အာဏာရူးပြီး တိုင်းပြည်ကို သေနတ်မိုး အုပ်စိုးခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပါပြီ။ တိုင်းပြည်လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတာမှန်ပေမယ့် ဗိုလ်ကျစိုးမိုးတဲ့ စစ်ဝါဒီခေါင်းဆောင် အဆက်ဆက်ကြောင့်ပဲ၊ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်မလာဘဲ ပြည်သူ့အမုန်းခံတပ်သာ ဖြစ်လာခဲ့ပါတယ်။ တိုင်းပြည်အာဏာကို အတင်းလုယူခဲ့ကြတာ လက်နက်အားကိုးတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ စစ်ကောင်စီကို အဓိကကျားကန်ပေးနေတာကတော့ စစ်တပ်နဲ့ လက်နက်ကိုင်ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ လူထုနဲ့အနေနီးတဲ့ ရဲဝန်ထမ်းအများအပြားကတော့ တော်လှန်ရေးအင်အားစုတွေနဲ့ တအိအိပူးပေါင်းလာကြပါပြီ။တစ်သွေး တစ်သံ တစ်မိန့်အောက်ကနေ ပဲ့ထွက်လာတဲ့ စစ်သည်တွေလည်း ရှိလာနေပါပြီ။ အစကတည်းက စစ်ကောင်စီကို ဘယ်သူမှ အသိအမှတ်မပြုပါဘူး။ အခုတော့ နိုင်ငံတကာအသိုင်းဝိုင်းက လက်မခံနိုင်ကြောင်း အတိအလင်းထုတ်ပြောလာကြပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂမှာ လည်း စစ်ကောင်စီအတွက် နေရာမရှိပါဘူး။ စစ်ကောင်စီ အားကိုးအားထားပြုနေတဲ့ အာဆီယံ အဖွဲ့ကြီးကလည်း ကမ္ဘာ့အသိုင်းအဝိုင်းနဲ့အတူတူ စစ်ကောင်စီကိုနေရာ မပေးတော့ပါဘူး။ သံတမန်ရေးရာမှာတော့ စစ်ကောင်စီ မရှုမလှကျရှုံးနေပါပြီ။နွေဦးတော်လှန်ရေး အင်အားစုများနဲ့အတူ PDFတပ်များ၊ တိုင်းရင်းသားတပ်များ၊ ဒေသတွင်းခုခံကာကွယ်ရေးတပ်များကြောင့်ပဲ စစ်ကောင်စီတပ်အတွင်း အကွဲအပြဲဟာ တစ်နေ့ထက်တစ်နေ့ အသံစုံမြည်လာနေပါတယ်။ ဘက်ပြောင်းခိုလှုံလာတဲ့ဗိုလ်ချုပ်၊ ဗိုလ်မှူး အကြပ်တပ်သားတွေ ရှိလာနေပြီ ဖြစ်ပါတယ်။
အထူးခြားဆုံးကတော့ ဖုံးမနိုင် ဖိမနိုင် ပွင့်ထွက်လာတဲ့ တိုင်းမှူးတစ်ယောက်ရဲ့ သတင်းပါပဲ။စစ်ဆင်ရေးကွပ်ကဲမှုမှာ ပေါ့လျော့တယ်ဆိုပြီး တိုင်မှူးအရာကနေချကာ စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ တိုင်းမှူးကိုယ်တိုင်က ပြည်သူ့ဘက်ကို ပြောင်းခါနီးဆဲဆဲမှာ အထိန်းသိမ်းခံလိုက်ရတာလို့လည်း အသံထွက်လာပါတယ်။ တိုင်းမှူးရဲ့ အသက်အန္တရာယ်ရှိတဲ့အထိ သတင်းတွေ ထွက်ခဲ့ပေမယ့် စစ်ကောင်စီကတော့ ငြင်းချက်ထုတ်ထားပါတယ်။တပ်တွင်းသတင်းအမှောင်ချထားမှုကြောင့် သတင်းကိုအတည်ပြုနိုင်ဖို့ ခက်ခဲပါတယ်။ အသံထွက်လာပြီဆိုကတည်းက အက်ကွဲကြောင်းပေါ်လာတဲ့ သဘောပါပဲ။
စစ်ကောင်စီအနေနဲ့ သံကွန်ချာနဲ့ ဘယ်လိုပဲ အုပ်ထား အုပ်ထား၊ အစိတ်အပိုင်းလေးတွေ ပဲ့ထွက်လို့လာနေပါပြီ။တစ်သွေးတစ်သံတစ်မိန့်အောက်ကနေ လွတ်အောင် ရုန်းချင်သူတွေရှိလာနေပါပြီ။ တပ်ကတော့ ပျက်စပြုတာ အမှန်ပါပဲ။ပုံမှန် မလှုပ်ရှားနိုင်တော့ဘဲ ယန္တရားတစ်ခုလုံး ပြိုကျဖို့ပဲရှိပါတော့တယ်။
စစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေကို စစ်ရေးရော စိတ်ဓာတ်ရေးရာပါ ယှဥ်လို့ မရပါဘူး။ သူတို့မှာအင်အားတွေ မလုံလောက်တော့ပါဘူး။တပ်တွင်းက အမျိုးသမီးတွေကိုပါ လက်နက်ကိုင်ခိုင်းနေရပါပြီ။ ပိုဆိုးတာကတော့ အငြိမ်းစားစစ်ထွက်တွေကိုပါ ပင်စင်လစာအပြင် လက်ရှိလစာကိုပါ ပေးပါ့မယ်လို့ မက်လုံးပေးပြီး အတင်းကို အင်အားစုဆောင်းနေပါတယ်။ ကြားသိထားတဲ့ သတင်းအချက်အလက်တွေထဲကနေ တချို့ကို ထုတ်နှုတ်ပြောပြပေးပါ့မယ်။
KNLA တပ်မဟာ၆ နဲ့ စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ ခလရ ၂၈၃ က ယာယီတပ်ရင်းမှူး အပါအဝင်၇ဦးသေဆုံးခဲ့ပါတယ်။ ယာယီတပ်ရင်းမှူးအလောင်းနဲ့အတူ ရုပ်အလောင်းတွေကို စွန့်ပစ်ထားခဲ့သလို၊ လာရောက်ကောက်ယူခြင်းလည်း မရှိပါဘူး။ အဲဒီရုပ်အလောင်းတွေကို အမှိုက်အိတ် အမည်းနဲ့ ထုပ်ပိုးပြီး သံဖြူဇရပ်မြို့နယ်ထဲက သင်္ချိုင်းဇရပ်တစ်ခုပေါ်မှာဖြစ်သလို လာရောက်စွန့်ပစ်သွားတဲ့ သတင်းတွေ တက်လာပါတယ်။စစ်တပ်ကိုယ်တိုင်ကပဲ လာရောက်စွန့်ပစ်တာလား၊ အမြင်မတော်တဲ့ ဒေသခံတွေကပဲ ပုတ်ပွတော့မယ့် အခြေအနေကြောင့် လာရောက်စွန့်ပစ်လေသလား ကွဲကွဲပြားပြားတော့ မသိရပါဘူး။သေချာတာကတော့ တပ်ရင်းမှူးတစ်ယောက်ကိုတောင် ကျီးစားစား ခွေးဆွဲဆွဲ ဒီအတိုင်းပစ်ထားခဲ့ပြီး ထုံးစံအတိုင်း သင်္ဂြိုဟ်မပေးနိုင်တော့တဲ့ အခြေအနေကို ရောက်နေပါပြီ။ ဒီသတင်းနဲ့ဖြစ်ရပ်ကြောင့်ပဲ စစ်တပ်အတွင်းမှာတော့ ထိတ်လန့်ခြောက်ခြား နေကြရပါပြီ။ သတင်းတစ်ပုဒ်မှာလည်း စစ်ကောင်စီ တပ်ရင်း၅၄၅ တပ်က ရဲဘော်ကိုထိုက်ဟာ ကိုးကန့် MNDAA ထံသို့ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။ သူရဲ့ အစ်ကိုအရင်းဖြစ်သူဟာ နွေဦးတော်လှန်ရေးလှုပ်ရှားမှုအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။ အစ်ကိုသေဆုံးရတဲ့စိတ်ကြောင့်ပဲ တပ်ထဲမှာဆက်ပြီးမနေချင်တော့လို့ ဘက်ပြောင်းခိုလှုံခဲ့တာလို့ ဆိုပါတယ်။သူ့လိုပဲ စစ်တပ်ကိုစွန့်ခွာချင်တဲ့ တပ်ဖွဲ့ဝင်တွေ အများအပြားရှိနေကြောင်းလည်း ပြောပြပါတယ်။ စစ်ကောင်စီထိပ်ပိုင်းတွေနဲ့ အရာရှိအများစုဟာ လူသားချင်းစာနာမှု မရှိသလို ၊ပြည်သူ့အကျိုးအတွက် လုပ်ဆောင်နေကြတာ မဟုတ်ကြောင်းကိုလည်း တဖြည်းဖြည်း နားလည်လာကြပြီလို့ ဆိုပါတယ်။
တပ်သားကိုထိုက်ဟာ တပ်ရင်းမှူးရဲ့ ကိုယ်ရံတော်ဖြစ်သလို ကျွမ်းကျင်တဲ့ စနိုက်ပါသမား တစ်ယောက်လည်းဖြစ်ပါတယ်။တပ်သား ကိုထိုက်ဟာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ အသင့်ရှိနေပြီလို့ ပြောကြားပါတယ်။ ဒီသတင်းကတော့ ကြီးနိုင်ငယ်ညှဉ်းဆဲ ဓလေ့ဆိုးနဲ့ အထက်အောက်ဆက်ဆံရေးကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။ အရက်သေစာကို ကြိုက်တတ်တဲ့သူတွေ သောက်လေ့ရှိပါတယ်။ စစ်တပ်ထဲက အများစုကလည်းသောက်ကြပါတယ်။ မြေပြင်အတတ်သင်လေတပ်စခန်းက ဒုတပ်ကြပ်ရွှေလှမောင်ရဲ့ အဖြစ်အပျက်က ရင်နာစရာပါ။ သူ့ကို အရက်သောက်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ပဲ ကြီးနိုင်ငယ်ညှဉ်းဆဲ စိတ်အပြည့်နဲ့ ဝိုင်းဝန်းရိုက်နှက်ကြတာ အသက်ပါဆုံးရှုံးသွားခဲ့ပါတယ်။ ရိုက်နှက်ရုံတင်မကပါဘူး။ဗိုလ်ကြီးဆိုသူက အကုန်သေးနဲ့ဝိုင်းပန်းဖို့ အမိန့်ပေးပါသတဲ့။ စဥ်းစားသာကြည့်ကြပါတော့။ သူ့အလောင်းကိုလည်း ဧရာဝတီမြစ်ထဲမျောပြီး အလောင်းဖျောက်ခဲ့ကြပါတယ်။
လက်အောက်ငယ်သားတွေ စိတ်ဓာတ်ကျနေတာတွေ၊ တပ်ပျက်နေတာတွေကို ပြောရင်မကုန်နိုင်ပါဘူး။ အမိန့်နာခံနေရတဲ့ စစ်သားတွေကို တစ်ခုပဲ အကြံပေးချင်ပါတယ်။ NUG ယာယီသမ္မတကြီးဖြစ်သူ ဒူဝါလရှီးလ ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဆုတောင်းစကားရဲ့ နောက်ဆုံးအပိုဒ်အတိုင်းသာ လိုက်နာကြပါလို့ ပြောချင်ပါတယ်။
“…အာဏာသိမ်း မင်းအောင်လှိုင်နှင့် စစ်အုပ်စုတို့၏ ကိုယ်ကျိုးအတွက် စတေးခံနေရသော တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် ဌာနအသီးသီးမှ လူပုဂ္ဂိုလ်များကိုလည်း သီတင်းကျွတ်အခါသမယတွင် မိမိတို့၏ လုပ်ရပ်များကို ပြန်လည် စဥ်းစားဆင်ခြင်ကာ ပြည်သူနှင့်အတူ အမြန်ဆုံး ပူးပေါင်းကြရန် ထပ်မံပြီးအလေးအနက် တိုက်တွန်းလိုက်ပါသည်…”
( လက်ျာဧ )