(၁) ခေတ်သစ်သို့ကူးပြောင်းခြင်း
မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေအားလုံးရဲ့ သမိုင်းခေတ်အပြောင်းအလဲနဲ့ ခေတ်သစ်ဆိုတာဟာ ဥရောပကိုလိုနီစံနစ်နဲ့အတူ (၁၉)ရာစုနှောင်းကိုရောက်မှ စတင်တယ်လို့ အနောက်တိုင်းသမိုင်းဆရာတချို့က ပြောတယ်။ကို လိုနီခေတ်မတိုင်မီကနိုင်ငံရဲ့ လူမှုစီးပွါးရေးဘဝနဲ့ဒါကို ကျားကန်ပေးထားတဲ့ စံနစ်ပုံ (အင်စတီတျူးရှင်း) တွေကဘယ်တုန်းကမှ ပြောင်းလဲတိုးတက်ခြင်းမရှိခဲ့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါကိုမခံချင်စိတ်နဲ့ ပြန်လည်ခြေပဘို့လဲ ခက်ပါတယ်။ ဒီတော့ကိုလိုနီခေတ်မတိုင်မီ ကမြန်မာတိုင်ငံရဲ့ ဖြစ်တည်နေမှုကို အကျဉ်းလောက် ဆွေးနွေးကြည့် ချင်တယ်။ မြန်မာဘုရင်တွေဟာ သူ့နိုင်ငံကျယ်ပြန့်အောင်နယ်ချဲ့ ကြတယ်။ ဘုရင်တန်ခိုးထွားပြီး နိုင်ငံအင်အား တောင့်တင်းတဲ့အခါ နိုင်ငံနယ်နမိတ်က ကျယ်တယ်။ ခပ်ညံ့ညံ့ဘုရင်တွေလက်ထက် အင်အားနည်းနေတဲ့ အချိန်မှာ နိုင်ငံရဲ့အရွယ်အစားက ကြုံ့သွားတယ်။ ဒါပေမဲ့နိုင်ငံရဲ့ လူမှုစီးပွါးရေးဘဝကတော့ ပုဂံကိုတည်ကတည်းက သီပေါမင်းပါတဲ့အထိဘာမှ မပြောင်းလဲဘူး။ မြန်မာဘုရင်တွေ နယ်ပါယ်ချဲ့ထွင်တယ်ဆိုတာ ပုဂံခေတ်ကတည်းကပါ။ ပုဂံ ကျောက်စာတွေမှာ ပုဂံမင်းတွေဟာ တလိုင်သရေ(တနင်သာရီ)၊ တဝဲ(ထားဝယ်)၊ တာကွာ (ကရားကျွန်းဆက်)၊ သလင်ကြေ(ဖူးကက်၊ ယနေ့ထိုင်းနိုင်ငံတောင်ပိုင်း)နဲ့ ဆူရတ်ဌာနီ (ယနေ့ထိုင်းနိုင်ငံတောင်ပိုင်း) ဆိုတဲ့နေရာတွေကို မြန်မာပိုင်နက်အဖြစ် ဖေါ်ပြထားတာ တွေ့ရတယ်။ နိုင်ငံကိုကျယ်အာင်လုပ်မယ်၊ အခွန်ကောက်မယ်၊ လူသားအရင်းအမြစ်တွေအပေါ် အမြတ်ထုတ်မယ်။ လယ်ယာစိုက်မျိုးရေးဟာ အဓိကစီးပွါးရေးဖြစ်လို့ ကျေးလက်ကို အခြေခံတဲ့အုပ် ချုပ်ရေးစံနစ်ကိုပဲ တွေ့ရမယ်။ လူအင်အားကို ချက်ချင်းစုစည်းနိုင်ဘို့ ခွဲထုတ်နိုင်ဘို့ကျေးရွာတွေကို စစ်မှုထမ်းရာမှာ တာဝန်ယူရတဲ့အတိုင်း အစုလိုက်ချထားတယ်။ မြေပေးတေယ်။ ဒီမြေကိုအမှုထမ်းမြေ လို့ခေါ်တယ်။ မြင်းအစု၊ ဆင်အစု၊ သေနပ်အစု စသည်ဖြင့် ရွာတည်ပြီး နေကြရတယ်။ မင်းမှုထမ်းတွေရဲ့ရွာမှာ အစုခေါင်းဆောင်ကပဲ အုပ်ချုပ်တယ်။ တပ်ဖွဲ့စည်းပုံ မပျက်ဘူးပေါ့။ အထက်ကိုသစ္စာရှိရင် အမှုတော်ကြေရင် ဘယ်လောက်ခြစားစား၊ ဘယ်လောက်အကျင့် ပျက်ပျက် ရာထူးစည်းစိမ်ကတော့ မပျက်ဘူး။ သခင်ဝတ်ကျွန်ဝတ် (Patron-Client Relation) ကိုအခြေခံတဲ့အုပ်ချုပ်ရေးပါ။
စစ်တိုက်လို့နိုင်ရင် ရှုံးသူရဲ့မြို့ရွာတွေကို ဖျက်ဆီးလုယက်မယ်။ ပြီးတော့သူ့ပြည်သူပြည်သားတွေကို သုံ့ပန်းအဖြစ်ခေါ်လာမယ်။ လူအင်အား မလုံလောက်မှုဟာ အရှေ့တောင်တောင်အာရှနိုင်ငံ အတော်များများမှာ ခေတ်သစ် ပိုင်းရောက်တဲ့အထိတွေ့ရတဲ့ အချက်ပါ။ စစ်နိုင်တဲ့တိုင်းပြည်က လူဦးရေအစိတ်အပိုင်းတစ်ရပ်ကို ရွှေ့ပြောင်းသယ်ဆောင်သွားတဲ့ ဓလေ့ရှိခဲ့တယ်။ ဒီသုံ့ပန်းတွေကိုလဲ အစုအငန်းဖွဲ့ပြီး ချထားတယ်။ ဒါကြောင့်မန္တလေးနဲ့ အမရပူရမှာ မွန်စု၊ ယိုးဒယားစု၊ ယွန်းစု၊ ရခိုင်စု၊ ရှမ်းစု၊ လင်းဇင်းစု စသည်ဖြင့် ဒီနေ့အထိ အခေါ်အဝေါ်မပြောင်းပဲ တွေ့ရမယ်။ မြန်မာ နိုင်ငံရဲ့ မြို့တော်ဟောင်းတွေဟာ မိုးခေါင်ရေရှား ရပ်ဝှမ်းလို့ခေါ်တဲ့ မြန်မာပြည်အလယ်ပိုင်းမှာပဲ ရှိကြတော့ အမှုထမ်းမြေဆိုတာကို ကျောက်ဆည်၊ ရွှေဘို၊ မင်းဘူးနဲ့ မကွေးတဝိုက်မှာပဲ တွေ့ရတယ်။ မင်းမှုထမ်းမဟုတ်သူတွေကို အသည်လို့ခေါ်ပြီး သူတို့နေတဲ့မြေကို စုလွတ်မြေလို့ခေါ်တယ်။ သူတို့ကိုက မြို့စားရွာစားတွေက အုပ်ချုပ်တယ်။
ဘုရင်နန်းစိုက်တဲ့နေရာဟာ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးးပွါးရေးနဲ့ သာသနာရဲ့ဗဟိုပါပဲ။ မဏ္ဍလလို့ ခေါ် ကြတယ်။ ဘုရင်ဟာ သက်ဦးဆံပိုင်ဖြစ်တယ်။ သူ့ကို ဘဝရှင်မင်းတရားကြီး၊ ရေမြေခပ်သိမ်းတို့၏ သခင်ဆိုပြီး ခေါ်ကြတယ်။ သူ့ရဲ့အာဏာကို ကန့်သတ်ထိန်းချုပ်ဘို့ မင်းကျင့်တရားဆယ်ပါးတို့၊ နာယကဂုဏ်ခြောက်ပါးတို့၊ အပရိဟာနိယတရားခုနစ်ပါးတို့ဆိုတဲ့ အိန္ဒိယကတင်သွင်းလာတဲ့ ဥပဒေတွေတော့ ရှိပါရဲ့။ ဒီတရားတွေအတိုင်း အုပ်ချုပ်ပါမယ်လို့ ကျမ်းလဲကျိန်ပါရဲ့။ ဒါပေမဲ့ သိပ်တော့ ဂရုမစိုက်ကြဘူး။ သူတို့လုပ်ချင်တာ လုပ်ကြတာ များပါတယ်။
မြန်မာသမိုင်းမှာ အင်ပါယာကြီးသုံးခု ပေါ်ဘူးတယ်။ ပထမအင်ပါယာဖြစ်တဲ့ ပုဂံဟာ အေဒီ၁၂၈၇(?)မှ ပျက်တယ်။ ပျက်တဲ့အကြောင်းက ရှင်းပါတယ်။ ကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံးဖြစ်တဲ့ မွန်ဂိုအင်ပါယာရဲ့ သစ္စာခံဘို့ တောင်းဆိုတာကို ငြင်းပါယ်တယ်။ တရုတ်မြန်မာနယ်စပ်မှာ မွန်ဂိုတို့ကိုသစ္စာခံတဲ့ လူမျိုးစုတွေကို စစ်ရေးအရခြိမ်း ခြောက်တယ်။ ဒီတော့ မွန်ဂိုတပ်ကြီး ချီလာတယ်။ ငဆောင်ချမ်းမှာ တိုက်တော့ ရှုံးတယ်။ အုပ်ချုပ်တဲ့မင်းက ဧရာဝတီကိုစုန်ပြီး အောက်ပြည်ကို ပြေးတယ်။ ရှင်ဒီသာပါမောက္ခကို ငြိမ်းချမ်းရေး တမာန်အဖြစ် ဘေဂျင်းကို လွှတ်တယ်။ တပ်တွေရုပ်ပေးပါ၊ အခွန်ဆက်ပါမယ်လို့ ကူဘလိုင်ခန်ကို လျှောက်တယ်။ ဒါပေမဲ့တိုင်းပြည်က အစိတ်စိတ်အမွှာမွှာ ကွဲနေပြီ။ နောက်တစ်ကြိမ် ပြန်စည်းရုံးမိဘို့ အနှစ်သုံးရာလောက် ကြာတယ်။
ဒုတိယအင်ပါယာကို ထူထောင်ကြတဲ့ တောင်ငူမင်းတွေ (၁၅၃၁/၁၅၉၉)က မွန်တွေရဲ့မြို့တော် ဟံသာဝတီမှာ အခြေစိုက်ဘို့ ကြိုးစားကြတယ်။ ၁၂၈၀မှာအယုဒ္ဓယကို သိမ်းနိုင်တာဟာ တောင်ငူခေတ်ရဲ့ အမြင့်ဆုံးတောင်မြင်မှုပါ။ ဟံသာဝတီမှာ အခြေစိုက်ပြီး မွန်မြန်မာညီညွတ်ရေး ဆိုတာကိုလဲ မတည်ဆောက်နိုင်ဘူး။ မွန်တွေ သူပုန်ထတယ်။ မနိုင်တော့ ယိုးဒယား၊ ဇင်းမယ်နဲ့ရခိုင်ကို ပြေးကြတယ်။ လူဦးရေ ယုတ်လျှော့သွားတယ်။ နေပြည်တော်ကို မူလနေရာ အင်းဝကို ပြန်ပြောင်းရတယ်။ အနှစ် ၁၅၀ လောက် တည်တည်ငြိမ်ငြိမ် ရှိပေမယ့် ၁၇၅၂ မှာ အင်းဝကို မွန်တွေသိမ်းတယ်။ တောင်ငူ မင်းဆက် နိဂုံးချုပ်တယ်။ ကုန်းဘောင်မင်းဆက်ကို ထူထောင်တဲ့ အလောင်းဘုရားက ရန်ကုန်ကို သိမ်း၊ တနင်္သာရီ ကမ်းခြေကို ပြန်သိမ်းပြီးတာနဲ့ အယုဒ္ဓယကို တိုက်တော့တာပဲ။ နယ်မြေချဲ့ထွင်ရေးကိုပဲလုပ်ပြီး စနစ်ကျတဲ့ အုပ်ချုပ်ရေးက နောက်ကမလိုက်နိုင်ဘူး။ တိုက်လို့နိုင်တဲ့ ဒေသတွေရဲ့ ဓနအင်အား၊ လူအင်အားကိုပဲ မတွက်ဆတတ်ဘူး။ ဘိုးတော်ဘုရားလက်ထက် ၁၇၈၄ မှာ ရခိုင်ကို သိမ်းတယ်။ အခွန်တွေ အဆမတန် ကောက်တယ်။ အယုဒ္ဓယကို တိုက်ဖို့ စစ်သာားတွေ ထောင်နဲ့ချီပြီး တောင်းတယ်။ မပေးနိုင်လို့ မြို့သူကြီးကို သတ်လိုက်တယ်။
တတိယအင်ပါယာကို ကုန်းဘောင်မင်းတွေ ထူထောင်တဲ့အချိန် ၁၈ ရာစုအလယ်ဟာ အင်္ဂလန်မှာ စက်မှု တော်လှန်ရေး အောင်မြင်ခဲ့ပြီ။ ၁၈ ရာစုကုန်တော့ ဥရောပရဲ့ တခြားနေရာတွေမှာလည်း စက်မှုတော်လှန်ရေး အောင်မြင်ပါပြီ။ ၁၉ ရာစုဆန်းမှာ ဗြိတိသျှတို့ဟာ အိန္ဒိယမြောက်ပိုင်းကို သိမ်းတယ်။ ဘင်္ဂလားမှာ အင်အား တည်ဆောက်ပြီး သူတို့အင်ပါယာကိုအရှေ့ဖက်ကိုချဲ့ဘို့ခြေလှမ်းတွေပြင်တယ်။ ဒါကို စစ်သွေးစစ်မာန်ကြွနေတဲ့ ကုန်းဘောင်မင်းတွေ မမြင်ဘူး။ ၁၈၂၄ မှာ ပထမအကြိမ် စစ်ရှုံးတယ်။ ၁၈၅၂မှာ ဒုတိယအကြိမ် ရှုံးတယ်။ ဒါလည်း မာန်တော့ မကျဘူး။ ပထမနဲ့ ဒုတိယ စစ် ၂ ကြိမ်ဟာ အင်္ဂလိပ်အရှေ့ အိန္ဒိယကုမ္ပဏီနဲ့ တိုက်ရတာြဖစ်တယ်။ ၁၈၇၇ မှာ ဝိတိုရိယဘုရင်မကြီးကို အိန္ဒိယအင်ပါယာရဲ့ ဧကရီဘုရင်မကြီးအဖြစ် ကြေငြာတယ်။ ကုမ္ပဏီကို ဖျက်သိမ်းတယ်။ တတိယအကြိမ် စစ်ပွဲဖြစ်ရင် ဗြိတိသျှတို့ရဲ့ အိန္ဒိယအင်ပါယာနဲ့ တိုက်ရတော့မယ်ဆိုတာ မင်းတုန်းမင်းရော၊ သီပေါမင်းရော နားမလည်ကြဘူး။ တိုတိုပြောရရင် ဇာတိသွေး၊ ဇာတိမာန်ဆိုတဲ့ ခွန်အားနဲ့ တိုက်တာပဲ။ ရှုံးတယ်။ တစ်နိုင်ငံလုံး ကိုလိုနီဘဝရောက်ရတယ်။
ဥရောပမှာ ၁၈၇၀ တစ်ဝိုက်မှာ စက်မှုနဲ့ သိပ္ပံပညာတောင်လှန်ရေး ဒုတိယအဆင့် အောင်မြင်ပေါက်ကွဲ တယ်။ လွတ်လပ်ရေး မဆုံးရှုံးတဲ့ ဂျပန်တို့၊ ထိုင်းတို့လည်း ဥရောပက ခေတ်မီဗျူရိုကရေစီစနစ်၊ သွင်းကုန် ထုတ်ကုန် စီမံခန့်ခွဲမှု၊ တိုင်းပြည်က အာမခံတဲ့ ငွေကြေးကို သုံးစွဲပြီး ထိုငွေကြေးလည်ပတ်မှုနဲ့ လူသုံးကုန် ထုတ်လုပ်မှုတွေ တိုးတက်လာတော့ မြို့ပြတွေ ပေါ်ထွန်းလာတယ်။ ဒီလိုပဲကမ္ဘာ့စီးပွားရေး ပြောင်းလဲမှုကြီးရဲ့ စက်ကွင်း ထဲကို အာရှတိုက်တစ်ခုလုံး ဆွဲယူသိမ်းသွင်းခြင်း ခံရတယ်။
လွတ်လပ်စွာကူးသန်းရောင်းဝယ်ခွင့်ဆိုတာ အင်္ဂလိပ်တွေအတွက် စီးပွားရေး သမ္မာကျမ်းစာပဲ။ စစ်ဗာရီ ပုန်ကုန်မှု (Sepoy mutiny) အပြီးမှာ လန်ဒန်က တိုက်ရိုက်အုပ်ချုပ်တဲ့ အိန္ဒိယ အင်ပါယာကြီး အသက်ဝင်လာပြီ။ ဘိန်းစစ်ပြီးကတည်းက တရုတ်နဲ့ ကုန်သွယ်ရေးကလည်း အမြတ်အစွန်းရနေတယ်။ မြန်မာပိုင် ရခိုင်နဲ့ တနင်္သာရီ ကို သူသိမ်းထားပြီ။ တနင်္သာရီအုပ်ချုပ်ရေးမှာ လိုငွေပြနေပေမယ့် ရခိုင်မှာ မြတ်တယ်။ ရေလက်ကြားဒေသကို ထိန်းချုပ်ဘို့ စင်္ကာပူလိုမြို့မျိုး သူတည်လိုက်ပြီ။ အင်းဝမှာ ၁၈၄၀ အထိ ကိုယ်စားလှယ်ရုံးဖွင့်ပြီး ဗန်းမော်ကတဆင့် တရုတ်ပြည် ယူနန်နဲ့ ကုန်သွယ်ဖို့ ကြိုးစားတာကလည်း မအောင်မြင်ဘူး။ မြန်မာပြည်ရဲ့ အဓိက ဆိပ်ကမ်းမြို့ ရန်ကုန်ကို ရမှပဲ ဒီကိစ္စအထမြောက်တော့မယ်။ လွတ်လပ်စွာ ကူးသန်း ရောင်းဝယ်ရေးမူကို ဆုပ်ကိုင်ပြီး (၁၉)ရာစုနှောင်းမှာ စစ်နှစ်ကြိမ်တိုက်ပြီး မြန်မာတစ်ပြည်လုံးကို သိမ်းလိုက်တယ်။ တိုင်းပြည်တည်ငြိမ်လာတယ်။ စီးပွားရေးအခွင့်အလမ်းတွေ တိုးတက်လာရင်ပဲ လူဦးရေတိုးပါ တယ်။ ၁၉ ရာစု အလယ်ကတည်းက အိန္ဒိယလူမျိုးတွေ မြန်မာပြည်မှာ ဝင်ရောက်နေထိုင်ကြပြီ။ တရုတ်ပြည် ကွမ်စီ၊ ကွမ်တုန်နဲ့ ဖူကျင့်နယ်သားတွေ ဝင်လာကြတယ်။ မြို့ပြစီးပွားရေး ပီပီပြင်ပြင် လှုပ်ရှား သက်ဝင်လာတယ်။
ကိုလိုနီအုပ်ချုပ်ရေးအတွက် ဥရောပနယ်ချဲ့သမားတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ် ရေး အချက်အခြာကျမယ့် နေရာ တွေကို ဗဟို(မြို့တော်) အဖြစ် ရွေးတယ်။ ဒါက အရှေ့တောင်အာရှ တစ်ခုလုံးမှာ ပြောင်းလဲလာတဲ့ အချက်ပါ။ မြန်မာပြည်မှာ မြို့တော်က မန္တလေးကနေ ရန်ကုန်ကို ပြောင်းတယ်။ ရေလက်ကြား ဒေသမှာ စင်္ကာပူက မြို့တော် ဖြစ်လာတယ်။ ပြင်သစ်တွေက ဗီယက်နမ်မှာ ဟနွိုင်းနဲ့ ဟွေးကို စွန့်ခွာပြီး ဆေးဂုံမှာ ရုံးစိုက်တယ်။ ဥရောပကိုလိုနီ အစိုးရတွေက အရင်က ဘယ်တုန်းကမှ မရှိခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကြား နယ်နိမိတ်တွေကို သတ်မှတ်ပေးတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပေးရတာဖြစ်တယ်။ အဓိကက သူတို့ အချင်းချင်းကြားထဲမှာလဲ ပြဿနာ မဖြစ်အောင်လို့ပါ။
ရန်ကုန်ဟာ လွတ်လပ်ရေးရပြီး ရာစုနှစ်ထက်ဝက်ကျော်အထိ မြန်မာပြည်ရဲ့ မြို့တော်အဖြစ် ဆက်ပြီး ရပ်တည်နေတယ်။ တစ်ဟုန်ထိုးတိုးတက်လာတဲ့ စီးပွားရေးနဲ့အတူ ကြီးထွားလာတဲ့ အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်ဖို့၊ ပင်လယ်ရပ်ခြား ကူးသန်းရောင်းဝယ်ရေးကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့အတွက် အဆင်အပြေဆုံး နေရာကို မြို့တော်အဖြစ် သတ်မှတ်ရတာတွေ့ရတယ်။ အစောဆုံးအုပ်ချုပ်ရေးကတော့ ဗျူရိုကရေစီပါပဲ။ အနောက်တိုင်းပုံစံ အုပ်ချုပ်ရေးက စည်းစနစ်ကျတယ်။ လူသားချင်း တန်းတူညီမျှဆက်ဆံရတဲ့ သဘောတရား (Egalitarianism) ကို အခြေခံတယ်။ ဒီကမှတဆင့် ဒီမိုကရေစီစနစ်အထိ အဆင့်ဆင့် တည်ဆောက်သွားရန် ရည်ရွယ်တယ်။ ဗျူရိုကရေစီတို့၊ ဒီမိုကရေစီတို့ဆိုတာ ဥရောပက တင်သွင်းလာတာပါ။ မြန်မာဆန်စရာအကြောင်းမရှိဘူး။ဒါပေမယ့် မြန်မာပြည်သူတွေက သက်ဦးဆံပိုင်ဘုရင်စနစ်ထက် ကောင်းတာ ကိုနားလည်ကြတယ်။
ဆာချားလ်စ်ခရော့စ၀ှိုက်က အိန္ဒိယအင်ပါယာရဲ့ ပြည်နယ်အသစ်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်တဲ့ မြန်မာပြည်ကို ဝန်ရှင်တော်မင်းကြီးအဖြစ် ရောက်လာတယ်။ သူက အိန္ဒိယပြည်မှာ အုပ်ချုပ်ရေးအရှာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့လို့ အိန္ဒိယက အတွေ့အကြုံနဲ့ အသင့်ရေးပြီးသား စီမံကိန်းတစ်ရပ်ကို ယူလာတယ်။ မြန်မာဘုရင်အုပ်ချုပ်ရေးနဲ့ ကျောရိုးဖြစ်တဲ့ မြို့သူကြီးနဲ့ တိုက်သူကြီးရာထူးတွေကို ဖျက်သိမ်းတယ်။ ၁၈၈၉ မြန်မာ နိုင်ငံ ကျေးလက်ဥပဒေကို ပြဌာန်းပြီး ကျေးရွာ တစ်ခုစီကို ခိုင်မာတဲ့ အခြေခံအုပ်ချုပ်ရေး ယူနစ်တစ်ခုဖြစ်အောင် ဖွဲ့စည်းတယ်။ ကျေးရွာတွေကို စုပေါင်းပြီး မြို့နယ်တွေဖွဲ့တယ်။ မြို့နယ်တွေကို နယ်ပြောင်းပြီး အမှုထမ်းရတဲ့ မြို့အုပ်တွေက အုပ်ချုပ်ရတယ်။ အခွန်ကိုပိုက်ဆံနဲ့ဆောင်ခိုင်းတယ်။ပဒေသရာဇ်စနစ်ရဲ့ အခြေခံအုပ်မြစ်ကို ဖျက်ဆီးလိုက်တာပဲ။
တစ်နိုင်ငံလုံး ဗြိတိသျှလက်အောက်ရောက်ပြီး ပထမကမ္ဘာစစ်ဖြစ်တဲ့ (၁၈၈၆-၁၉၁၄) အထိ ဗြိတိသျှ အစိုးရဟာ မြန်မာပြည်မှာ ကုန်သွယ်ရေးတိုးတက်ဖို့နဲ့ လယ်ယာစီးပွားရေးကို တိုးချဲ့ဖို့ အားသွန်ပြီး လုပ်တယ်။ အုပ်ချုပ်ရေးဆိုတာ ဒီစီးပွားရေးအသီးအပွင့်တွေကို ကာကွယ်ဖို့ပဲ။ ထူထောင်လိုက်တဲ့ ဗျူရိုကရေစီနဲ့အတူ ဒေသခံ ပညာတတ်။ အရာရှိ၊ အရာခံတွေ ပေါ်လာတယ်။ သူတို့က အနောက်တိုင်းပညာရပ်တွေကို လေ့လာပြီး ဗြိတိသျှအုပ်ချုပ်ရေးကို အထင်ကြီးကြတော့ အုပ်ချုပ်ရေးမှာ အနှောင့်အယှက်မရှိလှဘူး။ အစိုးရ ရာထူးတွေကို စာမေးပွဲစနစ်နဲ့ ခန့်ထားတယ်။ ပညာအရည်အချင်းနဲ့ အမှုထမ်းကောင်းမှုကို ကြည့်ပြီး ရာထူးတိုးမြှင့်တယ်။ လယ်သမား သားသမီးလည်း မြင့်မားတဲ့ ရာထူးဌာနန္တရတွေကို ရနိုင်တယ်။ ဒေါ်မိမိခိုင်ရေးတဲ့ မြန်မာ့မိသားစု (Burmese Family) ဆိုတဲ့စာအုပ်ထဲမှာ ဖတ်ရတဲ့ မြန်မာမင်းပိုင်း၊ စိုးပိုင်းအလွှာတစ်ရပ်ပေါ်လာပါတယ်။ ၁၈၉၀ ကစပြီး ရန်ကုန်အတွင်းဝန်ရုံးကို ဖွင့်တယ်။ တစ်နိုင်ငံလုံးရဲ့ အုပ်ချုပ်ရေးကို ရန်ကုန်က စနစ်တကျ ချုပ်ကိုင်ပါတယ်။ ၁၈၉၇ ခုနှစ်မှာ ဝန်ရှင်တော်မင်းကြီး အဆင့်ကို လက်ထောက်ဘုရင်ခံအထိ တိုးမြှင့်ပေးပြီး အုပ်ချုပ်စေတယ်။ ဘုရင်ခံရဲ့ ဥပဒေပြုကောင်စီဆိုတာကို ဖွဲ့စည်းခွင့်ရတယ်။ အဖွဲ့ဝင်ကိုးဦးမှာ ဝန်ထမ်းမဟုတ်သူ (၄) ယောက်ကို ဥရောပသား ၂ ယောက်၊ မြန်မာ ၁ ယောက်နဲ့ ရှမ်း တစ်ယောက်ပါဝင်ခွင့်ပေးတယ်။ ၁၉၀၉ မှာ တိုးချဲ့ဖွဲ့စည်းတော့ အဖွဲ့ဝင် ၁၇ နေရာမှာ ၂ နေရာက ရွေးကောက်ခံတွေ ပါဝင်ခွင့်ရပါတယ်။ ၁၉၁၅ မှာ အဖွဲ့ဝင် ၃၀ အထိ တိုးချဲ့တယ်။ တိုးချဲ့ခန့်ထားတဲ့ အဖွဲ့ဝင်တွေအားလုံးကို ဘုရင်ခံက ခန့်တယ်။ ၁၉၂၀ မှာ အဖွဲ့ဝင် ၃၀ မှာ မြန်မာ ၁၀ ဦး၊ အိန္ဒိယလူမျိုး ၂ ဦး၊ တရုတ် ၁ ဦး ပါဝင်ခွင့်ရလာတယ်။ မင်းတိုင်ပင်ဆိုတဲ့ အဖွဲ့နဲ့ မြန်မာတွေ စပြီးထိတွေ့လာတာပါ။
(သံဝှန်ဖြိုး)