ခုဆိုရင် မြန်မာပြည်မှာ အာဏာသိမ်းထားတာဟာ ရက်ပေါင်း ၂၀၀ ကျော်ကာလကို ချဉ်းနင်း ဝင်ရောက်လာပါပြီ။ လက်ရှိအခြေအနေဟာ သမိုင်းတလျှောက် မကြုံစဖူး ထူးကဲတဲ့ အခြေအနေပါပဲ။ ဒီကာလအတွင်း ရေရှည်အတွက် အပြုသဘောဆောင်တဲ့ ညှိနှိုုင်းဖြေရှင်းခြင်းမျိုး မရှိ။ အပြုသဘောဆောင်တဲ့ ရလဒ်မျိုး ထွက်ပေါ်လာခြင်းလည်း မရှိ။ အဲဒီအစား အဆင်ခြင်မဲ့ လူသတ်တာမျိုးတွေ၊ ရက်ရက်စက်စက် နှိပ်စက်တာမျိုးတွေ၊ ထင်တိုင်းကြဲ ဖမ်းဆီးပြီး လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာမျိုးတွေကိုသာ နိုင်ငံအနှံ့ တွေ့မြင်နေရဆဲပါ။ အာဏာသိမ်းခေါင်းဆောင်ဟာ ဖြစ်ပွားမှုနှုန်း အလွန်မြင့်တက်လာတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘဲ ပြည်သူအများစုဟာ မလိုအပ်ဘဲ သေဆုံးနေကြရပါတော့တယ်။ ပြည်သူ့ရေးရာ ဝန်ဆောင်မှုကောင်းတွေ ပေးရမယ့် နေရာတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘဏ်စနစ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေအစား အစားအသောက် မလုံလောက်မှုနဲ့ နေ့စဉ်လူမှုဘဝ အားလုံး အားလုံးမှာ ကမောက်ကမ ဖြစ်နေတာကို တွေ့ရှိနိုင်ပါတယ်။ ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့် အရှေ့တောင် အာရှရဲ့ ပထမဆုံး ကျရံှုးနိုင်ငံ ဖြစ်ဖို့ ဝိသေသ လက္ခဏာတွေနဲ့ ပြည့်စုံနေပါပြီ။ ဒါတွေဟာ ခေတ်သစ် ကမ္ဘာမှာ လူဖန်တီးလိုက်တဲ့ ဘေးဆိုးကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေလို့ ဆိုရင် မှားအံ့မထင်ပါဘူး။
ဒီမိုကရေစီနိုင်ငံ အဖြစ်ကို အသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံဟာ ကျရံှုးနိုင်ငံ အဖြစ်ကို ဘာကြောင့်များ မြန်မြန်ဆန်ဆန် ဦးတည်သွားရတာလဲ။ အဖြေကတော့ ရိုးရှင်းလွန်းပါတယ်။ ယခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကစားပွဲမှာ အရံှုးသမားတွေအများစု ပါဝင်နေလို့ပါ။
ပထမဆုံး လိုအပ်ချက်ကတော့ သတင်းအချက်အလက် မရရှိမှုကနေစတယ်လို့ ဆိုချင်ပါတယ်။ အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရှိသူ နိုင်ငံရေးသမားတွေနဲ့ မြန်မာပြည်သူတွေဟာ အာဏာသိမ်း ဖြစ်စဉ်မတိုင်ခင်ကတည်းက သတင်းအချက်အလက် စီးဆင်းမှု နဲ့ပတ်သက်ပြီး သိပိုင်ခွင့် မရခဲ့ဖူးပါဘူး။
ဒါဟာ သူတို့ရဲ့ အားနည်းချက်ကြောင့် ဖြစ်ရတယ်လို့ ဆိုလိုတာ မဟုတ်ဘဲ အဲဒီ အချက်ကို ကြိုမသိခဲ့ရတဲ့ အတွက်ကြောင့်သာ ခုလို ကျူးလွန်ခံခဲ့ရတာဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးကြောင့် အာဏာသိမ်းဖြစ်စဉ်ကို ဟန့်တားဖို့အတွက် ပူးပေါင်းဆောင်ရွက်ပြီး ပြင်ဆင်စရာ ရှိတာပြင်ဆင်ဖို့ မလုပ်နိုင်ခဲ့ဘဲ ခုလိုခါးသီးတဲ့ အခြေအနေမျိုးကို ကြုံရတော့တာပါပဲ။ သာဓက အနေနဲ့ 2020 ရွေးကောက်ပွဲမှာ အများစု အနိုင်ရထားတဲ့ NLD ကိုယ်စားလှယ်တွေဟာ အာဏာသိမ်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစ်စွန်းတစ်စတောင် သိပုံမရဘဲ ပထမဆုံး လွှတ်တော်ခေါ်ယူဖို့နဲ့ အစိုးရသစ်ဖွဲ့ဖို့အတွက် ကြိုးစားနေရင်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ အာဏာသိမ်းခံလိုက်ရပါတော့တယ်။ ဒီကာလအတွင်းမှာ အနိုင်ရပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် တွေဟာ အာဏာသိမ်းတော့မယ် ဆိုတာ ကြိုပြီး နားလည်ထားပြီး ဖြစ်တဲ့ အတွက် ကြိုတင်ပြင်ဆင်ဖို့ လုပ်ရတော့မှာပါ။ အထူးသဖြင့် ပြည်သူတွေက တခဲနက်ပေးအပ်ထားတဲ့ ရွေးကောက်ပွဲ အနိုင် ဆိုတဲ့ နိုင်ငံရေးအာဏာကို သုံးပြီး အရေးပါတဲ့ နိုင်ငံရေး လမ်းညွှန်ချက် ထွက်ပေးရမှာပါ။ တစ်နိုင်ငံလုံးဟာ အာဏာသိမ်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစွန်းတစတောင် မကြားသိရတာနဲ့ ပတ်သက်ပြီး အံ့သြမင်သက် ဖြစ်ကြရပြီး တစ်ဦးချင်းစီ အနေနဲ့ ဒီကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးကို ဘယ်လို တွန်းလှန်မလဲဆိုတာ ပြင်ဆင်နေကြပါတော့တယ်။ အကျိုးဆက်ကတော့ နဂိုကတည်းက အကဲဆတ်တဲ့ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးဟာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာပိုင်တွေ လက်ထက်မှာ ကြိုတင်ပြင်ဆင်ထားမှု မရှိခဲ့ခြင်းက အဆိပ်ပင်ရေလောင်းသလို ဖြစ်သွား စေခဲ့ပြီပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ အခုအခါမှာတော့ ကြိုတင်ပြင်ဆင်မထားတဲ့ တိုက်ပွဲကို ရင်ဆိုင်လိုက်ရပြီပေါ့။
CRPH ကနေ 2020 ရွေးကောက်ပွဲ အနိုင်ရ အမတ်များပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို ၂၀၂၀ ခုနှစ် ဧပြီလ မှာ ဖွဲ့စည်းခဲ့ပါတယ်။ NLD ဦးဆောင်တဲ့ NUG ဟာ အားလုံးပါဝင်တဲ့ နိုင်ငံ စံနှုန်းများနဲ့ အညီ လူနည်းစု တိုင်းရင်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဘင်္ဂါလီ ဆိုတဲ့ အခေါ်အဝေါ် ကနေ ရိုဟင်ဂျာ ဆိုပြီး လူထုရဲ့ရှေ့မှာ ပြောင်းလဲခေါ်ဝေါ်ရဲခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေကို ဖိတ်ခေါ်နိုင်ခဲ့တာတွေဟာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပြီး အားလုံးပူးပေါင်းပါဝင်တဲ့ အစိုးရအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒါတွေအားလုံးဟာ တစ်ကယ်ကောင်းမွန်တဲ့ ပုံစံဖြစ်ပေမယ့်လည်း နားလည်လက်ခံ ထားရမယ့် အချက်တွေလည်း ရှိနေပါသေးတယ်။ အဲဒါတွေကတော့ NUG ဟာ ယာယီသဘောဆောင်နေတာ၊ အရေးပါတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုမပါဝင်တာ အထူးသဖြင့် သူတို့ရဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သဘောထား လမ်းညွှန်မှု မပါဝင်တဲ့ အစိုးရ ဖြစ်နေသေးတာပါပဲ။ ခြုံပြီးပြောရရင်တော့ တပ်မတော် ကို ဆန့်ကျင်ဖို့ နိုင်ငံရေးဆိုင်ရာ လမ်းညွှန်မှုဟာ NUG မှာ မရှိသလောက် ဖြစ်နေတာပါ။ ဆိုရရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ NUG အပေါ် ဘယ်လိုသဘောပေါက် နားလည်ထားသလဲ ဆိုတာနဲ့ အဲဒီ ဖြစ်စဉ်တစ်ခုလုံး အပေါ်ဘယ်လိုခြုံငုံနားလည် သလဲဆိုတာ သိဖို့ ကျန်ရှိနေပါသေးတယ်။ အာဏာသိမ်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေ(ပတ်သက်နေတဲ့ နိုင်ငံရေးပါတီများ အားလုံးကို ဆိုလိုသည်) အနေနဲ့ ကြိုတင်ပြင်ဆင်ထားမှု အားနည်းခဲ့ခြင်းက NUG ရဲ့ အခန်းကဏ္ဍကို နည်းအမျိုးမျိုးနဲ့ မှေးမှိန်သွားစေပါတယ်။ ပါဝင်ပတ်သက်သူ အားလုံး စုစည်းညီညွတ်နေချိန်မှာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး နဲ့ ပြောင်မြောက်တဲ့ ချဉ်းကပ်မှု ဖြစ်ဖို့ဟာ လက်ရှိမြန်မာ့နိုင်ငံရေး အတွက် သေရေးရှင်ရေး တမျှ လိုအပ်နေပါတယ်။
ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် အခုတော်လှန်ရေးမှာ အဘက်ဘက်က အရှုံးနဲ့ ရင်ဆိုင်နေရတာကတော့ စစ်တပ်ပါပဲ။ ခုချိန်ထိ အာဏာကို အလုံးစုံ မချုပ်ကိုင်နိုင်သေးဘူး၊ တစစီကြေမွသွားတဲ့ ဂုဏ်သိက္ခာ၊ ပြည်တွင်းမှာ ဆန့်ကျင်ခံနေရသလို နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ကိုလည်း မရသေးပါဘူး။ ဒါ့အပြင် စစ်တပ်နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေကို သပိတ်မှောက်တာ၊ စီးပွားရေး ပိတ်ဆို့မှုတွေ ခံရတာတွေကြောင့် သူတို့ရဲ့ စီးပွားရေး ပြိုလဲလာတာကို ကြုံနေရပါပြီ။ နောက်ဆုံးမှာ ပြစ်မှုကျူးလွန်ထားတာတွေ နဲ့ပတ်သက်ပြီး နိုင်ငံတကာခုံရုံးထိ တက်ပြီး ရင်ဆိုင်ရမယ့် အလားအလာတောင် မြင်တွေ့နေရပါတယ်။ စစ်တပ်ရဲ့ မဟာအမှားကြီးကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ ၁၉၈၈ ခုနှစ်က လုပ်ခဲ့တဲ့ နည်းလမ်းမျိုးကို ပုံတူကူးချပြီး လုပ်လို့မရနိုင်ဘူးဆိုတာ သတိမမူခဲ့မိတာပါပဲ။
စစ်တပ်ရဲ့ အထင်မှာတော့ ဒီတိုက်ပွဲဟာ NLD နဲ့ သူတို့ရဲ့ ဆက်စပ်ပတ်သက် သူတွေကို တိုက်ခိုက်တာလို့ ယူဆခဲ့ပေမယ့် တကယ်တော့ ပြည်သူလူထု တရပ်လုံး အပါအဝင် ကမ္ဘာကြီးနဲ့ပါ ရင်ဆိုင်လိုက်ရတာပါ။ အပိုဆု အနေနဲ့ကတော့ ကြုံတွေ့နေရတဲ့ တိုက်ပွဲတွေကို ဖြေရှင်းဖို့ ဘယ်လိုမှ မတတ်နိုင်ချိန်မှာပဲ လူမှုကွန်ယက်လို ခောတ်သစ်နည်းပညာ အခြေပြု နိုင်ငံရေးဆိုင်ရာ ဖြန့်ဝေမှု အတွက်ပါ စစ်မျက်နှာ ထပ်ဖွင့်လိုက်ရတာပါ။ စစ်တပ်ရဲ့ အဆိုးရွားဆုံး အမှားကတော့ ဒီအခြေအနေအတိုင်း ဆက်သွားရင် သူတို့ရဲ့ ထွက်ပေါက်ပါ သူတို့ မသိတော့တဲ့ အခြေစိုက် သွားရမှာ ဖြစ်ပါတယ်။ စစ်တပ်အတွက်တော့ သူတို့ရဲ့ လက်သုံးစကား ဖြစ်တဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ (တစ်ကယ်တော့ အာဏာအားလုံးကို ချုပ်ကိုင်ထားချင်တာ) နဲ့ သူတို့ကိုယ်သူတို့ ပြန်ကယ်တင်နိုင်ဖို့ နှစ်ခုစလုံးဟာ အင်မတန် ခက်ခဲသွားပါပြီ။ အခုတင်ပြထားသလိုပါပဲ စစ်သား အတော်များများဟာ တပ်ကို စွန့်ခွာနေကြပြီလို့ ယုံကြည်နေရပြီး သူတို့ရဲ့ ခေါင်းဆောင်မှုအတွက် သူတို့ကိုယ်တိုင် အနီရောင်အလံကို လွှင့်ထူရင်း ဘက်ပြောင်း နေကြပါပြီ။
နောက်ထပ် အရှူံးသမားတွေ ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ တိုက်ပွဲအတွက် အချိန်ကိုက် တိုက်ကွက်ဖော်ဆောင်မပေးလို့ ဒီလိုပြောတာ မဟုတ်ပါဘူး။ တစ်ခုခု လုပ်ရမယ့်အချိန်မှာ သြဇာအကြီးမားဆုံးနဲ့ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ 20 ကြားက အရိုးစွဲနေတဲ့ မညီညွတ်မှုတွေကြောင့် ခုလို သတ်မှတ်ရတာ ဖြစ်ပါတယ်။ သာဓက အနေနဲ့ တရုတ်ရဲ့ ကျောထောက်နောက်ခံ လည်းဖြစ် အင်အားလည်း အကြီးမားဆုံး ဖြစ်တဲ့ ‘ဝ’ စစ်တပ်ဟာ လိုအပ်တာထက် ပိုပြီး တိတ်ဆိတ်နေပါတယ်။ ဒါပေမယ် လုံခြုံစိတ်ချရတဲ့ နိုင်ငံရေး ပဋိညာဉ် ရှိတဲ့ လမ်းကြောင်းကို သွားဖို့ ခရီးရှည်ဖြစ် နေသေးပေမယ့် KIA နဲ့ KNU တို့ကတော့ စစ်တပ်ကို တိုက်ခိုက်နေသလို တစ်ဖက်ကလည်း PDF တွေကို သင်တန်းတွေ ပေးနေပါတယ်။ သာဓက အနေနဲ့ KNU ရဲ့ လက်ရှိ အနေအထားဟာ NCA မူအတိုင်း သွားဖို့ ပျက်ပြယ်ပြီလား သို့မဟုတ် ခုတိုက်ပွဲတွေကို ဆက်လုပ်သွားမလား ဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ရာ ခက်ခဲနေတုန်းပါပဲ။ ရခိုင်မှာလည်း သူတို့ကိုယ်တိုင် စစ်ဒဏ်ကြောင့် ဖွတ်ဖွတ်ကြေနေတဲ့ သူတို့ရဲ့ ပြည်နယ်ကို ထိန်းချုပ်ဖို့နဲ့ ဒီအချိန်ဟာ စစ်မျက်နှာ ဖွင့်ဖို့ မလိုအပ်ဘူးလို့ ယူဆထားပြီး ဖြစ်သလို ဒါဟာ သူတို့ရဲ့ အကျိုးစီးပွား ဖြစ်တဲ့အတွက် ခုချိန်ထိ AA ဟာ သိသိသာသာ ပါးစပ်ပိတ် ထားတုန်းပါပဲ။ ပြောခဲ့သလိုပါပဲ ခုချိန်ထိ ဒီအာဏာသိမ်း ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့တလေကမှ ခိုင်မာတဲ့ သဘောတူညီချက် တစ်စောင်တလေတောင် မထုတ်ကြသေးပါဘူး။ လက်ရှိအနေအထားကို စည်းစည်းလုံးလုံးနဲ့ တွန်းလှန်နိုင်တဲ့ အခွင့်အလမ်းလို့ မမြင်နိုင်ရင်တော့ သူတို့ရဲ့ ဖက်ဒရယ်ပြည်ထောင်စု အိပ်မက်တွေ သို့မဟုတ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တွေကို ဒီအခြေအနေဆိုးက အကုန်ရိုက်ချိုးပြီးသား ဖြစ်သွားတော့မှာပါ။ ဘာကိုဆိုလိုတာလည်း ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စည်းလုံးညီညွတ်မှု အားနည်းခြင်းကြောင့် ဒီတိုက်ပွဲမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အရှူံးသမားတွေ ဖြစ်နေပါပြီ။
နောက်ထပ် သိသာထင်ရှားတဲ့ အရှုံးသမားတွေကတော့ တရုတ် နဲ့ ရုရှားပါ။ တရုတ်ရဲ့ စီးပွားရေး၊ နိုင်ငံရေး နဲ့ ဗျူဟာမြောက် အကျိုးစီးပွားတွေ အားလုံးဟာ မြန်မာ့နိုင်ငံရေး တည်ငြိမ်မှု အပေါ် အလုံးစုံ မူတည်နေတာပါ။ အဲဒီလို တည်ငြိမ်မှု ရရှိအောင်ကလည်း အခြားနည်းလမ်းနဲ့ လုပ်ဆောင်လို့ မရနိုင်ဘဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တည်ဆောက်နိုင်မှ သာလျှင် ဖြစ်နိုင်မှာပါ။ ဒါနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ တွက်ဆမှု လွဲခဲ့ပါပြီ။ ၁၉၈၈ ခုနှစ်နဲ့ မတူတော့ပေမယ့် တရုတ်က ဆက်ပြီးထောက်ခံတာဟာ အလားတူ အမှားပါပဲ။ ဒီတစ်ခေါက် ၂၀၂၁ ခုနှစ်မှာလည်း တရုတ်အနေနဲ အာဏာရှင်ကို ထောက်ခံလိုက်တဲ့ အတွက် တရုတ်ရဲ့ ဗျူဟာမြောက် အကျိုးစီးပွား စီမံကိန်းတွေ ဖြစ်တဲ့ “ခါးပတ်တစ်ကွင်း လမ်းတစ်စင်း” ၊ “ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း” နဲ့ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် အများစုကို ဖြတ်သန်း သွယ်တန်းထားတဲ့ “သဘာဝဓာတ်ငွေ့ ပိုက်လိုင်း” တွေအပြင် အခြားစီမံကိန်းတွေရဲ့ လုံခြုံရေး အနေအထားဟာ ပြီးခဲ့တဲ့ ကာလတွေကထက် ပိုတုန်လှုပ်စရာ ကောင်းတဲ့ အနေအထားကို ရောက်သွားရပါပြီ။
တရုတ် အနေနဲ့ မြန်မာ့အရေးအပေါ် ထားတဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို ပြောင်းလဲဖို့ လိုနေပါပြီ။ နောက်ထပ် အရှုံးသမားတွေကတော့ အာဆီယံ နဲ့ ကုလသမဂ္ဂ တို့ပါပဲ။ အာဆီယံ အနေနဲ့မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ် ခန့်အပ်ခဲ့ပေမယ့် နိုင်ငံရေးကိစ္စတွေမှာ အကန့်အသတ်တွေ ကျန်ရှိနေသေးပေမယ့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်တွေမှာတော့ အလုပ်ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။ အာဆီယံ ကိုယ်တိုင် သူ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “one vision, one identity, one community ရည်မှန်းချက်တစ်ခု၊ စရိုက်လက္ခဏာ တစ်ခု၊ အဖွဲ့အစည်း တစ်ခု” ဆိုတဲ့ အတိုင်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ရပ်တည်ပြဖို့ လိုပါလိမ့်မယ်။ တစ်ကယ်တော့ ကုလသမဂ္ဂ နဲ့ အာဆီယံ နှစ်ဖွဲ့စလုံး လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ဆောင်ရွက်မှုမျိုး မလုပ်နိုင်သေးပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း ချက်ခြင်း ကြေငြာချက် ထုတ်ပြန်တာမျိုးတွေ လုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ နောက်ထပ် ပြောစရာ ရှိတာကတော့ အနောက်နိုင်ငံတွေပါ။ ဒီလို ဖော်ပြလိုက်လို့ သူတို့ဟာ ဘာမှ လုပ်မပေးခဲ့တာ မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘဲ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ စစ်တပ် နဲ့ မဟာဗျူဟာမြောက် အနေအထားတွေနဲ့ ပတ်သက်ပြီး ထိရောက်အောင် ပြောင်းလဲပေးဖို့ လွှမ်းမိုးနိုင်တဲ့ အခွင့်အရေး သူတို့မှာ ရှိမနေဘဲ အခြေအနေကို စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့တာပါ။
ဒါတွေဟာ မြန်မာနိုင်ငံ အနေနဲ့ ဘာကြောင့် ကျရှုံးနိုင်ငံ အဖြစ်ကို မြန်မြန်ဆန်ဆန် ဦးတည်သွားစေခဲ့သလဲဆိုတဲ့ အဓိက အကြောင်းအရာ လက္ခဏာ တွေဖြစ်ပြီး လူတိုင်းဟာ သူတို့အတွက် လိုအပ်ပြီး မျှော်လင့်ထားတဲ့ အတိုင်း အကောင်အထည် ဖော်ဖို့အတွက် အရာရာ ပျက်ဆီးသွားခဲ့ပါပြီ။ ဆိုတော့ ဘာတွေ ဆက်လုပ်ကြမလဲ။ ဒီကာလဟာ သူတို့ဆီကနေ ပြန်ပြီး သိမ်းယူဖို့အတွက် အင်နဲ့အားနဲ့ ပြတ်ပြတ်သားသား လုပ်ရမယ့် အချိန်ဆိုတာ နားလည် သဘောပေါက်ရမှာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ အားလုံးအနေနဲ့ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမယ့် အရေးကြီးတဲ့ အချက် (၂) ချက် ရှိပါတယ်။ ပထမ အချက်ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာကနေဝင်ရောက် ဖြေရှင်းပေးနိုင်ဖို့ရာ အင်မတန် ခဲယဉ်းတယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့ မဖြစ်မနေ သိထား နားလည်ထားရပါမယ်။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးသမား အားလုံးဟာ မြန်မာနိုင်ငံဟာ နည်းလမ်းပေါင်းစုံကြောင့် ပြိုလဲပျက်စီး သွားရမယ့် အရေးကနေ ကာကွယ်ဖို့ အတွက် သူတို့ရဲ့ နိုင်ငံရေး အကျိုးစီးပွားတွေကို ဘေးချိတ်ထားပြီး မြန်မာပြည်သူတွေ အတွက် အလုပ်ဖြစ်မယ့် အရာတချို့ကို မြန်မြန်ဆန်ဆန် လုပ်ပေးလိုက်ဖို့ ပိုလိုအပ်ပါတယ်။ လုပ်ပေးရမယ့် အချိန်တန်နေပြီ ဖြစ်ပြီး နောက်ကျနေပြီလို့တောင် ဆိုရပါမယ်။ ဒုတိယ အချက် အနေနဲ့ ကတော့ နိုင်ငံရေးမှာ ပါဝင်နေကြသူတိုင်းဟာ လက်ရှိအခြေအနေမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို လျှော့တွက်ကြပုံ ရပါတယ်။ တကယ်တော့ ဒီနွေဦး တော်လှန်ရေးဟာ လူငယ်တွေရဲ့ တက်ကြွစွာ ပါဝင်ပေးခဲ့မှုကြောင့် ဒီလောက် အားကောင်းခဲ့ရတာပါ။ ဒီနွေဦးတော်လှန်ရေးကြီး ဆက်ပြီး အားကောင်းနိုင်မလား ဆိုတာကလည်း လူငယ်တွေ အပေါ်မှာပဲ အလုံးစုံ တည်မှီနေပါတယ်။ စစ်တပ်ကို တိုက်ဖို့ ပြင်ဆင်နေကြတဲ့ PDF ထဲမှာလည်း လူငယ်တွေပါပဲ။ ဒါတွေ မတိုင်ခင် ကတည်းက သူတို့ရဲ့ ဘဝတွေကို စတေးထားခဲ့တာ အတော်များနေပါပြီ။ နိုင်ငံရေး သမားတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အဆုံးအဖြတ် ဖြစ်မယ့် အရေးအရာတွေမှာ လူငယ်တွေ စီမံတဲ့ နိုင်ငံရေး ဖြစ်စေဖို့ နဲ့ လူငယ်တွေရဲ့ လုပ်နိုင်စွမ်းကို အသိအမှတ်ပြု လက်ခံပေးဖို့ လိုအပ်နေပါပြီ။ နိုင်ငံရေးသမားတွေ အနေနဲ့ မြန်မာပြည်ကို ဘယ်လို ရှင်သန် ရပ်တည်စေမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင် လုပ်နေတာထက် တခြားသူတွေပါ ပါဝင်နိုင်ပြီး ရှင်သန်စေနိုင်မယ့် အခွင့်အလမ်းတွေ အာမခံပေးနိုင်ဖို့ ပြန်သုံးသပ်စဉ်းစားဖို့ လိုအပ်နေပါပြီ။
ဒီလောက်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ သူတို့ပါဝင်တာတွေအတွက် ပြည့်စုံလုံလောက်နေပါပြီ။
စည်သူနိုင်
…..
ဆောင်းပါးရှင် စည်သူနိုင်(ကလောင်အမည်) သည် မြန်မာ့နိုင်ငံရေး ဘောဂဗေဒ ဆိုင်ရာများနှင့် အုပ်ချုပ်မှု စနစ်များ ဆိုင်ရာ နယ်ပယ် ဆန်းစစ်လေ့လာသူ တစ်ဦးဖြစ်ပါသည်။