကြသည်။ သို့သော် ကချင်ပြည်နယ် ရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၃) နယ် (ဖားကန့်၊မိုးကောင်း၊ဗန်းမော်) ကို လုံခြုံရေး အခြေအနေ အရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွှေ့ဆိုင်းခဲ့သည်။ လစ်လပ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၆) နယ်မှာ- စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၃)၊(၇)၊ ပဲခူးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၇)၊ မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၄)၊ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၃)၊ ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၀) တို့ဖြစ်ကြသည်။ လစ်လပ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၂) နယ်မှာ- ပဲခူးတိုင်းဒေသကြီး(ကဝ(၂)) ဧရာဝတီတိုင်းဒေသကြီး (ရေကြည်(၂))  တို့ဖြစ်ကြသည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ(၁၇)ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်(၃၇) နယ်အတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း(၁၁၂)ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း(၆)ဦး၊ စုစုပေါင်း (၁၁၈)ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၆)နယ် အတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း(၂၀)ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း(၂)ဦး၊ စုစုပေါင်း (၂၂)ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၂)နယ် အတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း(၅)ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း(၁)ဦး၊ စုစုပေါင်း (၆)ဦး၊ အသီးသီး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော် အတွက်   မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၄,၆၈၃,၂၃၁)ဦး ရှိသည့်အနက် (၃,၄၆၂,၄၄၂)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၇၃.၉၃) ရာခိုင်နှုန်း လည်းကောင်း၊အမျိုးသား လွှတ်တော် အတွက်   မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၁,၆၇၀,၁၀၂)ဦး ရှိသည့်အနက် (၁,၀၅၄,၆၁၁)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၆၃.၁၅) ရာခိုင်နှုန်း လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် အတွက်   မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၁၃၃,၃၃၀)ဦး ရှိသည့်အနက် (၈၆,၀၄၈)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၆၄.၅၄) ရာခိုင်နှုန်း လည်းကောင်း  မဲပေးခဲ့ကြသည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော နိုင်ငံရေးပါတီ များ၏  လွှတ်တော် အသီးသီးအတွက် ရွေးကောက်တင်မြှောက် ခံခဲ့ ရသည့် မဲဆန္ဒနယ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

စဉ် ပါတီကမည် ပြည်သူ  လွှတ်တော် အမျိုးသား လွှတ်တော် တိုင်းဒေသကြီး လွှတ်တော် စုစုပေါင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချူင် ပါတီ ၃၇ နယ် ၄ နယ် ၂ နယ် ၄၃ နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  – ၁ နယ် ၁ နယ်
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၁ နယ် ၁ နယ်
စုစုပေါင်း ၃၇ နယ် ၆ နယ် ၂ နယ် ၄၅ နယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်ကို  စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၇) ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ရှမ်းတိုင်းရင်းသားမျာ းဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်ကို ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၃) ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် လည်းကောင်း ရွေးကောက်တင်မြှောက် ခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ရလဒ် အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူင်ပါတီ မှ ကိုယ်စားလှယ်များ သည် မဲဆန္ဒနယ်အများစု တွင် ယှဉ်ပြိုင်အနိုင်ရ လိုက်ခြင်းကြောင့် နှစ်ပေါင်းများစွာ မပြောင်းမလဲရှိ နေသော မြန်မာ့နိုင်ငံရေးဝန်းကျင်အနေအထားသည် ပြန်လည်၍ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ရသည်။