တာဝန်ကျေ လုပ်တယ် ဆိုတဲ့ စကားကို လူတိုင်းရင်းနှီးပြီးသားပါ။ အဓိပ္ပာယ်ကတော့ လုပ်တော့ လုပ်တော့ စေတနာ မပါဘူး။ တို့ကတော့ တာဝန်ကျေရင်ပြီးရော နောက်ကိစ္စ နောက်ရှင်းပဲ ။ ဟိတ်… လုပ်မနေနဲ့ ။ ယပင့်နဲ့ပဲ ကျေကျေ ၊ ရရစ်နဲ့ပဲ ကြေကြေ ။ ပြီးဖို့က အဓိက တာဝန်ကျေဖို့က အဓိကဆိုတဲ့ လူတွေက လောကမှာ အများသားပဲလေ။
တာဝန်ကျေလုပ်တယ်ဆိုတဲ့ စကားက နယ်ပယ်အသီးသီးမှာ ရှိတတ်ကြစမြဲပါ။ အထူးသဖြင့် ဝန်ထမ်းလောက။ ဝန်ထမ်းလောကမှာမှ ကျွန်တော်ထိတွေ့ကျင်လည်နေရတဲ့ ပညာရေးလောက။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ (၁၉၅၁)ကနေကိုယ်ပိုင်ကျောင်းဥပဒေကို ပြဋ္ဌာန်းပြီး ကိုယ်ပိုင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားစေခဲ့တယ်။ (၁၉၆၂) တော်လှန်ရေးကောင်စီခေတ်မှာ အဲဒိကျောင်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့ပါတယ်။ နောက်တစ်ခါ (၂၀၁၁) ကစပြီး ကိုယ်ပိုင်ကျောင်းတွေ တစ်ခါပေါ်လာ ပြန်ပါရော။ အဲ့ဒီမှာ ကျွန်တော်တို့ ကျူရှင်ဆရာတွေ တော်တော်များများ ကိုယ်ပိုင်ကျောင်းဆရာတွေ ဖြစ်သွားခဲ့ ကြပါတယ်။
ကိုယ်ပိုင်ကျောင်းဆရာဖြစ်လာကတည်းက စိတ်ထဲမှာဘဝင်မကျတာတစ်ခုကတော့ ဆရာမှတ်စု (Teacher Dairy) ၊ သင်နည်းမှတ်စု ( Note of Lesson) ရေးကြရတာကိုပါ။ ဆရာတစ်ယောက်မှာ တစ်နေ့တာသင်ကြားမှုကို ရေးရတဲ့ ဆရာမှတ်စု ဆိုတာ ရှိပါတယ်။ အဲ့ဒီမှတ်စုမှာ အစိုးရက ပြဋ္ဌာန်းထားတဲ့အတိုင်း နေ့စဉ်အလိုက်၊ လစဉ်အလိုက် ပြီးအောင် သင်ကြားပြီးစီးကြောင်းမှတ်တမ်းပြုစုရတာပါ။
ဆရာကြီး ဦးအောင်သင်း ပြောသလိုပါပဲ။ တကယ်တော့ စာသင်တယ်ဆိုတာ စိတ်ကို သင်တာပါ။ စိတ်ကိုမသင်ဘဲ ဖတ်ပြနေတာဟာ စာသင်တာ မဟုတ်ပါဘူး။ ပါတာဖတ် လုပ်ပြတာပါ။ဆရာတစ်ယောက်ရဲ့ အဓိက ဦးတည်ချက်က မိမိသင်ရတဲ့ ဘာသာရပ်ကို ကျောင်းသားက နားလည်သဘောပေါက်ပြီး ချစ်မြတ်နိုးလာစေဖို့ပါပဲ။ ပြီးအောင်သင်ဖို့ကတော့ အချိန်အများကြီး ပေးဖို့ မလိုပါဘူး။ တတ်အောင်သင်ဖို့သာ အချိန်တစ်ခု ပေးရတာပါ။ အခုတော့ တတ်အောင်မသင် ပြီးအောင်သင် ဆိုတဲ့ ဆရာမှတ်စုကြီးကို မှီငြမ်းပြုကာ ပလီပလာ လုပ်နေကြရပါလေရော။
နောက်တစ်ခုရှိပါသေးတယ်။ သင်နည်းမှတ်စု။ စာသင်ဖို့ နည်းလမ်းများစွာရှိတဲ့အထဲကမှ ဘယ်လိုနည်းနဲ့ သင်တာပါ။ ဘယ်လိုစနစ်နဲ့ သင်တာပါ ဆိုတာကို အသေးစိပ် ရေးထားရတဲ့ မှတ်စုပါ။ ရေးလိုက်ရတဲ့အရေးဆိုတာလေ လက်ပြုတ်ထွက်မတတ်ပါပဲ။
တကယ်တော့ ဆရာမှတ်စု တို့ သင်နည်းမှတ်စု တို့ဆိုတာ အများအားဖြင့်တော့ စစ်ဆေးရေးလာမယ်ဆိုမှ ဝရုန်းသုန်းကား ထရေးကြတဲ့ မုသားမှတ်တမ်းတွေပါ။ ဘာဖြစ်လို့ အဲ့ဒီကျမှရေးသလဲ။ ရှင်းပါတယ်။ တကယ်သင်ကြားရေးအတွက် ဘာအထောက်အကူမှ မရတာ။ လာစစ်ဆေးတယ်ဆိုတာလည်း ဝတ်ကျေ တန်းကျေပါပဲ။
တကယ်ဆိုဒီကိစ္စက ကျောင်းက ဘာသာရပ်မှူးလောက်နဲ့တင် ပြီးရမှာ။ ခက်တာက ဘာသာရပ်မှူးအများစုကလည်း ဘာသာရပ်မှူးသာဖြစ်နေတာ အကုန်သိတဲ့သူက ခပ်ရှားရှားကိုး။ ကျောင်းမှာ အနေကြာသူက ဘာသာရပ်မှူးဖြစ်မယ်။ အပြင်မှာ ကျူရှင်သင်ဖို့ ကလေးတွေ အားနည်းတဲ့ ဘာသာရပ်ကို ရွေးယူဖို့လောက်သာ အားသန်နေကြတာပါ။
ကျွန်တော်တို့နိုင်ငံက ကျောင်းတွေမှာ ဆရာ၊ ဆရာမ ပြဿနာ အကြီးကြီးတစ်ခုရှိပါတယ်။ ဘာလဲဆိုရင် ကျောင်းတစ်ကျောင်းကနေ နောက်တစ် ကျောင်းကိုပြောင်းတာနဲ့ သင်ရတဲ့ ဘာသာရပ်ပါ လိုက်ပြောင်းရခြင်းပါပဲ။ ဆရာ၊ ဆရာမတွေရဲ့ ကြီးစွာသော ဒုက္ခပါပဲ။ ဆရာမတစ်ယောက်က ကျောင်းတစ်ကျောင်းမှာ ဇီဝဗေဒ ကို ဆယ်စုနှစ်လောက်သင်ခဲ့ပြီး နယ်ပြောင်းရော။ အခြားနယ်လည်းရောက်ရော အဲ့ဒီကျောင်းမှာ လိုနေတာကမြန်မာစာ။ ဒီတော့ အဲ့ဒီဆရာမဟာ မြန်မာစာ ကောက်သင်ရပါလေသတည်းပေါ့။ ဘာသာရပ်မကျွမ်းကျင်တဲ့ ဆရာ ဆရာမတွေ စာမေးပွဲ အမှတ်တွေသွားခြစ်နေကြတော့ စဉ်းစားသာကြည့်ကြပါတော့ အရပ်ကတို့ရေ။
တကယ်တော့ ဆရာမှတ်စုတို့ သင်နည်းမှတ်စုတို့ဆိုတာ လူကိုမနိုင်လို့ မူကိုကိုင်တဲ့ ကိစ္စပါ။ ကိုင်တဲ့မူကလည်း မကောင်း၊ ရှိတဲ့လူတော်တော်များများ ကလည်း မကောင်းလေတော့ ဒီကလေးတွေ ဘဝအနာဂတ်ကရော ကောင်းနိုင်ပါဦးမလား။ နွေရာသီ ကျောင်းပိတ်တဲ့ အချိန်တွေမှာဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးကို မြှင့်ရပါမယ်။ ဆရာ၊ ဆရာမ အရည်အသွေးမြင့်မှ ကျောင်းသားရဲ့ အရည်အသွေးက လည်းမြင့်လာပါလိမ့်မယ်။ ရေနဲ့ကြာ ပမာလိုပေါ့။ နိုင်ငံခြားကျောင်းတွေမှာဆို ဆရာတွေက သူတို့အရည်အသွေးကို သူတို့ အမြဲတမ်းမြှင့်နေရပါတယ်။ မမြှင့်ဘူးလား။ ရှင်းရှင်းလေးပါပဲ။ ပြုတ်ပြီ။ ကျောင်းသားရှေ့မှာ ရေရှည်ရပ်တည်လို့မရပါဘူး။ ဆရာတွေဟာတပည့်တွေရဲ့ နောက်ကလိုက်နေလို့မရပါဘူး။ ကိုရီးယားနိုင်ငံ ပညာရေးမှာ စကားတစ်ခွန်းရှိပါတယ်။ မနှစ်က သင်တဲ့ဟာကို ဒီနှစ်မှာ လာမသင်နဲ့။ မနှစ်က မပြောနဲ့ မနေ့ကသင်တဲ့စာတောင် ဒီနေ့လာမသင်ပါနဲ့။ စာသင်ခန်း ဆိုတာ အဟောင်းတွေကို ယူလာဖို့ မဟုတ်ဘူး။ အကောင်းအသစ်နဲ့ ပြောင်းလဲပစ်ဖို့ပါတဲ့။ ဘယ်လောက်ကောင်းလိုက်တဲ့ ပညာရေးစနစ်ပါလဲ။ ဒါကြောင့်လည်း ကမ္ဘာ့အဆင့်တစ် ဖြစ်နေတာကိုး။
ကျွန်တော်တို့ နိုင်ငံမှာတော့ဖြင့် ဆရာတွေ အဆင့်မြှင့်ဖို့ နေနေသာသာ။ သိထားတဲ့ စာတောင်မမေ့အောင် မနည်းထိန်းထားရတယ်။ လုပ်လိုက်ရတဲ့ အလုပ်ဆိုတာလည်း များလှပါဘိသနဲ့။ မကုတ်အားလို့ ထုံးတို့ထားရတယ်ဆိုသလိုပါ။
ဆရာတစ်ယောက်မှာ ရှိတဲ့ အရည်အသွေးကို ကျောင်းသားက ဆုံးဖြတ်ပေးပါလိမ့်မယ်။ တစ်နှစ်လုံးနေမှ တစ်ခါလောက် ရောက်တဲ့ ဧည့်သည်က စာအုပ်လေးကြည့်ပြီး ဆုံးဖြတ်ပေးလို့မရပါဘူး။ ဆရာတွေ၊ ဆရာမတွေမှာ စာဖတ်ချိန် ကောင်းကောင်းရှိရပါမယ်။ အရည်အသွေးစစ်တဲ့ စနစ်တွေရှိထားသင့်ပါတယ်။ မြင့်မားတဲ့ လစာပေးဖို့လည်း လိုပါတယ်။ ဒါမှသာ ဒီဝင်ငွေတစ်ခုနဲ့ လုံလောက်တော့ စားဝတ်နေရေးအတွက် မပူရဘဲ ပညာရေးအပေါ်မှာပဲ တစိုက်မတ်မတ် လုပ်လာပါမယ်။ အခုတော့ ရတဲ့လစာက မစို့မပို့။ အချို့နိုင်ငံတွေမှာဆို ကျောင်းဆရာတစ်ယောက်ရဲ့လစာဟာ အဲ့ဒီနိုင်ငံလခစားရဲ့ မြင့်မားတဲ့နေရာမှာ ရှိနေပါတယ်။
ဆရာတစ်ယောက်ရဲ့အရည်အသွေးကို စာရွက်ပေါ်မှာ မစစ်ဘဲ ရလဒ်ပေါ်မှာစစ်ရင် အဖြေမှန်ထွက်ပါပြီ။ ဆရာတွေ အရည်အသွေးမြင့်ဖို့ မလိုအပ်တဲ့ တာဝန်တွေကိုလျှော့ချပစ်ရပါမယ်။ ဒါမှသာ တာဝန်ကျေ လုပ်တယ်ဆိုတဲ့ ကိစ္စတွေ ပပျောက်ပြီး စေတနာကို ရှေ့တန်းတင်လာမှာပါ။ စေတနာကို ဦးဆောင်တဲ့ လူ့အဖွဲ့အစည်းဟာ လှပတိုးတက်လာပါလိမ့်မယ်။ အနာဂတ်ပညာရေးကို မြင့်စေချင်တယ်ဆိုရင် ဆရာ ဆရာမများအတွက် အပိုအလုပ်တွေကို နည်းနည်းလောက်လျှော့လိုက်ကြပါလားခင်ဗျာ။
တက်လူအိမ်