အဂတိဆိုတဲ့ စကားလုံးဟာ အာဏာသိမ်းခံရခဲ့တဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွဲဖက်ပြီး ခေတ်စား လာပါတယ်။ အာဏာသိမ်း စစ်အစိုးရက ပြည်ထောင်စု အဆင့်၊ ပြည်နယ်/ တိုင်းအဆင့် NLD အစိုးရ တာဝန်ရှိသူတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) နဲ့ တရားစွဲဆိုတာတွေကို တွေ့နေရတယ်။
ပုဒ်မ (၅၅) ။ ။ “နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။” လို့ ပြဌာန်းထားသည်ကိုတွေ့ရတယ်။
အာဏာသိမ်းခံရသည့် အစိုးရ အဖွဲ့ဝင်များ အဂတိလိုက်စားမှုရှိ မရှိကို မိမိအနေဖြင့် မဆွေးနွေးလိုပါ။ ဘာဖြစ်လို့ လည်းဆိုတော့ တရားစွဲဆိုသော အဖွဲ့အစည်းသည် အာဏာကို မတရားနည်းဖြင့် ရယူထားတဲ့အတွက် သူတို့ အနေဖြင့် အာဏာသိမ်းခဲ့ရသည့် အကြောင်းပြချက် ကောင်းကောင်းရအောင် တရားသည်၊ မတရားသည် အပထား ရနိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြု၍ ယခင်အစိုးရအဖွဲ့ဝင်တွေကို ဖိနှိပ်မှာပဲ ဖြစ်တယ်။ ယခုတရားစွဲဆိုမှု တွေဟာ တရားဥပဒေ နည်းလမ်းတကျ လုပ်တာမဟုတ်တာတော့ သေချာတယ်။
အာဏာရှင်စနစ်ကနေ အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေအနေနဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ လျှောက်လှမ်းဖို့ဆိုရင် အဂတိတရား ကင်းဖို့ဟာ အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ် ကတော့ ဒီလိုအဓိပ္ပါယ်ဖွင့်ထားတာကို တွေ့ရပါတယ်။ “အဂတိလိုက်စားမှုဆိုသည်မှာ ပုဂ္ဂလိကအကျိုးအမြတ် အတွက် တရားဝင်ရရှိထားသော အာဏာ၊ လုပ်ပိုင်ခွင့် ကို အလွဲသုံးစား ပြုလုပ်ခြင်း ဖြစ်သည်။”
UNDP မှ ၁၉၉၈ ခုနှစ် တွင် ထုတ်ဝေခဲ့တဲ့ (Fighting Corruption to Improve Governance) ဆိုသော စာတမ်းမှာတော့ “ပြည်သူများမှ ရွေးချယ်ထားသူများ၊ ပြည်သူ့ဝန်ထမ်းများ၊ လုပ်ပိုင်ခွင့်အာဏာ ရရှိထားသူများမှ မိမိရရှိထားသော အာဏာ၊ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးစီးပွားအတွက် လွဲမှားစွာ အသုံးချခြင်း” ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုထားတာတွေ့ရတယ်။ ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်များအရ အဂတိလိုက်စားမှုသည် အစိုးရဌာနဆိုင်ရာများ အတွက်သာ ဖွင့်ဆိုထားသည်ကို တွေ့ရပြီး လူမှုပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အဂတိလိုက်စားမှုများ အကြောင်း ပါဝင်သည်ကို မတွေ့ရပါ။ နောက်ပိုင်းမှသာ UNDP အနေဖြင့် ပုဂ္ဂလိက အခန်းကဏ္ဍပါ ထည့်သွင်း အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်ကို တွေ့ရပါသည်။ အဂတိလိုက်စားမှုနှင့်ပါတ်သက်၍ ယခုအချိန်တွင် ကဏ္ဍအားလုံး အတွက် ခြုံငုံ၍ “ယုံကြည်မှုဖြင့် ပေးအပ်ထားသော အာဏာ၊ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်ခြင်း” လို့ ပြန်လည်သတ်မှတ်လာခဲ့တာ တွေ့ရပါတယ်။ ထိုသတ်မှတ်ချက်အရ ပုဂ္ဂလိက ပါတ်ဝန်းကျင်မှာ ရှိတဲ့ လိမ်လည်ဟန်ဆောင်မှု၊ အခြားသူများကို ဒုက္ခရောက်စေသော ဆန္ဒဖြင့် ပြောဆိုဆောင်ရွက်မှုတို့ကိုလည်း နောက်ပိုင်းတွင် အဂတိလိုက်စားမှုအနေနဲ့ သတ်မှတ်လာကြတယ်။
တန်ဖိုး အမျိုးမျိုးသော လာဘ်လာဘများအပေါ်မှာ အခြေခံတဲ့ အဂတိလိုက်စားမှု (Grand and petty corruption)နဲ့ နိုင်ငံရေးအခွင့်အလမ်းရရှိမှုအတွက် ဆောင်ရွက်တဲ့ အဂတိလိုက်စားမှု (Political corruption) ဆိုပြီး အခြေအနေ (၂) မျိုးခွဲသတ်မှတ်ထားတာတွေ့နိုင်တယ်။
(က)တန်ဖိုး အမျိုးမျိုးသော လာဘ်လာဘ များအပေါ်တွင် အခြေခံတဲ့ အဂတိလိုက်စားမှုများ (Grand and petty corruption)
အဆင့်တိုင်း၊ နေရာတိုင်းတွင် တွေ့ရှိနိုင်သော အကြောင်းအရာ ဖြစ်ပါတယ်။ အောက်ခြေအဆင့်တွင် ပြည်သူများ၊ စီပွားရေးသမားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကြားတွင် တန်ဖိုးနည်းသော အဂတိလိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုများ ဖြစ်ပွားလေ့ရှိတတ်ပြီး၊ တန်ဖိုးများပြားတဲ့ အခြေအနေများကိုတော့ အဆင့်မြင့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများကြားတွင် ဖြစ်ပွားလေ့ရှိတာကို တွေ့ရမှာပါ။ အဓိကတွေ့နိုင်တာကတော့ ပြည်သူများအတွက် ဝန်ဆောင်မှု ပြုလုပ်ပေးနေသော လုပ်ငန်းများမှာ တွေ့ရှိနိုင်တယ်။
၂။ နိုင်ငံရေးအရ အကျင့်ပျက်ခြစားမှု (Political corruption)
နိုင်ငံရေးအရ အကျင့်ပျက်ခြစားမှုကို ယေဘူယျအဓိပ္ပါယ် ဖွင့်ဆိုထားတာကတော့ ရရှိထားတဲ့ နိုင်ငံရေးအာဏာကို အသုံးပြုပြီး မိမိအာဏာဆက်လက်တည်တံ့ရန်(သို့မဟုတ်) ပိုမိုအာဏာရရှိစေရန်၊ ဒါမှမဟုတ် ကြွယ်ဝချမ်းသာလာစေရန် ဆောင်ရွက်ခြင်း ဖြစ်တယ်။ နိုင်ငံရဲ့ အရင်းအမြစ်များကို အသုံးချခွင့်၊ ဥပဒေပြုခွင့်၊ မူဝါဒချမှတ်ခွင့်များအပေါ် အခွင့်ကောင်းယူပြီး မိမိအကျိုးစီးပွားအတွက် ရည်ရွယ်ဆောင်ရွက်မှု၊ ငွေကြေးကို အသုံးပြုပြီး မဲဝယ်ပြီးအနိုင်ရအောင်ပြုလုပ်တာ၊ ရွေးကောက်ပွဲများကို မိမိစိတ်တိုင်းကျ ထိန်းချုပ်လာတာ၊ ပွင့်လင်းမြင်သာမှုမရှိဘဲ တရားမဝင် မဲဆွယ်ခြင်းတွေ၊ မိမိပါတီအတွက် ရံပုံငွေကို ပြည်သူ့ဘဏ္ဍာငွေမှ နညးလမ်းအမျိုးမျိုးနဲ့ ထုတ်ယူသုံးစွဲတာတွေကို နိုင်ငံရေးအရ အကျင့်ပျက်ခြစားမှုဟု သတ်မှတ်လေ့ရှိပါတယ်။
Transparency International (TI) ကတော့ ဒီအခြေအနေကို “နိုင်ငံရေးသမားများ၊ ပြည်သူ့ဝန်ထမ်းများ၊ အစိုးရအရာရှိများအနေနဲ့ မိမိတို့ ကြွယ်ဝချမ်းသာအောင်မြင်ရေးအတွက် ယုံကြည်စွာ အပ်နှံထားသော လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား ပြုလုပ်ခြင်း”လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတာကိုလည်းတွေ့နိုင်တယ်။
အဂတိလိုက်စားမှုတားမြစ်ရေးနဲ့ပတ်သက်လို့ ဥပဒေပိုင်း လေ့လာမယ်ဆိုရင် မြန်မာနိုင်ငံမှာ (၂) ပိုင်း တွေ့ရနိုင်တယ်။ ပထမတစ်ပိုင်းက ကိုလိုနီဘဝက လွတ်မြောက်ပြီး ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းတဲ့ အချိန်မှာ ပြဌာန်းတဲ့ ဥပဒေတွေဖြစ်ပြီး ဒုတိယအပိုင်းကတော့ ၂၀၁၀ ခုနှစ်နောက်ပိုင်းပြဌာန်းတဲ့ ဥပဒေတွေ ဖြစ်တယ်။ ၁၉၄၈ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့မှာ ၁၉၄၈ခုနှစ် အက်ဥပဒေ အမှတ် ၆၇ နဲ့ ပြဌာန်းခဲ့တဲ့ ၁၉၄၈ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ၂၀၁၃ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၃) နဲ့ ပြဌာန်းတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ဆိုပြီး မူလဥပဒေ (၂) ကိုတွေ့ရတယ်။ မူလဥပဒေ (၂) ခု စလုံးမှာ (၄) ကြိမ်စီ ပြန်လည်ပြင်ဆင်တာကို တွေ့ရတယ်။
ကိုလိုနီဘဝက လွတ်မြောက်ပြီးခေတ် ပြဌာန်းတဲ့ ဥပဒေနဲ့ အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး ပြဌာန်းတဲ့ ဥပဒေ (၂) ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကွာဟချက်သိပ်မတွေ့ရဘူး။ ၁၉၄၈ ခုနှစ်မှာ ပြဌာန််းတဲ့ ဥပဒေက ရာဇသတ်ကြီးနဲ့ ချိတ်ဆက်ထားပြီး ၂၀၁၃ ခုနှစ်မှာ ပြဌာန်းတဲ့ ဥပဒေက ရာဇသတ်ကြီးနဲ့ ချိတ်ဆက်မှုမရှိဘဲ သီးခြား သဘောကို တွေ့ရတယ်။ ထူးခြားတာက ၂၀၁၃ ခုနှစ် ဥပဒေက အဂတိလိုက်စားမှု သတ်မှတ်ရာမှာ ငွေကြေး၊ ပစ္စည်းဥစ္စာ တန်ဖိုးသတ်မှတ်နိုင်သော အရာအပေါ်မှာ လာဘ်ပေးလာဘ်ယူမှု သက်သက်ကိုသာ သတ်မှတ်ထားတာကို တွေ့မှာပါ။ ၁၉၄၈ခုနှစ် ပြဌာန်းတဲ့ ဥပဒေကတော့ တန်ဖိုးသတ်မှတ်မှု ရှိတဲ့ ပစ္စည်းတစ်ခုခုအပေါ် လာဘ်ပေးလာဘ်ယူတင်မက မှားယွင်းသောစီမံအုပ်ချုပ်မှု၊ ပြုမူမှု၊ ပျက်ကွက်မှု၊ မပြုလုပ်အပ်သော အရာကို ပြုလုပ်မှု၊ ပြုလုပ်သင့်သောအရာကို မပြုလုပ်မှု စသော အရာများကို အကျင့် ဖေါက်ပြန်မှု (သို့မဟုတ်) ဖေါက်လွဲဖေါက်ပြန်မှု ဆိုသော စကားရပ်ဖြင့် အဓိပ္ပါယ်ဖွင့်ထားပြီး အဂတိ လိုက်စားမှုအထဲမှာ ထည့်သွင်းထားသည်ကို တွေမြင်ရတယ်။ ကမ္ဘာ့အဖွဲ့အစည်းများရဲ့ အဂတိလိုက်စားမှု အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်အရ နှိုင်းယှဉ်ရင် ၁၉၄၈ ခုနှစ်တုန်းက ပြဌာန်းခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေက ပိုမိုကျယ်ပြန့်တယ်လို့တောင် မှတ်ယူရမလိုဖြစ်နေတယ်။
ပျက်စီးယိုယွင်းနေသော အခြေအနေကနေ ကောင်းမွန်တဲ့ စနစ်တစ်ခုကို အသက်ပြန်သွင်းမယ်ဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ မဖြစ်မနေ ဆောင်ရွက်ရမယ့် နိုင်ငံရဲ့ အရေးကြီးလုပ်ငန်းစဉ် တစ်ရပ် ဖြစ်တယ်။ ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာလည်း လာဘ်ပေးလာဘ်ယူမှု တစ်ခုထဲကိုဘဲ အဂတိလို့ မသတ်မှတ်ဘဲ ကျန်တဲ့ နိုင်ငံရေးအရ ဖေါက်လွဲဖေါက်ပြန်မှုတွေကိုပါ အဂတိသတ်မှတ်သင့်တယ်လို့ ထင်တယ်။ နောက်တစ်ခုက အဂတိလိုက်စားမှု ဖြစ်စေတဲ့ အချက်အလက်များကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာလည်း လူတိုင်း လွယ်ကူစွာ သိရှိနားလည်ရန်လုပ်ဆောင်ပေးရန်လိုအပ်ပါတယ်။ အဂတိလိုက်စားမှု ပပျောက်နိုင်ရန်အတွက် ဘယ်အရာများက ဥပဒေမဲ့လုပ်ရပ်များဖြစ်တယ်၊ ဘယ်အရာများသည် လာဘ်ပေးလာဘ်ယူမှု မြောက်တယ် ဆိုတာကို ပြည်သူများ အားလုံးအနေနဲ့ သေချာ နားလည်သဘောပေါက်ရန်လည်း အလွန်အရေးကြီးပါတယ်။
အဂတိလိုက်စားမှု အမျိုးအစားတွေကို ယေဘူယတော့ ဒီလို ခွဲခြားထားတာကို တွေ့မြင်ရတယ်။
၁။ လာဘ်ပေးလာဘ်ယူခြင်း (Bribery)
၂။ အလွဲသုံးစားပြုခြင်း၊ ဟန်ဆောင်လိမ်လည်ခြင်း၊ တရားမဝင်ရယူခြင်း ( Embezzlement, Fraud and theft)
၃။ ခြောက်လှန့်တောင်းယူခြင်း (Extortion)
၄။ ဆုံးဖြတ်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း (Abuse of Discretion)
၅။ မိမိ မိသားစု အသိုင်းအဝန်းများ၊ ပါတ်သက်သောသူများကို မျက်နှာသာပေးခြင်း၊ သူတို့ရဲ့ အကျိုးစီးပွား အတွက် ဆောင်ရွက်ပေးခြင်း (Favoritism, nepotism and clientelism)
၆။ ပြဿနာများ၊ အခက်အခဲများ၊ အဆင်မပြေမှုများ၊ အချင်းချင်း ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာအောင် ဖန်တီးပြီး မိမိရဲ့ အကျိုးအမြတ်ကို ရှာဖွေခြင်း (Conduct which creates or exploits conflicting interests)
၇။ မိမိနိုင်ငံရေးအာဏာ ဆက်လက်ရယူနိုင်ရန်အတွက် မမှန်ကန်သောနည်းလည်းများနဲ့ ရံပုံငွေများ စုဆောင်း ကောက်ခံခြင်း(Improper political contributions) စသော အခြေအနေများသည် အဂတိလိုက်စားမှုကို ဖြစ်မြောက်စေကြောင်း ဖေါ်ပြထားတာတွေကို တွေ့ရတယ်။
အဂတိလိုက်စားမှုဟာ အလွန်ရှုပ်ထွေးပြီး နိုင်ငံတစ်ခုအတွက် အလွန်အရေးကြီးတဲ့ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများရဲ့ လုပ်ဆောင်မှုယန္တရားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် နေမည်ဆိုပါက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်ထိခိုက်သွားမှာလို့ထင်တယ်။ ခိုင်မာတောင့်တင်းသော စီးပွားရေး စနစ်ရှိတဲ့ အခြေအနေများမှာရှိတဲ့ နိုင်ငံတွေတောင်မှ အကျင့်ပျက်ခြစားမှုသည် စနစ်တကျ နည်းလမ်းပေါင်းစုံဖြင့် ရှိနေနိုင်ပါတယ်။ အစိုးရတစ်ရပ်အနေနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မည်ဆိုရင် ပြည်သူ့ရေးရာမူဝါဒများ ချမှတ်ပြီး အကောင်အထည် ဖေါ်ဆောင်ရွက်ရာမှာ တိကျရှင်းလင်းသော ဥပဒေများ၊ လုပ်ထုံးနည်းလမ်းများကို မှန်မှန်ကန်ကန်ချမှတ်ရန် အလွန်လိုအပ်ပါတယ်။ ယခုအချိန်အထဲက မြန်မာနိုင်ငံရဲ့ အနာဂတ်ကို စဉ်းစား ဆွေးနွေးမယ်ဆိုရင် နိုင်ငံရေးစနစ်များ ဆွေးနွေးနေသလို အစိုးရတစ်ရပ်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကို ဘယ်လိုစနစ်တကျ ဆောင်ရွက်မယ်ဆိုတာလည်း ဆွေးနွေးထားဖို့ လိုအပ်မယ်လို့ ယုံကြည်မိပါတယ်။ နို့မို့ဆိုရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်သလို အနာဂတ်နိုင်ငံတော်ဟာ ယိုယွင်းပျက်စီးမှုများနဲ့သာ နှစ်ပါးသွားလိမ့်မယ်လို့ တွေးရင်း ရင်မောမိပါတော့တယ်။
အညာသား